သတင်းဝက်ဘ်ဆိုက်တွေကို ဆိုက်ဘာ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိသလဲ

ရှောင်ဂလေစင် ရေးသားသည်။

မြန်မာမီဒီယာများရဲ့ သတင်းဝက်ဘ်ဆိုက်တွေ တိုက်ခိုက်ခံရမှုမှာ စစ်တပ်က ပါဝင်ပတ်သက်မှု ရှိနေတယ်ဆိုတဲ့အချက်ကို မြန်မာအစိုးရက ဖေဖော်ဝါရီ ၂၅ ရက်မှာ ငြင်းဆိုခဲ့ပါတယ်။

အထွေထွေရွေးကောက်ပွဲမတိုင်ခင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာမှာ  Union of Hacktivists လို့အမည်ရတဲ့အဖွဲ့က မြန်မာနိုင်ငံ အခြေစိုက် မီဒီယာများရဲ့ ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီ မီဒီယာတွေထဲမှာ ဧရာဝတီနဲ့ DVB တို့ပါဝင်ခဲ့သလို Eleven Media နဲ့ 7 Day News တို့ရဲ့ ဝက်ဘ်ဆိုက်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဆွီဒင်အခြေစိုက် အဖွဲ့တစ်ခုဖြစ်တဲ့ Unleash Research Labs က ၎င်းတို့ဟာ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆိုက်ဘာတိုက်ခိုက်မှုများကို စောင့်ကြည့်ခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုများကို လေ့လာမှတ်တမ်း တင်ထားချက်အရ တိုက်ခိုက်မှုများရဲ့ ရင်းမြစ်က ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် (Defense Services Academy) က အခြေပြုပြီး ထွက်လာတယ်လို့ ယုံကြည်ရတဲ့ Defense Services Computer Directorate (DSCD) နည်းပညာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Frontier အနေနဲ့တော့ ထိုသတင်းကို သေချာစွာ အတည်ပြုနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒီဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ Frontier က မေးမြန်းခဲ့ပေမယ့် သူက ပြန်လည်မှတ်ချက်ပေးခဲ့ခြင်း မရှိပါဘူး။

ရိုက်တာသတင်းဌာနက မေးမြန်းခဲ့ရာမှာတော့ ဦးရဲထွဋ်က ငြင်းဆိုထားခဲ့ပါတယ်။ “တစ်ခါတလေမှာ လူတွေက မြန်မာ့တပ်မတော်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုပိုသာသာလေး ထင်မှတ်ထားကြတယ်”လို့ သူက ပြန်လည် ဖြေကြားခဲ့ပါတယ်။

DVB ရဲ့ အမှုဆောင်ဒါရိုက်တာနဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဦးအေးချမ်းနိုင်ကတော့  မီဒီယာဝက်ဘ်ဆိုက်များကို ဆိုက်ဘာတိုက်ခိုက်ခံရမှုများကြောင့် ဒုက္ခ ရောက်ခဲ့ရကြောင်းနဲ့ တိုက်ခိုက်မှုများမှာ စစ်တပ်ပါဝင်နေတယ်ဆိုတဲ့ သတင်းကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

“ဒါဟာ နည်းပညာဆိုင်ရာပြဿနာပါ၊ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ စစ်တပ်က တိုက်ရိုက် ပါဝင်နေတာ ဟုတ်မဟုတ်ကို ကျွမ်းကျင် နည်းပညာရှင်တွေကပဲ အဖြေထုတ်နိုင်ပါလိမ့်မယ်”လို့ သူက Frontier ကိုပြောကြားခဲ့ပါတယ်။

“ဒါပေမယ့် ဟက်ကာတွေအနေနဲ့ အမှီအခိုကင်းတဲ့ မီဒီယာဝက်ဘ်ဆိုက်တွေကို မတိုက်ခိုက်သင့်ပါဘူး။ ဒါဟာ လွပ်လပ်စွာ ထုတ်ဖော်ပြောကြားမှုကို သူတို့ တိုက်ခိုက်တာပါပဲ” လို့သူက ပြောကြားပါတယ်။

