အစိုးရစည်းမျဉ်းများကြောင့် မြန်မာ့ကျွဲနွားတင်ပို့မှု ထိခိုက်ခဲ့ရ

၂၀၁၇ ခုနှစ် အောက်တိုဘာတွင် အစိုးရက ကျွဲနွားအရှင်တင်ပို့မှုအပေါ် ပိတ်ပင်ချက်ကို ရုပ်သိမ်းခဲ့ပြီးနောက် ကျွဲနွားတင်ပို့မှုပမာဏ မြင့်တက်ခဲ့သော်လည်း စည်းမျဉ်းသစ်များချမှတ်မှုကြောင့် ကျွဲနွားအရှင် တင်ပို့မှုလုပ်ငန်း ထိခိုက်ခဲ့ရပြီဖြစ်သည်။

စာသားနှင့်ဓာတ်ပုံ – ကျော်လင်းထွန်း

၂၀၁၇ ခုနှစ် အောက်တိုဘာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကျွဲနွားအရှင် တင်ပို့မှုအပေါ် ပိတ်ပင်ချက်ကို ရုပ်သိမ်းခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်သည် ကျွဲနွားတင်ပို့သူများအတွက် အမြတ်အစွန်းများခဲ့သော နှစ်ဖြစ်ခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ်တွင် ချမှတ်လိုက်သည့် စည်းမျဉ်းသစ်များကြောင့် ယင်းလုပ်ငန်းထိခိုက်ခဲ့ရပြန်သည်။

ပိတ်ပင်ချက်ရုပ်သိမ်းမှုကြောင့် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းအထိ ပို့ကုန်လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီ ၂၆၀ ကျော်ရှိခဲ့သည်။ ယင်းလျှောက်ထားမှုများနက် ၉၀ ကျော်ကိုခွင့်ပြုခဲ့ရာ တိရစ္ဆာန်ထုတ်ကုန်တင်ပို့မှုတန်ဖိုးသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၀ ဒသမ ၆၂၇ သန်းရှိခဲ့ရာ ၂၀၁၈-၁၉ ခုနှစ်တွင် ဒေါ်လာ ၃၆၆ ဒသမ ၃၅၉ သန်းအထိရှိလာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စာရင်းအင်းအရ သိရသည်။ တရုတ်သည် မြန်မာနိုင်ငံမှ ကျွဲနွားများကို အများဆုံးတင်သွင်းနေသည့် နိုင်ငံဖြစ်ပြီး တရုတ်နောက်တွင် ထိုင်းနိုင်ငံက ဒုတိယနေရာက ရပ်တည်နေသည်။

သို့သော် နယ်စပ်ဖြတ်ကျော်ပြီး ကျွဲနွားအရှင်များတင်ပို့နိုင်ရန် လိုအပ်နေသောကြောင့် လိုင်စင်ထုတ်ပေးရာတွင် ကြန့်ကြာမှုများနှင့်ပတ်သက်၍ အားမလိုအားမရဖြစ်နေကြပြီး အစိုးရက စည်းမျဉ်းများဖြေလျှော့ပေးခြင်းဖြင့် ကျွဲနွားအရှင်တင်ပို့မှုလုပ်ငန်းကို ပိုမိုအားပေးကူညီသင့်ကြောင်း ကုန်သည်များကပြောသည်။ ကျွဲနွားတင်ပို့သည့် လုပ်ငန်းအတွက် အခြားရင်ဆိုင်စရာပြဿနာများတွင် ကျွဲနွားများ၏အရည်အသွေး ပိုမိုကောင်းမွန်ရေး လိုအပ်ချက်ဖြစ်ကြောင်း ကျွဲနွားဆိုင်ရာကျွမ်းကျင်သူများကပြောပြသည်။

မြန်မာနိုင်ငံရှိ ကျွဲနွားမွေးမြူရေးခြံအများစုသည် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တည်ရှိသည်။ မွေးမြူရေးခြံအများစုမှာ ကုန်သည်များပိုင်ဆိုင်သည့် သေးငယ်သည့်မြေကွက်လေးများသာ ဖြစ်ကြသည်။ ကုန်သည်များသည် ကျွဲနွားမွေးမြူခြင်းမရှိသော်လည်း ပြည်တွင်းဈေးကွက်မှဝယ်ယူပြီး ဝယ်လိုအားမြင့်တက်မည့်အချိန်တွင် ကျွဲနွားများကို တင်ပို့ရန် မျှော်မှန်းထားသူများဖြစ်ကြသည်။

