အရက်၏ ကျိန်စာမိသူများ

ရန်ကုန်မြို့က အရက်ဆိုင်တစ်ဆိုင်။ ဓာတ်ပုံ-အန်းဝမ်

ရန်ကုန်မြို့က အရက်ဆိုင်တစ်ဆိုင်။ ဓာတ်ပုံ-အန်းဝမ်

ဟန်းစ် ဟာစ့် ရေးသားသည်။ 

ဓာတ်ပုံများ – အန်းဝမ်

သူ၏ သူငယ်ချင်း ဦးအောင်ကျော်လင်း၏ နေအိမ်သို့ ဒီဇင်ဘာ ၉ ရက်နေ့က ကိုသော်ဇင်အောင် ရောက်ရှိသွားချိန်တွင် သူ့သူငယ်ချင်း၏ ဖောင်းပွနေသော ရုပ်အလောင်းက အိပ်ယာပေါ်တွင် ရှိနေသည်။ အလောင်းကို မြန်မာတို့၏ ဓလေ့ထုံးစံအတိုင်း ဖျာဖြင့် အုပ်ထားသည်။ ဦးအောင်ကျော်လင်းသည် မမျှော်လင့်ဘဲ အိပ်ပျော်နေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သေဆုံးချိန်တွင် သူသည် အသက် ၄၁ နှစ်သာ ရှိသေးသည်။

ကိုသော်ဇင်အောင်အတွက် သူ့သူငယ်ချင်း သေဆုံးခဲ့ရသည့် အကြောင်းရင်းမှာ ရှင်းလင်းနေသည်။

“ကျွန်တော့် သူငယ်ချင်းက အသက် ၁၈ နှစ်ကတည်းက အရက် စွဲနေတာပါ။ သူက အရက်နဲ့ ပတ်သက်တာ အကုန်သောက်တယ်။ ဘီယာ၊ ရမ်၊ ဝိုင် အစုံပဲ။ ပထမတော့ သူက မနက်ပိုင်းနဲ့ ညနေပိုင်းပဲ သောက်လေ့ရှိတယ်။ အသည်းရောဂါရလို့ ဆေးရုံလည်း တင်လိုက်ရရော သူက တစ်နေကုန် သောက်တော့တာပဲ။ သူ့ အပြောကတော့ နာကျင်မှု ဝေဒနာကို သက်သာအောင် သောက်ရတာတဲ့” ဟု ကိုသော်ဇင်အောင်က သူ့ငယ်ချင်း အကြောင်းကို ပြောကြားသည်။

ဦးအောင်ကျော်လင်းသည် အရက်သောက်သုံးမှုနှင့် ပတ်သက်ပြီး ပညာပေးမှု နည်းပါးသော မြန်မာနိုင်ငံတွင် အရက်သမားတစ်ဦး ဖြစ်နေသူဟု ခေါ်ဆိုရပေမည်။ မြန်မာနိုင်ငံတွင် ဈေးပေါသော အရက်များ၊ အရည်အသွေးနှင့် ပတ်သက်ပြီး ယုံကြည် စိတ်ချရမှု မရှိသော အရက်များ လွယ်လွယ်ကူကူ ရရှိနိုင်သည်။ ထို့ပြင် စစ်အစိုးရ၏ လုပ်ရပ်များကြောင့် နိုင်ငံဆင်းရဲမွဲတေရသဖြင့် ထွက်ပေါက်ရှာသော သဘောဖြင့် သောက်သုံးခြင်းများလည်း ဖြစ်နိုင်ပေမည်။ ထို့ပြင် မြန်မာ လူငယ်များကြား တွင်လည်း ပေါင်းသင်းဆက်ဆံရေးအတွက် အသက်ငယ်ရွယ်စဉ်မှာပင် အရက်ကို စတင်သောက်သုံးကြမှုလည်း များပြားနေသည်။

