အင်တာနက်အမှောင်ချမှုအောက်က လမ်းဟောင်းပြန်လျှောက်ရသူများ

ရခိုင်ပြည်နယ် မြို့နယ်အချို့အား အင်တာနက်ရပ်ဆိုင်းထားလိုက်သောကြောင့် ရခိုင်မှသတင်းပို့မှုများ ရပ်မသွားခဲ့သော်လည်း သာမန်အရပ်သားများ၏ လူမှုကိစ္စများတွင် အတော်ပင်ထိခိုက်လျက်ရှိသည်။

စာသားနှင့်ဓာတ်ပုံ – ကျော်လင်းထွန်း

ရခိုင်ပြည်နယ် မြို့နယ် ရှစ်မြို့နယ်နှင့် ချင်းပြည်နယ် တစ်မြို့နယ်တွင် လွန်ခဲ့သော လေးလကျော်ကတည်းကပင် အစိုးရက ကြိုတင်သတိမပေးဘဲ တခါမှမကြုံစဖူး အင်တာနက် ဖြတ်တောက်ခဲ့ရာ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများမှာ အဆက်အသွယ်ပြတ်တောက်မှုများ ကြုံတွေ့နေကြရသည်။

မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ လေးခုစလုံးက ဇွန်လ ၂၁ ရက်မှစ၍ (ဖုန်းစကားပြောဆိုမှုနှင့် သတင်းတိုပေးပို့ခြင်း phone calls and SMS text message မပါဘဲ) data Services ပေးပို့မှုကို အင်တာနက်အမှောင်ချလိုက်ရာ သတင်းအဖွဲ့အစည်းများမှာ လုပ်ရကိုင်ရခက်ပြီး အကြပ်ရိုက်သွားခဲ့သည်။ ထိုအထဲတွင် လူအများလေးစားခြင်းခံရသည့် လွတ်လပ်သော Development Media Group, DMG လည်းပါသည်။

DMG သည် ယခင်က ပုံနှိပ်ဂျာနယ်ထုတ်ဝေခဲ့ပြီး ယခုအခါ ဝက်ဘ်ဆိုက်ထောင်ထားသည်။ ပြည်နယ်မြို့တော် စစ်တွေတွင်အခြေစိုက်ကာ ရခိုင်မှနောက်ဆုံးသတင်းများကို ဦးစားပေးတင်နေသော DMG သည် ယခုအခါ သတင်းပို့ရန် ရှေးဟောင်းနည်းကိုပင် အသုံးပြုနေရသည်။

အရေးပေါ်အခြေအနေမျိုးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဖြတ်တောက်နိုင်သော ၂၀၁၃ ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် အမိန့်ထုတ်ကာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၃၁ ရက်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို ချန်လှပ်၍ ကျန်မြို့နယ်များကို ပြန်ဖွင့်ပေးခဲ့သည်။ “ဒီဒေသ တည်ငြိမ်အေးချမ်းသွားရင်တော့ အကုန်ပြန်ဖွင့်ပေးမှာပါ” ဟု ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့စာတိုက်နှင့် ကြိုးမဲ့ကြေးနန်းဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ဇူလိုင်လတွင်းက Frontier ကို ပြောသည်။

ထိုသို့ဖြတ်တောက်မှုကြောင့် DMG အဖို့ ရခိုင်တလွှားဖြစ်ပွားနေသော တိုက်ပွဲများသတင်းကို အလျင်အမြန်ပေးပို့နိုင်စွမ်း မရှိတော့ပေ။  အေအေနှင့် တပ်မတော်အကြား တိုက်ပွဲများကြောင့် မြို့နယ် ကိုးမြို့နယ်တွင် အချက်အလက် Data အမှောင်ချရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။

