အနာဂတ် ရန်ကုန်နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရေး စိန်ခေါ်ချက်

ရန်ကုန်မြို့၏ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး အခြေခံ အဆောက်အအုံမှာ ဖယိုဖရဲနှင့် ယိုယွင်း ပျက်ဆီးလျှက် ရှိသည်။ စီးပွားရေးမြို့တော်ကြီးအတွက် လျှပ်စစ်ဓါတ်အား ထပ်မံလိုအပ်လျှက် ရှိသည်။ သို့သော် ပထမဆုံး လိုအပ်နေသည်မှာ လျှပ်စစ်ဝန်အားကို ခံနိုင်သော ဓါတ်အားလိုင်း သွယ်တန်းရေးစနစ်ပင် ဖြစ်သည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဒီနှစ် နွေရာသီက ရန်ကုန်လျှပ်စစ်ဌာနအတွက် အလွန်ခက်ခဲ ကြမ်းတမ်းလှသည်။ အယ်နီညိုနှစ်ဖြစ်ရာတစ်မြို့လုံး အသုံးပြုနေကြသော လေအေးပေးစက်များကြောင့် လျှပ်စစ်ဓာတ်အား အသုံးများသဖြင့် အိုမင်းဟောင်းနွမ်းနေပြီဖြစ်သော ထရန်စဖော်မာများ မီးထမတောက်ရလေအောင် လျှပ်စစ်ဝန်ထမ်းများက မီးဖြတ်တောက်မှုများ မကြာမကြာ ပြုလုပ်ပေးနေခဲ့ရသည်။ ကွန်ကရစ်ဓါတ်တိုင်များ၊ ကြွေသီးများနှင့် အမေဘုတ်၏ ချည်ခင်လို ရှုပ်ထွေးစွာ သွယ်တန်းထားသော ဓါတ်အားလိုင်းများသည် နွေနေအောက်တွင် ကြွတ်ရွနေအောင် အပူဒဏ်ခံနေခဲ့ရာမှ လွန်ခဲ့သောလက ပထမဦးဆုံး ရောက်ရှိလာသော မုတ်သုံဦး မိုးစက်များအောက်တွင် တဖြတ်ဖြတ်နှင့် မီးပွားများ ပွင့်ထွက်လာတတ်သည်။ ရက်အနည်းငယ်အတွင်းမှာပင် လမ်းပေါ်တွင် ဓါတ်လိုက်သေဆုံးသူ သုံးဦး ရှိသွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကော်ပိုရေးရှင်း (YESC) တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်၏ လျှပ်စစ်ဓါတ်အား အခြေအနေကို ဆွေးနွေးခဲ့သည်။ ရန်ကုန်တွင် သွယ်တန်းအသုံးပြုနေသော လျှပ်စစ်ဓါတ်တိုင်များအနက် အချို့မှာ ဗြိတိသျှကိုလိုနီခေတ်ကတည်းက အသုံးပြုခဲ့သော အခြေခံ အဆောက်အအုံများ ဖြစ်သည်။ ၎င်းတို့ကိုပင် ဆက်လက်အသုံးပြု၍ ယခုခေတ်မှ ပေါ်လာသော အထပ်မြင့် အဆောက်အအုံ ၂၀၀ ကျော်ကို လျှပ်စစ်ဓါတ်အား ပေးနေရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ထုတ်လုပ်သုံးစွဲနေသော လျှပ်စစ်ပမာဏ၏ ထက်ဝက်ကို ရန်ကုန်တစ်မြို့တည်းက အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော် ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်အခြေခံ အဆောက်အအုံများကြောင့် အယိုအဖိတ် များလှသည်ဖြစ်ရာ ထုတ်လုပ်ပို့လွှတ်သမျှ လ ျှပ်စစ်ဓာတ်အား၏ ၁၀ ပုံ တစ်ပုံမှာ မသုံးရဘဲ အလဟသ ဆုံးရှုံးနေရသည်။

အသုံးပြုနေသော လျှပ်စစ်သွယ်တန်းမှုစနစ် (Grid) ကပင်လျှင် ပြဿနာတစ်ရပ် ဖြစ်နေသည်ဟု Mr. Vikram Kumar က ပြောသည်။ Mr. Kumar သည် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ မြန်မာပြည်ဆိုင်ရာ မန်နေဂျာဖြစ်သည်။

