ကိုဗစ်-၁၉ကာကွယ်ရေးအတွက် မာ့စ်ခ်များတပ်ဆင်၍ မဲပေးရန် တန်းစီစောင့်ဆိုင်းနေသော မရမ်းကုန်းမြို့နယ်က မဲဆန္ဒရှင်များကို ရွေးကောက်ပွဲနေ့ နိုဝင်ဘာ၈ရက်တွင် မြင်တွေ့ခဲ့ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

အင်န်အယ်လ်ဒီရဲ့ အမာခံနယ်မြေဖြစ်နေဆဲ မရမ်းကုန်း

နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီသည် မရမ်းကုန်းမြို့နယ်တွင် အလွယ်တကူအနိုင်ရရှိခဲ့ပြီး ယင်းမဲဆန္ဒနယ်သည် အာဏာရပါတီ၏ အမာခံနယ်မြေအဖြစ် ဆက်လက်တည်ရှိနေသည်။

ဖရွန်းတီးယားမြန်မာက ၂၀၂၀ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ရဲမွန် ရေးသားသည်။

နိုဝင်ဘာ၈ရက် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ)က မရမ်းကုန်းမြို့နယ်အပါအဝင် တစ်နိုင်ငံလုံးမှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့အပေါ် မနွယ်နွယ်ဝင်းတစ်ယောက် ကျေနပ်အားရနေပါတယ်။

“ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မရမ်းကုန်းမှာ အန်အယ်လ်ဒီပဲနိုင်မယ်ဆိုတာ ယုံကြည်ခဲ့ပြီးသားပါ”လို့ သူကပြောပါတယ်။​ 

မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်မှာနေထိုင်တဲ့ မနွယ်နွယ်ဟာ အသက်၂၂နှစ်ရှိပြီဖြစ်ပြီး နိုဝင်ဘာ၈ရက်က ကျင်းပခဲ့တဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရခဲ့သူဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲ့ အကြီးဆုံးမြို့နယ်တွေအနက် တစ်ခုဖြစ်ပြီး လူဦးရေ နှစ်သိန်းကျော်နေထိုင်တဲ့ မရမ်းကုန်းမြို့နယ်မှာ အင်န်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှစ်နေရာနဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၁)တို့မှာပါ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် အင်န်အယ်လ်ဒီပါတီဟာ ပြည်ထောင်စုလွှတ်တော်မဲဆန္ဒနယ် စုစုပေါင်းရဲ့ ၈၀ရာခိုင်နှုန်းကျော်မှာ အနိုင်ရရှိခဲ့ပါတယ်။

မရမ်းကုန်းမြို့နယ်ပြမြေပုံကို Thibi အဖွဲ့က ရေးဆွဲသည်။

မရမ်းကုန်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ အနိုင်ရရှိခဲ့သူကတော့ အင်န်အယ်လ်ဒီပါတီရဲ့ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာမေဝင်းမြင့်ပဲဖြစ်ပါတယ်။ သူဟာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးမင်းသိန်း၊ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်တို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၀,၀၀၀ကျော်ရှိတဲ့အနက် ၈၀ရာခိုင်နှုန်းကျော်ရဲ့ ဆန္ဒမဲတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒါ့ပြင် အင်န်အယ်လ်ဒီပါတီဟာ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၁)မှာ ဆန္ဒမဲ ၉၀ရာခိုင်နှုန်း၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)မှာ ၇၆ရာခိုင်နှုန်း အသီးသီးနဲ့ ပြိုင်ဘက်ပါတီတွေကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံ့စီးပွားရေးအတွက် အဓိကမောင်းနှင်အားလို့ ပြောနိုင်တဲ့ ရန်ကုန်​၊ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ မနွယ်နွယ်ဝင်းကတော့ အင်န်အယ်လ်ဒီအစိုးရဟာ ဒုတိယသက်တမ်းမှာ လူငယ်တွေအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးသင့်တယ်လို့ ဆိုပါတယ်။ သူက အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

“လူငယ်အများစုက အလုပ်ရဖို့ခက်ခဲနေကြတဲ့အတွက် အန်အယ်လ်ဒီအနေနဲ့ လာမဲ့ငါးနှစ်တာကာလမှာ ဒီအကြောင်းအရာကို ဖြေရှင်းဖို့လိုအပ်ပါတယ်။ လူငယ်တွေ ဘဝမှာဆက်လက် ရပ်တည်နိုင်ဖို့အတွက် အလုပ်တွေလိုအပ်ပါတယ်”လို့ သူက ပြောပါတယ်။

