အတိတ်နှင့် အနာဂတ်ကို တံတားထိုးပေးနေတဲ့ အမျိုးသားပြတိုက်

မြန်မာနိုင်ငံရှိ ပြတိုက်များကို လှုပ်ရှားသက်ဝင်သော သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဘဏ္ဍာတိုက်များ ဖြစ်လာစေရန် ပြတိုက်ဝန်ထမ်းများက ဘဝကို နှစ်မြုပ်၍ ကြိုးပမ်းလျှက် ရှိသည်။ သို့သော် လေးလံနှေးကွေးလှသော ဗျူရိုကရေစီ ယန္တရားနှင့် အခြားအခက်အခဲများက သူတို့ကို စိန်ခေါ်နေသည်။

ဂျာရက် ဒေါင်းနင်း ရေးသားသည်။

ဓာတ်ပုံများ – ငြိမ်းဆုဝေကျော်စိုး

ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ အစိုးရဝန်ကြီးများ အတွင်းဝန်ရုံးဟောင်းထဲတွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီးနောက် နှစ် ၇၀ ကြာသောအချိန်တွင် ဗိုလ်ချုပ်၏ ဘဏ်ချက်လက်မှတ်အချို့ကို ရန်ကုန်မြို့ အမျိုးသားပြတိုက် နောက်ဘက်အခန်း တစ်ခုထဲရှိ စားပွဲတစ်လုံးပေါ်တွင် ပြသထားသည်။ ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေး အရာရှိ ဦးကျော်ရှင်နောင်သည် သူ၏ အလုပ်သင် လက်ထောက်နှစ်ဦးနှင့်အတူ အနှစ် ၇၀ ကျော် သက်တမ်းရှိ ထိုဘဏ်ချက်လက်မှတ်များကို တစ်ရှူးစက္ကူတစ်ခုပေါ်တွင် သတိကြီးစွာဖြင့် ကော်ဖြင့် သုတ်လိမ်းနေသည်။

ရှေးဟောင်းစက္ကူ ပုရပိုက်များ တဖြည်းဖြည်း ယိုယွင်းပျက်စီးခြင်း၊ ခုံးကြွ တွန့်လိပ်ခြင်းတို့ မဖြစ်စေနိုင်သော Methyl Cellulose ကော်နှင့် အက်ဆစ်ဓာတ်မပါသော စက္ကူတို့ကို ဂျပန်နိုင်ငံမှ ရှားရှားပါးပါး မှာယူအသုံးပြုနေရခြင်း ဖြစ်သည်။ ပြတိုက်၏ ထိန်းသိမ်းရေးဓါတ်ခွဲခန်းထဲမှ ဤစာရွက်အပိုင်းအစလေးသည် ရှေးဟောင်းပစ္စည်းဈေးကွက်တွင် တန်ဖိုး တစ်စုံတစ်ရာ ရှိချင်မှ ရှိမည်ဖြစ်သော်လည်း ဦးကျော်ရှင်နောင်အတွက်မူ သမိုင်းတန်ဖိုးကြီးလှသော ထိုစက္ကူ အပိုင်းအစလေးကို ရှိသမျှ၊ တတ်သမျှ စွမ်းပကားဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

“Archaeology ဆိုတဲ့ ရှေးဟောင်း သုတေသနဗေဒကတော့ အတိတ်ကို တူးဆွတာပဲဗျ။ Museology ဆိုတဲ့ ပြတိုက်ဗေဒကတော့ ဒီလိုမျိုး မဟတ်ဘူး။ သူက အတိတ်နဲ့ အနာဂတ်ကို တံတားထိုးပေးတာ” ဟု ဦးကျော်ရှင်နောင်က ရှင်းပြသည်။

