သံလွင်ငြိမ်းချမ်းရေးဥယျာဉ်(ဝါ) အောက်ခြေမှလာသည့် ဖက်ဒရယ်စနစ်

ကေအင်န်ယူ၏ ထောက်ခံအားပေးမှုဖြင့် ငြိမ်းချမ်းရေးဥယျာဉ်တစ်ခု ဖွင့်လှစ်ပွဲကိုတက်ရန် ဝေးကွာလှမ်းသော တောင်ပေါ်ကရင်ရွာကလေးသို့ ရာပေါင်းများစွာသော ကရင်လူမျိုးများ မကြာမီက စုရုံးရောက်ရှိလာကြသည်။

ဘန်ဒူးနန့် ရေးသားသည်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နယ်နှင့် မြန်မာပြည်ကို ပိုင်းခြားထားသော သံလွင်မြစ်အနီး ကရင်ပြည်နယ်မြောက်ပိုင်း တောင်ပေါ်ဒေသရှိ ဒေဘူနောရွာလေးတွင် ကရင်တိုင်းရင်းသူ မုဆိုးမတစ်ဦးသည် ပရိသတ် ငါးရာခန့်ကို မိန့်ခွန်းပြောနေသည်။ ထိုနေ့က ဒီဇင်ဘာလနှင့်မလိုက်အောင် ပူပြင်းလှသည်။

စိမ်း၊ ပြာ၊ နီ၊ ဝါ ကရင်သင်တိုင်း ရောင်စုံဝတ်ဆင်ထားသည့် ပရိသတ်သည် ဝါးဖြင့်ဆောက်လုပ်ထားသော ယာယီမဏ္ဍပ်ထဲတွင် ပြွတ်သိပ်ကာထိုင်နေကြသည်။ နော်ဖောသာ စကားပြောနေစဉ် ပရိသတ်မှာ ပျော်ရွှင်နေကြရာမှ ဝမ်းနည်းယောင်သမ်းသွားကြသည်။

“ကျွန်မက တဘဝလုံး စစ်ပွဲနယ်မြေထဲမှာ ကြီးပြင်းခဲ့ရတာပါ။ ကျွန်မအစ်မရဲ့ယောက်ျားက ဆုံးသွားလို့ အစ်မရဲ့ကလေးတွေကို စောင့်ရှောက်ကျွေးမွေးခဲ့ရတယ်။ အခုလည်း ကျွန်မယောက်ျားမရှိတော့လို့ ကလေးတွေကို ကျွန်မတယောက်တည်း ရှာကျွေးနေရပြန်ပြီ” ဟု နော်ဖောသာက ပြောပြနေသည်။

သို့သော် နော်ဖောသာမှာ ကျေနပ်စရာ တစ်ခုတော့ရှိပါသေးသည်။

“ကျွန်မခင်ပွန်းသာ အခု ဒီနေရာမှာရှိနေရင် သူသိပ်ပျော်နေမှာပါ”

ဒီဇင်ဘာ ၁၈ ရက် ထိုနံနက်က သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ဥက္ကဋ္ဌဖြစ်သူ ကေအင်န်ယူအရာရှိနှင့် ဒေသခံလူမှုအသိုက်အဝန်း၏ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးထားသော သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ပဋိညာဉ်စာတမ်းကို သံမဏိခေါက်စားပွဲ တစ်လုံးပေါ်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ငြိမ်းချမ်းရေးဥယျာဉ်၏ အနာဂတ်နှင့်ပတ်သက်ပြီး သုံးရက်ကြာပြုလုပ်မည့် ဆွေးနွေးပွဲ၏ပထမနေ့မြင်ကွင်းမှာ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရာ နေပြည်တော်ရှိ ဧရာမခန်းမကြီးနှင့် လုံးဝခြားနားနေပါတော့သည်။

နော်ဖောသာ၏ခင်ပွန်း စောအိုမူးသည် ယင်းငြိမ်းချမ်းရေးဥယျာဉ် ဖြစ်လာရေးကို တလျှောက်လုံး စိုက်လိုက်မတ်တတ် ကြိုးပမ်းခဲ့သူဖြစ်သည်။ ဒီတော၊ ဒီတောင်၊ ဒီရေမြေတွင် ကြီးပြင်းကျွမ်းဝင်သူဖြစ်ပြီး ကရင်ဘာသာဓလေ့ကိုလည်း နားလည်သူစောအိုမူးမှာ ငြိမ်းချမ်းရေးဥယျာဉ်လှုပ်ရှားမှုကို ဦးဆောင်သူဖြစ်လာခဲ့သည်။