၂၀၂၀ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်မဲပေးသူ မဲဆန္ဒရှင်တစ်ဦးဖြစ်သည့် မနွယ်နွယ်ဝင်းက ဖရွန်းတီးယားမြန်မာကို ဩဂုတ် ၂၃ရက်က လက်ခံတွေ့ဆုံ စကားပြောခဲ့သည်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်က ကားအငှားဝန်ဆောင်မှုလုပ်ငန်းရှင် ကိုကြည်ဝေလင်းကလည်း အစိုးရအနေနဲ့ စီးပွားရေးတိုးတက်အောင် လုပ်သင့်ပြီး လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးဖို့လိုအပ်ကြောင်း ဆိုပါတယ်။ ဒီဆန္ဒတွေ အကောင်အထည်ဖော်ပေးမဲ့ အင်န်အယ်လ်ဒီပါတီကို မဲပေးဖို့ ရွေးကောက်ပွဲနေ့မှာ မဲရုံရှေ့ အချိန်နှစ်နာရီကြာအောင် ရပ်စောင့်ခဲ့ရတယ်လို့လည်း သူကဆိုပါတယ်။

“အလုပ်အကိုင်အခွင့်အလမ်းတွေများမယ်ဆိုရင် လူတွေရဲ့ဘဝတိုးတက်လာမှာ”လို့ သူက ဆိုပါတယ်။

ပထမသက်တမ်းငါးနှစ်အတွင်း အာဏာရပါတီရဲ့ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ယခင်ပြည်ခိုင်ဖြိုးအစိုးရထက် ပိုပြီးတိုးတက်လာတယ်လို့ ကိုကြည်ဝေလင်းက ဆိုပါတယ်။

မိုးရာသီမှာ မရမ်းကုန်းမြို့နယ်အတွင်း ရေကြီးတဲ့ပြဿနာက ဆက်ရှိနေပေမဲ့ အင်န်အယ်လ်ဒီအစိုးရက ဒီပြဿနာကို ဒုတိယသက်တမ်းအတွင်း ဖြေရှင်းပေးလိမ့်မယ်လို့ သူကယုံကြည်နေပါတယ်။​

“အခုလူတွေက အလုပ်လုပ်တဲ့အခါမှာ စေတနာပါကြတယ်။ တစ်ခုခုလုပ်တိုင်း စေတနာထည့်ပြီး လုပ်ကြတယ်”လို့ သူကဆက်ပြောပါတယ်။

မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ကားအငှားဝန်ဆောင်မှုလုပ်ငန်းရှင် ဦးကြည်ဝေလင်းက ဖရွန်းတီးယားမြန်မာကို ဩဂုတ်၂၃ရက်က လက်ခံတွေ့ဆုံ၍ မေးမြန်းသည်များကို ဖြေကြားခဲ့သည်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

မရမ်းကုန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်ဟာ အင်န်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်အစိုးရက အသိအမှတ်မပြုတဲ့ ၁၉၉၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူလည်းဖြစ်ပါတယ်။ 

သူဟာ အင်န်အယ်လ်ဒီပါတီ ဝင်မပြိုင်ခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲကလွဲပြီး ကျန်တဲ့ ၁၉၉၀၊ ၂၀၁၅နဲ့ ၂၀၂၀ရွေးကောက်ပွဲတွေနဲ့ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွေ အားလုံးမှာ မရမ်းကုန်းမြို့နယ်ကပဲ​အနိုင်ရရှိခဲ့တာကြောင့် မရမ်းကုန်းရဲ့ သက်တမ်းအရှည်ဆုံး လွှတ်တော်ကိုယ်စားလှယ်လို့တောင် ပြောလို့ရပါတယ်။

ရွေးကောက်ပွဲလေးခုတိုင်တိုင် မရမ်းကုန်းရဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို အနိုင်ယူထားတဲ့အပေါ် ဒေါ်မေဝင်းမြင့်ကို ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းဖို့ကြိုးပမ်းခဲ့ပေမဲ့ သူကလက်ခံဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမဲ့ မဲပေးခဲ့တဲ့ပြည်သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ပြည်သူတွေအတွက် တာဝန်ကျေပြွန် သွားမယ်လို့ ရွေးကောက်ပွဲအပြီး လူမှုကွန်ရက်စာမျက်နှာမှာ သူက ရေးသားခဲ့ပါတယ်။ 

ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ မရမ်းကုန်းမြို့နယ်ဟာ လူအများစိတ်ဝင်စားမှုခံခဲ့ရတဲ့ မဲဆန္ဒနယ်တွေထဲက တစ်ခုဆိုရင် မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အင်န်အယ်လ်ဒီပါတီဝင်ဟောင်းနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဟာ မရမ်းကုန်းပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့လို့ဖြစ်ပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ဒေါ်မေဝင်းမြင့်ကို ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းနောက် ဆန္ဒမဲစုစုပေါင်းရဲ့ ၇ရာခိုင်နှုန်းသာ ရရှိခဲ့တာဖြစ်ပါတယ်။

