အစွန်အဖျားက တာဝါတိုင်များ(ဝါ) တယ်လီကိုရဲ့နောက်ဆုံးစိန်ခေါ်ချက်

မြန်မာနိုင်ငံ၏ အစွန်ဆုံးဒေသများတွင် ဆက်သွယ်ရေးပိုင်း အခက်ကြုံနေသည့် ပြည်သူများကို ချိတ်ဆက်ပေးရန်နှင့် မြန်မာနိုင်ငံသားများ ပိုမိုနီးကပ်စွာ ဆက်ဆံလာနိုင်စေရန် သီးခြားလွတ်လပ်သော မိုဘိုင်းဖုန်းတာဝါတိုင် ကုမ္ပဏီများက ကြိုးပမ်းလျက်ရှိသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

“တစ်နာရီခွဲလောက်တော့ ကြာလိမ့်မယ်လို့ သူက ကျွန်တော့်ကို ပြောထားပါတယ်” ဟု တယ်လီကွန် အခြေခံ အဆောက်အအုံ ကုမ္ပဏီ Edotco ၏ မန္တလေးတိုင်းဒေသကြီး မန်နေဂျာ တန် ဗန်ဆွန်မန်က ဆိုသည်။

သို့သော် ၎င်းနှင့် Edotco မြန်မာနိုင်ငံမန်နေဂျာ မစ္စတာ ဒေးဗစ် ကစ်တယ်လ်တို့နှစ်ဦးသည် အိန္ဒိယနယ်စပ်နှင့် ၁၂ ကီလိုမီတာ (၇ ဒသမ ၅ မိုင်) သာဝေးသော တာဝါတိုင်အမှတ် CHN00136 ရှိရာသို့ ချင်းပြည်နယ် ဖလမ်းမြို့မှ ထွက်ခွာလာသည်မှာ နှစ်နာရီ ကြာပြီဖြစ်သည်။

ယခုအခါ ၎င်းတို့၏ ဆာ့ဗ်ကားမှာ ဖုန်ထူထူတောင်တက်လမ်းပေါ်မှ ကျောက်တုံးကျောက်ခဲများကို ရှင်းလင်းဖယ်ရှားနေသည့် ဘက်ဖိုးကားတစ်စီး၏နောက်တွင် ပိတ်မိနေသည်။ ထိုကားမှာ လမ်းအပြည့်နီးပါး ကြီးမားသော်လည်း ကားမောင်းသူက လမ်းဘေးကပ်ပေးရန် သတ္တိရှိရှိ ကြိုးပမ်းခဲ့သည်။

ဆယ်လူလာဖုန်းကွန်ရက်ဖြန့်ကျက်မှု မရှိသည့်အလျောက် ဖလမ်းမှ ထွက်ခွာခဲ့သော ၁၉ ကီလိုမီတာ (၁၁ ဒသမ ၈ မိုင်) ကွာဝေးသည့် ယင်းခရီး၏ ပေါက်ရောက်မှု အတိအကျမှာ ခန့်မှန်းမှုမျှသာ ဖြစ်သည်။ တာဝါတိုင်သစ်က ထိုတောင်ကြားဒေသသို့ ဆက်သွယ်မှုကွန်ရက် စတင်ဖြန့်ကျက်နိုင်သည့် လာမည့်သီတင်းပတ် အနည်းငယ်ကြာမှသာ အခြေအနေကို ၎င်းတို့ စစ်ဆေးသိရှိနိုင်ပေသည်။

“ဒီတာဝါတိုင်ကနေ ဘယ်လိုများ အကျိုးအမြတ် ရနိုင်မလဲဆိုတာတောင် မသိတော့ပါဘူးဗျာ” ဟု မစ္စတာ ကစ်တဲလ်က တွေးတော ကောက်ချက်ချလိုက်သည်။ “ဘယ်သူတွေကကော အဲဒီမှာ နေထိုင်ဖို့ ရွေးချယ်ကြမလဲ” ဟုလည်း ဆိုလိုက်သည်။

ချင်းတိုင်းရင်းသားဖြစ်သူ ဗန်ဆွန်မန်ကမူ ပခုံးတွန့်၍ စိတ်မဝင်စားဟန်ပြုလိုက်ပြီး “ဒီက တချို့ရွာတွေက လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကတည်းက ရှိနေခဲ့ကြတာပါ” ဟု ပြောလိုက်သည်။

