သေနတ်တွေကြားထဲမှာ ရိုးအစွာ ရှင်သန်နေထိုင်ခြင်း

ကျန်စစ်သားမင်းက ပေါက်ဖွားလာတဲ့ သမိုင်းကြောင်းကြီးတဲ့ မျိုးဆက်လို့ ဂုဏ်ယူစွာ ထုတ်ဖော်ပြောဆိုတတ်ကြတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက တိုင်းရင်းသားလူမျိုးစုငယ်လေးတစ်စုဟာ တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့မျိုးစုံ အခြေစိုက်ထားကြတဲ့ နမ့်ဆန်မြို့နယ်အနီးတစ်ဝိုက်မှာ ရိုးရှင်းလှတဲ့ ဘဝကို ထိတ်လန့်ကြောက်ရွံ့စွာနဲ့ နေထိုင်နေကြပါတယ်။

ဉာဏ်လှိုင်လင်း ရေးသားသည်။

ဓာတ်ပုံများ- တေဇလှိုင်

အရှိန်နဲ့ ဖြတ်သန်းသွားတဲ့ မော်တော်ယာဉ်တွေကြောင့် မြေနီမှုန့်တွေ အလိပ်လိုက် တက်လာလေ့ရှိတဲ့ လမ်းမကြီးရဲ့ နံဘေးက ခေတ်မီအသုံးအဆောင်ပစ္စည်းတွေ ရောင်းချတဲ့ဆိုင်ရှေ့မှာ အမျိုးသမီးကြီးနှစ်ဦး မတ်တပ်ရပ်နေပါတယ်။

ဆိုင်အတွင်းမှန်ဘောင်ထဲမှာ အစီအရီခင်းကျင်းထားတဲ့ စမတ်ဖုန်းတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေဟာ အညိုရောင်ထနေတဲ့အသားအရည်၊ မွဲခြောက်ခြော က် ပြောင်တင်းတင်းအရေပြားပေါ်မှာ အရေးအကြောင်းတွေ အထင်အရှားရှိတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ အဲဒီအမျိုးသမီးကြီးနှစ်ဦးကို ဆွဲဆောင်နိုင်စွမ်း ရှိပုံမရပါဘူး။

အနက်ရောင်ဆိုးထားတဲ့ခေါင်းပေါင်း၊ ကိုယ်တိုင်ရက်လုပ် ဆေးဆိုးထားတဲ့ ရိုးရာစကတ်အနက်တို့ကို ညစ်ထေးထေး ခေတ်ပေါ်တီရှပ်နဲ့ တွဲဝတ်ထားတဲ့ အမျိုးသမီးကြီးတစ်ဦးရဲ့ လက်ထဲမှာ အရေခွံဆုပ်ထားလို့ အသွေးအရောင် နီနီဝင်းဝင်း အတိုင်းသားပေါ်နေတဲ့ ယုန်ကလေးတစ်ကောင်ရှိပြီး ဒီတောကောင်လေးကို လမ်းသွားလမ်းလာတစ်ဦးဦးထံ ရောင်းချနိုင်ဖို့ကိုသာ သူတို့ အာရုံစိုက်နေလေရဲ့။

typeof=

ဒါဟာ ရှမ်း၊ ပအို့ဝ်လူမျိုးစုတွေ အများစုနေထိုင်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်ဆန်မြို့ရဲ့ နံနက်ခင်းတစ်ခုမှာ တွေ့ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။ တောကောင်လိုက်ရောင်းနေတဲ့ အမျိုးသမီးကြီးတွေဟာ နမ့်ဆန်မြို့ခံတွေတောင် မတတ်ကျွမ်းတဲ့ ဘာသာစကားတစ်မျိုးကို သုံးစွဲပြောဆိုနေကြတာဖြစ်လို့ သူတို့ရဲ့ ရောင်းကုန်ကို အောင်မြင်စွာရောင်းချနိုင်ဖို့ အခက်အခဲ တွေ့နေပုံပါပဲ။

အနီးအနားမှာရှိတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေရဲ့ ပြောဆိုချက်အရ အမျိုးသမီးကြီးတွေဟာ လက်ထဲမှာ ကိုင်ထားတဲ့ ယုန်ကလေးအတွက် ကျပ် ၆,၀၀၀ အလိုရှိနေပြီး တစ်ကယ်ယူရင် ကျပ် ၁,၀၀၀ လေ ျှာ့ပေးဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ အချိန်အနည်းငယ်ကြာတဲ့အထိ အရောင်းအဝယ်မဖြစ်တဲ့အခါ အဲဒီအမျိုးသမီးကြီးနှစ်ဦးဟာ ယုန်ကလေးအပြင် ပါလာတဲ့ ဝန်စည်စလည်တွေကို ထမ်းပိုးပြီး ဘယ်ကိုမှန်းမသိတဲ့ (သူတို့ပြောပေမယ့် နားမလည်) တစ်နေရာကို ခြေလျင်ခရီးနဲ့ ပြန်လည် ထွက်ခွာသွားပါတော့တယ်။

The Yin Net are one of the smallest of the 33 recognised ethnic Shan groups. (Teza Hlaing / Frontier)

The Yin Net are one of the smallest of the 33 recognised ethnic Shan groups. (Teza Hlaing / Frontier)

လက်နက်ကိုင်တပ်ဖွဲ့တွေအများအပြား အခြေစိုက်တဲ့ နမ့်ဆန်မြို့လေးကတော့ ဒီမြင်ကွင်းနဲ့ မစိမ်းပါဘူး။ ကုန်စည်ဖလှယ်ဖို့ အဲဒီလိုမြို့ထဲကို ရောက်လာတတ်တဲ့ အမျိုးသမီးကြီးတွေဟာ တစ်ခါတစ်ရံမှာဆို မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို တားပြီး အခမဲ့ လိုက်လံစီးနင်းတတ်တယ်လို့ ဆိုင်ကယ်ကယ်ရီသမားအချို့က ပြောပါတယ်။

ယင်းနက်လို့ခေါ်တဲ့ အဲဒီတိုင်းရင်းသားလူမျိုးစုငယ်လေးဟာ တပ်မတော်အပါအဝင် နားရိုင်း၊ နားပွဲ၊ မကျန်း၊ ရှမ်းပြည်တောင်ပိုင်း(SSS) စတဲ့ ပြည်သူ့စစ်အဖွဲ့တွေ၊ အစိုးရနဲ့ အပစ်ရပ်စာချုပ်ချုပ်ဆိုထားတဲ့ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) စတဲ့ တပ်ဖွဲ့မျိုးစုံ အခြေစိုက်ထားကြတဲ့ နမ့်ဆန်မြို့နယ်အနီးတစ်ဝိုက်မှာ အခြေချနေထိုင်ကြသူတွေ ဖြစ်ကြပါတယ်။

သူတို့ဟာ နန့်စန်-ခိုလန်သွားကားလမ်းမကြီးရဲ့ဘေး တောတွေ တောင်တွေကြားမှာရှိတဲ့ နမ့်ဟူး၊ နောင်လျန်၊ လွယ်လျှံ၊ နောင်အိမ်၊ ဝမ်မိုင်၊ နမ့်ဝမ်၊ နမ့်ခုပ်၊ နောင်မို၊ ဆမ်ခါ၊ နမ့်မို၊ နမ့်ခိုက်၊ တာဆိုင်း၊ ကွန်းပုတ်စတဲ့ရွာတွေမှာ ပျံ့နှံ့နေထိုင်ကြပြီး အဲဒီရွာတွေထဲက အတော်များများဟာ အစိုးရအုပ်ချုပ်ရေးအာဏာနဲ့ အလှမ်းဝေးတဲ့ နေရာတွေ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ RCSS/SSA အဖွဲ့တွေ အဓိကလှုပ်ရှားရာဒေသဖြစ်တယ်လို့ပြောတဲ့ ယင်းနက်လူမျိုးအချို့ဟာ သူတို့ရဲ့ အမည်နဲ့ ရွာအမည်ကို လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးကြပေမယ့် သူတို့ကိုယ်သူတို့ ကျန်စစ်သားမင်းက ပေါက်ဖွားလာတဲ့ သမိုင်းကြောင်းကြီးတဲ့ မျိုးဆက်ဆိုတာကိုတော့ ဂုဏ်ယူစွာ ထုတ်ဖော်ပြောဆိုတတ်ကြပါတယ်။