ကိုသော်ဇင်အောင်သည် အရက် မသောက်သုံးတတ်ပေ။ သူသည် ဗုဒ္ဓဘာသာဝင်တို့၏ ငါးပါးသီလထဲမှ ငါးခုမြောက်ကို ထိန်းသိမ်းသူ ဖြစ်သည်။ ငါးခုမြောက်သီလသည် မူးယစ်စေသော အရက်၊ ဆေးဝါးများကို ရှောင်ကြဉ်ရခြင်း ဖြစ်သည်။

သို့သော် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ ပိုင်းမြို့ နယ်တွင် တည်ရှိသော စိတ်ကျန်းမာရေး ဆေးရုံတွင် တက်ရောက်ကုသနေသော အရက်စွဲနေသူများကို ဘာသာရေးဖြင့် ရပ်တန့်စေနိုင်ခြင်း မရှိပေ။

၎င်းဆေးရုံသည် မြန်မာနိုင်ငံရှိ စိတ်ကျန်းမာရေး ဆေးရုံနှစ်ခုအနက် တစ်ခုဖြစ်သည်။ ဆေးရုံတွင် အတွင်းလူနာ ၁,၅၅၅ ဦးကို လက်ခံ ကုသပေးနိုင်သည်။

“ဆေးရုံမှာ ကုသရမှု အများဆုံး ရောဂါကတော့ စိတ်ကစဉ့်ကလျားဖြစ်တဲ့ schizophrenic disorders တွေပါပဲ။ ဒါပေမဲ့ အရက်စွဲနေတဲ့ လူတွေကို အရက်ဖြတ် ပေးဖို့ ဌာနတစ်ခု သီးသန့် ထားပါတယ်။ အဲဒီဌာနက အတွင်းလူနာ ၁၈၆ ယောက်ကို နေရာပေးနိုင်ပါတယ်။ ကျွန်တော်တို့မှာ ဆေးရုံတက်ဖို့ စောင့်ဆိုင်းနေရတဲ့ လူနာဆိုပြီး မရှိပါဘူး။ လူတိုင်းကို နေရာပေးနိုင်အောင် ကြိုးစားပေးပါတယ်။ လိုအပ်ရင် အခန်းထဲကို ခုတင်အပိုတွေ ထည့်ပေးပါတယ်” ဟု ဆေးရုံ၏ ညွန်ကြားရေးမှူး ဒေါက်တာကြည်စိုးက ပြောသည်။

အမျိုးသား သူနာပြုတစ်ဦးဖြစ်သော ကိုဇေယျာ၏ တာဝန်သည် အရက်ဖြတ်နေသော လူနာ အယောက် ၂၀ ခန့် အိပ်သော သော့ပိတ်ထားသည့် အိပ်ဆောင်ကို စောင့်ကြည့်ရခြင်း ဖြစ်သည်။

“သူတို့ရဲ့ အိပ်ခန်းတွေကို သော့ခတ်ထားရတယ်။ အမျိုးသားကြီးတွေက တစ်ခါ တစ်ရံမှ ကြမ်းတတ်တယ်။ တာဝန်ယူတဲ့ သူနာပြုကလည်း သုံးယောက်ပဲရှိတာ ဆိုတော့လေ” ဟု ကိုဇေယျာက ပြောသည်။

“တစ်ချို့တွေက ကယောက်ခြောက်ခြားတွေ ဖြစ်တယ်။ အရက်ကြောင့် စိတ် ခြောက်ခြားတဲ့ alcohol psychosis ဖြစ်တာပဲ။ သူတို့ ကြမ်းလာပြီဆိုရင် သူတို့ကို ထိန်းချုပ်ဖို့ ခက်တယ်။ သူတို့ကို ထိန်းဖို့ သူနာပြု တော်တော်များများ လိုတယ်။ တော်တော်လည်း အန္တရာယ်များတယ်။ တစ်ခါတစ်ရံ သူတို့က ကျွန်တော့်ကို ကိုက်ချင်ကိုက်ပစ်လိုက်တာ။ သူတို့ လုပ်နေတာ သူတို့ မသိဘူး။ နောက်နေ့ အမူး ပြေသွားတော့ ကျွန်တော့်ကို ပြန်ပြီး ရိုရိုသေသေပဲ ဆက်ဆံကြပါတယ်” ဟု ကိုဇေယျာက ပြောသည်။

ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံ၏ အရက်ဖြတ်ဌာန အိပ်ဆောင်အခန်း။ ဓာတ်ပုံ - အန်းဝမ်

ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံ၏ အရက်ဖြတ်ဌာန အိပ်ဆောင်အခန်း။ ဓာတ်ပုံ – အန်းဝမ်

“ပိုပြီး အကြမ်းဖက်တတ်တဲ့ လူတွေကိုတော့ အခန်းနံပါတ် ၅ မှာ ထားပါတယ်။ အဲဒီ အခန်းကိုတော့ သော့အမြဲ ခတ်ထားပြီး ခုတင်တွေမှာလည်း မွေ့ယာမပါပါဘူး။ ဒီအခန်းထဲက အကြမ်းသမားတွေကို သူတို့ ပြန်လည်နေကောင်းလာတဲ့အခါမှာတော့ သာမန်အိပ်ဆောင်ထဲကို ပြန်ပို့ ပေးပါတယ်” ဟု ၎င်းကပြောသည်။

ဆေးရုံတွင် အရက်ဖြတ်ရန် လိုအပ်သော ဆေးဝါးများကိုသာ ပေးနိုင်ပြီး တိုင်ပင်ဆွေးနွေး အကြံပြုခြင်းများ လုပ်ဆောင်နိုင်ခြင်း နည်းပါးသည်။

ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံတွင် အရက်စွဲသူများကို ကုသပေးသော ကုသမှုသည် ရိုးရှင်းလှသည်။ ပထမတွင် အရက်စွဲသူများကို သုံးရက်ကြာအောင် အရက်ဖြတ် ပေးထားသည်။ ထိုအချိန်တွင် ၎င်းတို့ကို ဗိုက်တာမင်အကြောဆေးများ သွင်းပေးထားသည်။ အဘယ်ကြောင့်ဆိုသော် အရက်ဖြတ်ထားသဖြင့် အစားအစာ အဝင်နည်းပါးသော လူနာများ၏ ခန္တာကိုယ်တွင်းရှိ electrolyte များ ညီမျှစေရန် ဖြစ်သည်။ ထို့ပြင် ၎င်းတို့ကို စိတ်ငြိမ်ဆေးများလည်း ပေးထားသည်။ လူနာများ သည် ၁၀ ရက်ခန့် ကုသမှု ခံယူရသည်။ ဆင်းရဲသော လူနာများသည် ဆေးဝါးများ နှင့် အစားအစာအတွက် ပိုက်ဆံပေးရန် မလိုပေ။

ပိုမိုချမ်းသာသော လူနာများသည် ပိုမိုကောင်းမွန်သော အစားအစာများနှင့် သီးသန့် အခန်းများတွင် နေထိုင်ကုသနိုင်ကြသည်။

စိတ်ပိုင်းဆိုင်ရာအရ တိုင်ပင်ဆွေးနွေး အကြံပြုမှုများကိုမူသည် ၁၀ ရက် ကုသမှုတွင် တစ်နာရီခန့်သာ ပေးနိုင်သည်ဟု စိတ်ရောဂါကု ဆရာဝန် ဒေါက်တာ သီသီအေးက ပြောသည်။

“ဒါက မလုံလောက် ပါဘူး။ ကျွန်မက ဒါထက် ပိုလုပ်ပေးချင်တယ်။ ဒါပေမဲ့ ကျွန်မတို့မှာ ဝန်ထမ်း မလုံလောက်ဘူး။ လူနာတွေနဲ့ လက်ကိုမလည်ဘူး ဖြစ်နေတယ်။ လူနာတွေရဲ့ မိသားစုဝင်တွေကလည်း လူနာရဲ့ ကုသမှုမှာ ပါဝင်ကူညီသင့်တယ်လို့ ထင်တယ်။ ဒါပေမဲ့ အများစုက ပစ်ထားကြတာ များတယ်။ တစ်ချို့တွေကျတော့ ငွေကြေး အခက်အခဲကြောင့် လာမကြည့်နိုင်ကြဘူး” ဟု ဒေါက်တာ သီသီအေးက ပြောသည်။