အရပ်သားစောအိုမူးသည် ဧပြီလအတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA မှ တပ်သားတယောက်နှင့်အတူ မော်တော်ဆိုင်ကယ်စီးသွားစဉ် တပ်မတော်စစ်သားများက ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့သည်။ ယခင်က စစ်ဆင်ရေးအတွက် အသုံးပြုခဲ့သောလမ်းကို အဆင့်မြှင့်ရန် တပ်မတော်က ရုတ်တရက် ဆုံးဖြတ်လိုက်သောကြောင့် တဘက်နှင့်တဘက် မကျေမလည်ဖြစ်နေစဉ် စောအိုမူး ယင်းသို့အပစ်ခံလိုက်ရခြင်းဖြစ်သည်။ အရပ်သား ၂,၅၀၀ ပြောင်းရွှေ့ပေးခဲ့ရသော်လည်း စောအိုမူး တစ်ဦးတည်းသာ အသတ်ခံရခြင်းဖြစ်သည်။ တပ်မတော်က စောအိုမူးအလောင်းကိုလည်း မပေးခဲ့ချေ။

“ကျွန်မ သူ့အလောင်းတောင် မမြင်လိုက်ရပါဘူး။ သူက ကျွန်မတို့ကို ဘာတစ်ခုမှ မထားခဲ့ဘဲ စွန့်ခွာသွားခဲ့တယ်” ဟု နော်ဖောသာကပြောပါသည်။

spp_milko-23_2.jpg

ငြိမ်းချမ်းရေးဥယျာဉ် ဖြစ်လာရေးကို စိုက်လိုက်မတ်တတ် ကြိုးပမ်းခဲ့သူဖြစ်ကာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့သော စောအိုမူး။ ဓာတ်ပုံ – ဖရန်တီယာ

လေဆန်ရေဆန်ခရီး

စောအိုမူးနှင့်စပ်လျဉ်း၍ ဘာရုပ်ဝတ္ထုသဲလွန်စမှ သူ့အသိုင်းအဝိုင်းက ပြန်မရတော့သော်လည်း သူ့ခြေရာလက်ရာများ ပါဝင်နေသော ငြိမ်းချမ်းရေးဥယျာဉ် လှုပ်ရှားမှုကတော့ လေဆန်၊ ရေဆန်ဖြစ်ရပ်ပေါင်း မြောက်မြားစွာကြားမှပင် ကေအင်န်ယူ၏ ထောက်ခံအားပေးမှုဖြင့် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ ကေအင်န်ယူအဖွဲ့က အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တရားဝင်ပါဝင်လုပ်ဆောင်နေမှုမှ ရပ်ဆိုင်းထားလိုက်ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ရှေ့မတိုးနိုင်တော့ဘဲဖြစ်နေရာ ကရင်ပြည်နယ်မြောက်ပိုင်း၌ မြန်မာအစိုးရက ဖာပွန်ခရိုင်ဟုခေါ်ဆိုသော၊ ကေအင်န်ယူတို့ အုပ်ချုပ်နေသော မုထရောခရိုင်၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမှာလည်း ဒယီးဒယိုင်နှင့် လှမ်းလျှောက်နေရသလိုဖြစ်နေသည်။

၂၀၁၂ တွင် နှစ်ဘက်အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယခင်စစ်တလင်းဖြစ်ခဲ့သော ဒေသများမှ စွန့်ခွာပြောင်းရွှေ့ ထွက်ပြေးခဲ့ရသူအချို့မှာ နေရပ်ပြန်နိုင်ခဲ့ကြသည်။ သို့သော် ထိုဒေသကို စစ်မဲ့ဇုန်ဖြစ်လာအောင် ဆက်လက်မလုပ်ဆောင်နိုင်ခဲ့ကြပေ။ ၅,၄၈၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ငြိမ်းချမ်းရေးဥယျာဉ်ဟု အမည်တပ်ထားသည့် မုထရောနယ်ကြီးအတွင်း တပ်မတော်စစ်စခန်းပေါင်း ၆၀ ခန့် ဖြန့်ကျက်ချထားသည်။