အင်တာနက်ဖြတ်တောက်ထားသော မြို့နယ်များအတွင်းလုပ်ကိုင်နေကြသော DMG သတင်းထောက်များသည် သူတို့ရရှိထားသော တစ်နေ့တာ သတင်းနှင့်ဓာတ်ပုံများကို ကြံရည်ဖန်ရည်သုံးလျက် စီဒီများတွင်ထည့်ကာ နောက်တနေ့ နံနက်စောစော စစ်တွေသို့ထွက်မည့် ဘတ်စ်ကားဖြင့် DMG သတင်းခန်းသို့အရောက် ပို့ပေးလိုက်ကြသည်။ စစ်တွေမှာတော့ အင်တာနက်က မပြတ်မတောက် ဆက်လက်ရရှိနေရာ ထိုသတင်းများကို တည်းဖြတ်ပြီး လိုင်းပေါ်တင်ပေးကြသည်။

အသက် ၂၀ ကျော်သာ ရှိကြသေးသော DMG သတင်းထောက်လေးများအဖို့ သူတို့သတင်းထောက်သက်တမ်းအတွင်း အချိန်နှင့်တပြေးညီ တိုက်ရိုက်လွှင့်ထုတ်ပေးပို့လာခဲ့သည်ဖြစ်ရာ ယခုလို သတင်းကို ခဲခဲယဉ်းယဉ်းပို့နေရသည်ကို ဘဝင်မကျနိုင်စရာဖြစ်နေပေသည်။

သို့သော် ရခိုင်ပြည်နယ်လွှတ်တော်မှ ထုတ်ဝေသောအပတ်စဉ် ဂျာနယ်အတွက် ရေးသားတည်းဖြတ်ပေးနေခဲ့သော အသက် ၄၆ နှစ်အရွယ် ဦးစံမြတ်ရွှေအတွက်မှာမူ ယင်းနည်းစနစ်နှင့် လုပ်ကိုင်လာရသည်မှာ ရိုးနေပြီဖြစ်သည်။ ၂၀၁၄ မတိုင်ခင် အလွတ်တမ်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့စဉ်ကတည်းက ထိုနည်းကိုပဲ သုံးလာခဲ့ရသည်။

၂၀၁၄ တွင် ကြိုးမဲ့ဆက်သွယ်ရေးကို လွတ်လပ်ခွင့်ဖြေလျှော့ပေးလိုက်ရာ ယခင်က ဒေါ်လာ ရာပေါင်းများစွာပေးနိုင်မှ ကိုင်ရသော ဆင်းမ်ကတ်ကို တစ်ဒေါ်လာလောက်နှင့် ရနိုင်လာသည်။ ထိုအခါ ဆက်သွယ်မှုကွန်ရက် အခြေခံအဆောက်အအုံများလည်း နေရာအနှံ့ဖြန့်ကြက်လာပြီး လူထုတရပ်လုံး အင်တာနက်ကို အသုံးပြုနိုင်လာသည်။

“အဲဒီအချိန်တုန်းက ဒီကနေ့လို မိုဘိုင်းဖုန်းတွေက လူတိုင်းသုံးနိုင်သေးတာ မဟုတ်ဘဲ အင်တာနက်ကွန်ရက်ကလည်း ရှိသေးတာမဟုတ်တော့ အခုအင်တာနက် ပိတ်ထားတဲ့မြို့နယ်တွေက သတင်းထောက်တွေ လုပ်သလိုပဲ လုပ်ကိုင်ခဲ့ကြရတာပါပဲ” ဟု ၎င်းက ပြောပြသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ပြည်နယ်တွင် ဘတ်စ်ကားနှင့်ခရီးသွားရာ၌ စစ်ဆေးသည့်နေရာများတွင် နာရီပေါင်းများစွာ ကြာမြင့်တတ်သည်။ တိုက်ပွဲများက တခါတရံ ရက်ပေါင်းများစွာ ကြာတတ်ပေရာ အင်တာနက်ဖြတ်တောက်ထားသော မြို့နယ်များမှ သတင်းများမှာ စစ်တွေကိုရောက်သောအခါ သတင်းက သိုးသွားပြီး လတ်ဆတ်မှုမရှိတော့ချေ။ ထို့အပြင်လမ်းခရီး၌ ကြားဖြတ်အသိမ်းဆည်းခံရမည့် အခြေအနေကလည်းရှိနေသည်။

