အမျိုးသားလွှတ်တော်နှင့် မျက်စေ့လည်စရာ မဲခွဲမှုကြီး

နာမည်ကျော် ပုဒ်မ ၆၆ (ဃ)ပါဝင်တဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ဖို့ အမျိုးသား လွှတ်တော်အတွင်းမှာ ပုဒ်မ တစ်ခုချင်းစီအလိုက် မဲခွဲဆုံးဖြတ်မှုတွေ ပြုလုပ်ခဲ့ရာမှာ သဘောထား ကွဲပြားခြားနားနေတဲ့ အမတ်တွေရဲ့ ပြင်ဆင်ချက်တွေကို တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်မဲပေးစေခဲ့တဲ့အတွက် လွှတ်တော်အမတ်တွေကြားမှာ ဝေဝါးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဉာဏ်လှိုင်လင်း ရေးသားသည်။

“ကျွန်တော်ကြေညာပြီးပြီလား၊ မကြေညာရသေးဘူးနော်”။

ဒါက ရုပ်မြင်သံကြားဖန်သားပြင်ကတစ်ဆင့် တိုးတိုးလေးထွက်ပေါ်လာတဲ့ အသံပါ။

အမျိုးသားလွှတ်တော်အစည်းအဝေးတွေကို ဦးစီးဆောင်ရွက်နေတဲ့ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက သူ့ဘေးမှာအကူ အညီပေးဖို့ ရောက်နေတဲ့ ဝန်ထမ်းအရာရှိကို မေးမြန်းလိုက်ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ထိုင်ခုံပေါ်ကနေ အဲဒီလို နှစ်ကိုယ်သာကြားရုံ မေးမြန်းလိုက်တဲ့အကြောင်းကတော့ မဲခွဲဆုံး ဖြတ်မှု ရလဒ်တစ်ခုကို အမတ်တွေထံ အသိပေးပြီးမပြီး မသေမချာ ဖြစ်နေလို့ပါပဲ။

နာမည်ကျော် ပုဒ်မ ၆၆ (ဃ)ပါဝင်တဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ဖို့ အမျိုးသား လွှတ်တော်အတွင်း ပုဒ်မ တစ်ခုချင်းစီအလိုက် မဲခွဲဆုံးဖြတ်နေစဉ် အဲဒီလိုပြောခဲ့တာဖြစ်ပါတယ်။

ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းဟာ သြဂုတ် ၂ရက်မှာ ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအတွင်း အဲဒီလို တစ်ကြိမ်တည်း ဖြစ်ခဲ့တာမဟုတ်ပါဘူး။ မဲခွဲမှုအစီအစဉ်တစ်ခုနဲ့ တစ်ခုအကြား အတွဲအဖက်တွေ မကြေညာခင် မှားပြောမိမှာစိုးလို့ စက္ကန့် ၂၀ လောက် အချိန်ယူစိစစ်တဲ့ အကြိမ်တွေလည်းရှိခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရာမှာ သဘောထားကွဲပြားခြားနားနေတဲ့ အမတ်တွေရဲ့ ပြင်ဆင်ချက်တွေကို တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်မဲပေးစေတဲ့ အစီအစဉ်တွေ ပြုလုပ်နေစဉ်ဖြစ်ပါတယ်။ အဲဒီနေ့ အစည်းအဝေးအတွင်းမှာ ဒီလို ဝေဝါးမှုတွေဟာ ဥက္ကဋ္ဌတစ်ဦးထဲမှာရှိနေခဲ့တာတော့မဟုတ်ပါဘူး။

ဆုံးဖြတ်ချက်တစ်ခုချပြီးမဲပေးဖို့ ပျမ်းမျှ ၄၀ စက္ကန့်ကနေ တစ်မိနစ်ကျော်လောက်သာ အချိန်ရခဲ့တဲ့ အမျိုးသား လွှတ်တော်အမတ်တွေလည်း ကြုံခဲ့ရတာပါပဲ။