မြင့်မားသော ထုံးကျောက်တောင်များကြားမှ ရှင်းပြန့်နေပုံရသော မြစ်ဝှမ်းဒေသကြီးတွင် မြေမြုပ်မိုင်းများဖြင့် ပြည့်နှက်နေသည်။ စစ်တပ်နှင့် ကေအင်ယူနှစ်ဘက်စလုံးမှ မြုပ်ထားကြသော မြေမြုပ်မိုင်းများဖြစ်သည်။ မြေမြုပ်မိုင်းရှင်းလင်းရေး ကြိုးပမ်းမှုမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ဓားစာခံဖြစ်နေရရှာသည်။  

4_spp_32_3.jpg

မုထရောခရိုင်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့မှ တပ်သားတစ်ဦး။ ဓာတ်ပုံ – ဖရန်တီယာ

ဤဥယျာဉ်ဖွင့်ပွဲမှာ နေပြည်တော်ရှိ လွှတ်တော်အတွင်း၌ ရှုပ်ထွေးလှသော မြေယာဥပဒေကို ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ မြေယာဥပဒေပြင်ဆင်ပြီးပါမှ စီးပွားဖြစ်လုပ်ကိုင်ခွင့်များ တရားဝင်ချထားပေးနိုင်မည်။ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သူများ ဝင်လာမည်။ သို့ဖြစ်ပါက တိုင်းရင်းသား ဓလေ့ထုံးတမ်းဥပဒေအရ အစဉ်အဆက် လုပ်ကိုင်လာသော အသေးစားလယ်သမား၊ ယာသမားများခမျာ သူတို့လုပ်ကိုင်နေသည့်မြေများ လက်လွတ်ဆုံးရှုံးသွားနိုင်သည်။

၂၀၁၈ စက်တင်ဘာလအတွင်းက ပြင်ဆင်ခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေတွင် နိုင်ငံတော်အစိုးရက မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု သတ်မှတ်ထားသောမြေပေါ်၌ လုပ်ကိုင်နေသူသည် ၂၀၁၉ မတ်လ ၁၁ ရက်မတိုင်မီ အနှစ် ၃၀ မြေအသုံးပြုခွင့် လျှောက်ထားရမည်။ လျှောက်ထားရန်ပျက်ကွက်ပါက ပိုင်နက်ကျူးလွန်မှုဖြင့် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကာ ထောင်ဒဏ် နှစ်နှစ်အထိ ကျခံနိုင်သည်ဟု ဖော်ပြထားသည်။ ကရင်ပြည်နယ်တွင် ကရင်တိုင်းရင်းသားတို့ လုပ်ကိုင်နေကြသော မြေယာများ၏ ၄၁ ရာခိုင်နှုန်းမှာ အစိုးရက မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု သတ်မှတ်ထားသောမြေများဖြစ်သည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် ကရင်အမျိုးသားတို့၏ ကောင်းကျိုးချမ်းသာနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ခြိမ်းခြောက်နေသောအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ပြင် ဒေသတွင်းအုပ်ချုပ်ခွင့်နှင့် ပတ်ဝန်းကျင်ရေးရာ ဦးဆောင်လုပ်ကိုင်ခွင့် အပြုသဘောပုံစံကို အခြားတိုင်းရင်းသားလူနည်းစုများ အတုယူနိုင်ကြလိမ့်မည်ဟုလည်း ငြိမ်းချမ်းရေးဥယျာဉ် တည်ထောင်သူများက မျှော်လင့်ထားသည်။

ထိုမျှမက နေပြည်တော်၌ကျင်းပသည့် ငြိမ်းချမ်းရေးညီလာခံများတွင် မကြာခဏ ပြောသံကြားရသော်လည်း အသေးစိတ်ဆွေးနွေးဖြစ်ခဲလှသော ဖက်ဒရယ်ပြည်ထောင်စုတွင်းထည့်သွင်း၍ အစိုးရက အသိအမှတ်ပြုရန်ကိစ္စအတွက်လည်း မျှော်လင့်ချက်ထားသည်။ အထက်ကမှ အောက်ကိုချပေးသော စစ်ပုံစံဖြစ်ထွန်းမှုအစား အောက်ခြေမှစသည့် ဖက်ဒရယ်စနစ်နမူနာ လူထုအခြေပြု ဥယျာဉ်ပုံစံကို ကိုယ်စားပြုထားသည်။

