ဘောလခဲမြို့နယ်၊ ရွာသစ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ဘုရားရှိခိုးနေသည့် အမျိုးသမီးကြီးတစ်ဦးကို မြင်တွေ့ရစဉ်။ ဘောလခဲမြို့နယ်အတွင်း ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ပါတီများသည် တစ်ဦးနှင့်တစ်ဦး အမှားလုပ်မည့်အချိန်ကို မျက်စိဒေါက်ထောက်၍ ကြည့်နေကြသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

သံသယများ၊ မယုံကြည်မှုများနှင့် စောင့်ကြိုနေသည့် ဘောလခဲက ရွေးကောက်ပွဲ

နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ကယားရှိ၊ ဘောလခဲမြို့နယ်တွင် ပြိုင်ဘက်ပါတီများသည် ကြိုတင်မဲပေးရာတွင် ကြုံတွေ့ရသည့် မဲသမာမှုများ၊ မရိုးသားသည့် နည်းလမ်းများအသုံးပြုမှုနှင့် ရွေးကောက်ပွဲနေ့တွင် ဖြစ်ပေါ်လာနိုင်သည့် မဲလိမ်မှုများကိုစိုးရိမ်ပူပန်ရင်း တစ်ဘက်နှင့်တစ်ဘက် မယုံကြည်မှုများဖြင့် ဝေဖန်ပြောဆိုနေကြသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
အိအိတိုးလွင် ရေးသားသည်။

ကယားပြည်နယ် အလယ်ပိုင်းရှိ ဘောလခဲမြို့လေးက ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲမဲဆွယ်ကာလ ကုန်ဆုံးတော့မည်ဖြစ်သည့်တိုင် (နိုဝင်ဘာ၆ရက်မတိုင်မီ ဆောင်းပါးရေးသားချိန်အထိ) ကိုဗစ်ကာလစည်းကမ်းချက်များကြောင့် စည်းရုံးလှုံ့ဆော်မှုများကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်ကြပေ။

“ကျွန်တော်တို့ အများကြီးတော့မလုပ်နိုင်ခဲ့ဘူး။ တတ်နိုင်သလောက် လူထုနဲ့ လိုက်တွေ့တာမျိုး လောက်ပဲ လုပ်နိုင်တယ်။ ဒါကြောင့် ဒီမှာတော့ အားလုံးကပုံမှန်ပဲ။ အေးအေးချမ်းချမ်း၊ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ”ဟု ဦးသန်းထွဋ်အောင်ကပြောသည်။ သူသည် ကယားပြည်နယ်လွှတ်တော်၊ ဘောလခဲ မဲဆန္ဒနယ်(၂)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ်သည်။

ဘောလခဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်လင်းက မဲဆွယ်စည်းရုံးရေးကာလတွင် ကော်မရှင်ထံတိုင်ကြားသည့် အမှုမရှိသေးကြောင်း အတည်ပြုပြီး ရွေးကောက်ပွဲအတွက် ဘောလခဲသည် တည်ငြိမ်စိတ်ချရသည့် အခြေအနေတွင်ရှိနေသည်ဟုဆိုသည်။

“ပြဿနာကြီးကြီးမားမရှိဘူး။ အားလုံးပုံမှန်ပဲ”ဟု ဦးကျော်လင်းကပြောသည်။

ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးတွင် ချမှတ်ထားသည့်အစိုးရ၏ စည်းကမ်းများသည် ရွေးကောက်ပွဲဝင်သည့် အမတ်လောင်းများနှင့်လည်း အကျုံးဝင်သည်။ အဆိုပါ ကန့်သတ်ချက်များကြောင့် အမတ်လောင်းများသည် လူအနည်းငယ်ဖြင့်သာ မဲဆွယ်စည်းရုံးမှုပြုလုပ်ရသည်။ အများစုမှာ တစ်အိမ်တက်ဆင်းမဲဆွယ်ခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် မဲဆန္ဒရှင်များနှင့်ထိတွေ့နိုင်ရန်နှင့် သတင်းအချက်အလက်များပေးနိုင်ရန် လုပ်ဆောင်ခဲ့ကြရသည်။

ကော်မရှင်ထံသို့ တရားဝင်တိုင်စာများ မရောက်ရှိဟုဆိုသော်လည်း အောက်ခြေတွင် ပြဿနာတစ်စုံတစ်ရာမရှိဟု မဆိုနိုင်ပေ။ ဘောလခဲမြို့၏‌ မဲဆန္ဒနယ် ငါးခုတွင် အနိုင်ရနိုင်ရေးအတွက် ပြိုင်ဘက်ပါတီများသည် နည်းမျိုးစုံသုံးကာ ကြိုးပမ်းနေကြသည်။ အနိုင်ရရန် အသုံးပြုနေသည့် ပုံစံမျိုးစုံသော နည်းဗျူဟာများကို သတိလက်လွတ်မဖြစ်အောင် ပါတီအချင်းချင်း သတိကြီးစွာဖြင့် အပြန်အလှန် စောင့်ကြည့်နေကြသည်။