“ကြန့်ကြာမှုတွေကြောင့် ကျွန်တော်တို့ သတင်းပို့နိုင်စွမ်း ထိခိုက်တယ်၊ အထူးသဖြင့် တိုက်ပွဲသတင်းတွေပေါ့” ဟု DMG ၏ အယ်ဒီတာ ကိုထွန်းအောင်က ပြောပြသည်။

DMG ၏ သတင်းများကို စစ်တွေသတင်းခန်းတွင် ရေးသားခြင်းဖြစ်သော်လည်း သတင်းလာရာဒေသမှ ဓာတ်ပုံနှင့် ဗီဒီယိုအထောက်အထားများရရှိရေးမှာ များစွာပို၍ခက်ခဲလာသည်။ ပဋိပက္ခဖြစ်ပွားနေရာဒေသမှ တိုက်ရိုက်ပေးပို့နေသော ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် တိုက်ပွဲသတင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုသတင်းများ ယခင်က အွန်လိုင်းတင်နေခဲ့ရာမှ အင်တာနက်ဖြတ်တောက်လိုက်ပြီးနောက်ပိုင်းတွင် ယခင်က စုဆောင်းထားသော ဓာတ်ပုံများ၊ မြို့ရွာဆိုင်းဘုတ်များ၊ ရဲစခန်းပုံများဖြင့်သာ ပူးတွဲဖော်ပြနိုင်တော့သည်။

ယခင်က ဘင်္ဂလားဒေ့ရှ်တွင်နေထိုင်သည့် ရခိုင်ပြည်ပြေးများတည်ထောင်ထားသော ‘နီရဉ္စရာ’ သတင်း Narinjara News သည် ယခုအခါ စစ်တွေအခြေစိုက်ပြီး DMG နှင့်အပြိုင် အွန်လိုင်းမှလွှင့်တင်နေသည်။ ‘နီရဉ္စရာ’မှ သတင်းထောက် ကိုသိန်းဇော်က သူတို့လည်း အခက်အခဲကြုံတွေ့နေရသည်ဟုပြောသည်။

“အင်တာနက်မရှိဘဲ ဝေးကွာလှမ်းတဲ့ ကျေးလက်နယ်သတင်းထောက်တွေနဲ့ ဆက်သွယ်ဖို့ သိပ်ခက်ခဲတယ်။ အဲ့ဒီနယ်က သတင်းတွေပေးဖို့ လိုအပ်နေပေမဲ့ ရှုထောင့်အမျိုးမျိုးက အသေးစိတ်အချက်အလက်တွေ အတည်ပြုဖို့ ခက်ခဲလှတယ်။ ခုတော့ တနေရာတည်းက၊ ရှိတဲ့ရင်းမြစ်ဆီက သတင်းကိုပဲ အားကိုးနေရတယ်” ဟု ပြောသည်။

သတင်းရေးရာတွင် ခိုင်မာသော အထောက်အထားနှင့် ရင်းမြစ်အမျိုးမျိုးထံမှ အထောက်အထားများအပေါ် အခြေခံရန်မှာ DMG ကဲ့သို့သတင်းအဖွဲ့အဖို့ အလွန်အရေးကြီးပါသည်။ DMG မှာ ၎င်းတို့ရေးသော တိုက်ပွဲသတင်းများကြောင့် အာဏာပိုင်တို့ အမျက်ရှခံနေရသည့် သတင်းဌာနလည်းဖြစ်သည်။ အယ်ဒီတာချုပ် ကိုအောင်မင်းဦးမှာ တရားမဝင်အဖွဲ့နှင့် ဆက်သွယ်မှုပုဒ်မ ၁၇(၂) ဖြင့် ရဲသတင်းအထူးတပ်ဖွဲ့မှ တရားစွဲခံထားရသဖြင့် ထွက်ပြေးနေရသူဖြစ်သည်။ အေအေကဲ့သို့ လက်နက်ကိုင်အဖွဲ့ကို အကူအညီပေးသဖြင့် ထောင် ၅ နှစ်အထိ ကျခံနိုင်ရသူဖြစ်သည်။