“ဘောလုံးပွဲလို ပတ်လည်ရှုံးထွက် လုပ်ခိုင်းတာ။ ကျွန်တော်တော့ တစ်ခါမှ မကြုံဖူးဘူး။ ဘယ်လိုမဲပေးရမှန်းမသိတဲ့ အခြေအနေဖြစ်သွားတယ်”လို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၂ အမတ် ဦးတက်ထွန်းအောင်က Frontier ကို ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းကာလ၂၀၁၁-၁၅မှာ ရခိုင်ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်ခဲ့ဖူးပြီး ယခုအချိန်မှာတော့ အမျိုးသားလွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

“ဒီလိုမျိုးလှည့်စား မဲခွဲပြီးလိုချင်တာ ယူသွားသလိုပဲ”လို့လည်း ရခိုင်အမျိုးသားပါတီဝင် ဦးတက်ထွန်းအောင်က ဆက်ပြောလိုက်ပါသေးတယ်။

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဝင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမတ်တွေရဲ့ ပုဂ္ဂလိကအမြင်တွေကို ရှုံးထွက်စနစ်နဲ့ တစ်ခုချင်းစီမဲခွဲဆုံးဖြတ်စေပြီး တခုတည်းကျန်အောင် စစ်ထုတ်လိုက်တဲ့ပုံစံ အသုံးပြုတာကို သူက ရည်ညွှန်းတာပါ။

အဲဒီနောက် အမတ်တွေရဲ့ ပြင်ဆင်လိုချက်တွေထဲက နောက်ဆုံးတစ်ခုကျန်မှ NLD တစ်ဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ ဥပဒေကြမ်းကော်မတီရဲ့ သဘောထားနဲ့ ယှဉ်ပြီး မဲခွဲ အပြီးသတ်အတည်ပြုတဲ့ပုံစံကလည်း တရားမျှတမှုမရှိဘူးလို့ ဦးတက်ထွန်းအောင်က ယူဆနေပါတယ်။

ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် အမတ် ၈ အမျိုးသားလွှတ်တော်အမတ် ဦးကျော်သန်းကတော့ “အမှန်တော့ ကိုယ်စားလှယ်တွေရဲ့ မတူတဲ့အဆိုပြုချက်တွေကို တစ်ခုတည်း စုစည်းပြီးမှ ကော်မတီနဲ့ ယှဉ်ပြီး မဲခွဲသင့်တာပေ့ါ။ အဲဒါဆို မဲပေးရတဲ့သူတွေအတွက် ရှင်းတယ်”လို့ Frontier ကို မှတ်ချက်ပြုတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သူ ဦးကျော်သန်းက အစပိုင်းမဲခွဲမှုတွေမှာ ဘာကို အဆုံးအဖြတ် ပေးရမယ်ဆိုတာကို လုံးဝနားမလည်ခဲ့ဘူးလို့လည်း ဆက်ပြောပါတယ်။ အောက်မှာဖော်ပြထားတဲ့ မဲခွဲဆုံးဖြတ်မှု လုပ်ငန်းစဉ်တွေကတော့ သူငြီးငြူရတဲ့အကြောင်းတရားတွေပါပဲ။

ခြေစစ်ပွဲဝင်စရာမလိုတဲ့ ချန်ပီယံ

ပထမမဲခွဲမှုကို လက်ရှိ ဆက်သွယ်ရေးဥပဒေပါ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ခိုးယူ၊ လိမ်လည်၊ အလွဲသုံး၊ အကျိုးပျက်စီးစေတာတွေ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူ၊ အသရေဖျက်၊ နှောက်ယှက်၊ ခြိမ်းခြောက်တာတွေနဲ့ ပတ်သက်တဲ့ ပုဒ်မ ၆၆ အပိုဒ်ခွဲ (ဂ) (ဃ)နဲ့ စတင်ပါတယ်။

