အပြောင်းအလဲတွေနဲ့ ဂီတမြင်ကွင်း

အခက်အခဲများစွာ ကျော်ဖြတ်ပြီးနောက်တွင် မြန်မာနိုင်ငံရှိ တေးဂီတမြင်ကွင်းတွင် အပြောင်းအလဲများ ပေါ်ထွန်းလာနေသည်။

နာတလီ ဝေါင်း ရေးသားသည်။

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှ တေးဂီတ ချစ်သူများသည် မြန်မာနိုင်ငံမှ Indie ရော့ခ်တီးဝိုင်းတစ်ခု ဖြစ်သည့် Side Effect ကို ကြားဖူးကြသည်။ မြန်မာနိုင်ငံမှ နိုင်ငံတကာ စင်မြင့်သို့ ထိုးဖောက်နိုင်ခဲ့သည့် ရှားရှားပါးပါး ဂီတအဖွဲ့တစ်ခုဖြစ်သည်။ ၎င်းတို့သည် ဂျာမဏီမှ ပရိသတ်များအပြင် အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သော Southwest Film and Music Festival တွင်လည်း ပရိသတ်များစွာ ရရှိခဲ့သည်။ ၎င်းတို့၏ ဆွဲဆောင်မှုတစ်ခုမှာ ကိုယ်ပိုင်မူရင်း တေးသီချင်းများကို ဖျော်ဖြေခြင်းဖြစ်သည်။ ၎င်းတို့က ကော်ပီသီချင်းများကို သီဆိုသော အဖွဲ့တစ်ခု မဟုတ်သည့်အတွက် အခြားသော အဖွဲ့များနှင့် ကွဲထွက်နေသည်။ သူတို့တေးဂီတသည်  လူကြိုက်များနေသော အသွင်သဏ္ဍာန်များထဲမှ ခွဲထွက်နေသည်။

သို့သော်လည်း ထိုရည်ရွယ်ချက် ကြီးမားသော ရော့ခ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ပရိသတ်ရရှိရန် ကြိုးစား ရုန်းကန်နေရသည်။ မြန်မာနိုင်ငံတွင် သက်ဝင်လှုပ်ရှားနေသည့် underground တေးဂီတ မြင်ကွင်းများ ကြာရှည်စွာ တည်ရှိလာခဲ့သော်လည်း ဂီတအမျိုးအစား အများအပြားအတွက် နေရာများများ မရှိပေ။ တေးဂီတ ကပြဖျော်ဖြေပွဲများကဲ့သို့သော အများပြည်သူ စုဝေးပွဲကြီးများကို စီစဉ်ရာတွင် ရှေးရိုးဆန်သော လူများ၏ အတားအဆီးများလည်း ရှိနေသေးသည်။

“ဘာမဆို လုပ်နိုင်ဖို့အတွက် နေရာက အရေးကြီးပါတယ်” ဟု ထိုတေးဂီတအဖွဲ့မှ punk ဂီတအမျိုးအစား ကို နှစ်သက်သော Darko က ပြောကြားသည်။ ပြည်တွင်းတွင် တေးဂီတပွဲ အများအပြားကို ပြည်သူ့ရင်ပြင်၊ ကန်တော်ကြီးနှင့် မဟာဗန္ဓုလပန်းခြံများတွင် ကျင်းပလေ့ရှိသည်။ ထိုသို့သော တေးဂီတပွဲမျိုးကို စီစဉ်ရခြင်းသည် တေးဂီတပညာရှင်များအတွက် အိပ်မက်ဆိုးကြီး တစ်ခုကဲ့သို့ပင် ဖြစ်သည်ဟု Darko က ဆိုသည်။ အဘယ့်ကြောင့်ဆိုသော သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုချက် ရရှိရန်အတွက် သီးခြားလျှောက်လွှာ ခုနစ်ခုအထိ တင်ရလေ့ရှိသောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဂီတပညာရှင်အသစ်အတွက် ညရှုခင်းများကလည်း လျင်မြန်စွာ ပြောင်းလဲနေသည်။ ဘားနှင့် စားသောက်ဆိုင်အသစ်များ ပေါ်ပေါက်လာသဖြင့် အရည်အချင်းရှိသော တေးဂီတပညာရှင်များအတွက် စားကျက်မြေ ဖြစ်လာသည်။ ထုတ်လုပ်သူများကလည်း ဒီမိုကရေစီ ထွန်းသစ်စ နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ တေးဂီတသံများကို နားဆင်လိုသော ပရိသတ်များအတွက် တေးဂီတများကို သယ်ဆောင်ပေးနိုင်ရန် ကြိုးပမ်းလျှက် ရှိကြသည်။

