သမ္မတ၏ အာဏာစက် ထပ်ဖြည့်ပေါင်းဖို့အတွက်

ဉာဏ်လှိုင်လင်း ရေးသားသည်။

တိုင်းပြည်မှာ လူထုထောက်ခံမှုအများစု ရရှိထားသူ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံဥပဒေရဲ့ အကန့် အသတ်အရ သမ္မတဖြစ်ခွင့် လွဲချော်ခဲ့တာ နှစ်နှစ်ပြည့်ပါပြီ။

ဒီအတောအတွင်း သူဦးဆောင်တဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က တင်မြှောက်တဲ့ သမ္မတအရေအတွက်ဟာလည်း နှစ်ဦးရှိခဲ့ပါပြီ။

ဒါတွေဟာ အံ့သြဖွယ်ရာ တိုက်ဆိုင်မှုလို့ ဆိုနိုင်ပါ့မလား။ ၂၀၁၆ ခုနှစ်မှာ အာဏာလွှဲပြောင်းမရယူမီ ငါးလခန့် အလိုက စင်ကာပူ Channel News Asia (CAN) နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်မက အနိုင်ရပါတီရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် သမ္မတရဲ့အထက်ကနေ ဆုံးဖြတ်ချက်တွေ အားလုံးကို ချသွားမယ်ဆိုတာက သိပ်ကို ရိုးရှင်းတဲ့ကိစ္စပါ။ သမ္မတဆိုတာက အခြေခံဥပဒေရဲ့ လိုအပ်ချက်အရ ကျွန်မတို့ ရွေးချယ်မယ့်သူတဦး ဖြစ်ပါတယ်” တဲ့။

လက်တွေ့မှာလည်း NLD ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ဟာ သူ့ရဲ့ ပထမဆုံးသော ဥပဒေတွေထဲက တစ်ခုအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီး အစိုးရအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အမြင့်ဆုံးနေရာတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။

ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ ရည်ရွယ်ချက်တွေကို အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ဒါတွေကို အကောင်အထည်ဖော်ဖို့ အကြံပြုမှုတွေကို အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ၊ အသင်းအဖွဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခွင့် ရရှိထားပါတယ်။

နိုင်ငံတော်အင်္ဂါစဉ်မှာတော့ ၂၀၁၆ -၂၀၂၀ ခုနှစ်အတွင်း သက်တမ်းသတ်မှတ်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ရာထူးဟာ နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာအဖြစ် အခြေခံဥပဒေက သတ်မှတ်ထားတဲ့ သမ္မတရဲ့အောက် ဒုတိယနေရာက ရှိပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့မှာ ရာထူးက နုတ်ထွက်သွားတဲ့ ဦးထင်ကျော်ရဲ့ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အထိ နှစ်နှစ်နီးပါး သက်တမ်းအတွင်း သမ္မတဟာ အခြေခံဥပဒေပါ သူ့ရဲ့လုပ်ပိုင်ခွင့်တွေကို ထိထိရောက်ရောက် အသုံးပြုခွင့်မရခဲ့ဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကသာ အာဏာစက်ကို အကျယ်အပြန့် ဖြန့်ကျက် ဆောင်ရွက်ခဲ့တယ်လို့ ဝေဖန်ခံနေရပါတယ်။

ဝေဖန်သူတစ်ဦးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဝင် ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ဦးသောင်းအေးက “လုပ်ပိုင်ခွင့်အနေနဲ့ ပြောမယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေကို တိတိကျကျ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှုအပိုင်းမှာတော့ နည်းနည်းလေး လိုအပ်တယ်” လို့ Frontier ကို ပြောပါတယ်။

သူဟာ ဦးထင်ကျော် နုတ်ထွက်သွားလို့ လစ်လပ်သွားတဲ့ ဒုတိယ သမ္မတလောင်းနေရာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ပြန်ရွေးကြတဲ့အခါ ဦးဝင်းမြင့်(ယခုသမ္မတ)နဲ့ အပြိုင် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး အရေးနိမ့်ခဲ့သူပါ။

သမ္မတသစ်ဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ- စိုင်းဇော်

သမ္မတသစ်ဦးဝင်းမြင့်နှင့် အစိုးရအဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ- စိုင်းဇော်