ပြီးခဲ့သည့်လများအတွင်း မီးမကြာခဏ ပြတ်ခဲ့ခြင်းမှာ လျှပ်စစ် မလုံလောက်မှုကြောင့်ချည်း မဟုတ်ပဲ မီးကြိုးများ ချို့ယွင်းမှုကြောင့်လည်း ဖြစ်သည်ဟု ၎င်းက Frontier ကို ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိ လျှပ်စစ်ထုတ်လုပ်မှုထက် ငါးဆအထိ တိုးထုတ်နိုင်ရန် ကြိုးပမ်းလျှက်ရှိရာ လျှပ်စစ်ပို့လွှတ်ရေးလိုင်းများကို နှစ်ဆတိုး တည်ဆောက်ရန် လုပ်ဆောင်နေသည်။ ရန်ကုန်အတွက် လျှပ်စစ်ဓါတ်အား အလုံအလောက် ရနိုင်လ ျှင်ပင် လက်ရှိ ဝါယာကြိုးများ သွယ်တန်းမှုကြောင့် နိုင်နင်းအောင် ဖြန့်ဖြူးပေးနိုင်လိမ့်မည် မဟုတ်ချေ။

ဓာတ်ပုံ-အန်းဝမ်

ဓာတ်ပုံ-အန်းဝမ်

အသစ်ပြန်လည် သွယ်တန်းခြင်း

မြန်မာနိုင်ငံတွင် ထုတ်လုပ်သမျှ လျှပ်စစ်တစ်ဝက်ခန့်ဖြစ်သည့် ၁၂၅၀ မီဂါဝပ်ကို ရန်ကုန်မြို့တွင် သုံးစွဲနေသည်။ ထိုလျှပ်စစ်ကို ရန်ကုန်အနီးအနားရှိ သဘာဝဓါတ်ငွေ့သုံး တာဘိုင်များမှ လည်းကောင်း၊ ရန်ကုန်မြောက်ဘက် ဝေးကွာသောနေရာရှိ ရေအားလျှပ်စစ် ဓါတ်အားရုံများမှ လည်းကောင်း၊  ၆၆၊ ၁၃၂ နှင့် ၂၅၀ ကီလိုဗို့ ပို့လွှတ်လိုင်းများကတဆင့် ရန်ကုန်မြို့တွင်း ဝင်ရောက်လာသည်။ ထိုသို့ ဝင်ရောက်လာသော ဓါတ်အားကို ၆ ဒသမ ၆၊ ၁၁ နှင့် ၃၃ ကီလိုဗို့ လိုင်းများအဖြစ် ဓါတ်အားခွဲရုံများတွင် ဗို့အားလျှော့ချကာ နေအိမ်နှင့် အလုပ်ဌာနများသို့ ခွဲဝေပို့လွှတ်ပေးနေသည်။

ရန်ကုန်မြို့တွင် အဓိက အသုံးပြုသော ၆ ဒသမ ၆ ကီလိုဗို့ လိုင်းများမှာ ခေတ်နောက်ကျလွန်းနေပြီဖြစ်ရာ တဖြေးဖြေး ဖျက်သိမ်းပြီး ဗို့အားပို၍ ခံနိုင်သော လိုင်းများဖြင့် အစားထိုး ပြောင်းလဲ တပ်ဆင်သင့်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ ၂၀၁၃ ခုနှစ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် အကြံပြုထားသည်။

အချို့သော Low Voltage (ဗို့အားနည်း) လိုင်းများကို ရန်ကုန်မြို့လယ်ခေါင်တွင် ကိုလိုနီခေတ်ကတည်းက မြေအောက်လိုင်းများအဖြစ် မြုပ်နှံထားခဲ့သည်ဖြစ်ရာ ပြန်လည်တူးဖော်ပြီး အစားလဲလှယ်ရန် ကုန်ကျမှု အလွန်များမည်ဖြစ်သည်။ မြေပေါ် ကောင်းကင်ကြိုးလိုင်းများမှာလည်း ချည်ခင်ရှုပ်ထွေးသဖွယ် ဓါတ်အားလိုင်းကို လာရောက် ဆက်သွယ်ထားကြပြီး ဆယ်စုနှစ်များစွာ ကြာမြင့်စွာ သုံးဆွဲလာခဲ့ကြပြီး ဖြစ်သည်။