Eaiddhi နှင့် ရဲငွေစိုးတို့သည် ထိုသို့သော တေးဂီတပွဲများကို ဖန်တီးသူများ ဖြစ်ကြသည်။ ၂၀၁၂ ခုနှစ်တွင် ၎င်းတို့က Jam It ဟု ခေါ်သည့် တေးဂီတ ဖျော်ဖြေပွဲ စီးရီးကြီးကို စတင်ခဲ့သည်။  ရည်ရွယ်ချက်မှာ ပြည်တွင်းမှ underground တေးဂီတအဖွဲ့များ၊ တစ်ကိုယ်တော် အနုပညာရှင်များအတွက် နေရာတစ်ခု ဖန်တီးပေးရန် ဖြစ်သည်။ ယနေ့အချိန်အထိ ဂီတဖျော်ဖြေပွဲပေါင်း ၂၇ ပွဲ စီစဉ်ပေးခဲ့ပြီးဖြစ်သည်။ သို့သော များသောအားဖြင့် သေးငယ်သော ဘားများနှင့် စားသောက်ဆိုင်များတွင် ဖြစ်သည်။

“သူတို့က စက်ပစ္စည်းတွေ၊ တူရိယာတွေနဲ့ နေရာကို ပေးတယ်။ လက်မှတ် ရောင်းရတဲ့အထဲက အမြတ်ငွေကို ယူတယ်” ဟု ပန့်ခ်ဂီတအဖွဲ့တစ်ခုဖြစ်သည့် No U Turn အဖွဲ့ဝင် တစ်ဦးဖြစ်သူ Eaiddhi က ပြောသည်။ Jam It အနေဖြင့် အမြဲတမ်း နေရာတစ်ခုကို ပိုင်ဆိုင်ထားလိုသည်ဟု ၎င်းက ဆိုသည်။ ထိုနေရာမှာ ကြီးမားရန် မလိုအပ်ကြောင်းနှင့် လူ ၁၀၀ ခန့် ဆံ့သော နေရာတစ်ခုဆိုလျှင် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ယခုအချိန်အထိ မြန်မာနိုင်ငံ၏ underground တေးဂီတ မြင်ကွင်းသည် ပန့်ခ်၊ ရော့ခ်နှင့် ဟစ်ဟော့ တေးဂီတတို့သာ ဖြစ်သည်။ ကျယ်ပြန့်မှု သိပ်မရှိသေးသော်လည်း ပြီးခဲ့သည် ဆယ်စုနှစ် တစ်ခုတိုင်အောင် တာရှည်ခံလာခဲ့ခြင်း ဖြစ်သည်။ ယခင်ကမူ တေးဂီတ အမျိုးအစား မတူညီသော ပရိသတ်များကို တစ်ခန်းတည်းတွင် ထားရှိလိုက်ပါက ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။ သို့သော် ယခုအခါ ပြောင်းလဲလာပြီဖြစ်ကြောင်းနှင့် တေးဂီတ အမျိုးအစား အများအပြားကို လက်ခံလာနိုင်သော သဘောထားများ ပရိသတ်များတွင် ရှိလာကြပြီ ဖြစ်သည်ဟု Eaddhi က ပြောကြားသည်။

“Jam It မပေါ်ခင်တုန်းက ဟစ်ဟော့၊ ပန့်ခ်နဲ့ metal တေးဂီတတွေကို တစ်နေရာတည်းမှာ အတူ ဖျော်ဖြေတာမျိုး မရှိခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ သူတို့က ရန်ပဲဖြစ်ကြလို့ပါ” ဟု Eaddhi က Frontier ကို ပြောသည်။ ၎င်းတို့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ Jam It ကို ပူးတွဲ စီစဉ်သူလည်းဖြစ်သော ရဲငွေစိုးက ၎င်းတို့၏ တေးဂီတပွဲများသည် အမျိုးအစား မတူညီသော ဂီတသံများကလည်း အတူတကွ လုပ်ဆောင်နိုင်ကြောင်းနှင့် ပူးတွဲ ဖျော်ဖြေနိုင်ကြောင်းကို ပြသပေးနိုင်ခဲ့သည်ဟု ပြောသည်။

