သောင်မတင် ရေမကျ လုပ်သားရေးရာ ပြုပြင်ပြောင်းလဲမှု

အငြင်းပွားမှု ဖြန်ဖြေရေး လုပ်ထုံးလုပ်နည်းများကို အဆင့်မြှင့်တင်ရန် အဆောတလျင် လိုအပ်လျက်ရှိသည်ဟု အလုပ်သမား အခွင့်အရေး ဆောင်ရွက်သူများက ပြောချိန်တွင် အစိုးရက အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုကို အချိန်အတိုင်းအတာ တစ်ရပ်အထိ ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်ပြီး ဖြစ်သည်။

ကျော်ဖုန်းကျော် ရေးသားသည်။ 

အမျိုးသား ဒီမိုကရေစီ အစိုးရ လက်အောက်တွင် ဆန္ဒပြ အလုပ်သမားများကို ပထမဆုံးအကြိမ် ဖြိုခွင်းမှုကို အာဏာလွှဲပြောင်းရယူပြီး နှစ်လပင်မကြာသော အချိန်၌ တွေ့ရှိခဲ့ရသည်။ မေလ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ နေပြည်တော်သို့ ချီတက်လာကြသည့် အထပ်သားစက်ရုံ အလုပ်သမားများနှင့် ၎င်းတို့အား ထောက်ခံသူများသည် နေပြည်တော် ဆင်ခြေဖုံးဒေသသို့ အရောက်၌ လူစုခွဲခံခဲ့ရသည်။ ဆန္ဒပြသူ ၇၀ ခန့်ကို ထိန်းသိမ်းခဲ့ပြီး အလုပ်သမားခြောက်ဦး အပါအဝင် ၁၅ ဦးမျှ ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

၎င်းတို့အား တရားမဝင် စုရုံးခြင်းနှင့် သွေးထိုးလှုံ့ဆော်ခြင်းတို့တွင် ပါဝင်မှုအပါအဝင် ပြစ်မှုလေးခုဖြင့် တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှား တွေ့ရှိပါက ထောင်ဒဏ်ခြောက်နှစ်ကျော် ကျခံရမည် ဖြစ်သည်။ ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်သော “အရေးပေါ်ဆောင်ရွက်မှု” ကြေညာချက်တစ်ရပ်၌ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ထိန်းသိမ်းခံ ၁၅ ဦးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဖြစ်ပြီး ၎င်းတို့ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အစိုးရ၏ တုံ့ပြန်မှုမှာမူ လေ့လာစောင့်ကြည့်သူများစွာအား အံ့အားသင့်စေခဲ့သည်။ သို့သော် ရန်ကုန်အခြေစိုက် နေသူရိန် ဥပဒေအကျိုးဆောင်အဖွဲ့နှင့် အဖမ်းဆီးခံ အလုပ်သမားခြောက်ဦးကို ကိုယ်စားပြု ဦးဆောင်သူ ကိုအောင်သူရိန်ထွန်းကမူ ဤတုံ့ပြန်ချက်မှာ အစိုးရသစ်လက်ထက်တွင် ပြောင်းလဲမှု မရှိသည့် မြန်မာနိုင်ငံမှ အလုပ်သမား အခွင့်အရေးအခြေအနေကို တိတိပပ ထင်ဟပ်ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

ဖြစ်ပွားနေသော အလုပ်သမား ဆန္ဒပြမှုများ

တိုးတက်မှု တစ်ခုမှာမူ လွန်ခဲ့သော လေးလတာအတွင်း အလုပ်သမားများနှင့် စီမံခန့်ခွဲသူများအကြား အငြင်းပွားမှု အရေအတွက် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ အလုပ်သမားရေးရာ ဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သော ဦးညွန့်ဝင်းက ဤသို့ဖြစ်ရသော အကြောင်းရင်းမှာ အစိုးရသစ်က  အလုပ်သမား အခွင့်အရေးများ နှင့်ပတ်သက်၍ မည်သို့ ချဉ်းကပ်ဆောင်ရွက်မည်နည်း ဆိုသည်ကို အလုပ်ရှင်များနှင့် အလုပ်သမားများက စောင့်ကြည့်နေကြ၍ ဖြစ်ကြောင်း ဆိုသည်။