၂၀၁၉ ခုနှစ်တွင် ပို့ကုန်လိုင်စင်မရသောကြောင့် စိတ်မချမ်းမသာဖြစ်ခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ လက်ပံကျေးရွာမှ ကျွဲနွားကုန်သည်များက Frontier ကို ပြောသည်။

အသက် ၃၉ နှစ်အရွယ် ကိုအောင်သန်းသည် လက်ပံကျေးရွာရှိ ကျွဲနွားခြံတစ်ခြံကို စီမံခန့်ခွဲနေသူတစ်ဦးဖြစ်သည်။ ယင်းခြံကို တော်ဝင်မင်းခန့် မြန်မာကုမ္ပဏီလိမီတက်က ပိုင်ဆိုင်ခြင်းဖြစ်သည်။ တော်ဝင်မင်းခန့်သည် ၂၀၁၈ ခုနှစ်တွင် တရုတ်သို့ နွားအရှင်များတင်ပို့ခွင့်ရရှိခဲ့သည့် ကုမ္ပဏီများအနက် တစ်ခုဖြစ်သည်။

သို့သော် ၂၀၁၉ ခုနှစ်မှစ၍ အစိုးရသည် ကျွဲနွားမွေးမြူသည့်ကုမ္ပဏီများ၌ ကျွဲနွားအရှင် တင်ပို့ခွင့်လိုင်စင်အတွက် အရည်အချင်းပြည့်မီခြင်းရှိ မရှိဆုံးဖြတ်ရန် မြေအသုံးပြုမှုမှတ်ပုံတင်ဆိုင်ရာ စာရွက်စာတမ်းများကို ပြောင်းလဲစေခဲ့သည်။ မြေအသုံးပြုမှုမှတ်ပုံတင်အပြောင်းအလဲကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိနေသကဲ့သို့ ကျွဲနွားများဆက်လက်တင်ပို့လိုပါက ယင်းမြေကို နှစ်စဉ်ပြန်လည်၍ မှတ်ပုံတင်သက်တမ်းတိုးရန်လည်း လိုအပ်နေပြန်သည်။ နယ်စပ်ကိုဖြတ်ကျော်၍ ကျွဲနွားများတင်ပို့တိုင်း ပို့ကုန်လိုင်စင် လိုအပ်နေခဲ့သည်။

မှတ်ပုံတင်စာရင်းသွင်းဖြစ်စဉ်တွင် နှောင့်နှေးမှုများကြောင့် အခက်အခဲများစွာ ကြုံခဲ့ရကြောင်း၊ မြေပိုင်ဆိုင်မှု မှတ်ပုံတင်ထားခြင်းမရှိပါကလည်း ပို့ကုန်လိုင်စင်မရနိုင်ကြောင်း ကိုအောင်သန်းက Frontier ကိုပြောသည်။

မြေအသုံးပြုမှု မှတ်ပုံတင်ခြင်းကို အချိန်မီမပြုလုပ်နိုင်သောကြောင့် တရုတ်သို့တင်ပို့မှု နှစ်ကြိမ်ပြုလုပ်ရန် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများရှိ ကျွဲနွားရောင်းဝယ်ရေးကုမ္ပဏီများထံမှ ပို့ကုန်လိုင်စင်များကို ငှားရမ်းခဲ့ရကြောင်း လက်ပံကျေးရွာရှိ မွေးမြူရေးခြံကိုပိုင်ဆိုင်သော နိုင်ထူးအောင် ကုမ္ပဏီလိမီတက် စီမံခန့်ခွဲမှုဒါရိုက်တာ ဦးအဏ္ဏဝါကပြောသည်။