ပုံနှိပ်မီဒီယာစောင်ရေမှာ လွန်စွာနည်းသည့်အပြင် ထုတ်ဝေမှုများက ကျဆင်းလာမှုကြောင့် DMG နှင့် နီရဉ္စရာ      Narinjara တို့မှာ ယခုနှစ်အတွင်း ၎င်းတို့၏ ပုံနှိပ်ဂျာနယ်များကို ရပ်ဆိုင်းလိုက်ရသည်။   “အင်တာနက်ပိတ်ထားတဲ့ ဧရိယာတွေအတွင်းမှာ နေထိုင်ကြတဲ့သူတွေဟာ အရင်ကလို လူမှုမီဒီယာနဲ့ ဝက်ဘ်ဆိုက်တွေကနေ သတင်းတွေဖတ်လို့မရတော့ပါဘူး” ဟု ဦးမြင့်ကျော်က ပြောသည်။

“သူတို့ရဲ့ နေ့စဉ်ဘဝတွေနဲ့ ဆက်စပ်နေတဲ့ သတင်းတွေကို တောင့်တနေကြပါတယ်။ ဒါက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရေးနဲ့ လုံခြုံရေးတွေကို ထိခိုက်ပါတယ်” ဟု၎င်းကဆိုသည်။

“တာဝန်ရှိအရာရှိနေအနေနဲ့ အင်တာနက်ဖြတ်တောက်ဖို့လိုတယ်ဆို ခိုင်လုံတဲ့အကြောင်းပြချက်ရှိသင့်တယ်။ ဖြတ်တောက်တဲ့ကာလအပေါ်မှာလည်း တိကျတဲ့ကန့်သတ်မှုတစ်ခု ပြုလုပ်သင့်တယ်” ဟု၎င်းကဆက်လက်ပြောသည်။

တိုင်ညိုစခန်းမှ အမျိုးသမီးကြီးတစ်ဦးက စခန်းတွင်ရောင်းချသည့်စားသောက်ဆိုင်မှ အမှိုက်များရှင်းလင်းစဉ်။ ဓာတ်ပုံ - ကျော်လင်းထွန်း

တိုင်ညိုစခန်းမှ အမျိုးသမီးကြီးတစ်ဦးက စခန်းတွင်ရောင်းချသည့်စားသောက်ဆိုင်မှ အမှိုက်များရှင်းလင်းစဉ်။ ဓာတ်ပုံ – ကျော်လင်းထွန်း

ကူညီမှုများ တုံ့နှေးသွား

လက်နက်ကိုင်ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် အတော်အတန်ထိခိုက်သေဆုံးမှုရှိသည့်အပြင် ၂၀၁၂ နှင့် ၂၀၁၃ က ဗုဒ္ဒဘာသာဝင်များနှင့် မွတ်စလင်များကြားဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများကြောင့်လည်း ထိခိုက်မှုများရှိခဲ့သည်။ ထို့အပြင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာစစ်သွေးကြွများအပေါ်ဆင်နွှဲသည့် တပ်မတော်၏ မြေလှန်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာမွတ်စလင် ခုနှစ်သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့သည်။ DMG နှင့် ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင်တိုင်းရင်းသားကွန်ဂရက်ကဲ့သို့ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေသည့် ဝမ်လာ့ခ်ဖောင်ဒေးရှင်း Wan Lark Foundation တို့က ကောက်ယူသော အချက်အလက်များအရ လူ ခြောက်သောင်းခွဲမှာ လွန်ခဲ့သည့်နှစ်နောက်ပိုင်းကတည်းက နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