2.1_frontier_4.jpg

မုထရောခရိုင်မှ ကရင်အမျိုးသမီးကြီး တစ်ဦး(ဝဲ)နှင့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ဥက္ကဋ္ဌ ဖဒို ဒီဂေဂျူနီယာ။ ဓာတ်ပုံ – ဖရန်တီယာ

ရိုးရာဓလေ့အမွေအနှစ်

ထိုဥယျာဉ်၏ ပိုင်နက်နယ်ပယ်ထဲတွင် ကျေးရွာသုံးသစ်တော ၂၇ ခု၊ ကာကွယ်တော လေးခု၊ တိရစ္ဆာန်ဘေးမဲ့တော သုံးခုနှင့် ထုံးဓလေ့အစဉ်အလာမြေကွက် ၁၃၂ ကွက်ပါဝင်သည်။ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ကေဒိုးမယ်ညော် Kaydoh Mae Nyaw တခုတည်းကပင် ၉၁,၅၉၉ ဧက (၃၇,၀၆၉ ဟက်တာ) အကျယ်အဝန်းရှိ သစ်တောကြီးပါဝင်သည်။ ထိုတောကြီးတွင် မျိုးသုဉ်းပျောက်ကွယ်တော့မည့် သင်းခွေချပ် Chinese Pangolin တို့ နေထိုင်ကျက်စားရာဖြစ်သည်။

၁၉၉၀ နှစ်လယ်ပိုင်းတွင် ပြင်းထန်သော တိုက်ပွဲများကြောင့် ဒေသတောတွင်းရှိ လူအများ စွန့်ခွာထွက်ပြေးသွားကြသဖြင့် လူသူကင်းမဲ့လျက်ရှိသည်။ စကောကရင်ဘာသာဖြင့် ကော် ဟုခေါ်သော မိရိုးဖလာမြေများသည် သစ်တောမြေ၊ ယာမြေနှင့် ရွာမြေရောနှောနေသောမြေများဖြစ်ပြီး အရွယ်အစားအားဖြင့်လည်း ယာမြေသေးသေးလေးမှ ကြီးမားကျယ်ပြန့်သော လယ်ကွင်းကြီးများအထိ အမျိုးမျိုးရှိကြသည်။

ထိုမြေများကို တစုတဘာသာ တရွာတပုဒ်ဆန်းဆိုသလို ရွာခံကျေးလက်အသိုက်အဝန်းက အစဉ်အလာ စီမံအုပ်ချုပ်လာခဲ့ကြသော်လည်း ထိုကော်မြေများသည် ကရင်တို့၏ ရိုးရာယုံကြည်မှုတွင် နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ ကော်မြေများ၏ နယ်နိမိတ်ကို ထိုနေရာတွင် နေထိုင်သော နယ်ပိုင်ဘုမ္မစိုးနတ်များက စောင့်ရှောက်ထားသဖြင့် ချိုးဖောက်၍မရပေ။

ရွာ၏ဦးဆောင်မိသားစုဝင် အသက်ရွယ်ရင့် အမျိုးသားကြီးများသည် ထိုနယ်ပိုင်ဘုမ္မစိုးနတ်များနှင့် အထူးဆက်သွယ်မှုရှိသည်ဖြစ်ရာ ထိုသက်ကြီးရွယ်ကြီး အမျိုးသားကြီးတို့က ထိုကော်မြေများကို စီမံခန့်ခွဲ ဆုံးဖြတ်ပေးသည်။ ငြိမ်းချမ်းရေးဥယျာဉ် ပဋိညာဉ်စာတမ်းကို ကော်မြေယာများ ကာကွယ်ရေး၊ ပြန်လည်ရှင်သန်ရေးတို့အတွက် ကရင်လူထု၏ မြေယာလုပ်ပိုင်ခွင့်ကာကွယ်ရေး နည်းလမ်းအဖြစ်လည်းကောင်း၊ တခုတည်းသော အမျိုးသားမြေယာဥပဒေ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တိုင်းရင်းသားတို့၏ ထုံးတမ်းစဉ်လာ မြေလုပ်ပိုင်ခွင့်ကို ကာကွယ်ပေးနိုင်ရန် မျှော်မှန်းပြီး ၂၀၁၆ ခုတွင် လွှတ်တော်က အတည်ပြုပေးခဲ့သည့် မြန်မာအစိုးရ၏ အမျိုးသားမြေအသုံးချရေး မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက်လည်းကောင်း ရေးဆွဲပြဋ္ဌာန်းထားသည်။ ကော်မြေယာအုပ်ချုပ်မှုစနစ်သည် ကရင်လူမျိုးစု အသိုက်အဝန်း၏ ဖူလုံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၂ ခုစလုံးကို ပြီးမြောက်စေနိုင်ကြောင်း မှတ်တမ်းများက သက်သေထူခဲ့ပြီးဖြစ်သည်။

