ဟိုတယ်ကွာရန်တင်း ၁၄ ရက်ပြည့်၍ မိသားစုများပြန်ဆုံကြစဉ်။ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ဟိုတယ်များအတွက် ခက်ခဲတဲ့ ၁၄ရက်

နန္ဒ

ဗြိတိန်မှ ရန်ကုန်သို့ လေကြောင်းဖြင့်ထွက်ခွာလာကြောင်း မတ် ၂၂ ရက် က Facebook တွင် တင်လိုက်သူတစ်ဦး၏ အောက်တွင် “Welcome to ဝေဘာဂီ” ဟု သူငယ်ချင်းတစ်ယောက်က မှတ်ချက်ဝင်ရေးသွားသည်။

“အိမ်ပြန်လာပြီ” ဟု ရေးထားသော်လည်း သူအိမ်ပြန်ရဦးမည်မဟုတ်ချေ။ တစ်ရက်သာကြိုသိရသော နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သီးသန့်သတ်မှတ်ထားသည့်နေရာတွင် ထားရှိစောင့်ကြည့်မှု (Facility Quarantine)ခံယူရမည်ဖြစ်သည်။

ပုံမှန်အားဖြင့် လာကြိုသောမိသားစုများနှင့် ပျော်ရွှင်ရင်ခုန်စရာဖြစ်နေတတ်သော ရန်ကုန်လေဆိပ်၏ဆိုက်ရောက်ခန်းမသည် စိုးရိမ်ပူပန်မှုများလွှမ်းမိုးထားတော့သည်။

ခန်းမထဲတွင် COVID-19 ကူးစက်မှုများနေသောနိုင်ငံများမှပြန်လာသောကျောင်းသားများနှင့် ခရီးသည် တစ်ရာကျော်ခန့်မှာအိမ်လည်းပြန်ခွင့်မရ၊ဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိသည့်အခြေအနေနှင့်ကြုံနေ ရပြီဖြစ်သည်။

အဆိုပါအခြေအနေကို ကြားလိုက်ရသော H7 Group of Hotels & Resorts မှ Chairman ဒေါက်တာနိုင်ဝင်းသည် သူ၏ ရန်ကုန်လေဆိပ်ဟိုတယ်ကို Quarantine နေရာအဖြစ်ပြင်ဆင်ရန် ဒါရိုက်တာဖြစ်သူ ကိုစောမျိုးနိုင်ကို အကြောင်းကြားလိုက်သည်။

Quarantine နေရာလိုအပ်ချက်အတွက် ရုတ်တရက်ဝင်ကူညီသော Chairman ၏ဆုံးဖြတ်ချက်ကြောင့် ပြင်ဆင်ချိန် နှစ်နာရီ ခန့်သာရသော ကိုစောမျိုးနိုင်အတွက် အခက်အခဲများက စောင့်ကြိုနေပြီဖြစ်သည်။

 ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး
(ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ဟိုတယ်ဝန်ဆောင်မှု မှ ကျန်းမာရေးဝန်ဆောင်မှုသို့ ဘာကြိုတင်ပြင်ဆင်မှုမှမရှိဘဲ ကတိုက်ကရိုက် ပြောင်းလဲလုပ်ဆောင်ရမည့်အခြေအနေမှာ လွယ်ကူလှသည်မဟုတ်ပါ။

ဦးစွာရင်ဆိုင်ရသည်မှာ ရောဂါကူးစက်မည်ကို စိုးရိမ်နေသောဝန်ထမ်းများအရေးဖြစ်သည်။
စိုးရိမ်မှုအတွက်အပြစ်မဆိုသာဘဲ Quarantine အော်ပရေးရှင်းအတွက် စေတနာ့ဝန်ထမ်း ရွေးခန်းစရတော့သည်။

“ကိုယ့်ကိုကူးရင်မိသားစုတွေပါကူးကုန်မှာလေ။စိုးရိမ်တဲ့သူတွေကိုလည်း အပြစ်ပြောလို့မရဘူး။”
ဟု ဟိုတယ်ဝန်ထမ်းတစ်ဦးကပြောသည်။

ကူညီဖို့စိတ်ဆန္ဒရှိသူ ဆယ်ဦး ကိုစတင်ရွေးချယ်ပြီး စိုးရိမ်နေသူများကိုတော့လိုအပ်လျှင်ဝင်ကူရမည်ဟု ကနဦးဖြေရှင်းလိုက်သည်။