အလားတူကာလအတွင်း အရပ်သား ၈၀ ကျော်မှာ ပဋိပက္ခဆက်နွယ်ဖြစ်ရပ်များတွင် သတ်ဖြတ်ခံရပြီး အေအေနှင့် တနည်းနည်းဖြင့် ပတ်သက်နေသည်ဟု စွပ်စွဲခံရသော လူ ၂၀၀ ကျော်ကိုလည်း တပ်မတော်က ထိန်းသိမ်းထားသည်။

အင်တာနက်ပိတ်ပင်မှုကြောင့် စခန်းများတွင် ခိုလှုံရန်ကြိုးပမ်းရသော ပြည်တွင်းနေရပ်စွန့်ခွာကြသူများ၏ ဒုက္ခကို ပိုဆိုးစေခဲ့သည်။ အကြောင်းမှာ ၎င်းတို့၏လိုအပ်ချက်များကို လျင်မြန်စွာဖြည့်ဆည်းပေးသည့် အကူအညီပေးရေးအဖွဲ့အစည်းများ၏ လုပ်ကိုင်နိုင်စွမ်းကို အဟန့်အတားဖြစ်စေသောကြောင့်ဖြစ်သည်။

“IDP စခန်းတွေဆီက သတင်းအချက်အလက်တွေ အချိန်မီရဖို့ ကျွန်တော်တို့အတွက် သိပ်ကိုခက်ခဲပါတယ်” ဟု စစ်တွေအခြေစိုက် ဝမ်လာ့ခ်ဖောင်ဒေးရှင်းတည်ထောင်သူ ဦးခိုင်ကောင်းစံက ပြောသည်။

“အင်တာနက်ပိတ်တဲ့ ဇွန်လမတိုင်ခင်ကဆိုရင် ဒုက္ခသည်စခန်းတွေက ကော်မတီတွေက ဆေးဝါး၊ ဒါမှမဟုတ် အစားအစာတွေလို သူတို့လိုအပ်တာနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို အမြဲတမ်း နောက်ဆုံးအခြေအနေကို သတင်းပို့ ပို့လာတယ်” ဟု ၎င်းကပြောသည်။

အရေးကြီးဆုံး သတင်းအချက်အလက်များကို ဖုန်းမှတဆင့်ဖလှယ်နိုင်သော်လည်း အကူအညီပေးရေးအဖွဲ့များက အေအေကို ပံ့ပိုးနေသည်ဟု သံသယဖြစ်နေသည့်အစိုးရက အလွယ်တကူ ကြားဖြတ်နှောင့်ယှက်နိုင်သည်။ ထို့အပြင် ထိခိုက်မှုရှိသည့် မြို့နယ်များ၌နေထိုင်သည့် အကူအညီပေးလုပ်သားများအားလုံးကို ဒုက္ခသည်စခန်းအခြေအနေများဆိုင်ရာ ပုံရိပ်များနှင့် ဗီဒီယိုများ၊ လူထုထံမှ ရန်ပုံငွေရရှိရေး အဓိကတွန်းအားပေးနိုင်သည့် အရပ်သားများ၏ဒုက္ခရောက်နေသောပုံရိပ်များနှင့် ဗီဒီယိုများ အွန်လိုင်းပေါ်တင်ခြင်းကို ယခုအချိန်တွင် ပိတ်ထားသည်။