နေပြည်တော်တွင် မတ်လ၌ ဖြစ်ပွားခဲ့သော အထပ်သားစက်ရုံ အလုပ်သမားများ၏ ဖြစ်ရပ်ကဲ့သို့ အများပြည်သူ အာရုံစိုက်ခြင်းကို မရရှိခဲ့သော်လည်း အငြင်းပွားမှုများကိုမူ တွေ့မြင်နေရဆဲပင်။ လတ်တလော ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုတွင်  ရန်ကုန်မြို့အပြင်ဘက် လှိုင်သာယာမြို့နယ် အနောက်ပိုင်းရှိ ရွှေလင်ပန်း စက်မှုဇုန်မှ လဝန်းထက်သာ အထည်ချုပ်စက်ရုံ အလုပ်သမားများ ပါဝင်ခဲ့သည်။ စက်ရုံကို ပိုင်ရှင်က ပိတ်လိုက်သဖြင့် အလုပ်သမားတို့က ပိုင်ရှင်ဖြစ်သူက နစ်နာကြေးနှင့် ရပိုင်ခွင့်များကို ပေးဆောင်ရန် ဇူလိုင်လ ၁၆ ရက်တွင် တောင်းဆိုဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

labour_2aaa.jpg

လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံသို့ ရောက်ရှိလာသော အလုပ်သမများအား ၂၀၁၃ ခုနှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ/ Frontier

အငြင်းပွားမှုများမှာ အများအားဖြင့် ရန်ကုန်စက်မှုဇုန်များတွင် ဖြစ်ပွားကြသည်ဟု ရန်ကုန်အနောက်မြောက်ပိုင်း ရွှေပြည်သာစက်မှုဇုန်အနီးရှိ ဖို့ဒ်ဂလိုရီ အထည်ချက်စက်ရုံမှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ဟောင်း ကိုနိုင်ဌေးလွင်က ဆိုသည်။

“အစိုးရသစ် တက်လာပြီးနောက်ပိုင်း ရွှေပြည်သာ စက်မှုဇုန် တစ်ခုတည်းမှာ အငြင်းပွားမှု ၁၀ မှုကျော် ရှိခဲ့ပြီးပါပြီ” ဟုလည်း ကိုနိုင်ဌေးလွင်က ဆိုသည်။ ယမန်နှစ်က ဖြိုခွင်းခံခဲ့ရသည့် ထိုင်သပိတ်ကြီးတစ်ခု ပြုလုပ်ခဲ့သည့် ၎င်းနှင့် ဖို့ဒ် ဂလိုရီစက်ရုံမှ လုပ်ဖော်ကိုင်ဖက်ဟောင်းများသည် အငြင်းပွားမှုများ၌ ပါဝင်နေသော အလုပ်သမားများကို ကူညီရန် “ရောင်ခြည်ဦး” ဟု အမည်ပေးထားသော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ဖြစ်သည်။

“စက်ရုံပိုင်ရှင်တွေကို ဆန္ဒပြခဲ့တဲ့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေက အလုပ်လက်မဲ့တွေ ဖြစ်ကုန်ပါပြီ။ စက်ရုံပိုင်ရှင်တွေ အကုန်လုံးက ကျွန်တော်တို့ရဲ့ ဆန္ဒပြပွဲအကြောင်းကို သိရှိနေကြပြီး ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖြန့်ခဲ့ကြလို့ပါ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့က တခြားအလုပ်သမားတွေကို ကူညီချင်တာပါ။ အဲဒါမှ သူတို့တွေလည်း ကျွန်တော်တို့လို အဖြစ်မျိုးကို ရှောင်ရှားနိုင်မှာပါ။ ကျွန်တော်နဲ့ သူငယ်ချင်းတွေက ဆိုင်ကယ်တက္ကစီသမားတွေအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းနေကြတာပါ” ဟု ကိုနိုင်ဌေးလွင်က ရှင်းပြသည်။

သမ္မတဦးထင်ကျော်၏ ဧပြီလ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သော အလုပ်သမားရေးရာ တက်ကြွလှုပ်ရှားသူ ကိုသူဇော်ကြည်ဝင်း အဆိုအရ ၎င်းတို့၏ခံစားခွင့်များကို အကာအကွယ် ပေးခံထားသည်ဟု အလုပ်သမားများကိုယ်တိုင်က ယုံကြည်မှု မရှိသမျှ ကာလပတ်လုံး လုပ်ငန်းခွင် အငြင်းပွားမှုများ ဆက်ရှိနေဦးမည်ဟု မှတ်ချက်ပြုသည်။

