သူတို့အိုး သူတို့အိမ်

ရန်ကုန်မြို့တွင် အကောင်အထည်ဖော်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းသည် မြို့၏အကြီးမားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုကို ဖြေရှင်းရန်ကြိုးပမ်းနေခြင်း ဖြစ်သည်။

စာသားနှင့် ဓာတ်ပုံ – ကောနား မက်ဒေါ်နယ်

ဦးအောင်ကျော်ဦးသည် သက်ကယ်နှင့် ဝါးတို့ဖြင့် ဆောက်လုပ်ထားသော ၁၂ ပေ၊ ၁၄ ပေ ကျယ်သည့် တဲတစ်ခုတွင် ကျန်မိသားစုဝင် လေး ဦးနှင့်အတူ နေထိုင်သည်။ ထိုတဲသည် မိုးတွင်းတွင် ရေလွှမ်းသည်။ တဲကိုသော့ခတ်၍ မရသည့်ပြင် သူတို့နေသောလမ်းတွင် ဖောက်ထွင်းမှုများ မကြာခဏဖြစ်ပွားသဖြင့် သူခိုးခိုးမခံရအောင် အိမ်သားတစ်ဦးဦးသည် ညမအိပ်ဘဲ စောင့်ရလေ့ရှိသည်။

ရန်ကုန်မြို့ရှိ ငါးသိန်းကျော်သော ကျူးကျော်တဲရှင်များနည်းတူ ဦးအောင်ကျော်ဦး၏ ဘဝသည်လည်း မရေရာ မသေချာလှပေ။ သူ့စိတ်၌ မြေထိုးစက်တစ်စင်းက သူ့အိမ်ကို ဘယ်အချိန် လာရောက်ရှင်းလင်းမည်ကို အမြဲစိုးရိမ်နေရရှာသည်။

ဦးအောင်ကျော်ဦးသည် မနက်ပိုင်းတွင် စက်ဘီးပြင်အလုပ်ကို လုပ်ပြီး ညဘက်တွင် ကျူးကျော်တဲ ၁၂၀ အတွက် အိမ်ရာစီမံကိန်းတစ်ခု၌ အလုပ်လုပ်ကိုင်သည်။ ထိုစီမံကိန်းတွင် သူ့အတွက်အိမ်လည်း ပါဝင်သည်။

ယင်းစီမံကိန်းကို ရိုးမစီမံကိန်းဟုခေါ်ဆိုပြီး ရန်ကုန်မြို့အရှေ့ပိုင်းအစွန်အဖျားရှိ ဒဂုံဆိပ်ကမ်းမြို့ နယ်တွင် ဆောက်လုပ်ခြင်းဖြစ်သည်။ ယင်းကို ဂျပန်အစိုးရ ၊ ကုလသမဂ္ဂ လူသားများအခြေချနေထိုင်မှုဆိုင်ရာ အဖွဲ့အစည်း UN Habitat ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပြည်တွင်းမှ အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Women for the world အဖွဲ့အစည်းတို့ ပူးပေါင်း လုပ်ဆောင်သော စီမံကိန်း ဖြစ်သည်။ ယင်းသည် ရန်ကုန်မြို့၏ အိမ်ရာအခက်အခဲကို ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေနေခြင်းဖြစ်ပြီး ယင်းတို့ကို အစိုးရအေဂျင်စီများက ကျယ်ကျယ်ပြန့်ပြန့် လိုက်လံလုပ်ဆောင်လာဖွယ်ရှိသည်။

ဆယ်စုနှစ်များစွာကြာအောင် အစိုးရသည် ကျူးကျော်တဲများကို နည်းလမ်း ၂ ခုဖြင့် ဖြေရှင်းခဲ့သည်။ ယင်းတို့မှာ ကျူးကျော်တဲများကို လျစ်လျူရှုနည်းနှင့် သုတ်သင်ရှင်းလင်းနည်းတို့ ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်  အစောပိုင်းနှစ်များတွင် စစ်အစိုးရသည် ကျူးကျော်အိမ်ရာ ထောင်ပေါင်းများစွာကို လှိုင်သာယာနှင့် ဒဂုံမြို့သစ်တို့တွင် ပြန်လည်နေရာချထားပေးခဲ့သည်။ သို့သော် ထိုစီမံကိန်းများကို လူအများက သိပ် မနှစ်သက်ကြပေ။ အသစ်ချထားသော နေရာများတွင် အခြေခံအဆောက်အအုံများ ကင်းမဲ့နေပြီး လူမှုရေးဝန်ဆောင်မှုများလည်း မရှိပေ။ အလုပ်အကိုင်များလည်း ထိုနေရာတွင် မရနိုင်ပေ။