တလန်ခူဝါကျေးရွာ တည်ရှိခဲ့သည်မှာ ရာစုနှစ် တစ်ခုခန့်ဆိုပါက ယင်းနေရာသည် လျှပ်စစ်မီးချောင်း အနည်းငယ်ခန့် ရှိရုံမျှဖြင့်သာ ရာစုနှစ် တစ်ခုကို ကုန်လွန်ဖြတ်သန်းခဲ့ခြင်းပင် ဖြစ်ပေသည်။ ဒေသခံများအတွက် မိုဘိုင်းဖုန်းကွန်ရက်၊ စာသားမက်ဆေ့ချ်နှင့် Netflix သုံးစွဲနိုင်ခွင့်ကို ဆောင်ကြဉ်းပေးခြင်းဖြင့် အမြတ်ရနိုင်ခြေရှိ မရှိဆိုခြင်းမှာ Edotco တာဝါတိုင်များပေါ်တွင် ဧရိယာတိုင်နေရာလွတ် ငှားရမ်းခဲ့သော တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီများနှင့်သာ သက်ဆိုင်ပေသည်။

ယခုထိ မစ္စတာ ကစ်တယ်လ်နှင့် ဗန်ဆွန်မန်တို့ လုပ်နေရသည်မှာ ဒေသခံပြည်သူများကို ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ပေးခြင်းနှင့် မြန်မာပြည်သူများအချင်းချင်း ချိတ်ဆက်တွေ့ဆုံနိုင်စေခြင်းပင်ဖြစ်သည်။ ယင်းမှာ လမ်းများကို သွားမရနိုင်သော ရွံ့မြေများအဖြစ် အသွင်ပြောင်းစေမည့် မိုးရာသီမတိုင်မီ တာဝါတိုင်များ စိုက်ထူလည်ပတ်နိုင်စေရန် ဆောင်ရွက်ရမည့် အခိုက်အတန့်ဟု ဆိုလိုခြင်းပင် ဖြစ်ပေသည်။

နောက်ဆုံးဖြန့်ကျက်ရမည့် တောင်ပေါ်ဒေသ

ငါးနှစ်နီးပါးမျှ လုပ်ငန်းဆောင်ရွက်ပြီးနောက် မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျား အကျဆုံးဒေသတွင် ကွန်ရက်ဖြန့်ကျက်ရန်အရေးမှာ မြန်မာ့တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ၌ ဂုဏ်ယူဖွယ် အထိမ်းအမှတ် သင်္ကေတတစ်ရပ် ဖြစ်လာခဲ့ပေပြီ။

တာဝါတိုင်ပေါင်း ၇,၄၀၀ ကျော်ရှိ ကွန်ရက်ကို ပိုင်ဆိုင်ထားသော တယ်လီနောသည် ကျေးလက်နှင့် မြို့ပြဒေသများရှိ အခြားတာဝါတိုင်နေရာ ၉,၀၀၀ တွင် ယင်း၏ ကောင်းကင်ကြိုးတိုင်များ ဖြည့်စွက်ရန် စီစဉ်ထားသည်ဟု ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဂျိုအာခင် ရာဂျာရမ်က ဆိုသည်။

တယ်လီနောမှ တာဝါတိုင်များပေါ်မှ နေရာလွတ်များ ငှားရမ်းသွားမည်ဖြစ်သော်လည်း တာဝါတိုင်များကိုမူ တည်ဆောက်သွားမည် မဟုတ်ပေ။ သံမဏိယက်မများကို ဖောင်များဖြင့် မြစ်အောက်ဘက်သို့ သယ်ဆောင်ရခြင်း၊ သို့မဟုတ် ကျေးရွာရပ်မိရပ်ဖများ၏ ထောက်ခံမှု ရယူခြင်း၊ သို့မဟုတ် ကစ်တယ်လ်နှင့် ဗန်ဆွန်မန်တို့ကဲ့သို့ တောင်တက်လမ်းကျဉ်းလေးပေါ်မှ ဘက်ဖိုးကားကို ကျော်တက်ရမည့် အခြေအနေနှင့် ကြုံရခြင်းစသည်တို့ မလိုအပ်ဘဲ လုပ်ငန်းခွင်နေရာသစ်များ ရှာဖွေရန်နှင့် တာဝါတိုင်သစ်များ ဆောက်လုပ်ရန်တို့မှာ မြန်မာနိုင်ငံ၏ သီးခြားလွတ်လပ်သော တာဝါတိုင်ကုမ္ပဏီများ (သို့မဟုတ် တာဝါကိုများ) အပေါ်တွင်သာ မူတည်နေသည်။ 