ဒီပုဒ်မမှာ အမတ်တွေရဲ့ ပြင်ဆင်လိုမှု ၅ မျိုးရှိခဲ့ပြီး သူတို့အချင်းချင်း မဲခွဲမှု ၄ ကြိမ်ပြုလုပ်ခဲ့ရပါတယ်။ ပထမဆုံး အနေနဲ့ ပုဒ်မ ၆၆ အပိုဒ်ခွဲ (ဂ) (ဃ)နှစ်ခုစလုံး ပယ်ဖျက်ရေးနဲ့ ပုဒ်မ ၆၆ (ဃ) ပယ်ဖျက်ရေးကို နှိုင်းယှဉ်မဲပေး စေပါတယ်။ အဲဒီနောက်အနိုင်ရလာတဲ့ ပုဒ်မ ၆၆ (ဃ) တစ်ခုတည် းပယ်ဖျက်ရေးကို အသရေဖျက်မှုတစ်ခုတည်း ဖြုတ်လိုတဲ့ ပြင်ဆင်ချက်နဲ့ ထပ်မံ ယှဉ်ပြိုင်စေပါတယ်။

ဒီတစ်ကြိမ်မှာတော့ အသရေဖျက်မှုတစ်ခုတည်း ပယ်ဖျက်လိုတာက အနိုင်ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပုဂ္ဂိုလ်တစ်ဦးဦးကိုသာ ရည်ညွှန်းထားတဲ့ မူလ ပုဒ်မ ၆၆ (ဃ)မှာ အဖွဲ့အစည်းတစ်ရပ်ရပ်ပါ ထည့်သွင်းဖြည့်စွက်လိုတဲ့ ပြင်ဆင်ချက်နဲ့ ယှဉ်ပြီးထပ်မံမဲခွဲခံရပါတယ်။ ဒီတစ်ခါလည်း အသရေဖျက်မှုတစ်ခုတည်းသာ ပယ်ဖျက် လိုတဲ့ ပြင်ဆင်ချက်ကပဲအနိုင်ရပြန်တယ်။

အမတ်အချင်းချင်း မဲခွဲမှုနောက်ဆုံးအဆင့်ပွဲစဉ်မှာတော့ အပွဲပွဲနိုင်လာတဲ့ အသရေဖျက်မှုကို တစ်ခုတည်းကို ပယ်ဖျက်လိုတဲ့ ပြင်ဆင်ချက်နဲ့ အသရေဖျက်မှုပယ်ဖျက်တာအပြင် စာသားအချို့ကိုပါပြင်ဆင်လိုတဲ့ ပြင်ဆင်ချက်၊ အဲဒီနှစ်ခုကို ယှဉ်ပြီးမဲပေးရတာပါ။ ဒီတစ်ကြိမ်မှာလဲ အသရေဖျက်မှု တစ်ခုတည်းကိုသာ ပယ်ဖျက်လိုတဲ့ ပြင်ဆင်ချက် နိုင်ပွဲဆက်ပြန်ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ အပွဲပွဲနိုင်လာတဲ့ ဒီပြင်ဆင်ချက်ဟာ ဖိုင်နယ်ကနေစောင့်နေတဲ့ ဥပဒေကြမ်း ကော်မတီရဲ့ သဘောထားနဲ့ အတွေ့မှာ ရှုံးနိမ့်သွားရပါတော့တယ်။

အဲဒီနောက် နောက်ထပ် ပုဒ်မတစ်ခုနဲ့ ပတ်သက်တဲ့ ပွဲစဉ်အသစ်တစ်ခုစတင်ပါတယ်။ မူလဥပဒေပုဒ်မ ၆၆ ပါ ထောင်ဒဏ်ကို လျော့ဖို့ ဆန္ဒရှိတဲ့ အမတ် ၃ ဦးရဲ့ အဆိုပြုချက်တွေကိုပေါင်းပြီး ဒီအတိုင်းပဲထားဖို့ ဆန္ဒရှိတဲ့ ဥပဒေကြမ်း ကော်မတီနဲ့ မဲခွဲစေတာပါ။ ဒါလည်း ဥပဒေကြမ်းကော်မတီကပဲနိုင်သွားပါတယ်။