စက်ရုံ ဆောက်ကာ အလုပ်သမားများကို ရာနှင့်ချီ ခန့်ခဲ့သည့် ပြည်ပရင်းနှီးမြုပ်နှံသူတစ်ဦး၏ လတ်တလော ဖြစ်ရပ်ကို ကိုသူဇော်ကြည်ဝင်းက ကိုးကားပြောဆိုခဲ့သည်။ စက်ရုံစတင်လည်ပတ်ပြီး သုံးလကြာသောအခါ ၎င်းအလုပ်ရှင်က စက်ရုံပိတ်ကာ မြန်မာနိုင်ငံမှ ထွက်သွားခဲ့သဖြင့် အလုပ်သမားများမှာဆိုးရွားသော ငွေကြေးအခက်အခဲများ ဖြစ်ကျန်ရစ်သော်လည်း ယင်းအခြေအနေကို ကုစားနိုင်မည့် ဥပဒေကြောင်းဆိုင်ရာ ဖြေရှင်းချက်များ မရှိဘဲ အလုပ်သမားများမှာ ထားပစ်ခံခဲ့ရသည်။

“ဒီအခြေအနေမျိုးက အလုပ်သမားတွေကို ဆန္ဒပြလာအောင် လှုံ့ဆော်ပေးတဲ့ အခြေအနေမျိုးပါ” ဟု ကိုသူဇော်ကြည်ဝင်းက ရှင်းပြသည်။

ခုံသမာဓိ ဆုံးဖြတ်ချက်ကို အားကောင်းလာစေခြင်း

အစိုးရသစ်သည် ဥပဒေဘောင် ပိုမိုကောင်းမွန်လာစေရန်နှင့် လက်တွေ့ဖော်ဆောင်မှု အားကောင်းလာစေရန် အာရုံပြုဖို့ လိုအပ်သည်ဟု အလုပ်သမားရေးရာ အဖွဲ့ဖြစ်သည့် Action Labor Rights ၏ ဒါရိုက်တာ ကိုသူရိန်အောင်က ဆိုသည်။

“အစိုးရသစ်ကနေ မဖြစ်မနေ ပြောင်းလဲရမယ့် အလုပ်သမား ဥပဒေတချို့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း အလုပ်သမား အခွင့်အရေးတွေကို ချိုးဖောက်တဲ့ (စီးပွားရေး) ကဏ္ဍတချို့ ရှိနေလို့ပါ။ ဘာ့ကြောင့် မပြောင်းလဲရသေးသလဲ ဆိုတာကိုတော့ ကျွန်တော် မသိသေးပါဘူး” ဟုလည်း ၎င်းက ဆိုသည်။

အလုပ်သမားများအား အခြေခံအားဖြင့် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းနိုင်စေမည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေမှ အားနည်းချက်အချို့ကိုလည်း ၎င်းက ထောက်ပြခဲ့သည်။ ထိုဥပဒေအရ လုပ်ငန်းခွင်တစ်ခုတွင် အလုပ်သမား အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းရန် အနည်းဆုံးအားဖြင့် ထိုလုပ်ငန်းခွင်ရှိ အလုပ်သမားများ၏ ၁၀ ရာခိုင်နှုန်းက သဘောတူရမည် ဖြစ်သည်။

၎င်းက ယင်းသတ်မှတ်ချက်သည် လုပ်ငန်းခွင် တစ်ခုတည်းမှာပင် အဖွဲ့အစည်းများ အဆမတန် များပြားလာခြင်းဆီသို့ ဦးတည်စေခဲ့သည်ဟု ဆိုသည်။ အချို့ဖြစ်ရပ်များတွင် စက်ရုံပိုင်ရှင်များကလည်း ရင်းနှီးသော အလုပ်သမားများအား အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းရန် အားပေးကြပြီး နောက်ပိုင်းတွင် အလုပ်ရှင်များက အခြားပြိုင်ဘက် သမဂ္ဂများထက် ထိုအဖွဲ့များကို မျက်နှာသာ ပိုပေးကြတော့သည်။