မရမ်းကုန်းမြို့နယ်တွင် ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများ ရရှိခဲ့သော မဲရလဒ်များကို နှိုင်းယှဉ်ပြသထားသည့် ရုပ်ပုံကားချပ်။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်များကို အခြေခံ၍ Thibi အဖွဲ့က ဖန်တီးထားသည်။)

ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ ဒေါ်သက်သက်ခိုင်ကတော့ အင်န်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်မှုအပေါ်ဂုဏ်ပြုကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်ကိုလက်ခံကြောင်း ဖရွန်းတီးယားမြန်မာကို နိုဝင်ဘာ၁၁ရက်က ပြောပါတယ်။

ဒါပေမဲ့ ဒီနှစ်ရွေးကောက်ပွဲဟာ ယခင်ရွေးကောက်ပွဲတွေထက် လွတ်လပ်ပြီးတရားမျှတမှု ရှိ၊ မရှိအပေါ် စိတ်ပူကြောင်း ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေဟာ မဲလက်မှတ်ရိုက်နှိပ်တဲ့လုပ်ငန်းစဥ်ကို စောင့်ကြည့်လေ့လာခွင့်မရတဲ့အတွက် မဲလက်မှတ်အရေအတွက်ကိုတိတိကျကျမသိခဲ့ကြရဘူးလို့လည်း ဒေါ်သက်သက်ခိုင်က ပြောပါတယ်။ ဒါ့ပြင် နိုင်ငံရေးပါတီတွေအနေနဲ့ ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် မဲဆန္ဒရှင်စာရင်းတွေကို အသေအချာစစ်ဆေးခွင့်မရခဲ့ကြဘူးလို့ သူကဆိုပါတယ်။

“အသက်၆၀နဲ့အထက် မဲပေးဖို့လုပ်တုန်းကလည်း တချို့နေရာတွေမှာ လျှို့ဝှက်စွာမဲမပေးနိုင်တာတွေကိုလည်း ကျွန်မတို့ကြားရပါတယ်”လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်ရှိတာကြောင့် အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသက်၆၀နဲ့အထက် မဲဆန္ဒရှင်တွေကို နေအိမ်ကနေ ကြိုတင်မဲပေးခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီကြိုတင်မဲတွေကို ကော်မရှင်အဖွဲ့ခွဲနဲ့ မဲရုံတာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှုအောက်မှာ မဲပေးခဲ့ရတာဖြစ်ပြီး တချို့ဒေသတွေမှာ လွတ်လွတ်လပ်လပ် မဲပေးခွင့်မရတာကို သူကဆိုလိုတာဖြစ်ပါတယ်။

နိုင်ငံတကာစောင့်ကြည့်လေ့လာသူအဖွဲ့တချို့က မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေတွေရဲ့ အားနည်းချက်တွေနဲ့ လူမျိုးစုတချို့ကို မဲပေးခွင့်မရအောင် ခွဲခြားဆက်ဆံတဲ့ဖြစ်စဉ်တွေကို ထောက်ပြခဲ့တာမျိုးရှိပါတယ်။ ဒီလိုထောက်ပြတာကလွဲလို့ နိုဝင်ဘာ၈ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ သန့်ရှင်းတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူအများစုက အသိအမှတ်ပြုကြပါတယ်။

အင်န်အယ်လ်ဒီပါတီဟာ အများပြည်သူအကြားမှာ ရှိပြီးသားဖြစ်တဲ့ ပါတီပုံရိပ်ကြောင့် အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ ယုံကြည်ကြောင်း ဒေါ်သက်သက်ခိုင်ကဆိုပါတယ်။ ဒါ့ပြင် နေအိမ်တွင်သာ နေထိုင်စေရေးအမိန့်မှာ အကျုံးဝင်တဲ့မြို့နယ်တွေမှာ သူတို့လို ပါတီငယ်တွေဟာ ပြည်သူတွေကို မဲဆွယ်စည်းရုံးဖို့ ရုန်းကန်ခဲ့ရကြောင်း သူကဆိုပါတယ်။ 

နိုဝင်ဘာ၈ရက်က မရမ်းကုန်းမြို့နယ်အတွင်းရှိ မဲရုံတစ်ခုတွင် မဲလာပေးသူများကို မဲရုံဝန်ထမ်းတစ်ဦးက ရေမလိုလက်သန့်ဆေးရည်များ ဝေငှေနေစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

စက်တင်ဘာကတည်းက ကိုဗစ်-၁၉ပိုးတွေ့လူနာ အများအပြားတွေ့ရှိလာတာကြောင့် အစိုးရက ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်ကလွဲလို့ ကျန်တဲ့နေရာတွေအားလုံးမှာ နေအိမ်တွင်သာနေထိုင်စေရေး အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်သက်ရောက်တဲ့ မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးခွင့်မရှိတဲ့အတွက် နိုင်ငံရေးပါတီတော်တော်များများ ရွေးကောက်ပွဲအကြိုကာလမှာ ရုန်းကန်ခဲ့ရပါတယ်။