nswks-48.jpg

အမျိုးသားပြတိုက်ရှိ ရုပ်သေးရုပ်များ ပြခန်း။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ထိုသမိုင်းဝင် စက္ကူအပိုင်းအစလေးကို အမျိုးသားပြတိုက် လက်အောက်တွင်ရှိသည့် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် ထိန်းသိမ်းပြသထားမည် ဖြစ်သည်။ အမျိုးသားပြတိုက်ဌာနကြီး တစ်ခုလုံးတွင် ဝန်ထမ်းအင်အား ၄၀ ပင် မပြည့်ပေ။ ထိုဝန်ထမ်းအင်အားမှာ အမှန်တကယ် ရှိသင့်ရှိထိုက်သော အရေအတွက်၏ သုံးပုံတစ်ပုံပင် မရှိပေ။ သို့သော် ပြတိုက်ကို လာရောက်လေ့လာ ကြည့်ရှုနေသူများကတော့ ပတ္တမြားတွေ စီချယ်ထားသော သီပေါဘုရင်၏ ဝတ်ရုံနှင့် မင်းတုန်းမင်း၏ သီဟာသနပလ္လင်တော်ကို ငေးမောကြည့်ရှုရင်း ပြတိုက်ဌာနကြီး တစ်ခုလုံးကို ဤမျှနည်းပါးသည့် မလောက်မင ဝန်ထမ်းအင်အားဖြင့် ထိန်းသိမ်းစောင့်ရှောက် နေကြရသည်ကို ရိပ်မိကြမည် မဟုတ်ပေ။

“ပြတိုက်ကို လာရောက်လေ့လာတဲ့လူတွေ တစ်နေ့တစ်ခြား များလာတော့ ခင်းကျင်းပြသတဲ့ဘက်ကိုပဲ ဦးစားပေး လုပ်နေရတယ်။ လူတွေက ပြထားတာတွေကိုသာ စိတ်ဝင်တစား ကြည့်နေကြတာ၊  ဒီနောက်ကွယ်က အခက်အခဲတွေကို သိကြမှာ မဟုတ်ဘူး” ဟု ပြတိုက်ညွှန်ကြားရေးမှူး ဒေါ်နန်းလော်ညဉ်းက ပြောပြသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဌာန လက်အောက်တွင် ဌာနခွဲ ၅ ခုရှိရာ ရှေးဟောင်းပစ္စည်း စုဆောင်းရေးနှင့် ပြသရေးဌာနမှာ လှုပ်ရှားမှု အများဆုံး ဖြစ်ပြီး ထိုဌာနလက်အောက်တွင် ရှေးဟောင်းသုတေသနပြတိုက် ၁၀ ခုနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ပြတိုက်များ ပါဝင်သည်။

nswks-16_1.jpg

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းက အမျိုးသားပြတိုက်သည် ဗြိတိသျှကောင်စီနှင့် လန်ဒန်အခြေစိုက် စေတနာ့ဝန်ထမ်း ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေးအဖွဲ့ (Collection Trust) တို့နှင့် ပူးပေါင်းကာ ရှေးဟောင်းပစ္စည်း စီမံခန့်ခွဲရေး သင်တန်းတစ်ခု ပို့ချပေးခဲ့သည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

အခြားဌာနခွဲများဖြစ်သော သုတေသနဌာနခွဲ၊ ထိန်းသိမ်းရေးဌာနခွဲ၊ မှတ်တမ်းပြုစုရေးဌာနခွဲနှင့် လူထုပညာပေးရေး ဌာနခွဲများမှာ ဆယ်စုနှစ် များစွာကြာအောင် ဥပက္ခာပြုခံထားခဲ့ရလေရာ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုတို့ သက်ဝင်လှုပ်ရှားမှု ရှိနေရေးတွင် များစွာထိခိုက်နစ်နာခဲ့ရသည်ဟု ဒေါ်နန်းလော်ညဉ်းက ပြောကြားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်တွင် ၂၈ နှစ်တိုင် ကျင်လည်ခဲ့ဖူးသော သူမအနေနှင့် ဒီအချက်တွေကို ကောင်းကောင်း သိလိမ့်မည်ဖြစ်သည်။