တခြားပြသနာတစ်ခုမှာ ဒေါက်တာသီသီအေး လုပ်ဆောင်နေသော စိတ်ပိုင်း စေ့ဆော်မှုဆိုင်ရာ အင်တာဗျူးများသည် မအောင်မြင်ခြင်း ဖြစ်သည်။ “အကြောင်းရင်းကတော့ လူနာတွေက အသိပညာ မရှိကြလို့ ပါပဲ။ လူနာတွေက ကျွန်မတို့ လုပ်ဆောင်ပေးတဲ့ ကုသနည်းကို မခံယူတတ်ကြဘူး။ အနည်းငယ် လောက်ကပဲ လိုက်လုပ်နိုင်တယ်။ အများစုက ကုသပြီးရင် တိုင်ပင်ဆွေးနွေးဖို့ ပြန်မလာကြတော့ဘူး” ဟု ၎င်းက ပြောသည်။

လာရောက်ကုသသော အရက်ဖြတ်သူများ၏ သုံးပုံနှစ်ပုံသည် ကုသဖူးပြီးသူများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဦးအုန်းမြင့် ဖြစ်သည်။ ဦးအုန်းမြင့်သည် ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးဖြစ်ပြီး အရက်သောက်လာခဲ့သည်မှာ အနှစ် ၄၀ နီးပါး ရှိပြီဖြစ်သည်။ ယခုတစ်ကြိမ် လာရောက်ကုသမှုသည် သုံးကြိမ်မြောက် လာရောက်ကုသခြင်း ဖြစ်သည်ဟု အရိုးပေါ်အရေတင် မျက်နှာဖြင့် အသက် ၅၈ နှစ်အရွယ် ဦးအုန်းမြင့်က ပြောသည်။

“ကျွန်တော်က ဝီစကီသောက်တယ်။ army rum လည်း သောက်တယ်။ ဖြတ်လို့ကို မရဘူး။ ကျွန်တော်က အစာမစားရရင် နေနိုင်တယ်။ အရက်မသောက်ရရင် မနေနိုင် ဘူး။ ညနေ ၂ နာရီဆိုရင် စသောက်ပြီ။ တစ်နေ့ကို အရက်ပြင်း တစ်လီတာခွဲလောက် ကုန်တယ်။ အခုတော့ ကျွန်တော်ရဲ့ အရက်စွဲမှုကို အဆုံးသတ် ဖို့ တကယ်ဆန္ဒ ရှိနေပါပြီ။ ဒီတစ်ကြိမ်တော့ အရက်ဖြတ်တာ ကျွန်တော် အောင်မြင် မှာပါ” ဟု ဦးအုန်းမြင့်က ပြောသည်။

အမျိုးသား သူနာပြု ကိုဇေယျာကမူ လူနာများ အရက်မပြတ်ဘဲ ပြန်လည် အရက်စွဲလာသည်ကို စိတ်ပျက်အားလျော့နေသည်။ ထို့ပြင် လူနာများကို ကုသရန် အထောက်အပံ့ အရင်းအမြစ်များ နည်းပါးခြင်းနှင့် ပတ်သက်ပြီးလည်း စိတ်ပျက် အားလျော့နေသည်။

“ဝန်ထမ်းအင်အားက ဒီမှာ အဓိက ပြဿနာဖြစ်နေတယ်။ သူနာပြုကျောင်းဆင်း အများစုက ဒီနေရာမှာ အလုပ်မလုပ်ချင်ကြဘူး” ဟု ကိုဇေယျာက ပြောသည်။