“ကျွန်တော်တို့က ငြိမ်းချမ်းရေးကို ရယူပေးနိုင်ခဲ့ပါတယ်။ တေးဂီတအတွက် ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေဖို့ မသင့်ပါဘူး” ဟု ကိုရဲငွေစိုးက ပြောသည်။

aw_undergroundmusic12.jpg

ရန်ကင်းရှိ စတူဒီယိုတွင် လေ့ကျင့်နေကြသည့် No U Turn အဖွဲ့သားများ။ ဓာတ်ပုံ-အန်းဝမ်

Jam It က တေးဂီတ ပညာရှင်များအတွက် ပတ်ဝန်းကျင်တစ်ခုကို ပေးနိုင်ရုံသာမက အနုပညာရှင်များအနေဖြင့် ဂီတကို ဖန်တီးရန် နေရာနှင့် ဂီတတူရိယာများကိုလည်း စီစဉ်ပေးနေသည်။ မြန်မာနိုင်ငံမှ ဂီတပညာရှင်အများစုသည် တေးဂီတတစ်ခုတည်းဖြင့် အသက်မွေးနိုင်ခြင်း မရှိကြပေ။ အချို့ဆိုလျှင် မိမိတီးခတ်သော တူရိယာကိုပင် ပိုင်ဆိုင်နိုင်ခြင်း မရှိကြပေ။ ကိုနေစိုးမြတ်သည် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး တေးဂီတအဖွဲ့ နှစ်ခုဖြစ်သည့် Side Effect နှင့် Suicide Plan တို့တွင် တီးခတ်နေသူ ဖြစ်သည်။ သို့သော် ၎င်းသည် acoustic ဂစ်တာတစ်လုံးကိုသာ ပိုင်ဆိုင်ထားသည်။

“ဒရမ်သမားတွေက သူတို့ရဲ့ ကိုယ်ပိုင် ဒရမ်စက်တွေ မရှိကြပါဘူး။ သူတို့က သီချင်းတိုက်တဲ့ အခါကျမှပဲ တီးကြရတာပါ။ Jam It စတူဒီယိုထဲမှာ တိုက်တဲ့အခါမျိုးပေါ့” ဟု Side Effect မှ Darko က ပြောသည်။

တေးဂီတပညာရှင် အများစုသည် နေ့ပိုင်းတွင် တခြားအလုပ်များ လုပ်ကိုင်လေ့ ရှိကြသည်။ ထိုသို့ဖြင့် သူတို့၏ တူရိယာများနှင့် အချိန်အတော်များများ ခွဲခွာနေကြရသည်။ စနေ၊ တနင်္ဂနွေတွင်လည်း မတီးခတ်ကြရပေ။ Eaddhi သည် အသံပိုင်း အင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေသည်။ Darko က Turning Tables Myanmar ဟု အမည်ရသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတွင် မန်နေဂျာတစ်ဦးအဖြစ် လုပ်ကိုင်နေသည်။ Turning Tables သည် နိုင်ငံအတွင်းမှ လူငယ်များကို တေးဂီတပညာများ သင်ကြားပေးပြီး တေးစီးရီးထုတ်ရာတွင် လိုအပ်သည်များကို ပံ့ပိုးပေးသော အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း ဖြစ်သည်။ နေစိုးမြတ်ကလည်း သူနှင့်အတူ လက်ထောက် ဂီတဆရာနှင့် ထုတ်လုပ်သူအဖြစ် လုပ်ကိုင်နေသည်။

ဂီတ အရည်အချင်းရှိသူများကို နိုင်ငံအနှံ့ လိုက်လံရှာဖွေ ပျိုးထောင်ပေးခြင်းအပြင် Turning Tables သည် Voice of Youth ဟု ခေါ်ဆိုသည့် အစီအစဉ်တစ်ခုကို နှစ်စဉ် ပြုလုပ်ပေးနေသည်။ ထိုအစီအစဉ်တွင် တေးဂီတသင်တန်းများ ပါဝင်သည့်အပြင် ဂီတဝိုင်းအသစ်များနှင့် နာမည်ကြီး တေးဂီတဝိုင်းများ ပါဝင်သော နှစ်ရက်ကြာ ဂီတပွဲတော်ကိုလည်း ကျင်းပပေးသည်။ ရွေးချယ်ခံရသော အနုပညာရှင်များသည် စုစည်းထုတ်ဝေသော တေးစီးရီးတွင် ပါဝင်ခွင့်ရမည် ဖြစ်သည်။