nswks-23_2.jpg

အမျိုးသားပြတိုက်ညွှန်ကြားရေးမှူး ဒေါ်နန်းလော်ညဉ်း။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဦးကျော်ရှင်နောင်သည် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော ပြတိုက်ထိန်းသိမ်းရေးမှူး (museum conservator) ဖြစ်ပြီး တရုတ်ပြည်တွင် ပြတိုက်ဗေဒ (museology) နှင့် သြစတြေးလျတွင် ပြတိုက်ထိန်းသိမ်းရေး (museum conservation) ပညာရပ်များကို သွားရောက် သင်တန်းတက်ရောက်ခဲ့သူဖြစ်သည်။ ဦးကျော်ရှင်နောင်က သူ့လက်အောက်တွင် အလုပ်သင် ၁၀ ဦးကို လေ့ကျင့်သင်တန်းပေးနေရာ ထိုအထဲမှ ၈ ဦးကို ထိန်းသိမ်းရေး ဓါတ်ခွဲခန်း (conservation lab) တည်ဆောက်နေသည့် အမျိုးသားပြတိုက် (နေပြည်တော်) သို့ စေလွှတ် တာဝန်ပေးထားရသည်။

နေပြည်တော်တွင် တည်ဆောက်မည့် ဒုတိယမြောက် ဓါတ်ခွဲခန်း မပြီးမချင်း ရန်ကုန်အမျိုးသားပြတိုက်ရှိ ရှေးဟောင်း အဝတ်အထည်များ၊ သမိုင်းဝင် စာရွက်စာတမ်းများ၊ ပေပုရပိုက်များ၊ ရွှေအဆင်တန်ဆာများ စသည့် ပြတိုက်ပစ္စည်းအားလုံး ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ကို ဦးကျော်ရှင်နောင်နှင့် သူ၏ လက်ထောက် ၂ ဦးကသာ တာဝန်ယူထားရလေသည်။

ခေတ်မမီတော့တဲ့ ပြတိုက်များ

မြန်မာအမျိုးသားပြတိုက်ကို ၁၉၅၂ ခုနှစ်တွင် ဂျူဗလီဟော၌ စတင်ဖွင့်လှစ်ခဲ့သည်။ (၁၈၈၉ ခုနှစ်က ဝိတိုရိယ ဘုရင်မကြီး စိန်ရတုသဘင် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဆောက်လုပ်ခဲ့သော Jubilee Hall ကို ၁၉၇၀ ပြည့်နှစ်အလွန် နှစ်များတွင် ဖြိုချခဲ့ပြီး တပ်မတော်စစ်သမိုင်းပြတိုက်ကို ဆောက်လုပ်ခဲ့ရာ နောက်ပိုင်းတွင် နေပြည်တော်သို့ ပြောင်းရွှေ့သွားသည်။)

ထိုအချိန်မှစ၍ မြန်မာပြတိုက်များ၏ ကံကြမ္မာသည် သက်ဆိုင်ရာဝန်ကြီးအဆက်ဆက်၏ စိတ်ဝင်စားမှုအပေါ်တွင်သာ မူတည်၍ အသက်ရှင်နေရတော့သည်ဟု အမျိုးသားပြတိုက် အကြံပေးပညာရှင် ဒေါ်နုမြဇန်က ပြောကြားသည်။

၁၉၉၆ ခုနှစ်တွင်မူ မြန်မာနိုင်ငံမှ ပြတိုက်များအတွက် တစ်ချီတစ်မောင်း ကံထချိန် ရောက်လာခဲ့သည်။ ထိုအချိန်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဒု ဗိုလ်ချုပ်ကြီးခင်ညွန့်က ပြတိုက်များအပေါ် စိတ်ဝင်စားမှု ပြသလာချိန်တွင် ဒေါ်နုမြဇန်တစ်ယောက် အထွေထွေပြတိုက်ပညာရပ် သင်တန်းတက်ရောက်ရန် ဂျပန်နိုင်ငံသို့ စေလွှတ်ခြင်း ခံခဲ့ရသည်။