“တစ်ခါတစ်ရံကျရင် အလုပ်က အရမ်းကို များနိုင်တယ်။ တစ်ချို့တွေက မတော်တဆမှု ကြုံတွေ့ပြီး ဒဏ်ရာတွေနဲ့ ရောက်လာကြတာ။ သူတို့ အများစုက တစ်ကိုယ်ရေ သန့်ရှင်းမှု ကောင်းကောင်း မရှိကြဘူး။ သူတို့ကို အစာပြန်စားဖို့ ပြန်လည် လေ့ကျင့်ပေးရတယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝရဲ့ ကျန်အချိန်တွေကို ဒီမှာပဲ အလုပ်လုပ်ချင်ပါတယ်။ ကျွန်တော်က သူတို့အပေါ် နားလည်တယ်လို့ ကျွန်တော်ထင်တယ်” ဟု ၎င်းကပြောသည်။

ဦးအုန်းမြင့်သည် အနှစ် ၄၀ ကြာ အရက်စွဲလာခဲ့သူ ဖြစ်သည်။ သူသည် ယခုအခါတွင် ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံတွင် တတိယမြောက် အကြိမ်အဖြစ် အရက်လာရောက်ဖြတ်နေခြင်းဖြစ်သည်။ ဓါတ်ပုံ- အန်းဝမ်

ဦးအုန်းမြင့်သည် အနှစ် ၄၀ ကြာ အရက်စွဲလာခဲ့သူ ဖြစ်သည်။ သူသည် ယခုအခါတွင် ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံတွင် တတိယမြောက် အကြိမ်အဖြစ် အရက်လာရောက်ဖြတ်နေခြင်းဖြစ်သည်။ ဓါတ်ပုံ- အန်းဝမ်

အရက်စွဲရောဂါ ပျံ့ပွားမှု

လှိုင်သာယာမြို့နယ်ရှိ Pun Hlaing Siloam ဆေးရုံတွင် ဒေါက်တာ Anila Paul က အရက်စွဲနေသူများနှင့် မူးယစ်ဆေးစွဲနေသူများကို ပြင်ပလူနာအနေဖြင့် ကုသရန် အစီအစဉ်ကို စတင်လုပ်ဆောင်နေသည်။

၎င်း၏ အတွေ့အကြုံအရ အရက်စွဲမှုက မြန်မာနိုင်ငံအတွက် ကျန်းမာရေး ပြဿနာ ကြီးမားစွာ ဖြစ်ပွားနေသည်ဟု ဆိုနိုင်ကြောင်း ပြောသည်။

“မြန်မာနိုင်ငံမှာ အရက်သောက်သုံးနေသူ အများစုက အန္တရာယ်ဖြစ်လောက်အောင် သောက်သုံးနေကြတာပဲ” ဟု အရက်စွဲမှုနှင့် မူးယစ်ဆေးစွဲမှုကို ကုသပေးနေသော အထူးကုဆရာဝန် ဒေါက်တာ Paul က ပြောပြသည်။

“သူတို့က တစ်နေ့ကို သာမန်သောက်သုံးမှု ပမာဏ စံနှုန်းထက် ငါးဆလောက် ကျော်လွန်ပြီး သောက်သုံးနေကြတယ်။ သူတို့ထဲက အများစုကလည်း အလျင် အမြန် အရက်စွဲသူများ ဖြစ်သွားကြတယ်။ ဒီလို အရက်စွဲမှုကြောင့် လူငယ်တွေ အများအပြား သေဆုံးနေကြရတယ်” ဟု သူက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အရက်စွဲရောဂါ ပျံ့ပွားနေရခြင်း အကြောင်းရင်းတစ်ချို့မှာ အရက်ကို လွယ်ကူစွာ ရရှိနိုင်ခြင်း၊ အသက်ငယ်ရွယ်စဉ်ကပင် လူမှုရေးအရ အရက်သောက်သုံးမှုစတင်ခြင်းနှင့် စားပွဲထိုးများ၊ အရက်ငှဲ့ပေးသူများ၏ တာဝန်မသိတတ်ခြင်းတို့ ဖြစ်သည်ဟု သူက ဆိုသည်။ အရက်ငှဲ့ပေးသူများသည် လာရောက်သောက်သုံးသော ဖောက်သည် မူးနေသော်လည်း အရက်ကို ဆက်လက် ထည့်ပေးနေကြဆဲ ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် အချို့ သော စားပွဲထိုးများနှင့် တက္ကစီမောင်းသမားများသည် သူတို့၏ အလုပ်ချိန်တွင်ပင် အရက် သောက်နေကြသည်ဟု သူက ဆိုသည်။