သို့သော် အလုပ်သမား အခွင့်အရေး တိုက်ပွဲဝင်အဖွဲ့များကမူ အလျင်အမြန် ပြောင်းလဲရန် အလိုအပ်ဆုံး ဥပဒေမှာ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ ဥပဒေပင် ဖြစ်သည်။

ဤဥပဒေသည် မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့်တွင် အလုပ်သမားများ၊ အလုပ်ရှင်များနှင့် ဝန်ကြီးဌာနက ခန့်အပ်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အငြင်းပွားမှု ဖြန်ဖြေရေးအဖွဲ့များ ဖွဲ့စည်းရန် အခွင့်အာဏာ ပေးအပ်ထားသည်။

labour_3aaa.jpg

၂၀၁၅ ခုနှစ် လှိုင်သာယာမြို့နယ်ရှိ အီလင်းန် မြန်မာအထည်ချုပ်စက်ရုံ အပြင်ဘက်မှ သပိတ်စခန်းဖွင့်ထားသည့် တဲအတွင်း၌ ဆန္ဒပြ အလုပ်သမများအား တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ/ Frontier

အလုပ်သမားများနှင့် အလုပ်ရှင်များသည် အငြင်းပွားမှုတစ်ရပ်ကို စေ့စပ်ညှှိနှိုင်းခြင်းဖြင့် မဖြေရှင်းနိုင်ပါက ၎င်းတို့က ခုံသမာဓိ ဆုံးဖြတ်ချက်ကို ရယူရန် လျှောက်ထားရသည်။ သို့သော် အလုပ်ရှင်များက  ခုံသမာဓိ ဆုံးဖြတ်ချက်များကို ဆန့်ကျင်လေ့ရှိကြသည်။ အထူးသဖြင့် ထုတ်ပယ်ခံရသော အလုပ်သမားများကို အလုပ်ပြန်ခန့်ရန် အလုပ်ရှင်များအား အမိန့်ချမှတ်သော ဆုံးဖြတ်ချက်များကို ဖြစ်သည်။

ယင်းဖြစ်ရပ်များတွင် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ဒဏ်ငွေချမှတ်ခြင်းပင် ဖြစ်သည်။ အမိန့်မနာခံမှုအတွက် ထောင်ဒဏ်ချမှတ်ခြင်းကို ထည့်သွင်းရန် အလုပ်သမား အခွင့်အရေး ဆောင်ရွက်သူများက ယခင်ကတည်းက တောင်းဆိုခဲ့သော်လည်း ၂၀၁၄ ခုနှစ်၌ ပြုလုပ်ခဲ့သော ပြင်ဆင်ချက်များတွင် အမြင့်ဆုံးဒဏ်ငွေကိုသာ တိုးမြှင့်ခဲ့သည်။

ကိုအောင်သူရိန်ထွန်း အဆိုအရ အမိန့်မနာခံသော အလုပ်ရှင်များအား ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်များဖြင့် အရေးယူနိုင်စွမ်း မရှိခြင်းသည် အငြင်းပွားမှု ဖြေရှင်းသော လုပ်ငန်းစဉ်အပေါ် အလုပ်သမားများ၏ ယုံကြည်မှုကို ပျက်စီးစေခဲ့ပြီး ဖြစ်သည်။

“အလုပ်သမားတွေက ဥပဒေအတိုင်း ဆောင်ရွက်ကြပေမဲ့ ဆောင်ရွက်မှုအပြီး ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရက လက်တွေ့ဖော်ဆောင်ဖို့ ပျက်ကွက်လာတဲ့အခါ အလုပ်သမားတွေ နိုင်တယ်ဆိုရင်တောင် ဒီလိုဥပဒေကြောင်း ဆောင်ရွက်မှုအပေါ် သူတို့ယုံကြည်ချက် ထားနေလို့ကော ဘာအကြောင်းထူးမှာလဲ” ဟု ၎င်းက စောဒကတက်သည်။