ထိုနှစ်ထဲမှာပင် အမျိုးသားပြတိုက်ကို ပြည်လမ်းပေါ်ရှိ ယခုနေရာသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ထောင်းလမောင်းထနေချိန်ဖြစ်သည့်အတွက် အမေရိကားနှင့် ဥရောပရှိ မိတ်ဖက်ပြတိုက်ကြီးများထံမှ အထောက်အပံ့ အကူအညီများ ပြတ်တောက်သွားခဲ့ရသည်။ ထို့ပြင် ပို၍ အရေးကြီးသည်မှာ ထိုစဉ်က အာဏာပိုင်တို့သည် ရတတ်သမျှသော ဘတ်ဂျတ်ခွဲတမ်းလေးကို ခန်းနားကြီးကျယ်သော အဆောက်အဦးများ ဆောက်လုပ်ရန်သာ ဦးစားပေးပြီး ပြတိုက်ဝန်ထမ်းများ၏ အရည်အသွေး လူသားရင်းမြစ် တိုးတက်မြင့်မားရေးကို စိတ်မရောက်ခဲ့ကြသဖြင့် မြန်မာပြတိုက်များတွင် ကျွမ်းကျင်ပညာရှင် အခြေခံအင်အား နည်းပါးခဲ့ရသည်။

nswks-50.jpg

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မကြာမီနှစ်များအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲနှင့်အတူ လွတ်လပ်ပွင့်လင်းမှုများ ရှိလာခဲ့ရာ ပြတိုက်များ၏ အခန်းကဏ္ဍလည်း တိုးတက်လာခဲ့သည်။ သို့သော်လည်း ရှေးဟောင်း သုတေသနကဏ္ဍက နိုင်ငံရေး ခေတ်ထလာမှုအောက်တွင် မြန်မာပြတိုက်များ ငုပ်ရှိုးနေကြရပြန်သည်။ အာဏာပိုင်များက ပြတိုက်အစီအစဉ်များ တိုးချဲ့ဖို့ထက် ရှေးဟောင်းယဉ်ကျေးမှု နေရာများကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် တူးကြ၊ ဆွကြ အားထုတ်ကြဖို့အရေးကိုသာ အာရုံထားနေကြသည်ဟု ဒေါ်နုမြဇန်က ပြောပြသည်။

အမှန်တကယ်လည်း ပြတိုက်ပညာရှင်များ လေ့ကျင့်မွေးထုတ်ရမည့်အစား မကြာမီက ခန့်ထားခဲ့သော ဝန်ထမ်းရာထူးများတွင် ရှေးဟောင်းသုတေသန ပညာရှင်များဖြင့်သာ ပြည့်နေခဲ့သည်။ “ဒါက အာဏာပိုင်တွေအနေနဲ့  ပြတိုက်တွေဟာ အရေးမပါဘူးလို့ ယူဆကြလို့ မဟုတ်ပါဘူး။ သူတို့က ပြတိုက်တွေကို ရှေးဟောင်းသုတေသနပညာနဲ့ ဆက်စပ်ပြီး ရှုမြင်နေကြလို့ပါ” ဟု ဒေါ်နုမြဇန်က ပြောသည်။

“ရှေးဟောင်းသုတေသန ပညာရှင်ရဲ့ စိတ်ထားက လက်မှုပစ္စည်းတွေ၊ အကအခုန်တွေလို ယနေ့ခေတ် လူမှုရေး ပစ္စည်းတွေ၊ အကြောင်းအရာတွေကို မတွေးဘူး။ မျိုးဆက်သစ် လူငယ်တွေကို ဘယ်လို ပညာပေးရမယ် ဆိုတာကို သူတို့ နားမလည်ဘူး” ဟု ဒေါ်နုမြဇန်က ပြောသည်။ ရုပ်ဝတ္တု ပစ္စည်းကဲ့သို့ ထိကိုင်၍ မရနိုင်သော ယဉ်ကျေးမှု အမွေအနှစ်များ (Intangible cultural heritage) ဟုခေါ်သောအရာများ ပြသမှုကို တိုးချဲ့လုပ်ဆောင်ရန် ဒေါ်နုမြဇန်က ကြိုးပမ်းနေသည်။

“ဘာပဲလုပ်လုပ် အထက်က အောက်ကို တစ်ဆင့်ချင်း စီးဆင်းရတဲ့ ဗျူရိုကရေစီစနစ်ကို ဖြတ်သန်းရဦးမှာမို့ ဒီအပြောင်းအလဲတွေ ဖြစ်လာဖို့ အချိန်အတော်ယူရလိမ့်ဦးမယ်” ဟု ဦးကျော်ရှင်နောင်က စိုးရိမ်ပူပန်နေသည်။