ဆွီဒင် ရေခဲပြင် ဟော်ကီ အားကစား အကျော်အမော်တစ်ဦးနဲ့ နာမည်နဲ့ဆင်တူနေတဲ့ Tord Lundstrom ဆိုတဲ့ နာမည်ကို သူ့ကိုယ်သူ အမည်ခံထားသူ Unleash Research Labs က ကိုယ်စားလှယ်တစ်ဦးက Frontier ကို ဖေဖော်ဝါရီ ၂၅ ရက်မှာ အီးမေးကတစ်ဆင့် ပြောကြားခဲ့ရာမှာ သူတို့ အဖွဲ့အစည်းဟာ ပြည်ပရောက် မီဒီယာများရဲ့ ဝက်ဘ်ဆိုက်များအတွက် လိုအပ်တဲ့ နည်းပညာ အထောက်အပံ့များပေးခဲ့ပြီး ၎င်းတို့ရဲ့ လေ့လာမှုတွေအရ ဆိုက်ဘာ တိုက်ခိုက်မှုများအတွင်း စစ်တပ်က ပါဝင်နေတယ်ဆိုတာ ယုံကြည်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က မြန်မာနိုင်ငံက ဝက်ဘ်ဆိုက်တွေအတွက် ၂၀၁၁ ခုနှစ်ကတည်းက အလုပ်လုပ် ပေးခဲ့တာပါ၊ အခုတိုက်ခိုက်ခံနေရတဲ့ ဝက်ဘ်ဆိုက်ကြီးတွေရဲ့ နည်းပညာ ထောက်ပံ့မှုကိုလည်း ကျွန်တော်တို့ပဲ လုပ်တာပါ။ လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်း ကျွန်တော်တို့က မဇ္ဖိမ၊ ဧရာဝတီနဲ့ DVB တို့ရဲ့  ဝက်ဘ်ဆိုက်တွေအပြင် အခြား ဝက်ဘ်ဆိုက်လေးတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်”လို့ သူက Frontier ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ လေ့လာဆန်းစစ်မှုအတွင်းမှာ ဒီတိုက်ခိုက်မှုတွေနဲ့ ချိတ်ဆက်နေတဲ့ နက်ဝေါ့တွေအရ စစ်တပ်က လုပ်ဆောင်တယ်လို့ ယူဆထားပါတယ်”လို့ Lundstrom က ထပ်မံ ပြောကြားခဲ့ပါတယ်။

“IP address ကို အဖွဲ့အစည်း တော်တော်များများက သုံးတယ်ဆိုပေမယ့် သေသေချာချာ ခွဲခြားပြီး ရလာတဲ့အချက်အလက်တွေကို ဆန်းစစ် ကြည့်လိုက်တဲ့အခါမှာ ဒါဟာ DSA အခြေခံတဲ့ ကွန်ယက်ဆိုတာ သိလိုက်ရပါတယ်”လို့ သူကဆိုပါတယ်။

အွန်လိုင်း လုံခြုံရေးစနစ်နဲ့ ပတ်သက်ပြီး Mr. Lundstrom နဲ့ အဆက်အသွယ် ရှိသေးတယ်ဆိုတာကို ဧရာဝတီနဲ့ DVB တို့က Frontier ကို အတည်ပြုပါတယ်။ DVB ဟာ Lundstrom နဲ့ ၂၀၀၇ ခုနှစ်ကတည်းက တွဲဖက်လုပ်ကိုင်ခဲ့တယ်လို့ ဦးအေးချမ်းနိုင်က ဆိုပါတယ်။ ချင်းမိုင်အခြေစိုက် ဧရာဝတီ သတင်းဌာနရဲ့ အကြီးတန်းမန်နေဂျာ ဦးဝင်းသူကလည်း သူတို့နဲ့ Lundstorm တို့ဟာ DVB နဲ့ တစ်ချိန်တည်းလောက်မှာပဲ အဆက်အသွယ် ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ရှည်လျားလှတဲ့ စစ်ပွဲ

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပြည်ပရောက်မြန်မာမီဒီယာများရဲ့ ဝက်ဘ်ဆိုက်တွေကို ရပ်တန့်သွားအောင် အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းတွေ ခံခဲ့ရပါတယ်။ မီဒီယာတိုက်ပိုင်ရှင်များကလည်း ဒီလိုတိုက်ခိုက်မှုများအတွက် အစိုးရကို ပုံမှန် အပြစ်တင်ကြလေ့ ရှိကြပါတယ်။

ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ ဆန္ဒပြမှုရဲ့ ပထမအကြိမ် နှစ်ပတ်လည်ခန့်က ဖြစ်ပွားခဲ့တဲ့ ပြည်ပအခြေစိုက် မြန်မာမီဒီယာများကို DDOS ဆိုက်ဘာ တိုက်ခိုက်ခဲ့မှုများဟာ အင်တာနက် အသုံးပြုသူများ အဆိုပါ သတင်း ဝက်ဘ်ဆိုက်များအတွင်း ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိနိုင်အောင် ပစ်မှတ်ထားခဲ့ခြင်း ဖြစ်တယ်လို့ ၂၀၀၈ ခုနှစ်ထုတ် Asia Times သတင်းက ဖော်ပြခဲ့ပါတယ်။ တိုက်ခိုက်မှုများမှာ စစ်တပ်ကပါဝင်နေတယ်ဆိုပြီး အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့တဲ့ စကားကို သတင်းက ကိုးကားခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၈ ခုနှစ် ဆိုက်ဘာတိုက်ခိုက်မှုများမှာ စစ်တပ်မှ ပါဝင်ခဲ့တဲ့ သက်သေကိုတော့ Asia Times က မပြနိုင်ခဲ့ပါဘူး။