ဤဥပဒေ ပြဋ္ဌာန်းချက်များအရ အလုပ်သမားများက အလုပ်ရှင်ကို တိုင်ကြားရန် ရဲတပ်ဖွဲ့ထံ တိုက်ရိုက် တင်ပြနိုင်ခြင်း မရှိဟု ကိုသူရိန်အောင်က ဆိုသည်။ ဥပဒေအရ ဖွဲ့စည်းထားသော ခုံသမာဓိကောင်စီကသာ တိုင်ကြားခွင့်တာဝန်ရှိသည်။ “ဒါက သူတို့ (အလုပ်သမားတွေ)ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတဲ့ အဓိပ္ပာယ်ပါပဲ” ဟု ၎င်းက ဆိုသည်။

ဥပဒေကြောင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု မသေချာသေး

ယခင်အစိုးရသက်တမ်းအတွင်း အတည်ပြုခဲ့သည့် အလုပ်သမား ဥပဒေများကို ပြင်ဆင်ရန် လတ်တလောတွင် အစီအစဉ်များ မရှိဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက Frontier ကို ပြောကြားသည်။

အလုပ်သမား အဖွဲ့အစည်း ဥပဒေနှင့် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတို့သာမက လူမှုဖူလုံရေးဥပဒေနှင့် အနိမ့်ဆုံးလုပ်ခလစာ ဥပဒေတို့လည်း ပါဝင်သည့် ဤအလုပ်သမား ဥပဒေများကို ပြောင်းလဲရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သို့မဟုတ် အခြားအဓိကပါဝင်ပတ်သက်သူများက တောင်းဆိုထားခြင်း မရှိသေးသောကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ ဝန်ကြီးဌာနက အပြင်ကအသံတွေကို အမြဲတမ်း နားစွင့်နေတာပါ။ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး (အိုင်အယ်လ်အို)နဲ့လည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေကို ပြောင်းလဲရမယ်ဆိုတဲ့ အကြံပေးမှု တစ်စုံတစ်ရာ မရရှိသေးပါဘူး” ဟုလည်း ဦးညွန့်ဝင်းက ရှင်းပြသည်။

တကယ်တမ်းတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဥပဒေ၊ ပြည်ပမှ လာရောက်အလုပ်လုပ်သည့် အလုပ်သမားများအတွက် ပြဋ္ဌာန်းမည့် ပြည်ပအလုပ်သမားများ ဥပဒေတို့အပါအဝင် ဥပဒေသစ်များအတွက် အာရုံစိုက် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

သို့သော် အုပ်ချုပ်ရေးအဖွဲ့သည် ဥပဒေပြောင်းလဲရန် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိခြင်းသာ ဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုသည်။

“အစိုးရအာဏာပိုင်တွေက သမဂ္ဂအကြီးကြီးတွေကို ပိုသဘောကျပြီး သမဂ္ဂအသေးလေးတွေက တဖြည်းဖြည်းနဲ့ သူတို့ရဲ့ သဘောထားဆန္ဒတွေကို နားထောင်မယ့်သူ မရှိဘူး ဖြစ်နေပါတယ်” ဟု တက်ကြွလှုပ်ရှားသူ ကိုနိုင်ဇော်ကြည်ဝင်းက ဆိုသည်။

ပြည်သူ့လွှတ်တော်၏ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌဖြစ်သူ အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက အလုပ်သမား ဥပဒေ ၁၆ ခုအနက် ၇ ခုကို ပြန်လည်သုံးသပ်ပြီးကြောင်း ဆိုသည်။ သို့သော် ယင်းတို့ထဲတွင် ယခင်အစိုးရလက်ထက်က အတည်ပြုခဲ့သော ဥပဒေများ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ ပြောကြားနိုင်ခြင်း မရှိခဲ့ပေ။

“ဒီဥပဒေတွေရဲ့ အမည်ကို ကျွန်တော် မေ့နေပါတယ်။ အဲဒါတွေကို အမည်နဲ့ အလွတ်မှတ် မထားလို့ပါ။ ကျွန်တော်က အခု ရုံးအပြင်ကို ရောက်နေပါတယ်” ဟု Frontier ကို ဖြေကြားသည်။

ဦးစိန်ဝင်းက မိမိကော်မတီက ပြန်လည်သုံးသပ်ထားပြီး ပြောင်းလဲရန် လိုအပ်သည်ဟု ယူဆရသော ဥပဒေအားလုံးကို အစိုးရငါးနှစ်သက်တမ်းမကုန်မီ ပြင်ဆင်သွားမည်ဟု ပြောကြားသည်။