သူကိုယ်တိုင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြတိုက်ငယ်များမှ ဝန်ထမ်းများကို ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး အလုပ်ရုံသင်တန်း ပေးနိုင်ရန် ကြိုးပမ်းလျှက်ရှိသော်လည်း အထက်မှ ခွင့်ပြုချက် မရသေးသဖြင့် သူ့စိတ်ကူးကို အကောင်အထည် မဖေါ်နိုင်သေးပေ။

“ကျွန်တော် သိထားတာ တတ်ထားတာလေးတွေကို သိပ်ကို လက်ဆင့်ကမ်း မျှဝေချင်ပါတယ်။ ဒါပေမယ့် လုပ်လို့ မဖြစ်သေးဘူး။ အထက်လူကြီးကို တင်ပြရဦးမယ်လေ။ ခွင့်ပြုချက်ရဖို့ဆိုတာလည်း သိပ်ခက်တယ်ဗျာ” ဟု ဦးကျော်ရှင်နောင်က ပြောသည်။

အတိတ်ကို စုစည်းရာဝယ်

နိုင်ငံရေးဆိုင်ရာ အခက်အခဲ၊ ဗျူရိုကရေစီ အဟန့်အတားနှင့် ဘဏ္ဍာငွေဆိုင်ရာ အကန့်အသတ်များ ရှိနေသော်လည်း ပြတိုက်များသည် မှန်မှန်ပင် တိုးတက်မှု ရှိခဲ့သည်ဟု ဒေါ်နန်းလောင်ညင်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းက အမျိုးသားပြတိုက်သည် ဗြိတိသျှကောင်စီနှင့် လန်ဒန်အခြေစိုက် စေတနာ့ဝန်ထမ်း ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေးအဖွဲ့ (Collection Trust) တို့နှင့် ပူးပေါင်းကာ ရှေးဟောင်းပစ္စည်း စီမံခန့်ခွဲရေး သင်တန်းတစ်ခု ပို့ချပေးခဲ့သည်။

“သူတို့ရဲ့ ထိန်းသိမ်းထားတဲ့ပစ္စည်းတွေကို စီမံခန့်ခွဲပုံ ကောင်းပါတယ်။ သူတို့နဲ့ ကျွန်တော် စကားပြောကြည့်လိုက်တော့ သိတယ်။ သူတို့ စီမံခန့်ခွဲပုံတွေက အဆင့်အတန်းရှိတာ တွေ့ရတယ်” ဟု Ms. Alex Dawson က ပြောသည်။ သူမသည် Collection Trust ၏ အကြံပေး ပုဂ္ဂိုလ်ပညာရှင်တစ်ဦးဖြစ်ပြီး သင်တန်းပို့ချပေးသူတစ်ဦးလည်း ဖြစ်သည်။

nswks-28_0.jpg

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

တစ်ပတ်ကြာ အဆိုပါသင်တန်းသို့ နိုင်ငံအနှံ့ ပြတိုက်များမှ ပြတိုက်ဝန်ထမ်းများ တက်ရောက်ခဲ့ကြရာ အမျိုးသားပြတိုက်လက်အောက်ရှိ ပြတိုက်များအပြင် မူးယစ်ဆေး ပပျောက်ရေးအထိမ်းအမှတ်ပြတိုက်နှင့် မြန်မာ့ ကျောက်မျက်ရတနာပြတိုက်များမှ ဝန်ထမ်းများပါ တက်ရောက်ခဲ့ကြသည်။ ပြခန်းပစ္စည်းများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းပြုစုပုံနှင့် ပြတိုက်ရှိ ရှေးဟောင်းပစ္စည်းများကို စံသတ်မှတ်ချက်ဖြင့် ကတ်တလောက် ပြုစုခြင်း နည်းပညာများကို ၃ ရက်ကြာ သင်ကြားပြသပေးခဲ့သည်။