နောက်ဆုံး ပွဲစဉ်ကတော့ ရဲအရေးပိုင်ခွင့်၊ တရားစွဲဆိုရာမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနထံက ခွင့်ပြုချက်ယူခွင့်တို့ပါဝင်တဲ့ လက်ရှိဥပဒေပါ ပုဒ်မ ၈၀ နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အမတ်တွေရဲ့ ပြင်ဆင်လိုမှု ၄ မျိုးရှိခဲ့ပြီး အချင်းချင်း မဲခွဲမှု ၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး ဖိုင်နယ်ပွဲမှာတော့ ဥပဒေကြမ်း ကော်မတီကပဲ ဗိုလ်စွဲသွားပြန်တာပါပဲ။

ပွဲစဉ်ဇယား မှားမမှား

“မဲကို အဲဒီလို အဆင့်ဆင့်လိုက်ခွဲတဲ့အခါ လူတွေကရှုပ်ထွေးသွားကြပြီး နောက်ဆုံးတော့ ကော်မတီသဘောထားကိုပဲ မဲပေးလိုက်ကြတော့တဲ့ သဘောဖြစ်သွားတယ်”လို့ ပြောလာသူကတော့ စစ်ကိုင်းတိုင်းအမှတ် (၅) အမျိုးသား လွှတ်တော်အမတ် ဦးရဲထွဋ်ပါ။

သူဟာ NLD ပါတီဝင်တစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော်မှာ ပုဒ်မ ၆၆(ဃ)ကို ပယ်ဖျက်ရေး အဆိုတင်သွင်းဖို့ နှစ်ကြိမ်တိုင် ကြိုးစားဖူးခဲ့သူဖြစ်ပြီး မိခင်ပါတီရဲ့ ပိတ်ပင်မှုကြောင့် အထမမြောက်ခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့် အခုလို ဥပဒေ ပြင်ဆင်ရေးဆွေးနွေးခွင့်ရချိန်မှာ ပုဒ်မ ၆၆(ဃ)ကို ပယ်ဖျက်လိုတဲ့ဖက်က ရပ်တည်ပြီး ကိုယ်တိုင် ပါဝင်မဲခွဲခံခဲ့သူပါ။

“အဲဒီလိုမဲခွဲတဲ့ပုံစံက ဘာကိုရည်ရွယ်ပြီး ဘယ်လိုလုပ်လဲမသိဘူး။ ဖြစ်စေချင်တာက ဥပဒေကြမ်းကော်မတီရဲ့ သဘောထားကို တည်ပြီးမဲခွဲတာမှန်ပေမယ့် အမတ်တွေရဲ့ သဘောထားတစ်ခုချင်းစီနဲ့ ထိပ်တိုက် မဲခွဲခိုင်းသင့်တယ်”လို့ ဦးရဲထွဋ်က Frontier ကို ဆက်ပြောပါတယ်။

အမျိုးသားလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းကတော့ လွှတ်တော်ရဲ့ ဥပဒေ၊ နည်းဥပဒေတွေအတိုင်း မဲခွဲခဲ့တာလို့ ချေပပါတယ်။ “ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေ ကိုယ်၌ကလည်း မဲခွဲဖို့ တောင်းဆိုတယ်”လို့လည်း Frontier ကို သူက ပြောလိုက်ပါသေးတယ်။

ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေး ဆွေးနွေးကြရာမှာ အမတ်တစ်ဦးနဲ့ တစ်ဦး သဘောထားမတူသလို ပြင်ဆင်လိုတဲ့ အချက်တွေ ကွဲလွဲနေတာကြောင့် မတူညီတဲ့သဘောထားတွေကို စုစည်းလို့ရတာ စုစည်း၊ စုစည်းလို့မရရင် အဆိုပြုချက်တစ်ခုအဖြစ်သတ်မှတ်ပြီး အခုလို စနစ်ကျင့်သုံးလိုက်တာလို့လည်း သူကပြောပါတယ်။