home_3.jpg

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရိုးမအိမ်ရာ ရှေ့ပြေးအစီအစဉ်၏ ဆောက်လက်စ တိုက်နှစ်လုံးကို တွေ့ရစဉ်။ ဓာတ်ပုံ – ကောနား မက်ဒေါ်နယ်

လက်ရှိဒုသမ္မတဖြစ်သော ဦးမြင့်ဆွေ ဦးဆောင်သည့် ပြီးခဲ့သော ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ကျူးကျော်အိမ်များကို ထုနှင့်ထေး ရှင်းလင်းသုတ်သင်မှုများကို ပုံမှန်လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် ကျူးကျော်အိမ်များကို လုံခြုံရေးတပ်များက ရှင်းလင်းရာ၌ အထောက်အကူ ရစေရန် အရပ်သားလက်မရွံ့အဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ လက်ရှိအစိုးရသည် ၎င်း၏သက်တမ်းအစောပိုင်းတွင် ကျူးကျော်အိမ်များကို စာရင်းကောက်ယူပြီး ပြန်လည်နေရာချထားပေးသွားမည်ဟု ပြောကြားခဲ့သည်။ သို့သော် ယင်းမှာ ခက်ခဲသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ယခုထိ တိုးတက်အောင် လုပ်ဆောင်နိုင်မှုမျိုး မရှိသေးပေ။

ရိုးမစီမံကိန်းသည် ကျူးကျော်အိမ်တွင် နေထိုင်သူများကို ၎င်းတို့၏အိမ်ရာ ဆောက်လုပ်ရာ၌ ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နိုင်ရန် စီစဉ်ပေးထားသည်။ လူမှုအဖွဲ့အစည်းထဲမှ ရွေးချယ်ခံရသူများသည် ဘတ်ဂျက်ထိန်းချုပ်ခြင်းနှင့် လုပ်ငန်းခွင် ထိန်းသိမ်းခြင်းတာဝန်များကို လုပ်ဆောင်ရမည်ဖြစ်သည်။

စီမံကိန်းကို ကျောထောက်နောက်ခံပြုသော အဖွဲ့အစည်းများက ထိုသို့လုပ်ဆောင်ပေးခြင်းသည် ကျူးကျော် လူမှုအဖွဲ့အစည်းကို ဂုဏ်ယူနိုင်သော အခြေအနေသို့ ရောက်ရှိစေနိုင်ပြီး မိမိနေအိမ်ကို မိမိပိုင်ဆိုင်သည်ဟူသော ခံစားချက်ကို ရရှိစေနိုင်မည်ဟု မျှော်လင့်နေကြသည်။ ထို့ပြင် လူမှုရေးပြဿနာများကို ရှောင်လွဲနိုင်ကာ ယခင်အစိုးရ၏ စီမံကိန်းများကို မအောင်မမြင် ဖြစ်စေသော လူမှုအဖွဲ့အစည်း၏ ဆင်းရဲတွင်းသံသရာကို ရှောင်လွဲနိုင်မည်ဟု ယူဆရသည်။

အမျိုးသမီးများ၏ အဖွဲ့အစည်း

မြန်မာနိုင်ငံတွင် အလွန်ဆင်းရဲသော လူမှုအဖွဲ့အစည်းများကို လှုပ်ရှားလာနိုင်အောင် လုပ်ဆောင် ပေးခြင်းသည် ယခုမှ စတင်လုပ်ဆောင်ခြင်း မဟုတ်ပေ။ လှိုင်သာယာမြို့နယ်တွင် ယင်းသည်အလွန် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သည်။