Teza Hlaing / Frontier

စိမ်းစိုနေတဲ့ ယာခင်းတွေကြားထဲမှာ ချိုင့်ခွက်တွေ၊ ရွှံ့ဗွက်တွေနဲ့ ကြိုနေတတ်တဲ့ မြေနီလမ်းကလေးကို ဖြတ်သန်းပြီးတဲ့နောက် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ရွာကလေးတစ်ရွာကိုအရောက်မှာတော့ ယင်းနက်လူမျိုးတွေဟာ ဒီအကြောင်းကို ဒဏ္ဍာရီအဖြစ် ယုံကြည်နေတာမျိုးမဟုတ်ပဲ သူတို့ရဲ့သမိုင်းကြောင်းအဖြစ် အခိုင်အမာ လက်ခံထားတယ်ဆိုတာ သေချာသွားသလို သူတို့ကြုံတွေ့နေရတဲ့ အကြောက်တရားကိုလည်း အထင်းသားတွေ့လိုက်ရပါတော့တယ်။

ရွာထဲကို လူစိမ်းတွေဝင်လာတဲ့အတွက် စိုးထိတ်သွားတဲ့ ဒေသခံအချို့က “ကျန်စစ်သားမင်းကနေ မျိုးဆက်တွေ ပွားသွားတာ။ အခုစိုက်နေတဲ့ အပင်တွေ၊ အကတွေ၊ ဂီတတူရိယာတွေ အားလုံးက ကျန်စစ်သားထားခဲ့တဲ့ အမွေအနှစ်တွေပဲ”လို့ စကားပြန်အဖြစ် လိုက်ပါကူညီတဲ့ ပအို့ဝ်အမျိုးသမီး မပွားကတစ်ဆင့် ပြောပြကြတယ်။

အဲဒီအမျိုးသားကြီး၊ အမျိုးသမီးကြီးတွေဟာ သူတို့ရဲ့ အသက်ကိုတောင် မှတ်သားထားတတ်တာမျိုး မဟုတ်လေတော့ ယင်းနက်လူမျိုးတို့ရဲ့ သမိုင်းအစ အချိန်ကာလကို အချိန်ကာလအတိအကျ အကိုးအကားနဲ့ မပြောဆိုနိုင်တဲ့အပေါ်ထူးပြီး အံ့သြစရာတော့ မရှိပါဘူး။

Teza Hlaing / Frontier

ဒါပေမယ့် သူတို့ရဲ့ ခြံဝင်းတွေထဲမှာ အမိုးမိုးပြီးထားတဲ့ ထင်းပုံတွေကြား ဖုံးအုပ်ကွယ်ထားတဲ့ တာလပတ်စရဲ့ နောက်ကွယ်မှာရှိတတ်တဲ့ အရာဝထ္ထုတစ်ခုကတော့ အလည်ရောက်လာတဲ့ တစ်နယ်သားတွေကို မှင်တက်မိစေမှာ အမှန်ပါပဲ။

သစ်သားတိုင်တွေနဲ့ ခြေတံရှည်ဆောက်၊ ဝါးကပ် သို့မဟုတ် သစ်နဲ့ ကာရံ၊ ယခင်က သက်ကယ်မိုး၊ ယခုတော့ သွပ်ပြားမိုး၊ အပေါ်ကိုရောက်ဖို့ ခပ်မတ်မတ် လှေခါးလေးနဲ့ လှမ်းတက်ရတဲ့ ဒီဇိုင်းရှိတဲ့ ပုံစံတူအိမ်လေးတွေ ရှိရာခြံဝင်းတွေထဲမှာ ဟွန်ဒါ၊ တိုယိုတာ၊ ချက်ဗလက်စတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် မော်တော်ယာဉ်တွေရှိနေလိမ့်မယ်လို့ တွေးမထားမိတာကြောင့် ဖြစ်ပါတယ်။

သွားတွေကို ခိုင်မာစေတဲ့ဆိုတဲ့ ရှေးရိုးစွဲ အယူအဆကြောင့် ကွမ်းယာထဲကို ရှားသီးထည့်ဝါးလို့ သွားတွေ၊ သွားဖုံးတွေဟာ မည်းနက်နေတတ်ပြီး ခေတ်ပညာလည်း မတတ်တဲ့ ယင်းနက်လူမျိုးစုတွေရဲ့ နေအိမ်ခြံဝင်းတွေထဲမှာ ဒီခေတ်မီမော်တော်ယာဉ်တွေ အမှန်တစ်ကယ်ရှိကြောင်း မျက်မြင်မတွေ့ရမခင်အထိပေ့ါ။

ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံ၊ ဘာသာစကားမပေါက်မှုစတဲ့ အားနည်းချက် အထွေထွေရှိတဲ့ ယင်းနက်လူမျိုးစုတို့ရဲ့ ဒေသဟာ အခြေခံအဆောက်အဦး မဖွံ့ဖြိုးပါဘူး။ ဒါပေမယ့် သဘာဝကပေးထားတဲ့ ရေမြေဥတု အနေအထားအရ ပြောင်း၊ စပါး၊ နှမ်း၊ ပဲစင်းငုံစိုက်တဲ့ တောင်ယာလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေ ဖြစ်ထွန်းနေပါတယ်။

အဲဒီလို စီးပွားဖြစ်ထွန်းမှုဟာ သူတို့ရဲ့ နောက်မျိုးဆက် ယင်းနက်လူငယ်တွေအတွက် ခေတ်ပေါ်အသုံးအဆောင်တွေကို ဖန်တီးပေးနိုင်ပါတယ်။ ဈေးဆိုင်လည်းတစ်ဆိုင်မှ မရှိတဲ့ ထူးခြားတဲ့ရွာကလေးမှာ နေထိုင်တဲ့ လူငယ်တွေဟာ ခေတ်မီမော်တော်ယာဉ်တွေ၊ လယ်ယာသုံးစက်ပစ္စည်းတွေ၊ တီဗီ၊ ဗီစီဒီကဲ့သို့သော ဖျော်ဖြေရေးပစ္စည်းတွေနဲ့ မစိမ်းတော့တဲ့ အနေအထားမျိုးပေ့ါ။

ဒါပေမယ့် အဲဒီရွာကလေးဟာ သူ့မှာ ခေတ်မီမော်တော်ယာဉ်နဲ့ လုပ်ငန်းသုံးယာဉ်တွေရှိကြောင်း၊ ကျန်းမာသန်စွမ်းတဲ့ ရင်းနှစ်သည်းခြာ အမျိုးကောင်းသားလေးတွေ ပိုင်ဆိုင်ထားကြောင်းကိုတော့ ပေါ်ပေါ်တင်တင် ထုတ်ဖော်မပြသရဲပါဘူး။

Teza Hlaing / Frontier

ဒေသမှာအချိန်ကာလအလိုက် ကြီးစိုးလေ့ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခွန်ငွေတောင်းခံမှု၊ တပ်သားသစ် စုဆောင်းမှု၊ မပေးနိုင်ရင် ဒဏ်တပ်မှုတွေကြောင့် စိုးရိမ်ကြောင့်ကြစိတ်နဲ့ အမြဲနေထိုင်နေရတယ်လို့ ရွာသားတွေက ပြောကြပေမယ့် ပညာရည်မဖွံ့ဖြိုးတဲ့ ယင်းနက်လူကြီးသူမတွေဟာ ဒီကိစ္စအတွက် အစိုးရထံ တစ်စုံတစ်ရာ အရေးဆိုဖို့လည်း အစီအစဉ်မရှိကြပြန်ပါဘူး။

လတ်တလောမှာတော့ ယင်းနက်လူမျိုးစုတွေနေထိုင်ရာ ရွာအများစုဟာ RCSS/SSA အဖွဲ့ နယ်မြေစိုးမိုးမှုအောက် ရောက်နေပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခံရတာ၊ စစ်မှုထမ်းမပေးနိုင်ရင် ဒဏ်ငွေပေးရတာ၊ လိုင်စင်မဲ့ မော်တော်ယာဉ်တွေအတွက် အခွန်ဆောင်ရတာမျိုးတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံအချို့က ထုတ်ဖော်ပြောကြားကြပါတယ်။

“လူငှားထည့်ကြတယ်။ ကျေးရွာတွေမှာ ငွေကြေးအဆင်မပြေတဲ့သူတွေကတော့ ကျန်တဲ့မိသားစုတွေ ဝိုင်းပြီး ထောက်ပံ့တဲ့ပိုက်ဆံကိုယူပြီး စစ်မှုထမ်းဖို့ ကိုယ်စားလိုက်သွားကြတာပေ့ါ။ လိုက်သွားသူ မိသားစုရဲ့ အိမ်အလုပ်တွေကို အခြားသူတွေက ကူညီပြီးလုပ်ပေးတာမျိုးလည်း ရှိတယ်။ တစ်ခါတစ်ရံတော့ တစ်အိမ်ငွေဘယ်လောက်ဆို စုပြီး ဒဏ်ငွေပေးလိုက်ရတယ်”လို့ ရွာခံယင်းနက်လူမျိုးတစ်ဦးက ဆိုတယ်။