Edotco ကုမ္ပဏီမှ မစ္စတာ ကစ်တယ်လ်နှင့် ထန်ဗန်ဆွန်မန်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂျာရတ် ဒေါင်းနင်း

Edotco ကုမ္ပဏီမှ မစ္စတာ ကစ်တယ်လ်နှင့် ထန်ဗန်ဆွန်မန်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဂျာရတ် ဒေါင်းနင်း

မြန်မာနိုင်ငံ၏ နောက်ဆုံးသော ဖုန်းဆက်သွယ်ရေးလုပ်ငန်း ရှေ့တန်းမျက်နှာစာများအနက် ချင်းပြည်နယ်၏ မြေအနေအထားမှာ အမည်ဆိုးဖြင့် ကျော်ကြားလောက်အောင်ပင် စိတ်ပျက်ဖွယ် ကောင်းလှသည်။

လူပေါင်း ၅၀,၀၀၀ ခန့်နေထိုင်သော ချင်းပြည်နယ်မြို့တော် ဟားခါးမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ အနီးဆုံးလေဆိပ်မှ ၁၀ နာရီ မောင်းနှင်ရသောခရီးအကွာတွင် တည်ရှိနေသည်။ ချင်းပြည်နယ်တွင် လူဦးရေ ငါးသိန်းခန့်ရှိပြီး အများစုမှာ ချင်းရိုးမ၏ ဝေးလံခေါင်ဖျား တောင်ကြားဒေသများနှင့် တောင်ပေါ်ဒေသများတွင် ပျံ့နှံ့နေထိုင်လျက်ရှိသည်။ အဓိကလမ်းမများမှာ လေထန်သော တောင်တက်တောလမ်းများထက် မဆိုစလောက်သာ ပိုကောင်းပြီး နွေရာသီတွင် ဖုန်မှုန့်အလိပ်လိုက် ဖုံးလွှမ်းကာ မိုးရွာလိုက်သည်နှင့် အသက်အန္တရာယ်ပေးတတ်သော မြေပြိုမှုများဖြင့် ပြည့်နှက်နေသည်။

“ဒီဒေသမှာ တနင်္ဂနွေနေ့ဆိုရင် ဘယ်သူမှ အလုပ်မလုပ်ပါဘူး” ဟု နှစ်ခြင်းခရစ်ယာန် ဘာသာဝင် အများစုပါဝင်နေသည့် ဒေသခံပြည်သူများအကြောင်း ဗန်ဆွန်မန်က ရှင်းပြသည်။ “ကျွန်တော်တို့က သူတို့ကို လုပ်ခနှစ်ဆပေးခိုင်းရင်တောင် သူတို့လုပ်မှာ မဟုတ်ပါဘူး”

နိုင်ငံပိုင် အမ်ပီတီက ချင်းပြည်နယ်ရှိ ဖုန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍကို ဦးဆောင်လျက်ရှိပြီး ကလေးနှင့် ဟားခါးအကြား ဖိုက်ဘာဆက်ကြောင်း ဆက်သွယ်တပ်ဆင်ပြီးဖြစ်ကာ လမ်းဘေးတလျှောက် ကွန်ကရစ်တိုင်များလည်း စိုက်ထူထားပြီးဖြစ်သည်။

သို့သော် ယင်းဒေသမှ တောင်ကုန်းတောင်တန်းများသည် အဆိုပါစီမံချက်လုပ်ငန်းကို သက်သောင့်သက်သာ ဆောင်ရွက်နိုင်စေသည်တော့ မဟုတ်ပေ။ တိုင်များစွာမှာ မြေပျော့သည့်နေရာတို့၌ အန္တရာယ်များသော လမ်းကွေ့များတွင် ယိုင်ညွှတ်လျက်ရှိသည်။ အချို့မှာမူ သွားကြားထိုးတံများနှယ် ကျိုးပဲ့ပျက်စီးကာ ဖိုက်ဘာမျှင် ကေဘယ်ကြိုးများမှာလည်း သစ်ကိုင်းများနှင့် ချိပ်မိထွေးရှုပ်နေခြင်း၊ ဖုန်မှုန့်များအောက်၌ မြုပ်နေခြင်း၊ သို့မဟုတ် လုံးဝဥဿုံ ပြတ်တောက်နေခြင်းများပင် ရှိနေသည်။