NLD ဗဟိုကော်မတီဝင်၊ မကွေးတိုင်းအမှတ် (၄) အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်ကတော့ အဲဒီလို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှတ်ချက်ပြုဖို့ကို မလိုဘူးလို့ ယူဆထားပါတယ်။

“သမ္မတကြီးကို တစ်ယောက်ယောက်က ချုပ်ကိုင်ပြီး ပေးတဲ့အခွင့်အာဏာလောက်ပဲရမယ်ဆိုတဲ့ သဘောမျိုး မဟုတ်ဘူးလေ။ အခြေခံဥပဒေအရ အုပ်ချုပ်မှုဆိုင်ရာတွေမှာ သမ္မတက အာဏာ အမြင့်ဆုံးပါပဲ”လို့ သူက Frontier ကို ရှင်းပြပါတယ်။

ဦးအောင်ကြည်ညွှန့်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို တင်သွင်းခဲ့သူ NLDရဲ့ ဝါရင့် နိုင်ငံရေးသမားတစ်ဦးပါ။

ဦးထင်ကျော်နဲ့ ပတ်သက်ပြီး “နိုင်ငံရဲ့ လိုအပ်ချက်ပေါ် ဝင်ပြီး ရပ်တည်ပေးခဲ့တာပါပဲ။ သိက္ခာရှိစွာနဲ့ အိန္ဒြေရရ တည်တည်ငြိမ်ငြိမ် ထိန်းထားပေးခဲ့တာ”လို့ သူက မှတ်ချက်ပြုတယ်။

NHK သတင်းဌာနက ဝါရင့်သတင်းထောက် ဦးသီဟသွေးကတော့ ဦးထင်ကျော်လက်ထက် သမ္မတ အာဏာစက်အပေါ် အခုလို သုံးသပ်တယ်။ သမ္မတဟာ ရုံးခန်းထဲက အလုပ်တွေ၊ အစည်းအဝေး မြောက်များစွာတွေနဲ့ နေ့စဉ်ဖြတ်သန်းရတဲ့ သဘာဝရှိတာမို့ မီဒီယာစာမျက်နှာတွေထက်မှာ မတွေ့ရုံနဲ့ အလုပ်မလုပ်ဖူးလို့ ပြောဖို့ခက်ပါတယ်တဲ့။

“သို့သော်လည်း ပြီးခဲ့တဲ့ သမ္မတ(ဦးထင်ကျော်) လက်ထက်မှာ အတိုင်ပင်ခံက သိသိသာသာ ရှေ့ထွက်ကစားတာ တွေ့ရပါတယ်” လို့ သူက Frontier ကို သုံးသပ်ပြပါတယ်။

မတ် ၃၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ သမ္မတဦးဝင်းမြင့်အပေါ် ဦးသီဟသွေးရဲ့ မျှော်လင့်ချက်ကတော့ ဒီလိုပါ။ နိုင်ငံရေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှစ်နှစ်လုပ်ဖူးတဲ့အတွေ့အကြုံ၊ စိတ်ဝင်စားတက်ကြွမှုစတဲ့ အချက်တွေအရ ဦးထင်ကျော်ထက်ပိုတဲ့ သဘောရှိသလို အသက်အရွယ်ကလည်း ပိုငယ်တဲ့အတွက် သမ္မတရာထူးဟာ အရင်နှစ်နှစ်ကထက် လှုပ်ရှားသက်ဝင်လာမယ်ဆိုတာပါပဲ။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်၊ နိုင်ငံရေးသုတေသီလည်းဖြစ်တဲ့ ဦးမင်းဇင်ကတော့ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သမ္မတရဲ့ အခန်းကဏ္ဍနဲ့ လုပ်ပိုင်ခွင့်တွေ အသက် မသွင်းခဲ့လို့ ကြုံရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ပြင်ဆင်ဖို့လိုပြီလို့ မှတ်ချက်ပြုပါတယ်။