လှိုင်သာယာသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး စက်မှုဇုန်ဖြစ်သည်။ စက်ရုံများတွင် ရရှိနိုင်သော လစာနိမ့်အလုပ်အကိုင်များသည် ဆွဲဆောင်မှုတစ်ခုဖြစ်ရာ နိုင်ငံအနှံ့မှ လူများသည် လှိုင်သာယာသို့ စုပြုံရောက်လာကြသည်။ ထို့ပြင် ပဋိပက္ခများနှင့် ၂၀၀၈ ခုနှစ် ဆိုင်ကလုန်းနာဂစ် သဘာဝကပ်ဘေးတို့ကြောင့် အလုပ်ရှာဖွေသော ရွှေ့ပြောင်းလုပ်သားအများအပြား ဝင်ရောက်လာခဲ့သည်။

၂၀၀၄ ခုနှစ် သန်းခေါင်စာရင်းအရ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၆၈၇,၀၀၀ ဦးရှိသည်ဟု သိရသည်။ ၎င်းတို့ထဲမှ အရေအတွက်မည်မျှသည် လွတ်နေသော မြေများပေါ်တွင်တရားမဝင် နေထိုင်နေကြသည်ကို မည်သူမျှ မသိနိုင်ပေ။ ယခုနှစ် အစောပိုင်းတွင် တိုင်းဒေသကြီး အစိုးရက ရန်ကုန်တစ်မြို့လုံးတွင် ကျူးကျော်နေထိုင်သူ ၄၃၀,၀၀၀ ဦး ရှိမည်ဟု ပြောကြားသည်။ လှိုင်သာယာသည် ကျူးကျော်အများဆုံးသော မြို့နယ်ဖြစ်သည်ဟု ယူဆရသည်။ တရားဝင်အိမ် အများအပြားသည်လည်း ညံ့ဖျင်းစွာ ဆောက်လုပ်ထားသော ဝါးအိမ်များအဆင့်သာ ဖြစ်ကြသည်။

ထိုလှိုင်သာယာမြို့နယ်မှာပင် ပြည်တွင်းမှ အင်န်ဂျီအိုဖြစ်သော Women for the world (WFW) က မြန်မာနိုင်ငံ၏ ပထမဦးဆုံးဖြစ်သော လူမှုအဖွဲ့အစည်းက စီစဉ်ဆောက်လုပ်သော မြို့ပြအိမ်ရာစီမံကိန်းကို လွန်ခဲ့သော ဆယ်နှစ်ခန့်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

WFW က လေ့လာစူးစမ်းခဲ့ရာမှ ထိုကျူးကျော်နေထိုင်သော လူမှုအဖွဲ့အစည်းများသည် တရားမဝင်သည့် ကြွေးမြီများကြောင့် ဆင်းရဲနေကြရကြောင်းနှင့် တစ်လလျှင် ၂၀ ရာခိုင်နှုန်း အတိုးဖြင့် ဆင်းရဲသံသရာ လည်နေကြရကြောင်း တွေ့ရှိခဲ့သည်။ မြေပိုင်ရှင်များက တောင်းဆိုသော မြင့်မားသည့် အိမ်ငှားခများကို လိုက်မမီနိုင်သောကြောင့် နေထိုင်သူ အများအပြားသည် အိမ်များမှ နှင်ထုတ်ခံရလုနီးနီး ဖြစ်နေကြသည်။

ယင်း WFW က အနီးအနားရှိ အိမ်ထောင်စု ၂၀ မှ အမျိုးသမီးများကိုစုကာ အုပ်စုလိုက်ငွေစုသည့် အစီအစဉ်ကို စတင်မိတ်ဆက်ပေးခဲ့သည်။ မိသားစုတစ်စုလျှင် တစ်နေ့ ကျပ် ၁၀၀ မှ ၂၀၀ ခန့်အထိ စုဆောင်းစေခဲ့သည်။ တစ်ပတ်ပြည့်သောအခါ သူတို့အားလုံး စုစည်းပြီး ငွေစုသေတ္တာထဲတွင် စုငွေအားလုံးကို သိမ်းဆည်းလိုက်ကြသည်။