သင်တန်းသားများနှင့် ရက်အနည်းငယ်ကြာ ထိတွေ့ခဲ့ပြီးနောက် Ms. Dawson က “ကြိုးစားအားထုတ်မှုနဲ့ ပညာရပ်ဆိုင်ရာမှာ ချို့တဲ့မှု မရှိကြပါဘူး။ အဓိက ပြဿနာက ရှေ့နောက် ညီညွတ်မှု မရှိ ဖြစ်နေတာပါ။ ပြခန်းပစ္စည်းတွေ စီစဉ်ရာမှာ အမျိုးမျိုး အဖုံဖုံဖြစ်နေတော့ အခြားပြတိုက်တွေနဲ့ သတင်းအချက်အလက်တွေ၊ ပစ္စည်းတွေ ဖလှယ်ရာမှာ အခက်အခဲ ဖြစ်နိုင်တာပေါ့” ဟုပြောကြားသည်။

သင်တန်းသားများသည် Spectrum Standard ဟု ခေါ်တွင်သော ခေတ်ပေါ်ရှေးဟောင်းပစ္စည်း စီမံခန့်ခွဲမှု အခြေခံ သဘောတရားများကို သင်ယူခဲ့ကြရသည်။ သို့သော် ပြတိုက်များအနေဖြင့် သူတို့၏ ပြတိုက်ပစ္စည်းများကို ခေတ်နှင့်အညီ ခင်းကျင်းပြသနိုင်ရန်အတွက် တန်ဖိုးကြီးမားသော ပစ္စည်းကိရိယာများနှင့် ဆော့ဖ်ဝဲလ်များ တောင်းဆိုနေရန် မလိုအပ်ဟု Ms. Dawson က ပြောသည်။

“ပြတိုက်တိုင်းဟာ အင်မတန် အားကောင်းတဲ့ data base တွေ ထူထောင်ထားနိုင်ကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က Facebook ပေါ်မှာ ရှိကြတယ်။ ဒီနေရာမှာ ကျွန်မတို့ ပြောချင်တာက သင်တန်းသားတွေအဖို့ သူတို့မှာ ရှိနေတဲ့ အခြေအနေမှာ ပေါက်ပေါက်ရောက်ရောက်ဖြစ်အောင် ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းအမျိုးမျိုးကို ပြသပေးဖိုပဲ ဖြစ်ပါတယ်” ဟု သူမကပြောသည်။

ပစ္စုပ္ပန်နှင့် အနာဂတ်

ညွှန်ကြားရေးမှူး ဒေါ်နန်းလောင်ညင် ဖြစ်စေချင်နေသည့် အဓိကအချက်က ပြတိုက်ဆိုသည်မှာ ပစ္စည်းဟောင်းများ စုဆောင်းထားသော နေရာသက်သက်မျှ မဟုတ်ကြောင်းနှင့် ရှင်သန်လှုပ်ရှားနေသော ပညာဌာနတစ်ခုအဖြစ် သဘောထားကြစေရန် ပြတိုက်သို့ လာရောက်ကြည့်ရှုကြသော ဧည့်သည်များကိုရော၊ နောက်ကွယ်မှ တာဝန်ယူ လုပ်ကိုင်နေကြသော ဝန်ထမ်းများကိုပါ အသိပေးလိုခြင်း ဖြစ်သည်။

မြောက်များလှစွာသော မတူကွဲပြားသည် အသိပညာရပ်များကို စုစည်းပေးရသည့်တာဝန်က ပြတိုက်များတွင် ရှိနေသည်ဟု သူမက ပြောသည်။ “အခြား ဘယ်အလုပ်ဌာနမှ ဒီတာဝန်မျိုး မရှိပါဘူး။ ပြတိုက်ကောင်းတစ်ခုဟာ သမိုင်း၊ အနုပညာ၊ သိပ္ပံနှင့် စီးပွားရေးလို အခြားဘာသာရပ်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ရပါတယ်” ဟု သူမက ပြောသည်။