“ကျွန်တော်တို့က သူတို့ကို တံခါးဖွင့်ပေးပါတယ်။ ဒါပေမဲ့ သူတို့ဘာသာ ဝင်ရောက်သွားရမှာ ဖြစ်ပါတယ်။ သူတို့ကို စေ့ဆော်မှုပေးနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါတယ်။ သူတို့ရဲ့ အိပ်မက်တွေကို သူတို့ လက်မလွှတ်ဘူးလို့ မျှော်လင့်ပါတယ်” ဟု Darko က ပြောကြားသည်။

၎င်းတို့သည် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရင်း တစ်ဖက်တွင်လည်း ဂီတအရည်အသွေးများ ပိုမိုကောင်းမွန်လာအာင် လုပ်ဆောင်နေသော်လည်း ၎င်းတို့၏ ဖန်တီးမှုများအား ပရိသတ်ထံ ရောက်ရှိအောင် လုပ်ဆောင်ရာတွင်မူ ရုန်းကန်နေရဆဲ ဖြစ်သည်။ သူတို့ ထိုးဖောက်နိုင်ရန်အတွက်  နည်းလမ်းတစ်ခုမှာ ရုပ်မြင်သံကြား ဖြစ်သည်။ တေးဂီတဗီဒီယို ထုတ်လုပ်မှုက ပိုမို ဖွံ့ဖြိုး ဆန်းပြားလာမှုနှင့်အတူ ပြည်တွင်းမှ အနုပညာရှင်များအတွက် အထောက်အပံ့များသည်လည်း ပိုမို ရရှိလာသည်။

Mr Leopold Belanger နှင့် Ms Angele de Lorme တို့သည် On Air ဟု ခေါ်ဆိုသည့် အပတ်စဉ် တေးဂီတပွဲလေးကို ဖန်တီးထားသည်။ ၎င်းကို MRTV 4 နှင့် Channel 7 တို့တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသနေသည်။ သူတို့က ငယ်ရွယ်သော ရွက်ပုံးသီး တေးဂီတပညာရှင်များကို ရှာဖွေပြီး သူတို့၏ အရည်အသွေးများကို ပရိသတ်အများအပြား သိရှိသွားစေရန် ကူညီပေးနေသည်။

“နာမည်မကြီးသေးတဲ့ လူတွေကို စင်မြင့်ပေါ် ပို့ဆောင်ပေးဖို့နဲ့ သူတို့ရဲ့ အရည်အသွေးတွေကို ပြသခွင့်ရအောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ပါ” ဟု Belanger က Frontier ကို ပြောကြား သည်။ ထိုအစီအစဉ်သည် အထူးသဖြင့် ပင်မရေစီးကြောင်းပေါ်မှ တေးဂီတများကိုသာ ဖော်ပြသော်လည်း ပိုမို underground ဆန်သော ဂီတများကို ထည့်သွင်းရန် ကြိုးပမ်းနေသည်ဟု ၎င်းကဆိုသည်။ ယခင်ကမူ On Air အစီအစဉ်သည် G-Tone ကဲ့သို့သော underground ရက်ပ် အနုပညာရှင်များနှင့် အလုပ်လုပ်ခဲ့သည်။ G-Tone သည် ထိုအစီအစဉ်တွင် လူကြိုက်များခဲ့သည်။

“ကျွန်မတို့က underground တေးဂီတတွေကို ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ သူတို့ကလည်း mainstream pop သီချင်းတွေနဲ့ ပိုမိုဆန်းပြားတဲ့ တေးဂီတ အမျိုးအစားတွေကို မျှတစေချင်ကြပါ တယ်” ဟု de Lorme က ပြောကြားသည်။ အနုပညာရှင်များကို အမျိုးမျိုးသော ဂီတအမျိုးအစားများ ပေးထားခြင်း၊ ၎င်းတို့၏ အရည်အသွေးများကို ပြသနိုင်ရန် အခွင့်အလမ်းများ ပေးထားခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ခွင့် ပေးထားခြင်းတို့ဖြင့် မြန်မာနိုင်ငံရှိ ဂီတပညာရှင်များက သူတို့၏ ဂီတများကို ပြည်တွင်းအပြင် နိုင်ငံတကာသို့ပါ ထိုးဖောက်လာနိုင်မည်ဟု မျှော်လင့်သည်ဟု de Lorme က ဆိုသည်။