လူရွေးပြီးနောက်ကြုံရသည်မှာ Mask အလုံအလောက်မရှိသည့် ပြဿနာဖြစ်ပြီး အဝယ်ထွက်ရသည်။ မမျှော်လင့်ဘဲရောက်လာသည့် ဧည့်သည်များအတွက် ဗော်လန်တီယာ ရွေးထားသော ဝန်ထမ်း ၁၅ ယောက်မှာ လုံးလည်ချာလည်လိုက်နေသည်။

လူများလာ၍ အခန်းမလောက်သဖြင့် ဟိုတယ် ၇ မိုင်ကိုပါ ပြင်ဆင်ရသည်။ အဆိုပါအခြေအနေတွင်ဋ္ဌာနဆိုင်ရာအချို့ကဖုန်းဆက်ပြီးဧည့်သည်များ၏အချက်အလက်ကိုမေးမြန်းမှုကိုလက်ခံဖြေကြားနေရသေးသည်။ ကိုစောမျိုးနိုင် ထံသို့ လေဆိပ်အခြေအနေကိုကြားထားသော ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ် ၏ ဖုန်းဝင်လာပြီး ဘာကူညီရမလဲဟုမေးသည်။ ကိုနေဘုန်းလတ်သည် ဟိုတယ် နှစ်လုံး အတွက် PPE ဝတ်စုံများနှင့်maskများနှင့်စေတနာ့ဝန်ထမ်း ခြောက်ယောက်ကို လွှတ်ပေးခဲ့သည်။

“ကိုယ့်အတွက်တော့ ကိုနေဘုန်းလတ်ဖုန်းဝင်လာတာ သိကြားမင်းနဲ့တွေ့ရသလိုပါပဲ” ဟု ကိုစောကပြောသည်။

ကိုနေဘုန်းလတ် သည် ကွာရန်တင်းများအတွက် Google Form ဖြင့် စေတနာ့ဝန်ထမ်းများကိုဖိတ်ခေါ်ခဲ့ရာ အယောက် ၂၅၀ ခန့် ရရှိပြီးတောက်လျှောက်ကူညီနေခဲ့သည်။ ထိုအထဲမှ စေတနာ့ဝန်ထမ်းများကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ရပ်ကွက်ထဲတွင်ရှိသည့် ဟိုတယ် ၇ မိုင်တွင် အခက်အခဲအချို့ကြုံရသည်။ ဟိုတယ်ကို လာဝိုင်းပြီးပြောင်းရွှေ့ခိုင်းမည့်အရေးကို ကြိုတင်တွက်ဆထားရသည်။ Quarantine အခြေအနေအတွက် ဟိုတယ်တွင်မူလတည်းခိုနေသော ဧည့်သည်များကိုအသိပေးရသည်။

ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး
(ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ရပ်ကွက်ထဲမှလူအချို့က ဟိုတယ်ဘက်အခြမ်းမှပင်မလျှောက်တော့ချေ။ ဟိုတယ်ဝန်ထမ်းများထမင်းထွက်စားသည့်ဆိုင်က “ဝန်ထမ်းတွေလာစားရင် မလာတော့ဘူးလို့ပြောနေတဲ့စားသုံးသူတွေရှိကြောင်း”အသိပေးလာသည်။

အစားအသောက်ပြဿနာသည် ဟိုတယ်ထဲတွင်လည်းကြုံနေရသည်။ Quarantine မိနေသူများထဲတွင် အစားအသောက်ကွန်ပလိန်းတက်သူအချို့ပါလာသည်။ ၎င်းတို့အတွက် အရသာမရိုးရအောင် စားသောက်ဆိုင်ကို ၄ ဆိုင် ခွဲပြီးမှာကျွေးရသည်။ သို့သော် Quarantine ထဲပါလာသော တရုတ်လူမျိုးတစ်ဦးက မြန်မာအစားအစာများမစားနိုင်တော့၍ ဘာမှမစားဘဲနေသဖြင့် တရုတ်စာစီစဉ်ပေးရသေးသည်။

“သူက တစ်ရက်လုံး ဘာမှမစားဘဲနေတော့ တော်ကြာတစ်ခုခုဖြစ်သွားမှာစိုးလို့ စီစဉ်ပေးရတယ်။” ဟု ကိုစောမျိုးနိုင်ကပြောသည်။