“ကျွဲနွားမွေးမြူရေးခြံ မှတ်ပုံတင်ရာမှာနှောင့်နှေးပြီး လိုင်စင်လည်းငှားရ၊ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် မှတ်တမ်းတွေလည်း တင်ပြရတာကြောင့် ကျွဲနွားတွေကို အချိန်ကောင်းမှာ မရောင်းနိုင်တော့လို့ ၂၀၁၉ တုန်းက မြန်မာငွေကျပ်သန်း ၂၀၀(ကျပ်သိန်း နှစ်ထောင်) ဆုံးရှုံးခဲ့ရပါတယ်” ဟု သူကပြောသည်။ ယင်းငွေများထဲတွင် ကျွဲနွား ၁၀၀ ကျော်ကို အချိန်ကြာမြင့်စွာ ကျွေးမွေးထားရသည့်အတွက် ကုန်ကျစရိတ်များလည်း ပါဝင်ကြောင်း ဆိုသည်။

၂၀၁၇ အောက်တိုဘာက ယခင်ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းလိုက်ကတည်းက ကျွဲနွားတင်ပို့မှုမှာ တဟုန်ထိုးမြင့်တက်လာခဲ့သည်။ ဓာတ်ပုံ - ကျော်လင်းထွန်း

၂၀၁၇ အောက်တိုဘာက ယခင်ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းလိုက်ကတည်းက ကျွဲနွားတင်ပို့မှုမှာ တဟုန်ထိုးမြင့်တက်လာခဲ့သည်။ ဓာတ်ပုံ – ကျော်လင်းထွန်း

သို့သော် မြေပိုင်ဆိုင်မှုကို ပြန်လည်မှတ်ပုံတင်ပြီး တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ လိုအပ်သောမှတ်တမ်းမှတ်ရာများ ရရှိကာ ပို့ကုန်လိုင်စင်ရရှိထားသည့် ကျွဲနွားကုမ္ပဏီများ၊ ကျွဲနွားမွေးမြူသူများသည်လည်း ယှဉ်ပြိုင်မှုနှင့် ကြုံရပြန်သည်။

၂၀၁၇ ခုနှစ်တွင် ကျွဲနွားအရှင်များ တင်ပို့ခွင့်ပြုခဲ့ပြီးနောက် စည်းမျဉ်းတင်းကျပ်လိုက်ရသည့်အကြောင်းရင်းများ ရှိနေကြောင်း အစိုးရကပြောသည်။ အစိုးရက ကျွဲနွားမွေးမြူရေးကုမ္ပဏီများနှင့် ကုန်သည်များအား ပို့ကုန်တင်ပို့ခွင့်ပေးခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော်၍ ကျွဲနွားတင်ပို့လိုသည့် ကုမ္ပဏီပမာဏမှာ အလွန်အမင်း များပြားလာခဲ့သော်လည်း အများစုသည် လိုအပ်သောကြိုတင်ပြင်ဆင်မှုများ မရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ဝင်းက ပြောသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တနိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျွဲနွား ၁၇ သန်းရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ နောက်ဆုံးရစာရင်းများအရသိရသည်။ ကျွဲနွားကောင်ရေသည် ၂၀၁၅-၁၆ ခုနှစ်တွင်ရှိခဲ့သည့် ၁၅ ဒသမ ၅ သန်းမှ တိုးလာခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့နှင့် မြန်မာနိုင်ငံမှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကောက်ယူပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီတွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကျွဲနွားအခြေခံကောင်ရေ စစ်တမ်းအရ တနိုင်ငံလုံးတွင် ကျွဲနွားကောင်ရေ ၉ ဒသမ ၅ သန်းရှိနေကြောင်း သိရသည်။ စစ်တမ်းရလဒ်ကြောင့် ကျွဲနွားကောင်ရေနည်းပါးနေကြောင်း သိရှိခဲ့ရသည်။