မကြာမီ ထိုအမျိုးသမီးများသည် ၎င်းတို့ငွေစုအဖွဲ့ဝင်များကို အတိုးနှုန်းနည်းသော ချေးငွေများကို ထုတ်ပေးလာနိုင်သည်။ အစပိုင်း၌ ယင်းချေးငွေအများစုသည် အတိုးကြီးဖြင့် ယူထားသောအကြွေးများကို ပြန်ဆပ်ရန် ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်မူ အဖွဲ့ဝင်များသည် အပ်ချုပ်စက်များ၊ မွေးမြူရေးအတွက် ကြက်ဘဲဝက်စသည်များ ဝယ်ရန်နှင့် မိမိတို့အိမ်ကို အသေးစားပြုပြင် မွမ်းမံရန် ငွေချေးလာနိုင်ကြသည်။

home_2.jpg

ဝင်ငွေနည်းမိသားစုအများစု နေထိုင်ပြီး လူဦးရေ ၇၀၀,၀၀၀ ကျော်ရှိ လှိုင်သာယာရပ်ကွက်တစ်ခုမှ ညဦးပိုင်းကို တွေ့ရစဉ်။ ဓာတ်ပုံ – ကောနား မက်ဒေါ်နယ်

“ချမ်းသာတဲ့လူတွေက သြဇာရှိကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ပိုက်ဆံရှိလို့” ဟု WFW ၏ ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က ပြောကြားသည်။ “ဒါကြောင့် ကျွန်မတို့က ဆင်းရဲတဲ့လူတွေကို သူတို့မှာ ရှိတဲ့ငွေအနည်းငယ်စုပြီး အုပ်စုလိုက် ဖြစ်လာတဲ့အခါ သူတို့မှာ သြဇာရှိလာအောင် လုပ်ပေးတယ်”

ထိုသို့အောင်မြင်မှု ရလာသောအခါ သူတို့သည် Asian Coalition For Community Action (ACCA) အဖွဲ့က ထောက်ပံ့ပေးထားသော မြို့ပြအဆင့်ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ချေးငွေအနည်းငယ်ကို ရယူရန်ဖြစ်လာခဲ့သည်။ ထိုငွေဖြင့် သူတို့ မြေကွက်တစ်ကွက် ဝယ်ပြီး ယင်းမြေပေါ်တွင် မိသားစုများအတွက် သင့်တင့်သော သစ်သားအိမ်တစ်လုံးစီ ဆောက်လာနိုင်စေသည်။ လူမှုအဖွဲ့အစည်းမှ ဗိသုကာပညာရှင်များ၏ အကူအညီ၊ WFW ၏လမ်းညွှန်မှုတို့ဖြင့် မိသားစု တစ်စုစီသည် ချေးငွေကန်ဒေါ်လာ ၈၃၃ ဖြင့် အိမ်များကို ဆောက်လုပ်ကြသည်။ ယင်းချေးငွေသည် အတိုးနှုန်းနည်းပါးပြီး ဖြည်းဖြည်းချင်း အရစ်ကျ ပြန်ဆပ်နိုင်သည်။

လှိုင်သာယာမြို့နယ်တွင် အောင်မြင်သွားသည့်အခါ ထိုသို့သော အုပ်စုများကို အခြား လူမှုအဖွဲ့အစည်းများတွင်လည်း လုပ်ဆောင်လာသည်။ တစ်နှစ်အတွင်း မြောက်ဥက္ကလာပမြို့နယ်မှ မိသားစု ၃၀၊  ထန်းတပင်မြို့နယ်မှ မိသားစု ၄၈ စုတို့သည် ထိုသို့ပင် ချေးငွေထုတ်ကာ မြေဝယ်ပြီး အိမ်ဆောက်လာနိုင်ကြသည်။

“ဒီလူတွေက အခုဆို ယုံကြည်မှုတွေ ရှိနေကြပြီ။ ဒီလိုလုပ်ငန်းစဉ်ကို သူတို့ယုံကြည်လာအောင် လုပ်ဆောင်ရတာ ခက်ခဲခဲ့တယ်။ အခုတော့ သူတို့အောင်မြင်သွားပြီ။ သူတို့အတွက် အကျိုးရှိတဲ့ လုပ်ငန်းစဉ် တစ်ခုလို့ မြင်လာနိုင်ကြပြီ” ဟုဒေါ်ဗန်လီဇာအောင်က ပြောကြားသည်။

