အင်န်အယ်လ်ဒီအစိုးရ ဘာတွေတိုးတက်ပြီး ဘာတွေမအောင်မမြင်ဖြစ်နေသလဲ

အင်န်အယ်လ်ဒီအစိုးရရဲ့သက်တမ်းဝက်ကျော်ကာလမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေးကဏ္ဍတွေမှာ အောင်မြင်မှုမရဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပိုင်းမှာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအနိုင်ရခဲ့တာ ၃ နှစ် ပြည့်ခဲ့ပြီးပါပြီ။ အစိုးရဖွဲ့ပြီး တိုင်းပြည်အုပ်ချုပ်တာလည်း ၂ နှစ်ခွဲ၊ သက်တမ်းတစ်ဝက် ကျော်ခဲ့ပါပြီ။

အင်န်အယ်လ်ဒီအစိုးရ အုပ်ချုပ်ခဲ့တဲ့ သက်တမ်းဝက်ကျော် ကာလအတွင်း မဲဆွယ်စဉ်က သူတို့ကတိပေးခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေး စတာတွေမှာ ဘယ်ဘက်တွေမှာ တိုးတက်နေပြီး ဘယ်ဘက်တွေမှာတော့ မအောင်မြင်ဘူးလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အင်န်အယ်လ်ဒီအစိုးရရဲ့ တိုးတက်မှုတွေနဲ့ အောင်မြင်မှုမရတဲ့ကိစ္စတွေအကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။

အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးကတည်းက ဒီနေ့အချိန်ထိ ဒေါ်အောင်ဆန်းစုကြည် အဓိက ဦးစားအပေးဆုံးကိစ္စဟာ ပြည်တွင်းငြိမ်းချမ်းရေးပါ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမရှိတာ ပြည်တွင်းငြိမ်းချမ်းရေး မရှိလို့ဆိုပြီး သူက သုံးသပ်ပါတယ်။ ဒါကြောင့် စီးပွားရေးနဲ့ပတ်သက်တဲ့ မူဝါဒချမှတ်ရာမှာတောင် “ငြိမ်းချမ်းရေးကို အထောက်အကူပြုသော စီးပွားရေး” ဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အရင်သမ္မတ ဦးသိန်းစိန်အစိုးရ အကောင်အထည်ဖော်ခဲ့တဲ့ NCA အပစ်ရပ်စာချုပ်နဲ့ ငြိမ်းချမ်းရေးညီလာခံ လုပ်ငန်းစဉ်တွေကို အင်န်အယ်လ်ဒီက အမွေဆက်ခံရရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NCA လက်မှတ်မထိုးခင်အချိန်က သိပ်နှစ်သက်ဟန် မပြခဲ့ပေမဲ့ နောက်ပိုင်း NCA လမ်းကြောင်းကိုပဲ တစိုက်မတ်မတ်လိုက်ပြီး ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံတွေနဲ့ ငြိမ်းချမ်းရေးကို ဆက်သွားနေပါတယ်။

ဒါပေမဲ့ ကံမကောင်း အကြောင်းမလှဘူးလို့ပဲ ပြောရမလား။ NCA စာချုပ်ထဲကို မွန်ပြည်သစ်ပါတီနဲ့ လားဟူအဖွဲ့ ပါဝင်လက်မှတ်ထိုးလာတာကလွဲရင် ကျန်တဲ့ကိစ္စတွေ သိပ်ပြီးအဆင်မပြေ၊ အောင်မြင်မှုမရပါဘူး။ အင်အားကြီးတဲ့ ဝ၊ ကချင်နဲ့ မိုင်းလားလိုအဖွဲ့မျိုး NCA လမ်းကြောင်းထဲ ရောက်မလာသေးပါဘူး။ ဒါတင်မက အောက်တိုဘာ ၁၅ ရက် နေပြည်တော်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းချွေအပြီး ကေအင်န်ယူ ကရင်လက်နက်ကိုင်အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ အစည်းအဝေးတွေမှာ တရားဝင်ပါဝင်နေတာကနေ ယာယီအားဖြင့် ရပ်ဆိုင်းလိုက်တာ တွေ့ရပါတယ်။

NCA ထဲက အင်အားလည်းကြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ ပါဝင်နေတဲ့ ကေအင်န်ယူလိုအဖွဲ့က လုပ်ငန်းစဉ်ထဲကနေ ယာယီပဲဖြစ်စေ ဘေးကိုထွက်လိုက်တာဟာ အစိုးရက အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကြီးအကျယ် ထိခိုက်စေပါတယ်။ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာလည်း မသေချာ မရေရာမှုတွေ ဖြစ်ပေါ်စေပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ နောက်တစ်ကြိမ် ကျင်းပနိုင်ရေးကိုလည်း နှောင့်နှေးစေပါတယ်။