ကေဘယ်ကြိုး တပ်ဆင်နေစဉ်က ၎င်း၏ယာဉ်မောင်းက လမ်းဘေး၌ အလုပ်လုပ်နေသော သူ့သူငယ်ချင်းကို ဆုံတွေ့ခဲ့ဖူးသည်ဟု ဗန်ဆွန်မန်က ဆိုသည်။

“သူက ‘မင်းဒီမှာ ဘာလုပ်နေတာလဲ၊ မင်းက တက္ကစီမောင်းနေတာ မဟုတ်ဘူးလား’ လို့ မေးလိုက်တယ်။ ဒီတော့ သူ့သူငယ်ချင်းက ‘မဟုတ်တော့ဘူးကွ။ ခုဆိုရင် ငါက ဒီတိုင်တွေအကုန်လုံး လိုက်ထောင်ဖို့ တာဝန်ယူထားတဲ့ ကန်ထရိုက်ဖြစ်နေပြီ’ လို့ ပြန်ဖြေခဲ့ပါတယ်” ဟု ဗန်ဆွန်မန်က ဆိုသည်။

ယင်းမှာ ရယ်သွမ်းသွေးစရာ အဖြစ်အပျက်သာ ဖြစ်သော်လည်း အမ်ပီတီ၏ လူ့စွမ်းအားရင်းမြစ်ပိုင်းဆိုင်ရာ အခက်အခဲများအတွက် ဗန်ဆွန်မန်က ဂရုဏာသက်မိသည်။ တာဝါတိုင်စိုက် ကုမ္ပဏီတို့မှာ ဒေသတွင်းမှ ရနိုင်သော လုပ်သားများအပေါ် မကြာခဏ မှီခိုရလေ့ရှိသည်။ ကစ်တယ်လ်၏ ပြောကြားချက်အရ Edotco သည် ဒေသခံ အသိုင်းအဝိုင်းများထဲမှ မန်နေဂျာအများစုနှင့် တာဝါတိုင်နေရာ ဝယ်ယူရေးအဖွဲ့များကို ခေါ်ယူခန့်အပ်ခြင်း၊ မွမ်းမံသင်တန်းပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။

အရည်အချင်းပြည့်မီသော ကန်ထရိုက်များနှင့် ပြုပြင်မွမ်းမံရေး ဝန်ထမ်းများကို ရှာဖွေရန်မှာ စိန်ခေါ်ချက်တစ်ရပ် ဖြစ်သော်လည်း ဒေသခံမြေရှင်များ၊ အာဏာပိုင်များနှင့် ဆက်ဆံလုပ်ကိုင်ရခြင်းမှာ လုပ်ငန်းကိစ္စအားလုံးအနက် အခက်ခဲဆုံးပင် ဖြစ်နိုင်ပေသည်။ လုပ်ငန်းနေရာတိုင်းသည် တာဝါကိုများ၏ ဒေသန္တရ မန်နေဂျာများနှင့် မြေနေရာ ဝယ်ယူရေးအဖွဲ့များအတွက် တမူထူးခြားသော နိုင်ငံရေး စိန်ခေါ်ချက်များပင် ဖြစ်ပေသည်။

မိသားစုတစ်စုသည် ယင်းပိုင်မြေကွက်၌ မျိုးဆက်နှင့်ချီ၍ အလုပ်လုပ်ခဲ့သော်လည်း တရားဝင် အထောက်အထား မရှိသဖြင့် တပါးသူအား ငှားရမ်းရန် ခက်ခဲစေသည်။ တာဝါတိုင် စိုက်ထူမည့်နေရာနှင့် ကပ်လျက်ရှိ မြေရှင်များမှာလည်း မနာလို ဝန်တိုဖြစ်တတ်ပြီး ၎င်းတို့၏ ခွင့်ပြုချက်ကို တရားဝင် လိုအပ်သည့်အလျောက် ငှားရမ်းငွေ၏ တစိတ်တဒေသကို တောင်းဆိုတတ်သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း တာဝါတိုင်များကို အကျည်းတန်သည်ဆိုကာ ငြင်းပယ်ပစ်ဖွယ် ရှိပေသည်။