Quarantine မိနေသူများထဲမှ ထွက်ပြေးသူမရှိစေရန် ဟိုတယ် ဝန်ထမ်းများမှာလည်း အဆိုင်းအလိုက်လုံခြုံရေးတာဝန်ယူရသည်။ Quarantine မိနေသူများထဲက Complaint တက်သူများလည်းရှိရာ ကျန်းမာရေးဝန်ထမ်းများကို ပြောခိုင်းရသည်။ ဟိုတယ် Quarantine မိနေသူများလိုက်နာရန် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်များကိုပြောပြရသည်။

ရက်အနည်းငယ်အကြာတွင် ကျန်းမာရေးဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများ၊ဟိုတယ်ဝန်ထမ်းများနှင့် Quarantine မိနေသူများ အချိတ်အဆက်မိလာကြပြီး ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်များကို လိုက်နာနိုင်ခဲ့ကြသည်။ကွာရန်တင်း လက်ခံခဲ့သော ဟိုတယ်များမှာ Yangon Airport Hotel ,7Mile Hotel ,Gandamar Hotel,Myanmar Life Hotel,Shwe Pyi San Yar Hotel,City Hotel,City Golf Resort Hotel,KC Hotel နှင့် Holly Hotel တို့ဖြစ်သည်။

ဟိုတယ်များသည် Facility Quarantine များ အဆင်သင့်မဖြစ်သေးချိန်တွင် ကူညီနိုင်သည့်ဘက်မှကူညီခဲ့ကြခြင်းဖြစ်သည်။ သူတို့ ထင်မှတ်မထားသည့် ဝန်ဆောင်မှုမျိုးအတွက် တစ်သက်မမေ့နိုင်စရာအတွေ့အကြုံကိုရရှိခဲ့ခြင်းလည်းဖြစ်သည်။

စုစုပေါင်း ဟိုတယ် ၉ လုံးတွင် လူဦးရေ ရှစ်ရာကျော်အား စောင့်ကြည့်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ဦးခင်အောင်ထွန်းက ပြောသည်။

“ဒီလိုဆောင်ရွက်ပေးတဲ့ဟိုတယ်လုပ်ငန်းရှင်တွေလည်းကျေးဇူးတင်စရာကောင်းပါတယ်ဗျာ။နေသွားတဲ့သူတွေလည်း ကျေးဇူးတင်ကြပါတယ်” ဟု သူကပြောသည်။

သူသည် “ဟိုတယ်၊စားသောက်ဆိုင်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် မိတ်ဆွေမိသားစုများ”ဟုအမည်ပေးထားသည့်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ထိုအဖွဲ့သည် Hotel Qurentine ရှိ စေတနာ့ဝန်ထမ်းများ နှင့် ကျန်းမာရေးဝန်ထမ်းများအတွက်လိုအပ်သည့်PPE,Maskနှင့်HandSantizeများထောက်ပံ့ခြင်းကိုလည်းကောင်း၊အစားအသောက် အဆင်ပြေစေရန်လည်းကောင်းဆောင်ရွက်ပေးခဲ့ကြသည်။

ဟိုတယ် ၇ မိုင် တွင် ကွာရန်တင်းနေခဲ့သူများ ဧပြီ ၆ ရက်တွင် ၁၄ ရက်ပြည့်၍ အိမ်ပြန်ခွင့်ရခဲ့ကြသည်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး
ဟိုတယ်၇မိုင်တွင် ကွာရန်တင်းနေခဲ့သူများ ဧပြီ ၆ ရက်တွင် ၁၄ ရက်ပြည့်၍ အိမ်ပြန်ခွင့်ရခဲ့ကြသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

“အခက်အခဲတွေအများကြီးတော့ရှိတာပေါ့ဗျာ။ဒါတွေမပြောတော့ဘူး။ ရှေ့ဆက်လုပ်ရမှာတွေကလည်းအများကြီးရှိသေးတယ်” ဟု သူကပြောသည်။

သူတို့အဖွဲ့သည် COVID-19 ရှေ့တန်းစစ်မျက်နှာပြင်ရှိ ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့်အထောက်အကူပြုပစ္စည်းများကို ဆက်လက်လှူဒါန်းလျက်ရှိသည်။