“တစ်မျိးစီဖြစ်နေတော့ တစ်ဦးချင်းစီကို ဥပဒေကြမ်း ကော်မတီသဘောထားနဲ့ မဲခွဲနေရင်အများကြီးပဲ၊ ဒါကြောင့် သူတို့ချင်းခွဲမယ်။ ပြီးတော့မှ ဥပဒေ ကြမ်းကော်မတီနဲ့ခွဲမယ်။ ဒီလိုစီစဉ်တာပါ”လို့ ဦးဇော်မင်းက ရှင်းပြပါတယ်။

ဒီလို ရှုပ်ထွေးလှတဲ့မဲပေးမှု လုပ်ငန်းစဉ်ဟာ NLD ဦးဆောင်တဲ့ လွှတ်တော်ကာလကျမှပေါ်ပေါက်ခဲ့တာတော့ မဟုတ်ပါဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အာဏာရချိန်ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်းမှာလည်း မကြာခဏ ရှိခဲ့ဖူးတယ်လို့ အဲဒီတုန်းက သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်း ဆောင်ဖူးတဲ့ ဦးရဲထွန်းက ဆိုပါတယ်။

သို့သော် အခုတစ်ကြိမ်လောက်တော့ အနိုင်အရှုံး အဆုံးအဖြတ်ယူရတဲ့ အတွဲအဖက်တွေမများခဲ့ဖူးလို့ သူက ဆက်ပြောပါတယ်။ ဒီလိုကိစ္စကို ကျော်လွန်နိုင်ဖို့ သူရဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ပြည်သူ့ လွှတ်တော် ကာလတုန်းက သုံးစွဲခဲ့တဲ့နည်းလမ်းကိုလည်း Frontier ကိုသူက အခုလို ပြောပါတယ်။

“ကော်မတီအစည်းအဝေးမှာ သဘောကွဲလွဲတဲ့သူတွေကို ခေါ်ပြီးညှိနှိုင်း စုစည်းမှုတစ်ခုထွက်လာ၊ အဲဒါနဲ့ ဥပဒေကြမ်းကော်မတီရဲ့ သဘောထားနဲ့ခွဲ၊ အဲဒီလိုရှင်းလိုက်တယ်”လို့ ဦးရဲထွန်းက ဆိုတယ်။

လွှတ်တော်အစည်းအဝေးတွေကို စောင့်ကြည့်ပြီး စာတမ်းတွေပုံမှန်ထုတ်ပြန်လေ့ရှိတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ရဲ့ သုတေသနဒါရိုက်တာ ဦးထင်ကျော်အေးကတော့ လက်ရှိအမျိုးသားလွှတ်တော်ကလည်း အဲဒီလို နည်းလမ်းမျိုး ကျင့်သုံးဖို့ ကြိုးစားခဲ့တာတွေ့ရပေမယ့် အောင်မြင်ခဲ့ပုံမရဘူးလို့ သုံးသပ်ပါတယ်။

“ဒါကြောင့် ဥပဒေကြမ်းကော်မတီကတော့ ဗိုလ်လုပွဲမှာစောင့်နေပြီး တက်လာတဲ့အဆိုပြုချက်နဲ့ မဲခွဲဖို့စောင့်တဲ့ သဘောဖြစ်သွားတယ်”လို့ သူက ဆက်ပြောပါတယ်။ သို့သော် ဥပဒေတွေနဲ့ ပတ်သက်ပြီး မဲခွဲတဲ့အခါ အဆိုပြုချက်တွေရဲ့ အနှစ်သာရတွေ ပျောက်ပျက်သွားတာမျိုးမဖြစ်အောင် စီမံသင့်တယ်လို့ ဝေဖန်တယ်။