“လူတွေကို အားအင်ပြည့်ဝလာအောင် ငွေစုတဲ့နည်းကို အသုံးချခဲ့တာပါ။ လူတစ်ဦးနဲ့တစ်ဦးကို ချိတ်ဆက်ပေးပြီး စုပေါင်းအဖြေရှာတဲ့နည်းပါ။ တစ်ဦးချင်းစီဆို သူတို့ပြဿနာကို မဖြေရှင်းနိုင်ဘူး။ ဒါပေမဲ့ စုပေါင်းလိုက်တော့ ဖြေရှင်းနိုင်လာတယ်”

အဆင့်မြှင့်တင်ပေးခြင်း

ရန်ကုန်မြို့၏ အဆင်းရဲဆုံး နေရာများတွင် WFW က အသုံးပြုခဲ့သော မူများကို ယခုအခါ ရိုးမစီမံကိန်းတွင် ပိုမိုကျယ်ပြန့်သော အတိုင်းအတာဖြင့် လုပ်ဆောင်လျက်ရှိသည်။

စီမံကိန်းဧရိယာ၏ ၃ မိုင်ပတ်လည်တွင် ငှားရမ်းနေထိုင်ကြသော မိသားစုများထဲမှ အားနည်းချက်ရှိမှုကို  စံနှုန်းထားသည့် သတ်မှတ်ချက်များအရ ရွေးချယ်သည်။ WFW ၏လမ်းညွှန်ချက်ဖြင့် ထိုမိသားစုများသည် ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုကို တည်ထောင်ပြီး UN Habitat ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အခြားပါဝင်ဆောင်ရွက်သူများနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

စီမံကိန်းတွင် ငါးထပ်အဆောက်အအုံ ၆ လုံး ပါဝင်ပြီး တစ်လုံးလျှင် မိသားစု ၂၀ နေထိုင်မည်။ အဆောက်အအုံ တစ်လုံးစီတွင် တိုက်ခန်းအသုံးချကော်မတီ Apartment Usage Committee တစ်ခု ဖွဲ့ပြီး အဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်ကြသည်။ ယင်းတို့၏ အခန်းကဏ္ဍမှာ အဆောက်အအုံ သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးကို စီမံခန့်ခွဲရန်ဖြစ်သည်။ ထပ်မံရွေးကောက်တင်မြှောက်ထားသော တိုက်ခန်းအသုံးချ စုပေါင်းကော်မတီ Integrated Apartment Usage Committee (IAUC) ကမူ အဆောက်အအုံအားလုံးကို တာဝန်ခံရပြီး မိသားစုအားလုံးနှင့်သက်ဆိုင်သော အရေးကိစ္စများကို ဖြေရှင်းပေးသည်။

ဆောက်လုပ်ရေးအတွက် ရန်ပုံငွေကို ဂျပန်အစိုးရထံမှ ရရှိပြီး UN Habitat အဖွဲ့က ဖြန့်ဖြူးပေးသည်။ ယင်းကို အရစ်ကျ ၄ ကြိမ်ခွဲ၍ ကန်ထရိုက်စာချုပ် ၇ ခုဖြင့် ပေးအပ်သည်။ အဆောက်အအုံ ၆ လုံးရှိရာ တစ်လုံးစီ၏ AUC ကော်မတီအတွက် စာချုပ်တစ်ခုစီနှင့် IAUC စုပေါင်းကော်မတီအတွက် တစ်ခု ဖြစ်သည်။

AUC တစ်ခုစီက ၎င်းတို့၏ အဆောက်အအုံအတွက် သတ်မှတ်ထားသော ဆောက်လုပ်ရေးပမာဏ ပြီးစီးပါက ၎င်းတို့၏ ဘဏ်စာရင်းထဲသို့ ငွေလွှဲပေးသည်။ ထို့နောက် သူတို့က ထိုငွေကို IAUC သို့ လွှဲပြောင်းပေးသည်။ IAUC သည်လည်း ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ယင်း၏ကိုယ်ပိုင် ကန်ထရိုက်စာချုပ် ချုပ်ဆိုထားသည်။ ငွေပေးချေမှု၏ ၁၀ ရာခိုင်နှုန်းစီကို ထိုလူမှုအဖွဲ့အစည်း၏ လိုအပ်မှုရှိလာမည့် အခက်အခဲကာလများတွင်  သုံးရန် ရန်ပုံငွေအဖြစ် ထားရှိသည်။