5_frontier_5.jpg

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့၊ ဒုဦးစီးချုပ် ဗိုလ်ချုပ်ဘော်ကျော်ဟဲ(ဝဲ)နှင့် မုထရောခရိုင်မှ ရိုးရာတူရိယာ တီးမှုတ်နေသူ ကရင်တိုင်းရင်းသူလေး။ ဓာတ်ပုံ – ဖရန်တီယာ

သို့သော် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့သော ပြည်တွင်းစစ်နှင့် နေရပ်ပြောင်းရွှေ့ နေထိုင်ခဲ့ကြရမှုကြောင့်လည်းကောင်း၊ ကရင်လူမျိုးစုတို့၏ ဘဝနေထိုင်မှုပုံစံသည် သမိုင်းတလျှောက် ပြောင်းလဲလာခဲ့ကြသောကြောင့်လည်းကောင်း ကော်မြေယာများအတွက် မပါမဖြစ်သော လုပ်ထုံးလုပ်နည်းများမှာ မှေးမှိန်ပျောက်ကွယ်လာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ကရင်အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်ဟု ခန့်မှန်းရသော်လည်း မုထရောနယ်မှ ကရင်အများစုမှာမူ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။

ဗြိတိသျှကိုလိုနီခေတ်အတွင်း သူတို့၏ အဘိုးအဘွားများကို ခရစ်ယာန်သာသနာပြုများက ခရစ်ယာန်အဖြစ် ပြောင်းလဲပေးခဲ့ကြသည်။ ခရစ်ယာန်သာသနာပြုများက ကရင်တို့၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို မကောင်းဆိုးဝါး နတ်ဆိုးများ၏ လုပ်ရပ်များဖြစ်၍ ရှောင်ရှားကြရန် သင်ကြားပေးခဲ့ကြသည်။

ငြိမ်းချမ်းရေးဥယျာဉ် ဖြစ်မြောက်ရေး၌ အများဆုံးကြိုးပမ်းခဲ့ကြသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ပတ်ဝန်းကျင်နှင့် လူမှုရေးလှုပ်ရှားမှုကွန်ရက် Karen Environmental and Social Action Network ၏ အမှုဆောင်ညွှန်ကြားရေးမှူး စောပေါလ်စိန်ထွားက Frontier နှင့် တွေ့ဆုံရာတွင် ကရင်လူမျိုးတို့၏ ရှေးရိုးဓလေ့ထုံးတမ်း ပြန်လည်ရှင်သန်ရေးကို ဦးစားပေးသော ငြိမ်းချမ်းရေးဥယျာဉ်အစီအစဉ်ကို အစပိုင်းတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက ဆန့်ကျင်ခဲ့ကြကြောင်း ပြောပြသည်။

သို့သော် ကရင်မျိုးနွယ်စုအမျိုးမျိုး မည်မျှပင်ကွဲပြားရှိနေပါစေ ဤကရင်ရိုးရာဓလေ့ထုံးစံ ယုံကြည်မှုများကသာ ကရင်အားလုံး၏ညီညွတ်မှုကို စုစည်းပေးသောအရာဖြစ်ကြောင်း နောက်ဆုံးတွင် အားလုံးက သဘောတူလက်ခံခဲ့ကြသည်ဟု ပြောပြပါသည်။

“ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့ယုံကြည်မှုတွေကိုသာ စွန့်လွှတ်လိုက်ရမယ်ဆိုရင် ကျွန်တော်တို့ ထုံးတမ်းအစဉ်အလာတွေ တဝက်လောက် ဆုံးရှုံးသွားရတော့မှာပဲ” ဟု သူကပြောသည်။