“အဓိက အကန့်အသတ် ဖြစ်စေခဲ့တာတစ်ခုက တပ်မတော်နဲ့ အစိုးရဆက်ဆံရေးပဲ။ ပြေလည်သင့်တဲ့ ကိစ္စတွေ မပြေလည်ခဲ့ဘူးလို့ ယူဆရတယ်”လို့ သူက Frontier ကိုပြောပါတယ်။ တပ်မတော်ဟာ လုပ်ထုံးလုပ်နည်းတွေအောက် အခိုင်အမာ ရပ်တည်လေ့ရှိတဲ့ရှိတဲ့အတွက် ၎င်းနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ အခြေခံဥပဒေအရ အမြင်ဆုံးဖြစ်တဲ့ သမ္မတနဲ့ ဆက်သွယ် ချိတ်ဆက်ပြောဆိုမှသာ ပိုပြီး အလုပ်ဖြစ်လိမ့်မယ်လို့ ဦးမင်းဇင်က အကြံပြုတာပါ။

ဒီအခြေအနေကို ဦးသောင်းအေးထံကလည်း Frontier က ကြားခဲ့ရပါတယ်။ “တပ်ရော၊ အရပ်ရော ပူးပေါင်း ဆောင်ရွက်မှု အားလေး နည်းနည်းလိုနေတယ်” ဆိုပြီးတော့ဖြစ်ပါတယ်။

လက်ရှိအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတနဲ့ ဝန်ကြီးချုပ်တွေ ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို ခန့်အပ်ခွင့်ရှိသလို လွှတ်တော်အသီးသီးမှာလည်း ၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ကို ရရှိထားပါတယ်။

ဒီလို အခြေအနေတွေကို အခုထက် ပိုမိုအောင်မြင်အောင် ကျော်လွှားနိုင်ဖို့အရေး ဦးမင်းဇင်ရဲ့ ရှုမြင်ချက်ကတော့ ဒီလိုပါ။ “ပြောရတာတော့ ကသိကအောင့်နိုင်တဲ့ ကိစ္စပါ။ သမ္မတလုပ်ပိုင်ခွင့်တွေကို ဘယ်လောက်ထိ အသက်သွင်းမလဲဆိုတာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပေါ်မှာ မူတည်ပါလိမ့်မယ်”တဲ့။

အကဲဖြတ်အချို့ကတော့ သမ္မတသစ် (ဦးဝင်းမြင့်)ဟာ အုပ်ချုပ်ရေးနယ်ပယ်အတွင်း သိသာထင်ရှားတဲ့ ရလဒ်တွေ စွမ်းဆောင်ပြနိုင်မှသာ လုပ်ပိုင်ခွင့် ပိုရလာမယ့်သဘောရှိတယ်လို့ ယူဆထားကြပါတယ်။

ဒီအထဲက တစ်ဦးဖြစ်တဲ့ ဦးသီဟသွေးက “သမ္မတသစ်က ခြေမပေါ်ခဲ့ရင်၊ ခြေစွမ်းမပြနိုင်ရင် တစ်ကွင်းလုံး ကစားနိုင်မှာ မဟုတ်သလို အတိုင်ပင်ခံရဲ့ ထိန်းကျောင်းမှုကလည်း တစ်ကွင်းလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူနေဦးမှာပဲ”လို့ မှတ်ချက်ပြုပါတယ်။

ဦးအောင်ကြည်ညွှန့်ကတော့ “ ဦးဝင်းမြင့်မှာ အင်အားတစ်ရပ်အနေနဲ့ သုံးလို့ရနိုင်မယ့် အတွေ့အကြုံနဲ့ အသိပညာတွေ ရရှိပြီးပြီ။ အခု ဒီနေရာကို ယူတဲ့အခါမှာ အချိန်အခါနဲ့ အခြေအနေက အံဝင်ဂွင်ကျ ဖြစ်လာတာလို့ ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် NLD ရဲ့ သမ္မတအပြောင်းအလဲ လားရာအပေါ် ဦးအောင်ကြည်ညွှန့်က အခုလို ညွှန်းဆိုခဲ့ပါသေးတယ်။ “တစ်ဦးတစ်ယောက်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်တယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ စွမ်းရည်ညီညီနဲ့ ပူးပေါင်းတိုင်ပင် ညှိနှိုင်း ဆောင်ရွက်ကြမယ်။ တိုင်းပြည်အတွက် အများကြီးအကျိုး ရှိလာမှာပါ” တဲ့။

အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး ဦးမင်းဇင်ကတော့ “လူနဲ့ အုပ်ချုပ်တာထက်စာရင် စနစ်နဲ့ အုပ်ချုပ်တဲ့ဘက်ကို သွားနိုင်ရင်ကောင်းမယ်”လို့အကြံပြုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.