ကျန်းမာရေး အန္တရာယ် သုံးသပ်မှု ပြုနိုင်သော စနစ်တစ်ခုကို Pun Hlaing Siloam ဆေးရုံသည် စတင်လုပ်ဆောင်နေပြီး အခြားသော ဆေးရုံများနှင့် မျှဝေရန်လည်း ရည်ရွယ်ထားသည်။ ထိုစနစ်က အရက်စွဲမှု ပြဿနာ၏ အတိုင်းအတာကို ပိုမိုကောင်းမွန်စွာ နားလည်လာနိုင်စေမည်ဖြစ်ပြီး နောက် အစိုးရသစ်က အရေးယူ ဆောင်ရွက်မှု တစ်စုံတစ်ရာ ပြုလုပ်လာရန် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားသည်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အရက်နဲ့ ပတ်သက်ပြီး ထားရှိမယ့် မူဝါဒကို ကျွန်မ မသိသေးပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က လူတွေကို ကွမ်းမစားကြဖို့ တိုက်တွန်းပါတယ်။ လူတွေက သူပြောတာကို နားထောင်ကြပါတယ်။ သူက သူရဲ့ သြဇာကို အသုံးပြုပြီး အရက်စွဲမှု ပြဿနာကို လွှတ်တော်မှာ အဆိုတင်သွင်းပြီး ကိုက်ညီတဲ့ ဥပဒေတွေ ပြဌာန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လုံးဝ မသောက်သုံးဖို့ တားမြစ်တာက အလုပ်မဖြစ်နိုင်ပါဘူး။ ဘယ်သူမှလည်း အရက်ကို လုံးဝမသောက်ရဘူးလို့ မပြောကြပါဘူး။ ဒါပေမဲ့ အမြော်အမြင်ရှိရှိနဲ့ သောက်သုံးဖို့တော့ ပြောလို့ရပါတယ်။ လူတွေ အသိရှိလာစေဖို့ ပညာပေးမှုတွေ လိုအပ်ပါတယ်” ဟု ဒေါက်တာ Paul က ပြောကြားသည်။

ဒေါက်တာ Paul က အရက်စွဲနေသူများအား ကုသရသောအခါ ၎င်းတို့အား အရက်မသောက်စေရန် တိုက်တွန်းပြောကြားရန် သူနာပြုများကို လေ့ကျင့်သင် ကြားပေးထားသည်။ ထိုအရက်စွဲသူများမှ ၈၀ ရာခိုင်နှုန်းခန့်သည် ရောဂါတစ်ခုမက ရရှိနေသူများ ဖြစ်ကြသည်။ Pun Hlaing Siloam ဆေးရုံသည် လေယာဉ်မှူးများ အရက်သောက်သုံးထားမှုကို တိုင်းတာနိုင်သော အစီအစဉ်တစ်ခုကို ပြည်တွင်း လေကြောင်းလိုင်းတစ်ခုနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။ ထိုလေကြောင်းလိုင်းက အစီအစဉ်ကို ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Pun Hlaing Siloam ဆေးရုံတွင် ငွေကြေးချို့တဲ့သော လူနာများအတွက် ဆေးဝါးများနှင့် အိပ်ယာခုတင်တစ်ခုကို တစ်ညလျှင် ၁၀ ဒေါ်လာခန့်ဖြင့် ရရှိနိုင်သည်။ ဆေးရုံတွင် အရက်စွဲသူများအတွက် တိုင်ပင်ဆွေးနွေးမှုကို အလေးထား လုပ်ဆောင်ရန် တွန်းအားပေးထားသည်။ ဆေးစွဲမှုနှင့် အရက် စွဲမှုတို့သည် အလွန်ပုဂ္ဂိုလ်ရေးဆန်သော ရောဂါတစ်မျိုးဖြစ်ကြောင်း၊ လူမှုရေးအရ၊ စိတ်ပိုင်းဆိုင်ရာအရ၊ ဘာသာရေးအရ ပြောင်းလဲပေးရန် လွန်စွာခက်ခဲကြောင်း၊ ထိုအရက်စွဲ ပြဿနာ၏ သွင်ပြင်လက္ခဏာ အားလုံးကို ဖြေရှင်းပေးရကြောင်း၊ သိ့မှသာ အောင်မြင်နိုင်ကြောင်း ဒေါက်တာ Paul က ပြောကြားသည်။