လာရောက်ကောက်ခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့ထံ ပေးဆောင်ရတဲ့ မော်တော်ယာဉ်အခွန်အခဟာ ကျပ်သိန်းဂဏန်းရှိပြီး အချိန် ကာလသတ်သတ်မှတ်မှတ် မရှိဘဲ သူတို့လာတောင်းတဲ့ အချိန်တိုင်းပေးရတယ်လို့ဆိုပါတယ်။ စစ်မှုထမ်းဖို့ တစ်ရွာကို နှစ်ယောက်နှုန်း ဆင့်ခေါ်လေ့ရှိပြီး မသွားလိုရင် တစ်ဦးကို ကျပ် သိန်း ၄၀ အထက် ပေါက်ဈေးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ခါတစ်လေ သိပ်အခြေအနေဆိုးရင် ရွာမှာဘယ်သူမှ မနေရဲဘဲ အစိုးရအုပ်ချုပ်ရေးအာဏာတည်ရာ နမ့်ဆန်မြို့နဲ့ သူတို့ရွာတွေ တည်ရှိရာနယ်မြေအကြား ဖြတ်သန်းစီးဆင်းနေတဲ့ နမ့်တိမ်းချောင်းနံဘေးမှာ သွားရောက်ပုန်းခိုနေရတယ်လို့လည်း ဒေသခံအချို့က ဆိုပါကြတယ်။

Teza Hlaing / Frontier

နမ့်တိမ်းချောင်းရဲ့ နန့်စန်မြို့ဖက်ကမ်းက ရွာအချို့မှာ ယင်းနက်လူငယ်အချို့ ညလာအိပ်ကြတာကိုတော့ Frontier က မျက်မြင် တွေ့ရှိခဲ့ပါတယ်။၊ အသက်ရှစ်နှစ်ကနေ ၁၅ နှစ်အရွယ်ရှိတဲ့ အဲဒီလူငယ်လေး ရှစ်ယောက်ဟာ နံနက်လင်းချိန်ရောက်ရင် သူတို့ရဲ့ ဒေသမှာ အခြေအနေကောင်းမကောင်း မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြပြီး အခြေအနေကောင်းရင် ချောင်းကို ဝါးဖောင်နဲ့ ဖြတ်ကူးကာ တောင်ယာအလုပ် သွားရောက်လုပ်ကိုင်တယ်လို့ ဆိုပါတယ်။

“အခြေအနေဆိုးတဲ့အချိန်ဆို နံနက်ပိုင်းမှာ ရွာထဲကို ခိုးပြန်၊ အလုပ်ပြန်လုပ်ပြီးရင် ပုန်းခိုတဲ့နေရာမှာ ပြန်လာအိပ်၊ အဲဒီလိုလုပ်ရတယ်” လို့ အသက်အကြီးဆုံး လူငယ်လေးတစ်ဦးက ပြောတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RCSS/SSA အဖွဲ့ထံမေးမြန်းဖို့ ကြိုးပမ်းပေမယ့် အဆင်မပြေခဲ့သလို နမ့်ဆန်မြို့အခြေစိုက် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေဆီကလည်း အတည်ပြုချက် တစ်စုံတစ်ရာမရခဲ့ပါဘူး။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်ကတော့ ပြည်နယ်အတွင်းရှိ တပ်မတော်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့များနဲ့ ပတ်သက်တဲ့အရေးကိစ္စတွေကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေကသာ ကွပ်ကဲနေတယ်လို့ Frontier ကိုဖြေကြားထားပါတယ်။

Teza Hlaing / Frontier

ဒီလိုအခြေအနေတွေကြားထဲမှာ ရုန်းကန်နေရတဲ့ ယင်းနက်လူကြီးသူမတွေဟာ သူတို့ရဲ့ ကလေးတွေကို ပညာသင်ကြားပေးဖို့ကိုတော့ စီစဉ်ထားနိုင်ကြပါပြီ။ အခုဆိုရင် ဒီရွာကလေးမှာ နေထိုင်တဲ့ အသက် ငါးနှစ်ကနေ ၁၂ နှစ်အရွယ်ရှိ ကလေးငယ် ၁၀၃ ဦးဟာ ကျေးရွာ မူလတန်းကျောင်းကလေးမှာ ပညာသင်ကြားနေကြပါပြီ။