aw_undergroundmusic1.jpg

ရန်ကင်းရှိ စတူဒီယိုတွင် လေ့ကျင့်နေကြသည့် No U Turn အဖွဲ့သားများ။ ဓာတ်ပုံ-အန်းဝမ်

မြန်မာနိုင်ငံ၏ တေးဂီတစင်မြင့်များကို ဒစ်ဂျစ်တယ်ခေတ်နှင့်အညီ ချိန်ညှိရန်အတွက် ကြိုးပမ်း အားထုတ်မှုများကိုလည်း တွေ့လာရသည်။ ပြည်တွင်းမှ တေးဂီတထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် 9 Night Records သည် iTunes၊ Google Play နှင့် Spotify ကဲ့သို့သော အွန်လိုင်း တေးဂီတ ဖြန့်ချိရေးလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်ရန် ကြိုးစားလျှက် ရှိသည်။ ထိုတေးဂီတ ထုတ်လုပ်ရေးကို တည်ထောင်သူ ကိုယောမြတ်ဦးက အွန်လိုင်းမှ ဖြန့်ဖြူးရောင်းချမှုများက မြန်မာနိုင်ငံ၏ တေးဂီတကို ကမ္ဘာ့စင်မြင့်ပေါ်သို့ မြှင့်တင်ပေးရာတွင် အဓိကကျမည်ဟု ဆိုသည်။ ကိုယောမြတ်ဦးကို သူ၏ သူငယ်ချင်းများက JJ ဟု ခေါ်ဆိုကြသည်။ No U Turn သည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ဈေးကွက်သို့ ဝင်ရောက်ခဲ့သည့် တေးဂီတအဖွဲ့များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ၎င်းတို့က အွန်လိုင်း စင်မြင့်ပေါ်တွင် တေးအယ်လ်ဘမ်နှစ်ခု ဖြန့်ချိထားသည်။

ပြည်ပဈေးကွက်များတွင် မြန်မာတေးဂီတများမှာ အလားအလာရှိသည်ဟု JJ က ဆိုသည်။ Spotify ကဲ့သို့သော အွန်လိုင်း စင်မြင့်များထဲမှ တစ်ချို့သည် မြန်မာနိုင်ငံတွင် အသုံးပြုခွင့် မရနိုင်သေးပေ။ နိုင်ငံရပ်ခြားမှ လူများက မြန်မာနိုင်ငံမှ တေးဂီတများကို ဝယ်ယူနေကြပြီဖြစ်သည်။ ဖောက်သည်များထဲမှ အချို့မှာ နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေသော သန်းပေါင်းများစွာသော မြန်မာများ ဖြစ်ကြသည်။ ၎င်းတို့က အမိမြေမှ မိခင်ဘာသာစကားဖြင့် သီဆိုသော တေးသီချင်းများကို တောင့်တနေကြသည်။ အခြားသူများမှာမူ နိုင်ငံခြားမှ တေးဂီတ ကျွမ်းကျင်ပညာရှင်များဖြစ်ပြီး ကမ္ဘာပေါ်မှ မရင်းနှီးသေးသော တေးဂီတသံများကို ၎င်းတို့က လေ့လာလိုကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လွတ်လပ်သော တေးဂီတ မြင်ကွင်းများ ကျယ်ပြန့်လာသောအခါတွင် ၎င်း၏ ပရိသတ် များသည်လည်း ပိုမိုကျယ်ပြန့် များပြားလာမည်ဖြစ်သည်ဟု တေးဂီတလုပ်ငန်းမှ ကျွမ်းကျင်သူများက ဆိုသည်။ မြန်မာနိုင်ငံမှ အသစ်ထွက်ပေါ်လာသော တေးဂီတအဖွဲ့များအတွက် နိုင်ငံတကာတွင် ပရိသတ်များ ရရှိနိုင်ကြသည်။ ကမ္ဘာပေါ်မှ ပရိသတ်များသည် ယခင်က အထီးကျန်နေခဲ့သော၊ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရသော မြန်မာနိုင်ငံမှ ဂီတယဉ်ကျေးမှုကို မခံစားဖူးကြသေးပေ။ မြန်မာနိုင်ငံတွင် တေးဂီတဖြင့် အသက်မွေးရန် ခက်ခဲနေပြီး သစ္စာရှိသော ပရိသတ်များ ရရှိရန် ပိုမိုခက်ခဲနေချိန်တွင် Darko က ငယ်ရွယ်သော ဂီတဖန်တီးသူများကို အကြံပေးသည်က “လုပ်သာ လုပ်ကြည့်ကြပါ” ဟူ၍ ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.