ရန်ကုန်မြို့လယ်တွင် အရက်သမားတစ်ဦး အိပ်ပျော်နေပုံ။

ရန်ကုန်မြို့လယ်တွင် အရက်သမားတစ်ဦး အိပ်ပျော်နေပုံ။

အုပ်စုဖွဲ့ တိုင်ပင်ဆွေးနွေး ကုသခြင်း

တေးရေးဆရာ ဦးမြတ်သူအတွက်မူ အရက် လုံးဝပြတ်သွားနိုင်စေရန် နှစ် ၃၀ ခန့် ကြာရှည်ခဲ့သည်။ ထိုအတောအတွင်းတွင် ပြင်းထန်သော ဝေဒနာ သုံးလေးကြိမ် ခန့်လည်း ခံစားခဲ့ရသည်။

“ကျွန်တော်က အသက် ၁၄ နှစ်ကတည်းက အရက် စတင်သောက်တာပါ။ ကျွန်တော်ရဲ့ သူငယ်ချင်းတွေက ပြည်တွင်းဖြစ် အရက်တစ်မျိုးကို သောက်သုံးမိစေဖို့  လှုံဆော်ပေးခဲ့တာပါ။ နောက်ပိုင်းတော့ ကျွန်တော် ပုံမှန် အရက် သောက်သုံး တတ်လာပါတယ်။ ပထမတော့ ကျွန်တော်က ချောင်းဆိုးပျောက်ဆေးရည်တွေကို စွဲခဲ့တာပါ။ ဒါပေမဲ့ အစိုးရက ချောင်းဆိုးပျောက်ဆေးရည်တွေကို တားမြစ်လိုက်တဲ့အခါ ၁၉၉၀ ခုနှစ်မှာ ဘိန်းဖြူကို ပြောင်းသုံးခဲ့ပါတယ်” ဟု ဦးမြတ်သူက ပြောပြသည်။

“ကျွန်တော့်က အစွဲအလမ်း ဖြစ်တတ်လွယ်တယ်လို့ ဆိုရမယ်။ ကျွန်တော့် တစ်ဘဝ လုံး အကျင့်ပျက် ချစားခဲ့တယ်။ ကျွန်တော့်ရဲ့  မိသားစုဝင်တွေက ကျွန်တော့်ကို တားမြစ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ဘူး။ ကျွန်တော် အဖမ်းမခံခဲ့ရတာ အရမ်းကံကောင်းပါ တယ်” ဟု ဦးမြတ်သူက ပြောပြသည်။ ဘိန်းဖြူစွဲမှုကို ထောက်ပံ့ပေးနိုင်ရန်အတွက် ဘိန်းဖြူရောင်းဝယ်သော အလုပ်ကိုလည်း သူလုပ်ကိုင်ခဲ့သေးသည်။

ပုဂ္ဂလိက ဆေးဖြတ်သော နေရာတစ်ခုတွင် ဆေးဖြတ်ပြီးသောအခါ သူ၏ ဆေးစွဲသော အကျင့်ဆိုးကို ဖျောက်ပစ်နိုင်ခဲ့သည်။ သို့သော် သူ အရက် ပြန်သောက်ခဲ့သည်။ အစွဲတစ်ခုကို တခြားတစ်ခုနှင့် အစားထိုးခဲ့ခြင်းသာ ဖြစ်သည်။