IAUC ၏ ဘဏ္ဍာရေးမှူး ဒေါ်စမ်းစမ်းအေးသည် ဤရှုပ်ထွေးသော ငွေကြေးကိစ္စများကို ကိုင် တွယ်ဆောင်ရွက်သူဖြစ်သည်။ ထိုအလုပ်ကို လုပ်ကိုင်ပေးရာတွင် ဒေါ်စမ်းစမ်းအေးသည် များစွာ အနစ်နာခံ ဆောင်ရွက်ပေးရသည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ မီးဖိုချောင်သုံးပစ္စည်း ရောင်းချသော လုပ်ငန်းအတွက် အချိန်အနည်းငယ်သာ ပေးနိုင်သောကြောင့် ဖြစ်သည်။ ရောင်းအားသည် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်ဟု ၎င်းက ဆိုသည်။ သို့သော် IAUC နှင့်လက်တွဲလျက် စေတနာ့ဝန်ထမ်း လုပ်ကိုင်မှုမှာ အောင်မြင်ဖြစ်ထွန်းလာလိမ့်မည်ဟု ၎င်းက ယုံကြည်သည်။

home_1.jpg

ရိုးမ ရှေ့ပြေးအစီအစဉ်၏ စုပေါင်းတိုက်ခန်းအသုံးချကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – ကောနား မက်ဒေါ်နယ်

နိုဝင်ဘာလတွင် သော့အပ်သော အစီအစဉ်ဖြစ်လာသည့်အခါ ၎င်းနှင့် မိသားစုသည် အိမ်အသစ် တစ်လုံး ရရှိမည်ဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ ပိုင်ဆိုင်ခွင့် အပြည့်အဝရှိသော အိမ်တစ်လုံးဖြစ်လာခြင်း ဖြစ်သည်။ ဂျပန်က ဆောက်လုပ်ရေးအတွက် ငွေကြေးထောက်ပံ့သော်လည်း ပြုပြင်မွမ်းမံခြင်း၊ အဆောက်အအုံ ထိန်းသိမ်းခြင်းနှင့် သန့်ရှင်းရေးများကို နေထိုင်သူများက တာဝန်ယူရမည်ဖြစ်သည်။

ရိုးမ၏ စီမံကိန်းသည် WFW ၏မူလပုံစံနင့် ကွဲပြားသည်။ သို့သော် ဒေါ်ဗန်လီဇာအောင်က အတိုင်းအတာ ကြီးကြီးမားမားနှင့် ပါဝင်သူများဖြစ်သည့် အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လုပ်ဆောင်သောအခါ ပြောင်းလဲမှုများမှာ လိုအပ်မည်သာဖြစ်သည်ဟု ဆိုသည်။

“ဒီလိုစီမံကိန်းမျိုးတွေ ဆက်လုပ်ချင်ပါတယ်။ ဒီစီမံကိန်းက အရေးကြီးတဲ့ စီမံကိန်းပါ။ ကျွန်မတို့ ဒါကို လုပ်ကိုင်လာတာ အတော်ကြာနေပါပြီ။ အတိုင်းအတာ ကြီးကြီးမားမားနဲ့ လုပ်ဆောင်တဲ့အခါ ဘာတွေ ပြောင်းလဲဖို့လိုတယ်ဆိုတာ ကျွန်မတို့ လေ့လာသိရှိခဲ့ရပါပြီ” ဟု ၎င်းက ဆိုသည်။

တာဝန်ယူတတ်သူများအဖြစ်သို့

စီမံကိန်း၏ အစဦးလုပ်ဆောင်ချက်မှာ စီးပွားရေးအရ အားအနည်းဆုံး ကျူးကျော်များကို သတ်မှတ် ခြင်းဖြစ်သည်။ WFW နှင့် UN Habitat တို့သည် အလားအလာရှိသော မိသားစုများနှင့်အင်တာဗျူးများ လုပ်ဆောင်ပြီး မိသားစုဝင်များ၏ သတင်းအချက်အလက်များ၊ မိသားစု၏ စုစုပေါင်းဝင်ငွေ၊ မိသားစုထဲတွင် ကျောင်းတက်နေသော ကလေးဘယ်နှဦးရှိသည်နှင့် ထိုနေရာတွင် ၎င်းတို့ ကျူးကျော်နေထိုင် လာသည်မှာ မည်မျှကြာပြီဖြစ်သည်တို့ကို လေ့လာခဲ့ကြသည်။