မြောက်ဦးမြို့နယ် တိုင်ညိုရွာတွင် ဧပြီလက ဖွင့်လှစ်ခဲ့သော တိုင်ညိုဒုက္ခသည်စခန်း၌ မကြာသေးမီက တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် လူ သုံးထောင်ခန့်ကို လက်ခံထားပြီး လက်ရှိအချိန်တွင် ဗုဒ္ဒဘာသာဝင်အများဆုံးရှိသည့် အကြီးမားဆုံး ဒုက္ခသည်စခန်းဖြစ်သည်။  စခန်းတွင်နေထိုင်သူအားလုံး၏ သုံးပုံတစ်ပုံမှာ ကလေးများဖြစ်သည်ဟု စခန်းစီမံခန့်ခွဲရေးကော်မတီအကြီးအကဲ ဦးစိုးနိုင်က ခန့်မှန်းထားသည်။ အင်တာနက်ပိတ်ပင်မှုစတင်ကတည်းက စခန်းကရရှိသည့် အကူအညီပမာဏမှာ သိသာစွာ ကျဆင်းခဲ့ကြောင်း ၎င်းကပြောသည်။

“အင်တာနက်ရတုံးကတော့ အကူအညီပေးတာတွေ လွယ်လွယ်ကူကူစီစဉ်လို့ရတယ်” ဟု ဦးစိုးနိုင်က Frontier ကို စက်တင်ဘာ ၂၉ က ပြောသည်။ “အင်တာနက်မပိတ်ခင်က လူ့အသိုင်းအဝိုင်းအဖွဲ့အစည်းတွေနဲ့ NGO တွေက အလှူရှင်တွေက စခန်းမှာ ဘာလိုအပ်တယ်ဆိုတာ အကြောင်းကြားစာလေးနဲ့တင် သိနိုင်တယ်။ ပြီးတော့ သူတို့အနေနဲ့ စခန်းကိုလာချင်တယ်ဆို လမ်းကအန္တရာယ်ရှိတယ် မရှိဘူးဆိုတာ အလွယ်တကူသိနိုင်တယ်။ ဒါပေမဲ့ အခုဆို သူတို့ခရီးမသွားရဲဘူး။ ဒီကအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ သူတို့မသိနိုင်ဘူး” ဟု ၎င်းကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်မျက်လှဲ့ ပြည်တွင်းနေရပ်စွန့်ခွာစခန်းက လူ ခုနှစ်ရာကျော်ကို လက်ခံနေရပြီး ၎င်းတို့အားလုံးမှာ မြိုတိုင်းရင်းသားများဖြစ်ကြသည်။ ရိုဟင်ဂျာများနှင့်မတူသည်မှာ ၎င်းတို့က နိုင်ငံသားအခွင့်အရေးများရရှိသည်။ ကလေးတစ်ဒါဇင်ခန့်မှာ ယခုနှစ်အစောပိုင်းက ဖွင့်လှစ်ခဲ့သည့်စခန်းတွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။

“အင်တာနက်ပိတ်ခံရကတည်းက ကျနော်တို့ ဖယ်ကြဉ်ခံရတယ်လို့ ခံစားရတယ်” ဟု စခန်းကော်မတီဝင် အသက် ၅၀ ရှိ ဦးမောင်လှဖြူက Frontier ကို ပြောသည်။

“အရင်က ကျနော်တို့အားလုံးရဲ့ အာရုံစိုက်မှုကိုရတယ်။ အစိုးရအရာရှိတွေနဲ့ ဘီဘီစီ၊ ဒီဗီဘီနဲ့ အာရ်အက်ဖ်အေတို့လို ရုပ်သံတွေအပါအဝင်ပေါ့” ဟု၎င်းကပြောသည်။

သတင်းအေဂျင်စီများနှင့် အရာရှိများထံသို့ တစ်ဦးချင်း ဖုန်းဆက်နိုင်သော်လည်း အင်တာနက်နှင့် လူမှုမီဒီယာများက လူအများကြီးထံသို့ ၎င်းတို့၏အခြေအနေများအကြောင်းသတင်းများကို အရှိန်အဟုန်ဖြင့် ရောက်သွားနိုင်သည်ဟုလည်း ၎င်းကရှင်းပြသည်။