ဟိုတယ်ကွာရန်တင်းမှ COVID-19 ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိခဲ့သည်။ ဟိုတယ်အချို့မှာ ၁၄ ရက်မပြည့်သေး၍ စောင့်ကြည့်နေရဆဲဖြစ်သည်။

ဧပြီ ၆ ရက်တွင် ပထမဆုံး ဟိုတယ် ကွာရန်တင်းမိသူများ ရောဂါပိုးမရှိသဖြင့်အိမ်ပြန်နိုင်ကြပြီဖြစ်သည်။
လာရောက်ကြိုဆိုသော မိသားစုများနှင့် ပြန်ဆုံကြသဖြင့် ပျော်ရွှင်ကြရသည်။ စေတနာ့ဝန်ထမ်းများ၊ဟိုတယ်ဝန်ထမ်းများနှင့်ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတင်ကြောင်းပြောကြသည်။

“ကျွန်တော်တို့လည်းအပျော်တွေကူးပါတယ်။”ဟု ကိုစောမျိုးနိုင်ကပြောသည်။

သို့သော် ဟိုတယ်တွေအတွက်တော့ လုပ်စရာများစွာကျန်ခဲ့ပါသည်။ ဟိုတယ်ကို ခေတ္တပိတ်ထားလိုက်ရသည်။ ပိုးသတ်ဆေးများဖြန်းရသည်။ အခန်းအတွင်းပိုင်းများကို ပြန်လည်ပြုပြင်ရမည်ဖြစ်သည်။
“တချို့က အခန်းနံရံမှာ စာတွေရေးသွားကြတယ်”ဟု ကိုစောမျိုးနိုင်ကပြောသည်။

ကွာရန်တင်းမိနေသူများအတွက်လည်း အခန်းထဲတွင် နာရီပေါင်း ၃၃၀ ကျော် ဖြတ်သန်းရသည်မှာမလွယ်ကူလှပါ။

အွန်လိုင်းပေါ်တွင် အချိန်အများဆုံးသုံးပြီး ရုပ်ရှင်ကြည့်ခြင်းနှင့် အားကစားလုပ်ရန်လည်းအချိန်ပေးရကြောင်း ဟိုတယ်ကွာရန်တင်းနေခဲ့သူတစ်ဦးကပြောသည်။

အမျိုးသမီးအချို့က Tik Tok ဆော့ပြီးလိုင်းပေါ်တင်သည်။

” ဝေဒနာခံစားနေရတဲ့သူတွေ ဆရာဝန်တွေ nurse တွေ သူများအကျိုးအတွက်လိုက် ကူညီပေးနေတဲ့သူတွေ ပုံတွေကိုမြင်ပြီးကိုယ့်အခန်းထဲမှာအစာရေဆာအပြည့်နဲ့နေနေရတာကို ပျင်းတယ်ဆိုပြီးကွကိုရေရွတ်မိရင်တောင် အားနာမိတယ်”ဟု ဟိုတယ်ကွာရန်တင်းနေခဲ့သူတစ်ဦးက သူ၏ Facebook တွင် မတ် ၂၈ ရက်က တင်ထားခဲ့သည်။

COVID-19 နှင့်တိုက်ပွဲသည် မပြီးဆုံးသေးရာ ကျန်းမာရေးကောင်းမွန်သဖြင့် ဟိုတယ်ကွာရန်တင်းမှ အိမ်ပြန်သွားကြသူများသည် အိမ်တွင်ဆက်နေကြရဦးမည်ဖြစ်သည်။ ထို့အတူ ဟိုတယ်များသည်လည်း ဧည့်သည်များပုံမှန်အတိုင်း ပြန်ရရန် အချိန်အတော်ကြာစောင့်ရဦးမည်ဖြစ်သည်။
“ဟိုတယ်နဲ့ခရီးသွားကဏ္ဍက အတက်နှေးပြီး အကျမြန်ပါတယ်။ တကမ္ဘာလုံးကိုလည်းထိတော့ ကျွန်တော်တို့ဆီမှာ ဟိုတယ်နဲ့ခရီးသွားကဏ္ဍ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အနည်းဆုံးနှစ်နှစ်လောက်အချိန်ယူရနိုင်ပါတယ်” ဟု ဦးခင်အောင်ထွန်းက ပြောသည်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.