တရုတ်ဈေးကွက်သို့တင်ပို့ပြီး အမြတ်အစွန်းများများရလိုသည့် ကျွဲနွားကုန်သည်များသည် အခြားပြဿနာ တစ်ခုနှင့် ရင်ဆိုင်ရပြန်သည်။ ကျွဲနွားအရှင်တင်ပို့မှု ပိတ်ပင်ချက်ရုပ်သိမ်းပြီးချိန်မှစ၍ တရုတ်အာဏာပိုင်များက တိရစ္ဆာန်များ၏ကျန်းမာရေးနှင့် ရောဂါဖြစ်ချိန်တွင် သီးခြားထားရှိကုသမှုဆိုင်ရာ စည်းမျဉ်းများနှင့်ပတ်သက်၍ ပိုမိုသိရှိလိုကြောင်း တောင်းဆိုမှုဖြစ်သည်။

တရုတ်က ချမှတ်သည့် စည်းမျဉ်း ဒါဇင်ပေါင်းများစွာအနက် ၁၁ ခုကိုသာ မြန်မာဘက်က ပြည့်မီခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်ကပြောသည်။ တရုတ်က တောင်းဆိုသည့် စည်းမျဉ်းများအနက် တစ်ခုမှာ ကျွဲနွားခြံများနှင့်ပတ်ဝန်းကျင်နေရာများသည် ကျွဲနွားများတွင် အဖြစ်များသည့်ရောဂါများမှ ကင်းဝေးသည့် ၅၀ ကီလိုမီတာ အချင်းဝက်တွင်း ရှိနေရမည့် အချက်ဖြစ်သည်။ ယင်းကြောင့် လိုင်စင်ထုတ်ပေးသည့်ဖြစ်စဉ်ကို မိတ်ဆက်ခဲ့ရခြင်းဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။

ကျွဲနွားအရှင်များနှင့်ပတ်သက်၍ မြန်မာနှင့် တရုတ်တို့တွင် စည်းမျဉ်းများ ပိုမိုတင်းကျပ်လာခြင်းအပြင် အခြားရင်ဆိုင်ရသည့် စိန်ခေါ်မှုတစ်ခုမှာ ကျွဲနွားကျောင်းရန် မြေရှားပါးခြင်းနှင့် မွေးမြူသူများသည် တိရစ္ဆာန်မွေးမြူမှုဆိုင်ရာ အသိသုတတိုးပွားရေးနှင့် ကျွမ်းကျင်မှုရှိရေးတို့ဖြစ်ကြောင်း ကျွဲနွားမွေးမြူသူများနှင့် ကျွမ်းကျင်သူများကပြောသည်။

ဒေါက်တာဝေမွန်ထက်သည် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အကြီးအကဲဖြစ်သကဲ့သို့ ကိုယ်တိုင်လည်း ကျွဲနွားမွေးမြူနေသူဖြစ်သည်။ ဒေါက်တာ ဝေမွန်ထက်သည် မွေးရပ်မြေကချင်ပြည်နယ် မိုးညှင်းမြို့တွင်လည်း လွန်ခဲ့သော သုံးနှစ်တွင် ကျွဲနွားမွေးမြူရေးခြံ တစ်ခြံပိုင်ဆိုင်ခဲ့သည်။ လွန်ခဲ့သော ငါးလခန့်တွင် သူသည် မိုးညှင်းမြို့ တောင်ပိုင်း ၁၈၀ ကီလိုမီတာအကွာရှိ ကောလင်းသို့ တာဝန်ဖြင့် ပြောင်းရွှေ့ခဲ့ရသည်။

ဓာတ်ပုံ - ကျော်လင်းထွန်း

ဓာတ်ပုံ – ကျော်လင်းထွန်း

တိရစ္ဆာန်ဆေးကုသရေး ဆရာဝန်တစ်ဦးလည်းဖြစ်သည့် ဒေါ်ဝေမွန်ထက်သည် နွားသိုးရှိရန်မလိုအပ်သည့် မေထုံမဲ့သားစပ်သည့်နည်း(AI) ကို အသုံးပြုပြီး နွားမွေးမြူရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ (မေထုံမဲ့သားစပ်ခြင်း ဆိုသည်မှာ မျိုးနွားသိုး၏မျိုးရည်( သုက်ရည်) ကိုထုတ်ယူစုဆောင်း၍ မျိုးပွားရည် ထပ်မံရောစပ်ပြီး နွားမများကို မျိုးရည်ထိုးသွင်းပေးခြင်း၊ သို့မဟုတ် မျိုးရည်ကို အေးခဲစေ၍ မျိုးရည်ချောင်းများပြုလုပ်ပြီး နိုင်ထရိုဂျင်အရည်၌ သိုလှောင်သိမ်းဆည်းကာ လိုအပ်ချိန်တွင် နွားမကိုထိုးသွင်းသားစပ်ပေးသည့် နည်းလမ်းဖြစ်သည်။) အကုန်အကျနည်းနည်းဖြင့် အရည်အသွေးကောင်းသော ကျွဲနွားများရရှိရေးအတွက် ထိရောက်သောနည်းလမ်း ဖြစ်ကြောင်း ၎င်းက Frontier ကိုပြောသည်။