Wave Money ကိုအသုံးပြု၍ ငွေပို့ငွေထုတ်လုပ်နိုင်သည့် မြောက်ဦးမြို့ရှိ တခုတည်းသောဆိုင်သို့ လာရောက်ကြသူများအားတွေ့ရစဉ်။ ဓာတ်ပုံ - ကျော်လင်းထွန်း

Wave Money ကိုအသုံးပြု၍ ငွေပို့ငွေထုတ်လုပ်နိုင်သည့် မြောက်ဦးမြို့ရှိ တခုတည်းသောဆိုင်သို့ လာရောက်ကြသူများအားတွေ့ရစဉ်။ ဓာတ်ပုံ – ကျော်လင်းထွန်း

ရှားရှားပါးပါး ဆက်သွယ်မှုများ

အင်တာနက်ပိတ်မှုကြောင့် ထိခိုက်မှုရှိသည့် မြို့နယ်များမှ သာမန်ဒေသခံပြည်သူများမှာ အကြီးအကျယ် အဆင်မပြေဖြစ်ခဲ့ပြီး ၎င်းတို့အများအပြားမှာ မိုဘိုင်းမန်နီးအသုံးပြုမှုကို စတင်ထားသောကြောင့်ဖြစ်သည်။ ဈေးကွက်သုတေသနကုမ္ပဏီ Kantar ၏ပြောကြားချက်အရ မြန်မာနိုင်ငံတွင် မိုဘိုင်းမန်နီးအကောင့်များက ပြုလုပ်သော ငွေလွှဲမှုများမှာ ၂၀၁၆ တွင် တစ်ရာခိုင်နှုန်းသာရှိခဲ့ရာမှာ ယခုနှစ် မတ်လတွင် ၈၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ငွေပေးချေမှုတော်လှန်ရေးက ရခိုင်ပြည်နယ်ကို ခြွင်းချန်မထားပေ။ ပြည်နယ်၏ဆင်းရဲမှုကြောင့် ပြည်နယ်မှပြည်သူများမှာ မြန်မာနိုင်ငံ၏အခြားနေရာများနှင့် ထိုင်းကဲ့သို့နိုင်ငံများသို့ အလုပ်ရှာရန် ရွှေ့ပြောင်းနေထိုင်ကြပြီး ရခိုင်တွင်ကျန်ခဲ့သည့် မိသားစုများထံ ငွေလွှဲမှုများကို အများအားဖြင့် မိုဘိုင်းမန်နီးမှတဆင့်သာ ပို့ကြသည်။

မကြာသေးခင်ကတိုက်ပွဲများကြောင့် ၎င်း၏ခရီးသွားလုပ်ငန်းပျက်စီးခဲ့ရသည့် ရခိုင်မြို့တော်ဟောင်း မြောက်ဦးတွင် Wave Money နှင့် KBZPay ကဲ့သို့ ဝန်ဆောင်မှုများကိုအသုံးပြုပြီး ငွေသွင်းငွေထုတ်လုပ်နိုင်သည့်ဆိုင်မှာ တစ်ဆိုင်တည်းသာရှိသည်။ ၎င်းတွင် ကြိုးဖုန်းများဆက်သွယ်ထားသည့် ဘရော့ဒ်ဘန်းဆက်သွယ်မှုရှိသောကြောင့် ယခုကဲ့သို့ ငွေလွှဲငွေထုတ်ကို လွယ်ကူချောမောအောင် လုပ်နိုင်ခြင်းဖြစ်ကြောင်း ဆိုင်ရှင်က Frontier ကိုပြောသည်။ ယင်းကဲ့သို့ဆက်သွယ်မှုမှာ ဟိုတယ်များ၏ပြင်ပတွင် ရှားပါးလှသည်။