ဤစီမံကိန်းသည် အိမ်ရာရှားပါးမှုကို ဖြေရှင်းရန် လုပ်ဆောင်သော အခြားစီမံကိန်းများနှင့် ကွဲပြားခြားနားသည်။ ရန်ကုန်မြို့တွင် အာဏာပိုင်များသည် တိုက်ခန်းများကို လျှော့ပေါ့သော ဈေးနှုန်းဖြင့် လူများဝယ်ယူနိုင်ရန် မဲဖောက်ရောင်းချပေးသော စနစ်များကို ပုံမှန်ပြုလုပ်ခဲ့သည်။ သို့သော် ထိုစီမံကိန်းကို စီမံခန့်ခွဲသူများသည် အမှန်တကယ်လိုအပ်နေသူများထက် ၎င်းတို့၏ဆွေမျိုးများနှင့် နီးစပ်ရာများကိုသာ  ပိုမိုဦးစားပေး ရောင်းချပေးကြသည်ဟု စွပ်စွဲမှုများ ရှိခဲ့သည်။ ထိုသို့မဟုတ်ပါကလည်း ယင်းတိုက်ခန်းများကို ၎င်းတို့၏ မူလရည်ရွယ်ချက်နှင့်ဆန့်ကျင်ပြီး ဈေးကွက်ပေါက်ဈေးအတိုင်းသာ ရောင်းချခဲ့သည်။

ဝင်ငွေနည်းသူများအတွက် သမားရိုးကျ အိမ်ရာစီမံကိန်းများနှင့် ကွဲပြားသော အခြားတစ်ချက်မှာ ရိုးမစီမံကိန်းတွင် ပါဝင်သူများသည် ၎င်းစီမံကိန်း အောင်မြင်စေရန် ၎င်းတို့ကိုယ်တိုင် အချိန်ပေး လုပ်ဆောင်ကြရခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ရရှိသောအိမ်ရာမှာ အလကားရသည်ဟူသော အသိစိတ်ကို ဖယ်ရှင်းဖျောက်ဖျက်ပေးနိုင်မည်ဖြစ်သည်။

“ဒါက ဆန်းသစ်တဲ့ အတွေးအခေါ်တစ်ခုပါ။ ကျွန်တော်တို့မှာ အိမ်ရာပေါင်း ငါးသောင်းလောက်ကို အလကား ဆောက်လုပ်ပေးဖို့ ရင်းမြစ်မရှိပါဘူး။ ဒါကြောင့် ကျူးကျော်လူမှုအဖွဲ့အစည်းအတွင်းမှာ ရှိနေရတဲ့ နောက်ထပ်ကျူးကျော်မှု ပြဿနာတွေ ထပ်ဖြစ်မလာစေဘဲ ဖြေရှင်းဖို့ ကြိုးစားတာပါ” ဟု UN Habitat မှ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်မန်နေဂျာ မစ္စတာ ဘီဂျေး ကာမာချာရ်ယာ Mr. Bijay Karmacharya ကပြောကြား သည်။

“ကျွန်တော်တို့က မင်းတို့ကို ဒီအိမ်တွေမှာနေဖို့ ငါတို့က အိမ်ဆောက်ပေးမယ်။ မင်းတို့က လာနေရုံပဲလို့ မပြောပါဘူး။ ကျွန်တော်တို့က သူတို့ကို ကော်မတီအဖွဲ့တွေထဲ ထည့်တယ်။ ဆောက်လုပ်ရေးကို တာဝန်ယူခိုင်းတယ်။ ပြီးတော့ ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ ဆက်ဆံစေပြီး လုပ်ပိုင်ခွင့်တွေ ပေးမယ်။ ကျွန်တော်တို့က သူတို့ရဲ့ သွေး၊ ချွေး၊ အချိန်နဲ့စွမ်းအားတွေကို ဒီစီမံကိန်းထဲမှာ ထည့်သွင်းခိုင်းတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ UN Habitat ကိုယ်စားလှယ်ဟောင်းဖြစ်သူ မိုက်ခ် စလင်းစ်ဘီ Mike Slingsby သည် ယခုအခါ မြန်မာနိုင်ငံ မြို့ပြဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့အတွက် အကြံပေးနေပြီး အခမဲ့၊ သို့မဟုတ် လျှော့ပေါ့ပေးသော အိမ်ရာစီမံကိန်းများသည် အောင်မြင်နိုင်သည့် အလားအလာနည်းပါးသည်ဟု ပြောကြားသည်။