မျိုးနွားသိုး မပိုင်ဆိုင်သည့် အခြားမွေးမြူသူများကလည်း မေထုံမဲ့သားစပ်သည့်နည်း(AI) ကိုသုံးကြသည်။ ကျွဲနွားအရည်အသွေး တိုးတက်ကောင်းမွန်လာစေရန်၊ မြန်မာတွင် မျိုးမြှင့်တင်ရန်နှင့် မျိုးသစ်များ မွေးမြူနိုင်ရန်တို့အတွက် မေထုံမဲ့သားစပ်နည်းကိုသုံးရန် ဦးစီးဌာနက တိုက်တွန်းထားသည်။

မွေးမြူရေးသမားများသည် ရှေးနည်းကိုသာ သုံးလိုကြပြီး သူတို့နှင့် အကျွမ်းဝင်ခြင်းမရှိသည့်မျိုးစိတ်များကို လက်ခံလာရေးအတွက် စည်းရုံးရာတွင် အခက်အခဲရှိတတ်ကြောင်း သူကပြောသည်။

မြန်မာမွေးမြူရေးသမားများသည် ဗရာမင် Brahmin အသားစားနွားမျိုးကဲ့သို့ နိုင်ငံခြားမျိုး ရာနှုန်းပြည့်(မျိုးစစ်) များကို မမွေးလိုကြကြောင်း သူကပြောသည်။ အိန္ဒိယတွင် မြစ်ဖျားခံပြီး မြောက်နှင့် တောင်အမေရိက၊ သြစတြေးလျတို့တွင် အဓိကမွေးမြူသည့် ဗရာမင်မျိုးများသည် အပူဒဏ်၊ နေရောင်ခြည်နှင့် စိုထိုင်းမှုဒဏ်ကိုခံနိုင်ပြီး အပူပိုင်းဒေသအခြေအနေများနှင့် သင့်လျော်သည်။

ကျွဲနွားမွေးမြူသူများသည် ပိုမိုအာဟာရရှိသော အစားအစာများကို ကျွေးသင့်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။ ကျွဲနွားခြံအချို့သည် အစဉ်အလာအတိုင်း ကောက်ရိုးကို ရေနှင့်ရောကျွေးခြင်းနှင့် မြက်ခင်းပြင်တွင် လွှတ်ကျောင်းထားခြင်းတို့ကို ပြုလုပ်နေဆဲဖြစ်သည်။

မွေးမြူရေးအတွက် အားထားစရာဖြစ်သည့် နေပီယာမြက်ကိုစိုက်ရန် မွေးမြူရေးသမားများအား ကျွမ်းကျင်သူများက တိုက်တွန်းကြသည်။ နေပီယာမြက်သည် အပူပိုင်းအာဖရိကတွင် မြစ်ဖျားခံရပြီး နွေတွင် ရေမလောင်းလျှင်လည်း အပင်မသေဘဲ ရှင်သန်နိုင်ကာ မြေဆီသြဇာကိုလည်း ပိုကောင်းစေသည်။ နေပီယာမြက်စားသည့် ကျွဲနွားများသည် ရိုးရိုးမြက်စားသည့် ကျွဲနွားများထက် ကိုယ်အလေးချိန် မြန်မြန်ဆန်ဆန် တိုးကြသည်။