၂၀၁၄ ခုနှစ်မှာ ဧရာဝတီ ရဲ့ ဝက်ဘ်ဆိုက်တိုက်ခိုက်ခံခဲ့ရပါတယ်။ ဝက်ဘ်ဆိုက်မှာ သတင်းဌာနဟာ မွတ်ဆလင်များကို ထောက်ခံပါတယ်ဆိုတဲ့ စာတန်းနဲ့ အစားထိုးခံခဲ့ရပါတယ်။ ယင်းတိုက်ခိုက်မှုကို Blink Hacker Group က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းကိစ္စကို ဖော်ပြခဲ့တဲ့ သတင်းဌာနကို လက်တုန့်ပြန်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီ တည်ထောင်သူ အယ်ဒီတာ ကိုအောင်ဇော်ကတော့ တိုက်ခိုက်မှုများမှာ မြန်မာအစိုးရ ပါဝင်နေတယ်လို့ သံသယဖြစ်မိကြောင်း ထိုစဉ်က Foreign Policy မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

“အစိုးရဘက်ကလူတွေက ဆိုက်ဘာတိုက်ခံမှုတွေ၊ လူမှုကွန်ယက်တွေထဲ တက်တက်ကြွကြွ ပါဝင်ကြသလို ဘာသာရေး အဓိကရုဏ်းကို တွန်းအားပေးတော့ တစ်ကယ့်လက်သည်က ဘယ်သူလဲဆိုတာ ကျွန်တော်တို့ သိချင်မိတယ်”လို့ သူကပြောပါတယ်။

ချင်းမိုင်မှာအခြေစိုက်ထားတဲ့ ဧရာဝတီ သတင်းဌာနကို ရန်ကုန်ကို မပြောင်းရွှေ့မီ နှစ်နှစ်အလို၊ ၂၀၁၁ ခုနှစ် မတ်လအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကိုအောင်ဇော်က ပြင်းပြင်းထန်ထန် စွပ်စွဲခဲ့ပါတယ်။

“ဧရာဝတီသတင်းဌာနက နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်အစိုးရရဲ့ တရားမဝင်ကိစ္စတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် စစ်အစိုးရကနေပြီး ကျွန်တော်တို့ ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ဖို့ နည်းပညာရှင်တွေ ငှားရမ်းခဲ့ပါတယ်”လို ဧရာဝတီဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ သူက ရေးသားထားပါတယ်။

Blink Hacker Group

ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုများရဲ့ နောက်ကွယ်က အဖွဲ့ဖြစ်တဲ့ Union of Hacktivists အဖွဲ့နဲ့ မတူညီတဲ့ Blink Hacker Group ဟာ ၂၀၁၂ ခုနှစ်ကတည်းက ပြည်ပအခြေစိုက် မြန်မာမီဒီယာများကို တိုက်ခိုက်မှုများထဲ ပါဝင်ခဲ့ပြီး အခြား နိုင်ငံခြား ဝက်ဘ်ဆိုက်များကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဖော်ဖော်ဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်ရေပိုင်နက် အငြင်းပွားမှုအတွက် နိုင်ငံတကာ ရေပိုက်နက် ဥပဒေကို တုန့်ပြန်သောအားဖြင့် ၂၀၁၂ ခုနှစ်၊ မတ်လ ၁၅ ရက်မှာ အဖွဲ့ဝင်တစ်ဦးက ဘင်္ဂလားဒေ့ရှ် ဝက်ဘ်ဆိုက်များကို တိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့တယ်လို့ Unlease Research Labs က ဆိုပါတယ်။ Frontier အနေနဲ့တော့ ဒီလှုံ့ဆော်စာအကြောင်းကို အတည်ပြုနိုင်ခဲ့ခြင်း မရှိပါဘူး။

၂၀၁၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးကို လူသတ်မှုနဲ့ ထိုင်း တရားရုံးက သေဒဏ်ပေးခဲ့တဲ့အတွက် ယင်းအဖွဲ့က ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာမှာ ထိုင်း ဝက်ဘ်ဆိုက်များကို တိုက်ခိုက်ခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။

ဒါပေမယ့် Blink Hacker Group နဲ့ မြန်မာစစ်တပ်ကြား ဆက်နွယ်မှုရှိ၊ မရှိကိုတော့ Unleash Research Labs က ထုတ်ဖော်နိုင်ခဲ့ခြင်းမရှိပါဘူး။

ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.