၂၀၁၅ရွေးကောက်ပွဲတွင် ဘောလခဲမြို့၏ ပြည်သူ့လွှတ်တော်အပါအဝင် မဲဆန္ဒနယ်လေးခုတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ပြီး ကယား၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၉)ကို တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးစိုးသိန်းက အနိုင်ရရှိထားသည်။ ဦးစိုးသိန်းသည် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သည့်တိုင် ထိုစဉ်က ပါတီတွင်းပြဿနာများကြောင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ခဲ့သည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီသို့ ပြန်လာပြီး ဘောလခဲ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဘောလခဲမြို့အတွင်း တစ်နေရာကို မြင်တွေ့ရစဉ်။ ဘောလခဲမြို့နယ်တွင် ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ပါတီများသည် တစ်ဦးနှင့်တစ်ဦး အမှားလုပ်မည့်အချိန်ကို မျက်စိဒေါက်ထောက်၍ ကြည့်နေကြသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

၂၀၂၀ရွေးကောက်ပွဲတွင် ဘောလခဲရှိ မဲဆန္ဒနယ်များတွင် ပါတီရှစ်ခုမှ အမတ်လောင်း ၄၀ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရွေးကောက်ပွဲရက် နီးလာသည်နှင့် အမျှ ပါတီတစ်ခုနှင့်တစ်ခုကြား စွပ်စွဲပြောဆိုမှုများ ပိုများလာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဘောလခဲမြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းကြီးသည် ရွေးကောက်ပွဲရလဒ်တွင် တပ်မတော်၏ ကြိုတင်မဲများ လွှမ်းမိုးသွားမည်ကို စိုးရိမ်နေသည်။ တပ်မဟာတစ်ခု၊ တပ်ရင်း သုံးရင်းနှင့် နယ်ခြားစောင့်တပ်တစ်ခု အခြေစိုက်သည့် ဤမြို့လေးတွင် တပ်မတော်၏ ကြိုတင်မဲများသည် ရွေးကောက်ပွဲဝင်ပြိုင်သည့် အမတ်လောင်းတိုင်းအတွက် စိုးရိမ်စရာဖြစ်သည်။

ဦးစိုင်းကြီးသည် ၂၀၁၅ရွေးကောက်ပွဲတွင် ဘော်လခဲ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ယခုရွေးကောက်ပွဲတွင်မူ သူသည် သူ၏သားဖြစ်သူ စိုင်းလင်းလင်းဦးကို ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ခွင့်ပြုခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အဆိုအရ မဲဆန္ဒရှင် ၈,၀၀၀ ကျော်အနက် ၁,၀၀၀ ဝန်းကျင်သည် တပ်မတော်နှင့် ၎င်းတို့၏မိသားစုဝင်များဖြစ်နေသည်။ တပ်မတော်က ကြိုတင်မဲပေးရန် တပ်မတော်သားဦးရေ ၁၀၀ကျော် စာရင်းပေးထားသည်။

၂၀၁၅ရွေးကောက်ပွဲရလဒ်များအရ ဘောလခဲ၏ မဲဆန္ဒရှင် ၆,၈၀၂အနက် ၁,၂၉၃ မဲမှာ ကြိုတင်မဲများဖြစ်သည်။ အများစုမှာ တပ်မတော်၏ကြိုတင်များဖြစ်ခဲ့ကြောင်းကို ကော်မရှင်နှင့် နိုင်ငံရေးပါတီများက အတည်ပြုကြသည်။ ထိုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးစိုးရယ်သည် ခိုင်လုံမဲ ၃၅၃ မဲအသာဖြင့် ဦးစိုင်းကြီးကို အနိုင်ပိုင်းခဲ့သည်။

ဘောလခဲမြို့နယ်အတွင်းက ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်တစ်ခုကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ကော်မရှင်ကထုတ်ပြန်သည့် မဲရလဒ်များအရ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)တွင် မဲပေးခဲ့သူ ၂,၁၇၃ ဦးအနက် ၅၁၁ဦးက ကြိုတင်မဲပေးခဲ့သည်။ တပ်မတော်၏ မဟာမိတ်ဖြစ်သော ပြည်ခိုင်ဖြိုးပါတီက ကြိုတင်မဲ ၃၂၃မဲရရှိခဲ့ပြီး အင်န်အယ်လ်ဒီပါတီက ၅၇မဲသာရရှိခဲ့သည်။