အစဉ်အလာနည်းလမ်းများကို အားကိုးနေသည့် မွေးမြူရေးသမားများသည် အမြတ်အစွန်းများများ ရရှိရေးအတွက် ခေတ်သစ်မွေးမြူရေးနည်းလမ်းများကို အသုံးပြုသင့်ကြောင်း၊ သို့မဟုတ်ပါက လာမည့်နှစ်အနည်းငယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးများ big agribusiness companies က ဈေးကွက်ကို ချုပ်ကိုင်သွားလိမ့်မည်ဖြစ်ကြောင်း ဒေါ်ဝေမွန်ထက်ကပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှ ဦးဘထွန်းသည် မွေးမြူရေးနည်းလမ်းအပြောင်းအလဲကို လက်ခံကျင့်သုံးမှု၏ရလဒ်များကို ခူးဆွတ်ခံစားနေရသည့် ကျွဲနွားမွေးမြူရေးသမားတစ်ဦးဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ်မှစ၍ ဦးဘထွန်းသည် မေထုံမဲ့သားစပ်သည့်နည်းလမ်းကိုအသုံးပြုပြီး ပိုင်ဆိုင်သည့် နွား ၁၅ ကောင်ကို နေပီယာမြက်ကျွေးလာခဲ့သူဖြစ်သည်။

“ပြည်တွင်းနွားမျိုးတွေကိုအားကိုးလွန်းတာ မှားနေမှန်း သိလိုက်ရတယ်၊ မျိုးမြှင့်တင်ဖို့အတွက် မေထုံမဲ့သားစပ်နည်းသုံးပြီး အသားတိုးတိရစ္ဆာန်တွေရှိလာဖို့အတွက် နေပီယာမြက် ပြောင်းလဲကျွေးကြည့်ဖို့ လိုပါတယ်။ဒါမှသာ ရောင်းရပြုရပိုလွယ်မှာ” ဟု သူက Frontier ကိုပြောသည်။ ဦးလှထွန်းက သူမွေးထားသည့် နွားများကို ဈေးကောင်းကောင်းနှင့်ရောင်းရန် အခက်အခဲမတွေ့ခဲ့ကြောင်းဆိုသည်။

ဓာတ်ပုံ - ကျော်လင်းထွန်း

ဓာတ်ပုံ – ကျော်လင်းထွန်း

မြန်မာပြည်ပေါက်နွားမျိုးများသည် နိုင်ငံတကာအသားဈေးကွက်တွင် အခြားမျိုးများနှင့် မယှဉ်နိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီး ကျွဲနွားကုန်သွယ်ရေးအသင်း အတွင်းရေးမှူးဖြစ်သည့် ဒေါက်တာမိုးမြင့်ကပြောသည်။

မြန်မာနိုင်ငံရှိ စားသုံးသူများသည် ပြည်တွင်းဖြစ်မျိုးများက နိုင်ငံခြားမျိုးများထက် ပိုမိုအရသာရှိသည်ဟု ယူဆနိုင်သော်လည်း နိုင်ငံခြားမျိုးများသည် အချိန်တိုအတွင်း အသားတိုးနှုန်းပိုမြန်ပြီး ရောင်းချရာတွင်လည်း ဈေးကောင်းပိုရကြောင်း သူက Frontier ကိုရှင်းပြသည်။ မြန်မာနိုင်ငံတွင် အမဲသားဆိုင်ရာ ထုတ်ကုန်များ အရည်အသွေးကို ပိုမိုတိုးမြှင့်ရန်လိုအပ်ကြောင်း ဒေါက်တာမိုးမြင့်ကပြောသည်။

ဆီသွပ်အမဲသားနှင့် အမဲသားခြောက်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီထုတ်လုပ်ပြီး တရုတ်ရှိ စားသုံးသူများ၏အကြိုက်နှင့်အညီ ထုတ်လုပ်နိုင်မည်ဆိုပါက ဝင်ငွေပိုတိုးမည်ဖြစ်ကြောင်း သူကပြောဆိုခဲ့သည်။ အစိုးရက မွေးမြူရေးသမားများအား ပိုမိုအားပေးကူညီမှုသင့်ပြီး စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများကို မွေးမြူရေးသမားများ လုပ်ရကိုင်ရ ပိုမိုလွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်ပေးသင့်ကြောင်း သူကဆက်လက်ပြောပြသ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.