“အိမ်ရာတွေကို လျှော့ပေါ့ဈေးနဲ့ ရောင်းချပေးနိုင်တဲ့၊ ဒါမှမဟုတ် အလကားပေးနိုင်တဲ့ အစိုးရမျိုး ကျွန်တော် မတွေ့ဖူးသေးပါဘူး။ အစိုးရအများအပြားကတော့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ တစ်ခုမှ မအောင်မြင်ခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

“တကယ်လို့ ခင်ဗျားက လျော့ပေါ့ဈေးနဲ့ ရောင်းချမယ်ဆိုရင် လူတွေက ဒါတွေကို ယူကြမှာပဲ။ ဒါပေမဲ့ နောက်တစ်ပတ်မှာ သူတို့ပြန်ရောင်းကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က လျှော့ဈေးနဲ့ ရထားကြတာကိုး” ဟု မိုက်ခ် စလင်းစ်ဘီက ပြောသည်။

အတိတ်ကာလက အစိုးရများ လုပ်ဆောင်ခဲ့သော အထပ်မြင့်တိုက်တာ အဆောက်အအုံ စီမံကိန်းများသည် ဆင်းရဲသော လူမှုအဖွဲ့အစည်းများ၏ လိုအပ်ချက်နှင့် ၎င်းတို့ မည်သို့ နေထိုင်နေကြသည် ဆိုသည်ကို ထည့်သွင်းစဉ်းစားကာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရိုးမစီမံကိန်းသည် ယခင်အစိုးရ၏ အိမ်ရာထောက်ပံ့ရေး ကြိုးပမ်းမှုနှင့် လှိုင်သာယာ၊ မြောက်ဥက္ကလာပနှင့် ထန်းတပင်တု့ိမှ အောက်ခြေလူမှုအဖွဲ့အစည်း၏ ကြိုးပမ်းမှုအကြား ကွာဟချက်များကို ပေါင်းကူးတံတား ထိုးပေးရန် စီစဉ်ခြင်းဖြစ်သည်။

ဦးအောင်ကျော်ဦးသည် ၎င်း၏ ကိုယ်ပိုင်အိမ်သစ်တွင် နေထိုင်ရန် စိတ်လှုပ်ရှားလျက်ရှိသည်။ ကောင်းကျိုးရလဒ်များထဲတွင် ညဘက်မအိပ်ဘဲ အိမ်စောင့်ရသည့် ဒုက္ခမှကင်းဝေးမည့်အပြင် ၎င်းတို့သည် တရားဝင်နေထိုင်သူများ ဖြစ်လာမည်ဟု သူက ဆိုသည်။ နှင်ထုတ်ခံရမည့်အရေးကို ကြောက်ရွံ့ဖို့ မလိုတော့ဘဲ သူ၏နေအိမ်ကို အစိုးရက တရားဝင် အသိအမှတ်ပြုပေးမည် ဖြစ်သည်။

“အခုဆို ကျွန်တော်က အဆောက်အအုံ နံပါတ် ၃ မှာ နေတယ်လို့ သူများတွေကို ပြောလို့ရပြီ။ မိသားစုနဲ့ တရားဝင် သန်းခေါင်စာရင်းလည်း လုပ်လို့ ရပြီ။ ကျွန်တော်တို့က အသင်းအဖွဲ့တစ်ခု ဖြစ်သွားပြီ။ ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းကို အစိုးရက အသိအမှတ်ပြုပေးရင် ကျွန်တော်တို့က တခြားလူတွေကိုလည်း ကူညီနိုင်လာမယ်”

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.