ဘယ်နေရာကို ဘယ်အချိန်တွင် မီးဖြတ်ရမည် ဆိုသည်ကို YESC မှ လျှပ်စစ်ဝန်ထမ်းများက ဓါတ်အားခွဲရုံများရှိ ကွန်ပျူတာများတွင် အတိအကျ သိရှိနိုင်ကြသည်။ တစ်နေရာရာတွင် မီးအသုံးများလွန်းလာ၍ ထရန်စဖော်မာများ ဝန်မခံနိုင်တော့လျှင် အသင့်စောင့်နေသော လျှပ်စစ်ဝန်ထမ်းများက ထိုရပ်ကွက်ကို မီးဖြတ် ပစ်လိုက်ကြတော့သည်။ ရပ်ကွက်တစ်ခုကို တစ်နာရီ၊ နှစ်နာရီခန့် အမှောင်ချထားပြီးလျှင် နောက်ရပ်ကွက်တစ်ခုကို ဖရောင်းတိုင်နှင့် မီးခြစ်သုံးရန် အလှည့်ပေးလိုက်တော့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ကမူ ပထမ ရက် ၁၀၀ အတွင်း ရန်ကုန်မြို့တွင် လျှပ်စစ်ဓါတ်အားလိုင်းများ ပိုမို ကောင်းမွန်လာစေရမည်၊ ထရန်စဖော်မာအသစ် ၁၅၀ လဲလှယ် တပ်ဆင်ပေးမည်ဟု ကတိပြုထားသည်။

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးစနစ်တစ်ခုလုံးကို အဆင့်မြင့်ရေးမှာမူ လွန်စွာအကုန်အကျ များမည်ဖြစ်သည်။ လျှပ်စစ်သွယ်တန်းမှုစနစ် Grid ကို နောက်လာမည့် ငါးနှစ်မှ ခုနှစ်နှစ်အတွင်း ပြန်လည်တပ်ဆင်ရေးမှာ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ကျော် ကုန်ကျမည်ဟု IFC က ခန့်မှန်းတွက်ချက်ထားသည်။

မကြာမီက ADB နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) တို့က ပေးသော အကူအညီမှလွဲ၍ လွန်ခဲ့သော ငါးနှစ်အတွင် ဓာတ်အားလိုင်း တည်ဆောက် တပ်ဆင်ရေးအတွက် သိသာသော ရင်းနှီးမြုပ်နှံမှုဟူ၍ မရှိခဲ့ပါဟု Mr Kumar က ပြောသည်။ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ADB က အမေရိကန်ဒေါ်လာ သန်း ၆၀ နှင့် JICA က ဒေါ်လာ ၂၇ သန်း ထုတ်ချေးပေးခဲ့သည်။

“ဒီလိုအခြေအနေက ကောင်းတာလေးတွေလဲ ရှိပါတယ်။ အကျိုးအမြတ် အမြန်ရတဲ့ အရင်းအနှီးပေါ့။ လျှပ်စစ်ဓါတ်အားတွေ လျော့နည်းမှု အများကြီး သက်သာသွားနိုင်တယ်” ဟု Mr. Kumar က ပြောသည်။ ရှုပ်ထွေးနေသည့် ဝါယာကြိုးများကို အကာအရံပါသည့် ခေတ်ပေါ် bundled aerial conductor ကြိုးများဖြင့် အစားထိုး လဲလှယ်ပေးခြင်း၊ ဓါတ်အားခွဲရုံ လျှပ်စစ်ဝန်ထမ်းတွေကို နည်းပညာသင်တန်းများ လေ့ကျင့် သင်ကြားပေးခြင်းဖြင့် ရန်ကုန်မြို့ လျှပ်စစ်ဖြန့်ဖြူးရေးမှာ မကြာမီနှစ်များအတွင်း ပိုမိုထိရောက်မှု ရှိလာရာ လျှပ်စစ်လေလွင့် ဆုံးရှုံးမှုမှာ ၂၀၀၇ ခုနှစ်တွင် ၂၁ ရာနှုန်းအထိ ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၁၂ ဒသမ ၅ ရာနှုန်းသာ ရှိတော့သည်။ ဒေါ်လာ သန်း ၄၀ နှင့် သန်း ၅၀ အကြား သုံးစွဲခဲ့ရုံဖြင့် လျှပ်စစ်ဓါတ်အား မီဂါဝပ် ၇၅ ကို လေလွင့်ဆုံးရှုံးမှုမှ သက်သာစေခဲ့သည်ဟု Mr. Kumar က ပြောသည်။