“ညသန်းခေါင်အထိ စစ်တပ်ကမဲတွေ ဝင်လာတုန်းပဲ။ ရောက်တာလာတဲ့ မဲတွေက မဲစာရင်းထက် ပိုနေတာမျိုးတွေတောင်ရှိခဲ့တယ်”ဟု ဦးစိုင်းကြီးကပြောသည်။

၂၀၁၅နှင့်မတူသည်က နိုဝင်ဘာ၈ရက်တွင် တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုများသည် တပ်အပြင်တွင် မဲပေးရမည်ဖြစ်သည်။ ထို့အတွက် ယခင်ကထက် ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ၎င်းတို့စိတ်ကြိုက် လွတ်လပ်စွာမဲပေးခွင့်ရမည်ဟု နိုင်ငံရေးပါတီများက မျှော်လင့်ထားကြသည်။

သို့သော်ဦးစိုင်းကြီးကမူ တပ်မတော်၏ ကြိုတင်မဲများကို စိုးရိမ်နေဆဲဖြစ်သည်။ “စစ်တပ်က သူတို့ရဲ့ဆန္ဒမဲကို ၂၀၁၅ မှာလိုပဲ ကြိုတင်ထုတ်ပေးလိမ့်မယ်လို့ ကျွန်တော်ထင်တယ်”ဟု ဦးစိုင်းကြီးကပြောသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးကမူ တပ်မတော်မဲ ၉၈၀တွင် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲပေးရန် စာရင်းပေးထားသူ ၇၂ဦးသာရှိကြောင်း ပြောသည်။ သို့သော် မဲဆန္ဒနယ်တွင်း ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၆ရက်နှင့် ၇ ရက်တို့တွင် ပြုလုပ်ခဲ့သည်ဖြစ်ရာ ထိုနှစ်ရက်အတွင်း ကြိုတင်မဲပေးသူ အရေအတွက်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဦးသန်းထွဋ်အောင်ကမူ ၎င်း၏ပါတီသည် ထိုဒေသရှိ တပ်မတော်၏မဲများကို အလိုအလျောက်ရရှိနိုင်မည်ဆိုသည့် ပြောဆိုချက်ကို သဘောမတူပေ။ “သူတို့ဆန္ဒရှိသလို သူတို့ ကြိုက်နှစ်သက်တဲ့၊ သဘောကျတဲ့သူတွေကို လွတ်လပ်စွာမဲပေးနိုင်တယ်။ တစ်ကယ်လို့ ပါတီကိုပေးခဲ့ရင်လည်း သူတို့ရဲ့ဆန္ဒအရ ပေးတာပါပဲ”ဟု သူကပြောသည်။

ပြည်ခိုင်ဖြိုးပါတီတစ်ခုတည်းသာမဟုတ်ဘဲ လာမည့်ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိရန် မရိုးသားသောနည်းလမ်းများကို အသုံးပြုသည်ဟု စွပ်စွဲခံနေရသည့် အခြားပါတီများလည်း ရှိသည်။ 

အင်န်အယ်လ်ဒီပါတီ၏ အမတ်လောင်း စိုင်းလင်းလင်းဦးက အသက် ၆၀ကျော်များ ကြိုတင်မဲပေးရာတွင် မဲပေးမည့်သက်ကြီးရွယ်အိုများကို ကား၊ ဆိုင်ကယ်များဖြင့် မဲရုံသို့ခေါ်ဆောင်လာကာ မဲပေးစေသည့် အဖြစ်အပျက်များရှိခဲ့သည်ဟု ဆိုသည်။

“တချို့ကျေးရွာအုပ်စုတွေက ရွာသုံးရွာနဲ့ ဖွဲ့ထားတာမျိုးရှိတယ်။ တစ်ကယ်လို့ မဲရုံတစ်ခုကိုရွာတစ်ရွာမှာ ဖွင့်ထားတယ်ဆိုရင် တစ်ခြားရွာကလူတွေက လာရတယ်။ တစ်ရွာနဲ့တစ်ရွာ ဝေးတော့ အသက်ကြီးတဲ့သူတွေကို တစ်ခြားပါတီကလူတွေက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ မဲရုံတွေကိုခေါ်သွားပြီး သူတို့ပါတီတွေမဲပေးခိုင်းတာမျိုးတွေရှိတယ်”ဟု စိုင်းလင်းလင်းဦးကပြောသည်။

ထိုကိစ္စကို ဘောလခဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရွေးကောက်ပွဲနေ့မတိုင်မီ ဖြေရှင်းပေးရန် အကြောင်းကြားထားသည်ဟု စိုင်းလင်းလင်းဦးက ဆိုသည်။