ဒါပေမယ့် အခြေခံပညာဦးစီးဌာနက ခန့့်အပ်ပေးထားတဲ့ ဆရာ၊ ဆရာမ လေးဦးနဲ့ ဖွဲ့စည်းထားပြီး ငါးနှစ်ဝန်းကျင် သက်တမ်းရှိတဲ့ အဲဒီ ကျောင်းကလေးမှာ တက်ရောက်တဲ့ ကလေးငယ်တွေဟာ ဘာသာစကားအားနည်းတဲ့အတွက် တတိယတန်းသင်ရိုးအထိသာ အများဆုံး သင်ယူနိုင်ပါသေးတယ်။

“ဗမာစကားနဲ့ပဲသင်တာ။ သူတို့ဘာသာစကားကိုတော့ နည်းနည်းပါးပါး လေ့လာထားတယ်။ တအားကြီး ဖိသင်လို့မရဘူး။ စာတော့ လိုက်နိုင်ကြပါတယ်။ သူငယ်တန်း၊ တစ်တန်းလောက်ဆိုရင် ဗမာလို သိပ်မတတ်ဘူး”လို့ မကွေးတိုင်း၊ မြိုင်မြို့နယ်ကနေ လာရောက်တာဝန်ထမ်းနေတဲ့ အသက် ၂၈ နှစ်အရွယ် မူလတန်းပြ ဆရာမဒေါ်ဝင်းထွေးက ပြောပါတယ်။

ကျန်းမာရေးအသိပညာဖက်ကိုကြည့်မယ်ဆိုရင်လည်း အစိုးရ နယ်လှည့်ဆေးကုသရေးအဖွဲ့တွေ လာတဲ့အချိန်မှာ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့ ကြည်ကြည်ဖြူဖြူလက်ခံတဲ့အထိ ယင်းနက်လူမျိုးစုတွေအမြင် ကျယ်လာပေမယ့် အရေးပေါ်ကျန်းမာရေးကိစ္စကြောင့် ဆေးရုံဆေးခန်းတွေ သွားဖို့ဆိုရင်တော့ ဘာသာစကား မကြွယ်ဝတဲ့အတွက် မသွားဝံ့ဘဲ အသက်ဆုံးရှုံးမှုတွေ ရှိနေသေးတယ်လို့ စကားပြန်လုပ်ပေးတဲ့ မပွားက ပြောပါတယ်။

Teza Hlaing / Frontier

မြန်မာ့တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးစာရင်းဝင် ယင်းနက်မျိုးနွယ်တွေဟာ အခြေခံပညာ အားနည်းသေးတဲ့အတွက် အထက်ပါအခက်အခဲမျိုးတွေကို မရင်ဆိုင်နိုင်သေးပေမယ့် အသင့်လုပ်ပြီး အနက်ရောင် ချည်သားပေါ်မှာ ငွေရောင်ဘော်ကြယ်တွေ ရောင်စုံချည်မျှင်တွေနဲ့ အလှဆင်ထားတဲ့ အင်္ကျီတွေ၊ ခြေသလုံးထိဖုံးတဲ့ ဘောင်းဘီ ပွပွတွေကို ရိုးရာဟန်မပျက်စေဘဲ ဒီဇိုင်းမျိုးစုံ ဆင်ယင်ကာ လှနေတတ်ကြပါပြီ။

အရင်က ဝါဂွမ်းကိုကိုယ်တိုင်စိုက်၊ ချည်မျှင်ကိုယ်တိုင်ထုတ်ပြီး၊ အထည်ကိုယ်တိုင်ရက်၊ အဝတ်အစားတွေကို အရောင်ဆိုးဖို့ ရေကျက်အေးနဲ့ စိမ်လိုက်ရင် အနက်ရောင်ထွက်တဲ့ ဒေသပေါက် အပင်တစ်မျိုးကို ကိုယ်တိုင် စိုက်တတ်တဲ့ ယင်းနက်လူမျိုးစုတွေရဲ့ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုဟာ ခေတ်ကို အမီလိုက်နေနိုင်တာလား၊ ခေတ်ရဲ့ စိန်ခေါ်မှုနဲ့ ကြုံနေရပြီလားဆိုတာကိုတော့ သူတို့ကိုယ်တိုင် သဲသဲကွဲကွဲသိပုံမပေါ်ပါဘူး။

အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ကိန်းဂဏန်းမရှိဘဲ လူဦးရေသောင်းဂဏန်း သာရှိမယ်လို့ သူတို့ကိုယ်သူတို့ ခန့်မှန်းထားတဲ့ ယင်းနက်လူမျိုးစုတွေမှာ သူတို့ရဲ့ ရိုးရာဓလေ့တွေ ပျောက်ပျက်သွားမှာကို ပူပန်နေတာမျိုး ထိန်းသိမ်းဖို့ အစီအမံချ ကြိုးပမ်းနေတာမျိုး မတွေ့ရလို့ပါပဲ။

“ငါတို့ ရာသီအလိုက်လုပ်တဲ့ ရိုးရာပွဲတွေမှာ အကတွေ၊ ဓလေ့တွေ ထည့်လုပ်တာတော့ ရှိတယ်” လို့ အသက် ၇၀ နီးပါး အရွယ်လို့ ခန့်မှန်းရတဲ့ ယင်းနက်အဖိုးအိုတစ်ဦးက ပြောပါတယ်။ ဆယ်ကျော်သက်အရွယ် ယင်းနက် လူငယ်အချို့ကို ဒီကိစ္စမေးကြည့်ရမှာတော့ မဖြေတတ်ဖူးလို့ စကားပြန်ကတစ်ဆင့် အကြောင်းပြန်ပါတယ်။

ယင်းနက်လူမျိုးတွေဟာ ရာသီအလိုက် ကောက်သစ်စားပွဲ၊ ရှင်ပြုပွဲ၊ နာရေးပွဲ၊ မိုးခေါ်ပွဲ၊ သီတင်းကျွတ်ပွဲ၊ မီးရှုးဖောက်ပွဲစတဲ့ ဓလေ့တွေကို ယနေ့တိုင်ပြုလုပ်လေ့ရှိကြပေမယ့် ဗူးသီးခြောက်ပေါ်မှာ ဝါးရှည်တွေတပ်ပြီး လုပ်ထားတဲ့ ပုလွေနဲ့ လူပျိုလှည့်တဲ့ဓလေ့ကတော့ ပပျောက်သွားပြီလို့ လူကြီးသူမအချို့က ဝန်ခံခဲ့ပါတယ်။ 

ဝါးပုလွေအရှည်၊ ရှမ်းဗုံ၊ မောင်းစသဖြင့် တူရိယာတွေနဲ့ တွဲဖက်ကာ ခြေထောက်ကို တရွတ်တိုက်ဆွဲတဲ့ ဟန်ရွှေ့လျားရင်း ခြေကို ဆောင့်ကာဆောင့်ကာနဲ့ ခန္ဓာကိုယ်ကို ဘယ်ညာယိမ်းကရတဲ့ ယင်းနက်ရိုးရာ အကကိုတော့ ပွဲလမ်းသဘင်တွေရောက်ရင် လူငယ်တွေ နှစ်နှစ်ခြိုက်ခြိုက်ကကြတုန်းပါပဲလို့ ယင်းနက် သက်ကြီးရွယ်အိုအချို့က ပြောကြားကြပါတယ်။

စကားပြန်က ယင်းနက်လူမျိုးတွေဟာ သူတို့ဘဝအတွက် ရှည်ရှည်ဝေးဝေး စဉ်းစားလေ့မရှိပဲ ရိုးရှင်းရှင်းသာ တွေးခေါ်နေထိုင်ကြတယ်လို့ ပြောတဲ့အတွက် အသက် ၆၀ ကျော်ပြီလို့ ခန့်မှန်းရတဲ့ ယင်းနက်လူမျိုးအဖိုးကြီးတစ်ဦးကို သူ့ဘဝမှာအဖြစ်ချင်ဆုံး ဆန္ဒတစ်ခုက ဘာလဲလို့ Frontier ကမေးကြည့်ခဲ့ပါတယ်။

သူက “ငြိမ်းချမ်းစွာလုပ်ကိုင်စားသောက်လို့ရတဲ့ အခြေအနေကိုလိုချင်တယ်” လို့ စကားပြန်ကတစ်ဆင့် ပြန်ပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.