ရှမ်းပြည်နယ်ရှိ လုပ်ငန်းတစ်နေရာတွင်မူ Edotco သည် အငြင်းပွားနေသော ကျေးရွာနှစ်ရွာအကြားတွင် ကြားညပ်ခဲ့ရဖူးသည်။ လုပ်သားအင်အားနှင့် အကူအညီများအတွက် Edotco က မိမိတို့ထံမှ ယူရမည်ဟု နှစ်ရွာစလုံးက တောင်းဆိုခဲ့ကြသည်။ Edotco က တာဝါတိုင် ဆောက်လုပ်ရေးပစ္စည်းများကို ကျေးရွာတစ်ရွာကိုဖြတ်၍ ပြောင်းရွှေ့ရာ အခြားရွာက လုပ်ငန်းပိုင်းအခက်တွေ့စေမည့် အရာမှန်သမျှကို ပြုလုပ်ခဲ့သည်။ မည်သည့်အတွက် ယင်းနှစ်ရွာ အငြင်းပွားရသနည်းဟူသောမေးခွန်းကို မစ္စတာ ကစ်တယ်လ်က “ဒါကတော့ အမေရိကန်ဒေါ်လာ ၆၄,၀၀၀ တန် မေးခွန်းပဲ” ဟု ဖြေကြားခဲ့သည်။

တာဝါတိုင် ကုမ္ပဏီတစ်ခုက တာဝါတိုင်တစ်တိုင်ထူ၍ လုပ်ငန်းများ စတင်လည်ပတ်သည့်အခါ တာဝါတိုင်နေရာ ထိန်းသိမ်းပြုပြင်ရေးကို မဖြစ်မနေ လုပ်ဆောင်ရသည်။ ဗန်ဆွန်မန်အတွက်မူ စက်ပျက်သောကြောင့်၊ သို့မဟုတ် ဧရိယာတိုင် တပ်ဆင်သည့်ကုမ္ပဏီက မီးစက်ထိန်းသိမ်းပြုပြင်ရသည့် ကုမ္ပဏီကို သော့ခတ်သွားခြင်းကြောင့် ညအချိန်မတော် ဖုန်းလက်ခံဖြေဆိုရခြင်းမှာလည်း ၎င်း၏ လုပ်ငန်းတာဝန်တစ်ခုပင် ဖြစ်သည်။

သို့တစေ ၎င်းတို့အနှစ်သက်ဆုံး တာဝါတိုင်နေရာကို မေးကြည့်သည့်အခါ မစ္စတာ ကစ်တယ်လ်နှင့် ဗန်ဆွန်မန်တို့က မန္တလေးတိုင်းဒေသကြီးရှိ ပြဿနာမရှိသလောက်ဖြစ်သည့် MAT2295 ဟု ဖြေကြသည်။

“စစ်ဆေးမှုတွေ လုပ်ကြတဲ့အခါ ခင်ဗျားမေ့ထားနိုင်တဲ့ တာဝါတိုင်တွေဆိုရင်တော့ အဲဒါတွေက အကောင်းဆုံးပေါ့” ဟု မစ္စတာ ကစ်တယ်လ်က ဆိုသည်။

သုံးနာရီမျှ ခရီးနှင်ပြီးနောက် ရောက်ခဲ့သော CHN00136 သည်လည်း အလားတူပင် ဖြစ်လိမ့်မည်ဟု ၎င်းက မျှော်လင့်ထားသည်။

ဓာတ်ပုံ - ဂျာရတ် ဒေါင်းနင်း

ဓာတ်ပုံ – ဂျာရတ် ဒေါင်းနင်း

သန့်ရှင်းသော အဖြူရောင် အမာခံဦးထုပ်များ၊ ခေတ်မီကိရိယာများကို ဝတ်ဆင်ကိုင်ဆောင်ထားသည့် ဒေသခံ လုပ်သားများနှင့် ရန်ကုန်မှ တစ်ဆင့်ခံကန်ထရိုက်ယူထားသော ကျွမ်းကျင်ပညာရှင်များဖြင့် ပျားပန်းခတ် လှုပ်ရှားနေသော ပတ်ဝန်းကျင်မှ တောက်ပသည့် သံမဏိတာဝါတိုင်မှာ အတန်ငယ် အနေအထားမကောင်းဟု ယူဆရပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ နယ်စပ်မှ ၁၂ ကီလိုမီတာမျှသာ ကွာဝေးပြီး လူပေါင်း ၈၆၀ ခန့် နေထိုင်သည့် ရိုးရှင်းသော တောင်ပေါ်ကျေးရွာကို အပေါ်စီးမှ မြင်နေရသည်။