ရွေးကောက်ပွဲရလဒ်ကို ခန့်မှန်းရန် ခက်ခဲနေဆဲဖြစ်ပြီး အထူးသဖြင့် တပ်မတော်နှင့် အရပ်သားလူဦးရေ ကွာဟမှုမရှိခြင်းက အနိုင်အရှုံးကို ယတိပြတ်ပြောဆိုရန် စိုင်းလင်းလင်းဦးအတွက် ခက်ခဲစေသည်။ ဘောလခဲသည် ပြည်ခိုင်ဖြိုးအနိုင်ပိုင်းထားသည့် နေရာဖြစ်သည့်တိုင် လက်ရှိအချိန်တွင် အင်န်အယ်လ်ဒီပါတီကို ထောက်ခံသူ အများအပြားရှိလာသည်ဟု သူက ပြောသည်။(ဆောင်းပါးရေးသားစဉ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။) ထို့အတူ မဲပေးရန်တွေဝေနေသူများလည်းရှိနေသည်။

“ကျနော်တို့ ဘယ်နှစ်နေရာနိုင်မလဲ အတိအကျမပြောနိုင်သေးဘူး။ အခုထိတော့ အနိုင်၊ အရှုံးက ၅၀ – ၅၀ ပါ”ဟု သူကပြောသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ဘောလခဲမြို့နယ်၊ မဲဆွယ်စည်းရုံးရေးခေါင်းဆောင် ဒေါ်ညွန့်မေကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ဤအတောအတွင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ ဘောလခဲမြို့နယ်၊ မဲဆွယ်စည်းရုံးရေးခေါင်းဆောင် ဒေါ်ညွန့်မေက ၎င်း၏အဖွဲ့ဝင်များသည် အခြားနိုင်ငံရေးပါတီများ မသမာသည့်နည်းလမ်းများအသုံးပြု၍ မဲရရှိရန်ကြိုးစားနေသည်ကို မျက်မြင်တွေ့ကြုံခဲ့ရသည်ဟု ပြောသည်။

အမှတ် (၁,၀၀၅) နယ်ခြားစောင့်တပ်အခြေစိုက်ရာ ရွာသစ်ရွာအတွင်းရှိ မဲရုံတစ်ခုတွင် သက်ကြီး ရွယ်အိုများကို မဲထည့်ရာတွင် ကူညီပေးသည်ဟုဆိုကာ မဲရုံတာဝန်ရှိသူများက မဲဆန္ဒရှင်များကိုယ်စားပါတီတစ်ခုခုကို မဲရရန်လုပ်ဆောင်ပေးနေသည်ဟု ဒေါ်ညွန့်မေကပြောသည်။

“အသက်ကြီးတဲ့သူတွေက မျက်စိမမြင်တာ၊ ဘယ်လိုမဲပေးရမယ်ဆိုတာ မသိဘူးလေ။ အဲဒီတော့ မဲရုံမှာရှိတဲ့ တစ်ဘက်ပါတီက လူတွေက ကူညီသလိုနဲ့ အဘိုး၊ အဘွားတွေလက်ကိုကိုင်ပြီး သူတို့ပါတီကို တံဆိပ်တုံးထုလိုက်တာမျိုးတွေရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဖို့ကျေးရွာအုပ်စု ကော်မရှင်ကို တိုင်ကြားထားပါတယ်” ဟုသူကပြောသည်။ 

အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများကလည်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် မဲဆန္ဒရှင်များကို မဲရုံသို့ကားဖြင့် ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိကြောင်းဆိုသည်။ သို့သော် ဒေါ်ညွန့်မေကမူ ယင်းသို့ပြောဆိုချက်များကို ငြင်းဆန်သည်။

“ကျွန်မတို့က ဥပဒေနဲ့အညီပဲ လုပ်ဆောင်နေတာပါ”ဟု ဒေါ်ညွန့်မေကပြောသည်။

ဘောလခဲမြို့တွင်ရှိသည့် မဲဆန္ဒရှင် ၈,၀၀၀ကျော်တွင် အသက် ၆၀နှင့်အထက် ကြိုတင်မဲပေးခွင့်ရှိသူ ၆၉၄ ဦးရှိပြီး အောက်တိုဘာ၂၉ရက်မှ နိုဝင်ဘာ၅ရက်အထိ ၆၀၀ဦးဝန်းကျင် ကြိုတင်မဲထည့်ခဲ့ကြောင်း ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးကပြောသည်။ လာမည့် တနဂ်နွေနေ့ (မနက်ဖြန်)၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် ဘောလခဲမြို့တွင် မဲရုံပေါင်း၁၆ရုံ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တာဝန်ချထားသည့် မဲရုံဝန်ထမ်းအင်အားမှာ ၃၆၀ဦး ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.