“ကျွန်တော်မှာ အရက်နဲ့ ပတ်သက်လို့ ရောဂါတစ်ခုရှိတယ်။ ကျွန်တော်က အရက်ကို မသောက်ဘဲ တစ်လလောက် နေနိုင်တယ်။ ဒါပေမဲ့ ပထမဆုံးတစ်ခွက် ပြန်စသောက်လိုက်မိရင် ဘယ်လိုမှ ထိန်းလို့ မရတော့ဘူး။ ကျွန်တော်က မွေးကတည်းက စိတ်ထဲမှာ ကြောက်စိတ်လိုလို ပါလာခဲ့တာ။ ဒါကို ကုစားဖို့ ကျွန်တော် တစ်ခုခုကို သုံးရတာပဲ” ဟု ဦးမြတ်သူက ပြောသည်။

အရက်ဖြတ်သော အုပ်စုအဖွဲ့အစည်းတစ်ခုတွင် စာရင်းပေးသွင်းပြီးကတည်းက သူ အရက် မသောက်တော့ပေ။ သူအရက် မသောက်သည်မှာ နှစ်နှစ်ခန့် ရှိပြီ ဖြစ်သည်။

“ဒီအစီအစဉ်သာ မရှိရင် ကျွန်တော် အရက်ပြတ်မှာကို မဟုတ်ဘူး။ ကျွန်တော်တို့က တစ်ပတ်ကို နှစ်ကြိမ် တွေ့ဆုံကြရတယ်။ ကျွန်တော်တို့ အချင်းချင်း ကိုယ်ဇာတ်လမ်း တွေ ကိုယ်ပြောပြကြတယ်။ ဒီအစီအစဉ်က အရမ်းကို အကူအညီရပါတယ်” ဟု ဦးမြတ်သူက ပြောသည်။

ဦးအောင်ကျော်လင်းအတွက်မူ အရက်ဖြတ်ရန် တိုင်ပင်ဆွေးနွေးသည့် အုပ်စုများ သည် အလွန်ကို နောက်ကျသွားပြီ ဖြစ်သည်။ ကိုသော်ဇင်အောင်က သူ့ သူငယ်ချင်းကို အရက်မသောက်ရန် ဖြောင်းဖျခဲ့သည်။ သို့သော် ဦးအောင်ကျော်လင်းက နားမထောင်ခဲ့ပေ။ ယခု မုဆိုးမဖြစ်သွားသော ဦးအောင်ကျော်လင်း၏ ဇနီးသည်တွင် အရွယ်မရောက်သေးသော သားသုံးဦးရှိပြီး ဝင်ငွေလည်း မရှိပေ။ ဦးအောင်ကျော်လင်းနှင့် ဇနီးဖြစ်သူတို့ကြား အရက်သောက်ခြင်းကြောင့် စကားများ အခန့်မသင့်မှုများ ရှိခဲ့သည်။ ထိုသို့ စကားများသော်လည်း ဦးအောင်ကျော်လင်း အရက်မပြတ်သည့် အပြင် ဇနီးသည်ပင် အိမ်မှ ခဏဆင်းကာ သူငယ်ချင်းအိမ်တွင် သွားအိပ်ရတတ်သည်။ မည်သူကမျှ ဦးအောင်ကျော်လင်းကို မကူညီနိုင်ခဲ့ပေ။

“သူ့မိသားစုက သူအရက်ပြတ်အောင် တစ်ခါ ဘုန်ကြီးဝတ်ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ သူက ၁၀ ရက်ပဲ ခံတယ်။ နောက်တော့ အရက်ပြန်သောက်တာပဲ။ သူက သူ့အရက်ပုလင်းကို ဖွက်ထားမှာပဲ။ သူဆုံးသွားတဲ့အတွက် ကျွန်တော် အရမ်း ဝမ်းနည်းရတယ်” ဟု ကိုသော်ဇင်အောင်က ပြောသည်။

(ဆောင်းပါးတွင် ပါဝင်သူများ၏ မိသားစုများအား အနှောင့်အယှက် မဖြစ်စေရန်အတွက် ကိုဇေယျာနှင့် ဦးမြတ်သူတို့၏ နာမည်များကို ပြောင်းလဲ ထားသည်။)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။ 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.