ပြောရရင် ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းထားတဲ့ ၂၀၂၀ လောက်ရောက်ရင် ၂၁ ရာစု ပင်လုံညီလာခံတွေကနေတဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့် တစ်ခု အောင်မြင်ပြီးမြောက်ဖို့ဆိုတဲ့ ရည်မှန်းချက်ကိုလည်း ထိခိုက်နိုင်ဖွယ် ရှိနေပါတယ်။ သုံးသပ်ရရင် အင်န်အယ်လ်ဒီ အစိုးရဟာ သူတို့ အကြီးအကျယ် မျှော်မှန်းထားတဲ့၊ အားကြိုးမာန်တက် လုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မှု ရမနေပါဘူး။

အခုနောက်ပိုင်း နိုင်ငံရေးသမားတချို့နဲ့ ပြည်သူတချို့ အင်န်အယ်လ်ဒီက အကောင်အထည်ဖော်မယ်ဆိုတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဘယ်နားရောက်နေသလဲဆိုတာကို မေးမြန်းလာကြပါတယ်။ အင်န်အယ်လ်ဒီဟာ အာဏာရလာရင် ဖွဲ့စည်းပုံကို ပြင်နိုင်အောင်ကြိုးစားမယ်၊ အဲသလိုကြိုးစားတဲ့အခါ ပြည်သူတွေ ထိခိုက်နစ်နာအောင် လုပ်တဲ့နည်းကို မသုံးဘူး၊ ဥပမာအားဖြင့် လူထုဆန္ဒပြပွဲနည်းလမ်းတွေ မသုံးဘူးလို့ ဆိုထားပါတယ်။

နောက်ပိုင်းသိရတာက အင်န်အယ်လ်ဒီဟာ ဖွဲ့စည်းပုံပြင်ရေး တပ်မတော်ဘက်နဲ့ လျှို့ဝှက်ညှိနှိုင်းမှုရှိခဲ့တယ် ဆိုတာပါပဲ။ ဘယ်သူတွေနဲ့ ညှိနှိုင်းတယ်၊ အင်န်အယ်လ်ဒီဘက်က ဖွဲ့စည်းပုံရဲ့ဘယ်အပိုင်းကို ဦးစားပေးပြင်ဆင်ဖို့ အဆိုပြုတယ်၊ အဲဒါကို တပ်မတော်ဘက်က ဘယ်လိုတုန့်ပြန်တယ် စသဖြင့် ဘာတစ်ခုမှ ထုတ်ပြောတာ မရှိလေတော့ ပြည်သူတွေလည်း ဘာမှမသိကြရပါဘူး။

အင်န်အယ်လ်ဒီပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ မှာ ငြိမ်းချမ်းရေးကို ပြည်သူ့လက် အပ်မယ်လို့ပြောထားတယ်၊ ငြိမ်းချမ်းရေးအပ်နိုင်ပြီဆို ၂၀၀၈ ဖွဲ့စည်းပုံပြင်တာလည်း တခါတည်းပါလာမှာပေါ့ဆိုပြီး အလွယ်ပြောခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီရဲ့ ဖွဲ့စည်းပုံပြင်ရေး ဆိုတာဟာ တပ်မတော်ခေါင်းဆောင်တွေဘက်ကို ကမ်းလှမ်းညှိနှိုင်းတဲ့အဆင့်လောက်ပဲ ရှိနေနိုင်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အောင်မြင်မှုတော့ ရနေပုံမတွေ့ရပါဘူး။

အင်န်အယ်လ်ဒီအစိုးရ အဝေဖန်ခံရတဲ့ကိစ္စတွေမှာ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိစ္စလည်း ပါပါတယ်။ အင်န်အယ်လ်ဒီဘက်ကတော့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေကို အကြီးအကျယ်ပြင်ဆင်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာအောင်ကြိုးစားပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သိန်းနဲ့ချီတဲ့ မူဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတဲ့ကိစ္စကြီးပေါ်ပေါက်လာပြီးတဲ့နောက် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ရေးအပေါ် သက်ရောက်မှုဖြစ်စေခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း အစိုးရဟာ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးရေးလိုကိစ္စမျိုးကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်မပေးနိုင်တဲ့အတွက် သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ပြီး ကြုံရာကျပန်း အလုပ်လုပ်နေရတဲ့ အခြေအနေကနေလည်း တိုးတက်မလာသေးပါဘူး။ ပြည်တွင်းမှာလည်း တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အောက်ခြေလူတန်းစားက ခံစားရတဲ့အနေအထားအထိ ရောက်မလာသေးပါဘူး။

တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ One belt one road စီမံကိန်းကြီးရှိပေမဲ့ မြန်မာဘက်က အကျိုးအမြတ်ရပါ့မလား၊ အလုပ်အကိုင် အခွင့်အလမ်းတွေကိုရော တရုတ်တွေပဲ ပြန်ယူသွားမလားစတဲ့ စိုးရိမ်စိတ်တွေနဲ့ မဝံ့မရဲ ဖြစ်နေရဆဲ အခြေအနေပါ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီ အာဏာရလာရင် အရင်စစ်အစိုးရ၊ စစ်တပ်နောက်ခံ အစိုးရတွေနဲ့မတူ အနောက်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှု၊ ရင်းနှီးမှုရှိပြီးဖြစ်လို့ စီးပွားရေးဘက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ်ဝင်လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး၊ စီးပွားဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်စေမယ်ဆိုတဲ့ ထင်မြင်ယူဆချက် အကောင်အထည်ပေါ်မလာခဲ့ပါဘူး။ တနည်းဆိုရရင် အင်န်အယ်လ်ဒီအစိုးရဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာလည်း ထိထိရောက်ရောက် အောင်မြင်အောင် မစွမ်းဆောင်နိုင်သေးပါဘူး။

သေချာတာကတော့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြည်သူတွေဟာ အကြောက်တရားအောက် နေခဲ့ရတဲ့အခြေအနေကနေ တဖြည်းဖြည်း လွတ်မြောက်စပြုလာနေပြီး ပိုပြီးရဲတင်း၊ ပိုပြီးလွတ်လပ်၊ ပိုပြီးပြောရဲဆိုရဲ ဖြစ်လာတာတွေကိုတော့ တွေ့မြင်လာရပါတယ်။ တိုင်းပြည်ကို ချွတ်ခြုံကျစေတဲ့ အဂတိလိုက်စားမှု ထိပ်ဆုံးကနေ အောက်ခြေအထိ အမြစ်တွယ်နေတဲ့အခြေအနေကနေ ရုန်းထွက်ဖို့ ကြိုးစားလာနိုင်ခြင်းပါပဲ။ အဂတိလိုက်စားမှုဟာ လုပ်ရိုးလုပ်စဉ်၊ ဖြစ်ရိုးဖြစ်စဉ် ပုံမှန်လိုလိုလုပ်နေကြတဲ့ အနေအထားကနေ ခိုးကြောင်ခိုးဝှက်လုပ်ရတာ၊ အဂတိလိုက်စားမှုကို တကယ်ပဲအရေးယူမယ်လို့ ထင်မြင်လာစေတာ စတာတွေကတော့ တိုးတက်လာမှုပါပဲ။

အင်န်အယ်လ်ဒီလက်ထက် အဓိကတိုးတက်မှုကတော့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာပါ။ အထူးသဖြင့် အတန်းအောင်၊ ဘွဲ့ရပညာမတတ်တွေပဲ မွေးထုတ်ခဲ့တဲ့ ပညာရေးစနစ်ဆိုးကနေ လမ်းခွဲဖို့ ကြိုးစားနေပြီး၊ ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသား မျိုးဆက်တွေကို ကံကောင်းခြင်းတွေနဲ့အတူ ပညာရေးစနစ်သစ် တစ်ခု ဆောင်ယူပေးနေတာ တွေ့ကြရပါတယ်။

တကယ်တော့ သက်တမ်း တစ်ဝက်ကျော်ပြီဖြစ်တဲ့ အင်န်အယ်လ်ဒီအစိုးရလက်ထက် တိုးတက်မှု၊ မအောင်မြင်မှုတွေကို ဆောင်းပါးတစ်ပုဒ်တည်းနဲ့ ပြည့်ပြည့်စုံစုံဖော်ပြလို့ မရနိုင်ပါဘူး။ သေချာတာ တစ်ခုကတော့ ပြည်သူတွေဟာ အကြောက်တရားနဲ့ အမှောင်တွေဖုံးလွှမ်းနေတဲ့၊ စစ်ပွဲ၊ ပိတ်ဆို့မှုနဲ့ ဆင်းရဲမွဲတွေမှုတွေပဲရခဲ့တဲ့ အရင်စစ်အာဏာရှင် ခေတ်ဟောင်းကိုတော့ ပြန်မသွားချင်ကြတော့ပါဘူး။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.