ဓာတ်ပုံ-အန်းဝမ်

ဓာတ်ပုံ-အန်းဝမ်

လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုလုပ်ငန်း

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုအခြေခံ အဆောက်အအုံ တိုးတက်ကောင်းမွန်ရေးနှင့် တိုးချဲ့ရေးလုပ်ငန်းအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၄၀၀ ကို အတိုးမဲ့ချေးရန် သဘောတူပြီး ဖြစ်သည်။ သို့သော် ကျေးလက်ဒေသများအတွက်သာဖြစ်ပြီး ရန်ကုန်မြို့အတွက် မဟုတ်ပေ။

“ဒါဟာ ရန်ကုန်က အရေးမပါလို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့  ဦးမော့လာတဲ့ ဈေးကွက်မှာ ရန်ကုန်က ဗဟိုချက်ပါ။ ဒါကြောင့် ဈေးကွက်အရ ရန်ကုန်ကို ဘာကြောင့် လ ျှပ်စစ်စွမ်းအား မပေးဘဲနေမလဲ” ဟု Kumar က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနတို့ လုပ်ဆောင်အောင်မြင်ခဲ့သည့် နည်းအတိုင်း YESC ကို မထိရောက်သော ပြည်သူပိုင် လုပ်ငန်းအဖြစ်မှ ရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်နိုင်သော လုပ်ငန်းတစ်ရပ်အဖြစ် ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်တွင် IFC နှင့် သဘောတူညီ ချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

လူထုဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို ပုဂ္ဂလိကကုမ္ဗဏိတစ်ခုကဲ့သို့ ဖွဲ့စည်းပြီး အစိုးရက ရှယ်ယာအများဆုံးပိုင်ရှင် ဘာကြောင့် မဖြစ်နိုင်ရမည်နည်းဟု Kumar က ပြောသည်။

ဤအစီအစဉ်အရ IFC က ၂၀ ရာနှုန်း ပိုင်ဆိုင်သော ထိုလုပ်ငန်းအတွက် ကျွမ်းကျင်သူနှင့် အကြံပေးပုဂ္ဂိုလ်များ ခေါ်ဆောင်လာမည်ဖြစ်သည်။ လွတ်လပ်သော စီမံခန့်ခွဲမှု၊ ငွေရေးကြေးရေးတွင် ပွင့်လင်းမြင်သာရှိမှုနှင့် မြန်မာနိုင်ငံရှိ အများပိုင်လုပ်ငန်းများတွင် သမိုင်းတစ်လျှောက် မရှိခဲ့ဖူးသော အခြား လုပ်နည်းလုပ်ဟန်များဖြင့် ပွင့်လင်းမြင်သာစွာ လုပ်ကိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့၏ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတွင် ပုဂ္ဂလိက ရှယ်ယာပိုင်ဆိုင်မှုကို ယခင် အစိုးရက လိုလိုလားလား မရှိခဲ့ချေ။ YESC ကို ပုဂ္ဂလိက ကုမ္ဗဏီအဖြစ် ပြောင်းလဲရေးကို လက်ရှိ အစိုးရသစ်က တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ အစိုးရ အပြောင်းအလဲကြောင့် ဤအစီအစဉ် အထမြောက်ခဲ့ခြင်း ဖြစ်သည်။

အနာဂတ်တွင် အလားအလာကောင်းသော စတင်လုပ်ကိုင်မှု တစ်ခုဖြစ်သည်။ ဤသို့  လုပ်ငန်း ပြောင်းလဲမှုမှာ အမည်ခံသက်သက်မျှ မဟုတ်ရန် Mr. Kumar က မျှော်လင့်ထားသည်။

IFC က YESC ထဲတွင် ရှယ်ယာ ပါဝင်နေခြင်းဖြင့် ပြင်ပမှ အကြံပေးရုံသက်သက် အနေဖြင့် သာမက အတွင်းလူအနေဖြင့်ပါ ပါဝင်လုပ်ကိုင်လာနိုင်မည်ဟု မျှော်လင့်ကြောင်း Kumar က ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.