ဆက်သွယ်ရေးဥပဒေပြင်ဆင်ဖို့ အမျိုးသားလွှတ်တော်ရဲ့ မဲခွဲမှုတွေအတွင်း အနှစ်သာရမတူတဲ့ အဆိုပြုချက် နှစ်ခု နှိုင်းယှဉ်မဲခွဲခံရတာမျိုးလည်း ရှိခဲ့ပါတယ်။ ဥပမာ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ရဲအရေးပိုင်မှုကို လျှော့လိုတဲ့ အဆိုပြုချက်နဲ့ အမှုဖွင့်ချင်ရင် ဝန်ကြီးဌာနက စိစစ်ဆေးရေးအဖွဲ့ထံက ခွင့်ပြုချက်ယူဖို့ဆိုတဲ့ အဆိုပြုချက်၊ အဲဒီ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ရတာမျိုးပါ။

ဦးထင်ကျော်အေးကတော့ ဒီလိုအခြေအနေပေါ်ပေါက်လာတာဟာ လက်ရှိလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေရဲ့ အားနည်းချက်ကြောင့်လို့ဆိုတယ်။ “ပြင်ချင်တဲ့အဓိပ္ပာယ်ကွာနေရင်တောင်မှ ပုဒ်မတူထဲကဖြစ်နေရင် မဲခွဲလို့ရနေတယ်။ ပုဒ်မမတူဘဲ ယှဉ်ပြီးမဲခွဲလို့သာမရတာ”လို့ သူကမှတ်ချက်ပြုပါတယ်။

လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေကို လေ့လာကြည့်ရင်လည်း မဲပေးပုံနည်းစနစ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ပြဌာန်းထားတာမျိုးရှိမနေပါဘူး။

ဦးထင်ကျော်အေးကတော့ “လက်ရှိ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေဆွဲတုန်းက ဒီအခြေအနေတွေ ဖြစ်လာမယ်လို့ မျှော်မှန်းထားပုံမရဘူး”လို့ Frontier ကို သုံးသပ် ပြပါတယ်။

“အခုလိုအခြေအနေမျိုးကြုံလာရင် ဒီထက်ပိုရှင်းလင်းတဲ့ နည်းလမ်းတွေ သတ်မှတ်ပြီး ဘယ်လိုကျော်လွှားမလဲဆိုတာစဉ်းစားသင့်ပြီ” လို့လည်း သူက ဆက်ပြောပါသေးတယ်။

အမျိုးသားလွှတ်တော်က ဒါတွေပြင်လိုက်တယ်

– လက်ရှိဥပဒေပါ“ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန”ဆိုတဲ့ အမည်အစား “ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန”လို့ ပြောင်း။

– ပုဒ်မ ၆၆ (ဃ)ပါ ပြစ်မှုများအနက် အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်း စတဲ့ သုံးမျိုးကို ပယ်ဖျက်။

– လိုင်စင်မရှိဘဲ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီး မူလအနေအထားကို ပြောင်းလဲဖျက်ဆီးခြင်းကဲ့သို့သော ပြုမူမှုများ၊ ကွန်ရက်ကို ထိခိုက်ပျက်ဆီးစေဖို့ ရည်ရွယ်တဲ့အပြုမူမှုများ၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ခြောက်လှန့် တောင်းယူ တာ၊ အသရေဖျက်တာ၊ နှောက်ယှက်တာ စတာတွေကို အာမခံပေးနိုင်သည့် ပြစ်မှုများဟု သတ်မှတ်။

– ပြစ်မှုအားလုံးနဲ့ ပတ်သက်ပြီးတရားစွဲချင်ရင် ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက်လိုသည်။

– အသရေဖျက်မှုနှင့် အမှုဖွင့်လိုလျှင် နစ်နာသူကိုယ်တိုင် (သို့မဟုတ်) ၎င်းက ကိုယ်စားလှယ် လွှဲအပ်သူကသာ အမှုဖွင့် ခွင့်ရမည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.