ဒါ့ပြင် ရွေးကောက်ပွဲနေ့မှာ မရမ်းကုန်းမြို့နယ်အတွင်းက အင်းယားကိုဗစ်ကုသရေးစင်တာက လူနာ၂၈၀ကျော် မဲပေးခွင့်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။ အကြောင်းအရင်းကတော့ သူတို့ကြိုတင်မဲပေးဖို့အတွက် ဆန္ဒမဲလက်မှတ်တွေ အချိန်မီရောက်မလာတာကြောင့် ဖြစ်ပါတယ်။

အဲဒီလို ကိုဗစ်စင်တာနဲ့ ဆေးရုံဆေးခန်းတွေမှာ ရောက်နေတဲ့ပြည်သူအချို့ မဲပေးခွင့်မရခဲ့တဲ့အပေါ်တောင်းပန်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတစ်ခုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဆေးရုံနဲ့ ကွာရန်တင်းစင်တာတွေက ပြည်သူတွေ အချိန်မီမဲပေးနိုင်ဖို့ အစိုးရက မဆောင်ရွက်ပေးနိုင်ခဲ့ဘူးလို့လည်း သူက ဝန်ခံခဲ့ပါတယ်။

အင်းယားကိုဗစ်ကုသရေးစင်တာမှာ မြို့နယ်ပေါင်းစုံကလူနာတွေ ရောက်ရှိနေတာကြောင့် သူတို့ကြိုတင်မဲပေးနိုင်ဖို့ သူတို့ရဲ့မူလမဲဆန္ဒနယ်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆန္ဒမဲလက်မှတ်တွေ အချိန်မီမရောက်ရှိခဲ့ဘူးလို့ မရမ်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးကျော်ကျော်ဝင်းက ဆိုပါတယ်။

“ကျွန်တော်ကိုယ်တိုင် တချို့ကော်မရှင်အဖွဲ့ခွဲတွေဆီမှာ မဲလက်မှတ်ကိုထိုင်စောင့်ပြီး သွားယူခဲ့ရတာတွေရှိတယ်”လို့ သူကပြောပါတယ်။

နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ်ရှိ မဲဆန္ဒရှင်များ မဲပေးမှုရာခိုင်နှုန်း။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်အချက်အလက်များကို ကိုးကား၍ Thibi အဖွဲ့ ရုပ်ပုံကားချပ် ရေးဆွဲသည်။)

ရွေးကောက်ပွဲနေ့မှာ ဘာပြဿနာမှ ကြီးကြီးကျယ်ကျယ်မရှိခဲ့ပေမဲ့ မဲရှုံးခဲ့တဲ့ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းထိုက်ကတော့ ရွေးကောက်ပွဲက တရားမျှတမှုမရှိဘူးလို့ဆိုပြီး မဲရလဒ်ကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ မဲရလဒ်တွေကို အတည်ပြုတဲ့ ပုံစံ-၁၉မှာ လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ပေမဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကတော့ လုပ်ငန်းစဉ်အတိုင်း အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းတွေကို အနိုင်ရသူတွေအဖြစ် အသိအမှတ်ပြု ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲအလွန်ကာလတွေမှာ အလားတူ အရှုံးရလဒ်ကို လက်မခံနိုင်တာကြောင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းတွေက ပုံစံ-၁၉လက်မှတ်မထိုးပေးတဲ့ ဖြစ်စဉ်အတော်များများ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့ပြင် ပြည်ခိုင်ဖြိုးပါတီဝင်တွေက အင်န်အယ်လ်ဒီအစိုးရဟာ ရွေးကောက်ပွဲမှာသူအသာရအောင် စီမံခဲ့ကြောင်းစွပ်စွဲထားပြီး တပ်မတော်အကူအညီနဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ ဒီတောင်းဆိုချက်ကို တုံ့ပြန်ခြင်းလည်း မပြုသလို၊ လိုက်လျောခြင်းလည်း မရှိခဲ့ပါဘူး။

ဦးကျော်ကျော်ဝင်းကတော့ ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စိတ်မပူကြောင်းဆိုပါတယ်။ ဒါ့ပြင် ဒီလိုကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်ရိုက်တင်ပြသင့်ကြောင်းလည်း သူကပြောပါတယ်။ သူတို့လိုကော်မရှင်အဖွဲ့ခွဲတွေဟာ ဘယ်ပါတီကိုမှဘက်လိုက်မှုမရှိဘဲ ရွေးကောက်ပွဲကို စီမံခန့်ခွဲခဲ့တာဖြစ်တယ်လို့လည်း ဦးကျော်ကျော်ဝင်းက ကာကွယ်ပြောဆိုသွားပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.