ဒေသတွင်း ဆုံးဖြတ်ပိုင်ခွင့်

ငြိမ်းချမ်းရေးဥယျာဉ်သည် ကေအင်န်ယူ ဗဟိုကော်မတီ၏ တရားဝင်အားပေးထောက်ခံမှုကို ရရှိထားပြီး ပဋိညာဉ်တွင် ကေအင်န်ယူ၏ မုထရောခရိုင် အုပ်ချုပ်ရေးအဖွဲ့က ဒေသစီမံခန့်ခွဲမှုအများစုကို ယူထားသည်။ သို့သော် ကေအင်န်ယူ၏ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်စု ကိုယ်စားလှယ်များက အဆုံးအဖြတ်ပေးအဖွဲ့တွင် အနည်းစုကိုသာ ယူထားသည်။ အထွေထွေညီလာခံတွင် ကိုယ်စားလှယ်နေရာ ၁၀၆ နေရာရှိရာ ၄၂ နေရာသာယူထားပြီး အထွေထွေညီလာခံမှ ရွေးကောက်တင်မြှောက်လိုက်သော ဦးစီးကော်မီတီတွင် ၁၁ နေရာအနက် လေးနေရာသာ ရယူထားသည်။

အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျေးရွာကိုယ်စားလှယ်များ ၂၀၁၉ တွင် ဖွဲ့စည်းမည့် အထွေထွေညီလာခံနှင့် ဦးဆောင်ကော်မတီတို့တွင် အရပ်ဖက်အဖွဲ့အစည်းနှင့် ကျေးရွာကိုယ်စားလှယ်များက နေရာများကို မျှယူထားမည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာအစိုးရ၏ အုပ်ချုပ်ရေးလစ်ဟာနေသော ဤဒေသတွင် ဒေသခံအသိုက်အဝန်းများက ကေအင်န်ယူတို့အား တာဝန်ယူထားစေနိုင်ရန် ငြိမ်းချမ်းရေးဥယျာဉ်က လုပ်ဆောင်ပေးထားသည်။

7_frontier_6.jpg

ဒေဘူနောကျေးရွာမှ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏မြေပုံကားချပ်။ ဓာတ်ပုံ – ဖရန်တီယာ

သို့သော် နေ့တဓူဝ အဆုံးအဖြတ်ကိစ္စများကို ဒေသအဆင့်ကိုပေးထားရန် ပဋိညာဉ်က ကြိုတင်ရှုမြင်ထားသည်။ ပုဒ်မ ၅၂ တွင် ဤသို့ဖော်ပြပါရှိသည်။ ရွာတိုင်း၊ ကျေးရွာအုပ်စုတိုင်း၊ ကော်၊ သို့မဟုတ် အုပ်ချုပ်ရေးယူနစ်တိုင်း၊ ထိုကော်မတီများ၏အဖွဲ့ဝင်များက လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ဥပဒေ၊ နည်းဥပဒေများချမှတ်ရန်နှင့် အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ ဥပဒေစည်းကမ်းလိုက်နာရေးကို ထိုအဖွဲ့များကိုယ်တိုင် ဆုံးဖြတ်ရမည်ဟု ဖော်ပြထားသည်။

ကျေးရွာအုပ်စုအဆင့် ဆွေးနွေးပွဲများဖြင့် ရေးဆွဲထားသော ပဋိညာဉ်ကို ထိုဥယျာဉ်နယ်နိမိတ်အတွင်းနေ အရွယ်ရောက်ပြီးသူ ၇၅ ဒသမ ၁ ရာခိုင်နှုန်း၏ လက်မှတ်ရေးထိုး ထောက်ခံအတည်ပြုမှု ရယူထားသည်ဟု ဒေဘူနိုး ရှင်းလင်းပွဲတွင် ဖော်ပြခဲ့သည်။

အုပ်ချုပ်ရေးအဖွဲ့ကွဲသော်လည်း ရည်ရွယ်ချက်ချင်းတူ

“ကျွန်တော်တို့က ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ ပါးစပ်ကပြောနေရုံမဟုတ်ဘူး။ တကယ်ဖြစ်အောင်လုပ်နေတာ” ဟု KNLA ၏ ဒုဦးစီးချုပ် ဗိုလ်ချုပ်ဘော်ကျော်ဟဲ ကပြောသည်။ သူသည် ယခင်က ယင်းဒေသကို ထိန်းချုပ်ထားခဲ့သော အမှတ် (၅) တပ်မဟာ၏ တပ်မှူးဟောင်းဖြစ်သည်။ ၂၀၁၂ တွင် နှစ်ဖက်အပစ်ရပ် သဘောတူညီမှုရခဲ့ကြ၍ လူထုပြန်လည်လှုပ်ရှားနိုင်ဖို့ လမ်းပွင့်လာစဉ်ကတည်းက ဤငြိမ်းချမ်းရေးဥယျာဉ် အစီအစဉ်ကို ထောက်ခံသူဖြစ်သည်ဟု Frontier ကိုပြောသည်။ သို့သော် နေပြည်တော်ကမူ ယခုလုပ်ကိုင်နေကြသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ လက်ရှိအခြေအနေကို နက်ရှိုင်းစွာ သံသယရှိနေကြောင်း သူကပြောသည်။ သူတို့ ဒီလိုဖြစ်နေပေမဲ့ ငြိမ်းချမ်းရေးဥယျာဉ် အစီအစဉ်ကတော့ တိုးတက်နေပါသည်ဟု သူကဆိုသည်။

“အခုငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ငြိမ်းချမ်းရေးအစစ်မှမဟုတ်တာပဲ။ ကျွန်တော်တို့က အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်လုပ်နေမှာမဟုတ်ဘူး” ဟု ဗိုလ်ချုပ်ကပြောသည်။

“အစိုးရခေါင်းဆောင်လုပ်သူ ပြောင်းသွားပေမဲ့ တိုင်းရင်းသားတွေအပေါ်မှာ အရင်လိုပဲ သဘောထားနေကြတုန်းပဲ။ ကျွန်တော်တို့အားလုံးကို သူတို့ထိန်းချုပ်မှုအောက်မှာ ထားချင်နေကြတုန်းပါပဲ” ဟု ၂၀၁၆ တွင် အာဏာရလာသော ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အင်န်အယ်ဒီအစိုးရ၏ ငြိမ်းချမ်းရေးလမ်းစဉ်ကိုရည်ညွှန်း၍ သူကပြောနေခြင်းဖြစ်သည်။

6_frontier_0_7.jpg

ဒေဘူနောကျေးရွာမှ ကရင်တော်လှန်ရေးအထိမ်းအမှတ်ကျောက်တိုင်။ ဓာတ်ပုံ – ဖရန်တီယာ

ယခုလက်ရှိ ငြိမ်းချမ်းရေးဥယျာဉ်၏ ဥက္ကဋ္ဌဖြစ်သူ ကေအင်န်ယူဗဟိုကော်မတီဝင် ဖဒို ဒီဂေးဂျူနီယာ Padoh D Gay Junior က ငြိမ်းချမ်းရေးဥယျာဉ်နှင့်ပတ်သက်ပြီး မြန်မာအစိုးရနှင့်ဆက်သွယ်မှု သိပ်မရှိသေးသော်လည်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးမှာ အစိုးရအတွက်လည်း အကျိုးရှိကြောင်းဆိုသည်။

“အစိုးရအနေနဲ့ကော ဗမာအများစုကရော ဒီအတွက် စိုးရိမ်စရာမရှိပါဘူး။ ဗမာတွေလည်း သူတို့ယဉ်ကျေးမှုကို ထိန်းသိမ်းခွင့်ရှိကြတာပါပဲ” ဟုသူကပြောသည်။ ပဋိညာဉ်ကိုမကြေညာမီ ဖဒို ဒီဂေးဂျူနီယာက ဒေဘနောသို့ တက်ရောက်လာသော လူထုပရိသတ်ကို မိန့်ခွန်းပြောသည်။ ပရိသတ်များတွင် မုထရောဒေသခံများ၊ တနင်္သာရီ၊ ထိုင်းနိုင်ငံနှင့် အခြားဒေသအသီးသီး၌ နေထိုင်ကြသော ကရင်လူမျိုးများနှင့်အတူ အခြားတိုင်းရင်းသားများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

“ကျွန်တော်တို့လူမျိုးတွေက နေရာစုံ၊ နိုင်ငံစုံမှာ ရှိနေကြတယ်၊ ကျွန်တော်တို့ကရင်တွေကို လူအများ လေးစားလာဖို့အတွက် ဒီငြိမ်းချမ်းရေးဥယျာဉ်က တခုတည်းသော နည်းလမ်းပါပဲ” ဟု သူက ပရိသတ်ကို မိန့်ခွန်းခြွေခဲ့သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဒီဇင်ဘာ ၁၈ ရက်က မုထရောခရိုင် ဒေဘူနောရွာမှ သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ဖွင့်လှစ်ပွဲသို့ တက်ရောက်လာကြသော ကရင်လူမျိုးများ။ ဓာတ်ပုံ – ဖရန်တီယာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.