ဥပမာအားဖြင့် ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော ရွှေခြည်ထိုး ပန်ချီးကားတွင် ပါဝင်နေသည့် ထူးဆန်းသည့် သတ္တုပြားလေးများ၏ ဓါတုဗေဒ ပေါင်းစပ်ဖွဲ့စည်းမှုကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ် ဓါတုဗေဒဌာနနှင့် ဦးကျော်ရှင်နောင်က ညှိနှိုင်းတိုင်ပင်ခဲ့ရသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများက အခါခပ်သိမ်း အဆင်ပြေ ချောမွေ့ခဲ့သည်တော့ မဟုတ်ပေ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အဆောင်တစ်ခုကို ဖြိုချရန် စီစဉ်ခဲ့ကြစဉ်က လေဆိပ်ခန်းမနံရံပေါ်ရှိ နိုင်ငံကျော် ပန်းချီဆရာကြီး ဦးဘကြည်၏ နံရံဆေးရေး ပန်းချီကားကြီးကို ပြန်လည်ရရှိရေးအတွက် နည်းလမ်းရှာကြံရန် ဦးကျော်ရှင်နောင်သည် မြို့တော်စည်ပင်မှ အရာရှိများ၊ ပုဂ္ဂလိကကန်ထရိုက်တာများနှင့် ရက်သတ္တပတ်ပေါင်းများစွာ ညှိနှိုင်းလုပ်ဆောင်ခဲ့ရသည်။

nswks-51_0.jpg

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

နောက်ဆုံးတွင် ကွန်ကရစ် နံရံကြီးကို တစ်ကြိမ်လျှင် တစ်ပိုင်းစီခွဲ၍ ဖြိုချဖယ်ရှားခဲ့ကြသည်။ တစ်ပိုင်းတစ်စစီဖြစ်နေသည့် နံရံဆေးရေး ပန်းချီကားကြီး အမျိုးသားပြတိုက်သို့ ရောက်ရှိလာသောအခါ ဦးကျော်ရှင်နောင်နှင့် သူ၏လက်ထောက်များက ရှစ်လကြာ အချိန်ယူပြီး ပြန်လည်ဆက်စပ်ယူခဲ့ကြရသည်။ မည်သို့ပင်ဖြစ်စေ ဦးဘကြည်၏ နံရံဆေးရေး ပန်းချီကားကြီးကို ပြန်လည်ရရှိခဲ့ပြီဖြစ်ပြီး ယခုအချိန်တွင် ပြတိုက်၏ အထူး အထင်ရှားဆုံးသော ပြကွက်တစ်ခုအဖြစ် ထိန်းသိမ်းထားနိုင်လေသည်။

“ပန်းချီဆရာတွေဘက်က ကြည့်ရင်တော့ မင်းတို့ ပန်းချီကားကို ဖျက်ဆီးပစ်လိုက်တာပဲလို့ ပြောကောင်း ပြောကြမှာပဲ။ ထိန်းသိမ်းရတဲ့သူတွေဘက်က ကြည့်ရင်တော့ ကျွန်တော်တို့ ဒီပန်းချီလက်ရာကို ကယ်ဆယ်လိုက်နိုင်တယ်ပေါ့” ဟု ဦးကျော်ရှင်နောင်က ပြောသည်။

ဒေါ်နန်းလောင်ညင်နှင့် ဒေါ်နုမြဇန်တို့ကမူ မတူကွဲပြားသော ဘာသာရပ်များအကြား ဆက်နွယ် လုပ်ဆောင်ရသော်လည်း အငြင်းပွားစရာ ရှိမည်မဟုတ်ဟု မျှော်လင့်ထားသည်။ ကျောင်းသားကျောင်းသူလေးများ အနေနှင့် ပြတိုက်များသို့ မကြာခဏ လာရောက်ကာ ရိုးရာအဆိုအကများနှင့် လက်မှုပညာလက်ရာများကို လေ့လာကြစေရန် ပန်းချီပညာရှင်များ၊ ပညာရေးဌာနမှ ပုဂ္ဂိုလ်များနှင့် အပြန်အလှန် ပူးပေါင်းလုပ်ဆောင်ရန် အစီအစဉ်များ လုပ်ဆောင်လျှက်ရှိသည်။

“ပြတိုက်တွေဟာ နိုင်ငံရဲ့ မျက်နှာစာပါပဲ။ နိုင်ငံခြားဧည့်သည်တွေ ပြတိုက်ကို လာလည်ရင် ကျွန်မတို့ ယဉ်ကျေးမှု၊ အနုပညာ၊ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာနဲ့ ရှေးဟောင်း အသုံးအဆောင်စတာတွေ အားလုံးကို ပြတိုက်ထဲမှာ လေ့လာမြင်တွေ့သွားနိုင်တယ်” ဟု ဒေါ်နုမြဇန်က ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။ 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.