မီဇိုရမ်စကားပြောသည့် ဒေသခံလုပ်သားများနှင့် ဆက်သွယ်ရာတွင် ဘာသာစကား အခက်အခဲများ၊ ကျွမ်းကျင်ဝန်ထမ်းများအား တောင်ကြားဒေသ တစ်ခုပြီးတစ်ခု ဝင်လိုက်ထွက်လိုက်ဖြင့် သယ်ဆောင်ရသည့် စိန်ခေါ်မှုနှင့် ရန်ကုန်တွင် အစမ်းသပ်ခံရန် ကွန်ကရစ်ဖောင်ဒေးရှင်း နမူနာအတုံး ပို့ရသည့် လုပ်ငန်းစဉ် နှေးကွေးခြင်းများကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

သို့သော် ယင်းအခက်အခဲအားလုံးကို မျှော်လင့်ထားပြီး ဖြစ်သကဲ့သို့ ဒေသခံကျေးရွာကလည်း အနိမ့်ဆုံးအားဖြင့် လိုက်လျောဆက်ဆံခြင်းထက်ပင် ပိုပေသည်။

အိန္ဒိယနယ်စပ်တလွှားတွင် အလုပ်ရှာဖွေနေသူ အများစုပါဝင်သည့် ဒေသခံလုပ်သားများမှာ ယင်းအလုပ်အတွက် ဝမ်းပန်းတသာ ဖြစ်နေကြသည်ဟု ကျေးရွာသူကြီး ဆလိုင်းဒါဗန်းက ဆိုသည်။ ကျေးရွာသားများကလည်း ပိုကောင်းသော ကွန်ရက်ဖြန့်ကျက်မှုအတွက် ဝမ်းပန်းတသာ ကြိုဆိုကြပေလိမ့်မည်။ ယနေ့ထိမူ ခပ်မြင့်မြင့်နေရာ၌ ရပ်နေမှသာ အမ်ပီတီ၏ အားနည်းတတ်သောလိုင်းကို ပြတ်တောင်းပြတ်တောင်း ရရှိနိုင်လေသည်။

များမကြာမီ မိုဘိုင်းဖုန်းလုပ်ငန်း သုံးခုစလုံး၏ သရီးဂျီကွန်ရက်ကို ၎င်းတို့ရရှိပေလိမ့်မည်။ ရွာသူကြီး ဒါဗန်းက ဖုန်းတစ်လုံးဝယ်ကာ ချင်းပြည်နယ်တစ်လွှားနှင့် မီဇိုရမ်ပြည်နယ်ဘက်ခြမ်းတို့မှ ဆွေမျိုးမိတ်သင်္ဂဟများထံ ဖုန်းခေါ်ဆိုခြင်း၊ စာသားမက်ဆေ့ချ် ပေးပို့ခြင်းနှင့် Skype မှတဆင့် ဆက်သွယ်ပြောဆိုခြင်းများ ပြုလုပ်ရန် စီစဉ်ထားသည်။

ထိုကျေးရွာမှ မစ္စတာ ကစ်တယ်လ်နှင့် ဗန်ဆွန်မန်တို့အား ညစာစားသုံးရန် ဖိတ်ခေါ်ခဲ့သော်လည်း ဟားခါးသို့ မဖြစ်မနေ ပြန်သွားခဲ့ရသည်။ သူတို့စီးလာခဲ့သည့် ဆာ့ဗ်ကားသာ ညအမှောင်ထု၌ ချောက်ထဲ ကျွမ်းထိုးမှောက်ခုံ ကျသွားပါက ၎င်းတို့ခမျာ အကူအညီ တောင်းခံနိုင်ဖွယ် မရှိပေ။

ယင်းအခြေအနေကို ရွာသူကြီး ဒါဗန်းက နားလည်ပေးခဲ့သည်။ လာမည့် သီတင်းပတ် အနည်းငယ်အတွင်း ရွာသူကြီးက သူတို့အား ဖေ့စ်ဘွတ်ပေါ်တွင် ရှာတွေ့ကောင်း တွေ့ရှိသွားနိုင်ပေသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.