အပေါင်းလက္ခဏာဆောင်သော သင်္ကေတအချို့

သို့သော် အစိုးရက နာမည်ကြီး ကုမ္ပဏီကြီးများကို အရေးယူရန် အသင့်ဖြစ်နေခြင်းကြောင့် အလုပ်သမားများနှင့် အလုပ်သမား အခွင့်အရေးများကို အားပေးရာ ရောက်ခဲ့သည်။ ပြီးခဲ့သည့်လအတွင်းက အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနက ပရီးမီးယားကော်ဖီလုပ်ငန်းကို ဥပဒေကြောင်းဆိုင်ရာ အရေးယူမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ရန်ကုန်မြို့နယ်အတွင်းရှိ လှိုင်သာယာစက်မှုဇုန်မှ ရာနှင့်ချီသော ထိုစက်ရုံလုပ်သားများက အားလပ်ရက်မရခြင်း၊ သို့မဟုတ် အချိန်ပိုကြေး မရခြင်းတို့ကို တိုင်ကြားခဲ့သဖြင့် ယခုကဲ့သို့ အရေးယူခဲ့ခြင်း ဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍မူ နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော ထိုင်းနိုင်ငံခရီးစဉ်အတွင်း အလုပ်သမားရေးဆိုင်ရာ ၎င်း၏ စိတ်ဝင်စားမှုကို ပြသခဲ့ပြီးဖြစ်ရာ တိုးတက်မှုများ ရှိလာလိမ့်မည်ဟု ဦးညွန့်ဝင်းက ပြောသည်။

အလုပ်သမား အခွင့်အရေးများနှင့်ပတ်သက်၍ အခြားနိုင်ငံများနှင့် ဆွေးနွေးခြင်းများမှာလည်း ဤအရေးကို တိုးမြှင့်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ထားကြောင်း  သဘောပေါက်လာကြသောအခါတွင် ယခင်ကထက် ပိုမိုချောမွေ့လာခဲ့ပြီဟု ၎င်းက ဆိုသည်။

“အရင်ကတော့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအရေးတွေကို ဖြေရှင်းရာမှာ အခက်အခဲတွေ ရှိခဲ့ဖူးပေမဲ့ ခုဆိုရင်တော့ ပိုပြီးကောင်းလာပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်၏ အဓိက အကြောင်းအရာ ဖြစ်ခဲ့ပြီး ၎င်းတို့အတွက် ထိုခရီးစဉ်မှ ပေးခဲ့သော အားပေးမှုကို လူမှုကွန်ရက် မီဒီယာများပေါ်တွင် အပြုသဘောဆောင်သော မှတ်ချက်များအဖြစ် ပေါ်ထွက်လာခဲ့သည်။

ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမှ အလုပ်သမတစ်ဦးဖြစ်သူ မနီလာ၏ အဆိုအရ အစိုးရသစ် လက်ထက်တွင် စက်ရုံစီမံခန့်ခွဲရေးအဖွဲ့သည် အလုပ်သမားများ၏ ဘေးကင်းလုံခြုံမှုအတွက် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်သကဲ့သို့ စနေနေ့များတွင်လည်း နေ့ဝက်အနားရခဲ့ပြီဟု သိရသည်။ “ဥပမာပြောရရင် ဆူညံတဲ့ နေရာတွေမှာ ကျွန်မတို့ အလုပ်လုပ်နေပြီဆိုရင် နားကြပ်တွေပေးတပ်သလို တခြားလုပ်ငန်းတာဝန်တွေ ထမ်းဆောင်တဲ့အခါမှာလည်း အထူးမျက်နှာဖုံးတွေ တပ်ခိုင်းလာပါတယ်” ဟု ဖြည့်စွက်ပြောပြသည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – လှိုင်သာယာမြို့နယ်တွင် မိမိတို့စက်ရုံများသို့ ကားစီး၍ သွားရောက်နေသော အလုပ်သမားများအား ၂၀၁၂ ခုနှစ်တွင် တွေ့ရှိရစဉ်။ (စတိဗ် တစ်ခ်နာ/ Frontier)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.