မြို့လမ်းများမှာ ဝိုင်ဖိုင်ရသော ဟိုတယ်များဘေးတွင် ရပ်နေထိုင်နေသော လူငယ်များအပ ကျီးနှင့်ဖုတ်ဖုတ် နီးပါးဖြစ်သည်။ ယင်းလူငယ်များက လူမှုမီဒီယာနှင့် ဗီဒီယိုဂိမ်းများကစားရင်း အချိန်ဖြုန်းနေကြသည်။ ၎င်းတို့ဖုန်းများတွင် ဆက်သွယ်မှု internet connection ရရန် ပရိယာယ်သုံးရသည်ဟု ယင်းလူငယ်များက Frontier ကို ပြောသည်။ ယင်းလူငယ်များထဲမှ အနည်းငယ်က ဟိုတယ်စားသောက်ဆိုင်ထဲသို့ တစ်ခုခုသွားသောက်စဉ် စားပွဲထိုးများက ဝိုင်ဖိုင်ပါ့စ်ဝါ့ဒ်ကိုပေးသည်။ ထို့နောက် ယင်းပါ့စ်ဝါ့ဒ်ကို ထိုလူငယ်များက ဆိုင်ပြင်ပရှိ ၎င်းတို့၏ သူငယ်ချင်းများထံလှမ်းပို့ကာ သုံးကြသည်ဆိုသည်။

မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်များ၏ အမြင့်ပိုင်းနေရာများတွင်လည်း ဆက်သွယ်မှုများရရှိသည်။ အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက မြောက်ဦးအရှေ့ဘက်ပိုင်းရှိ တောင်ကုန်းတစ်ခုပေါ်သို့ Frontier ကို ခေါ်သွားပြီး အင်တာနက်ဆက်သွယ်မှုရအောင် ပြုလုပ်ပုံကို ပြသခဲ့သည်။

ယင်းလူငယ်အပါအဝင် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လူများအထိ Frontier နှင့် စကားပြောခဲ့သူအားလုံးက အင်တာနက်ပိတ်ခြင်းကို ရှုတ်ချခဲ့ပြီး ပိတ်ပင်မှုကို အမြန်ဆုံးရုပ်သိမ်းရန် တောင်းဆိုခဲ့ကြသည်။

“အိုင်ဒီပီတွေကို တိုက်ရိုက်ထောက်ပံ့ဖို့ နိုင်ငံတကာကြက်ခြေနီကော်မတီနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့ကလွဲရင် ဘယ်နိုင်ငံတကာအဖွဲ့အစည်းကိုမှ ခွင့်ပြုမထားပါဘူး။ ပြောချင်တာက ကျွန်တော်တို့လို ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေလည်း အကူအညီပေးဖို့ အများကြီးတာဝန်ရှိပါတယ်။ ဒါပေမဲ့ အင်တာနက်မရှိဘဲ ကျွန်တော်တို့လိုအပ်တဲ့ အရေးကြီးသတင်းအချက်အလက်ကို ကျွန်တော်တို့မရနိုင်ပါဘူး။ အင်တာနက်ပိတ်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုပါ” ဟု ခိုင်ကောင်းစံကပြောသည်။

“ရခိုင်ပြည်သူတွေက ပဋိပက္ခဒဏ်ကို ခံစားနေရပြီး အစိုးရက အင်တာနက်ကို ပိတ်လိုက်တာဟာ အခြေအနေကို ပိုဆိုးစေပါတယ်” ဟု ပြည်နယ်လွှတ်တော်တွင် အကြီးဆုံးပါတီဖြစ်သော ANP ၏ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“ဒီရူးမိုက်တဲ့ စစ်ပွဲကိုရပ်ပစ်လိုက်ဖို့ တစ်ခုတည်းသောအဖြေက တပ်မတော်နဲ့ အေအေတို့ တွေ့ဆုံဆွေးနွေးဖို့ပါပဲ” ဟု ၎င်းကပြောသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – DMG မှအယ်ဒီတာတစ်ဦး စစ်တွေသတင်းခန်း၌ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် သတင်းများတင်နေစဉ်။ ဓာတ်ပုံ – ကျော်လင်းထွန်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.