တပ်မတော်က သံရုံးများကို သတိပေးကြောင်း ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် သတင်းတုကို မြင်တွေ့ရစဉ်။ (ဖရွန်းတီးယားမြန်မာ)

နိုင်ငံခြားသံရုံးများကို တပ်မတော်က သတိပေးဆိုသည့် သတင်းအမှား ထွက်ပေါ်

ဗညားအေးကျော် ရေးသားသည်။

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများကို တပ်မတော်က သတိပေးဆိုသည့် သတင်းအမှားတစ်ခု ဇန်နဝါရီ၂၉ရက်၊ ညနေပိုင်းက မြန်မာနိုင်ငံအတွင်း လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သော ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ဇန်နဝါရီ၂၉ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံအခြေစိုက် အနောက်ဥရောပနိုင်ငံ သံရုံး၁၇ခုက တပ်မတော်နှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်း ကြရန်နှင့် ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန်အလို့ငှာ မည်သို့သောကြိုးပမ်းအား ထုတ်မှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၂၀၊ နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုဖြစ်နိုင်သော မဲစာရင်းကို အကြောင်းပြု၍ တပ်မတော်တာဝန်ရှိသူများက အာဏာသိမ်းနိုင်ခြေရှိသည့် သဘောထားမှတ်ချက်များ ထုတ်ဖော်ပြောဆိုလာသဖြင့် ပြည်တွင်းတွင်သာမက နိုင်ငံတကာတွင်ပါ မြန်မာပြည်တွင်းက အခြေအနေများကို စိုးရိမ်နေကြချိန်တွင် အနောက်နိုင်ငံသံရုံးများက ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

ဇန်နဝါရီ၂၉ရက်၊ ညနေ၆နာရီခန့်တွင် အဆိုပါအနောက်နိုင်ငံသံရုံးများကို တပ်မတော်က သတိပေးလိုက်ကြောင်းသတင်းမှားတစ်ခု ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် စတင်ပျံ့နှံ့လာသည်။

တပ်မတော်က သံရုံးများကို သတိပေးကြောင်း သတင်းတုကို အစောဆုံးစတင်ဖြန့်ဝေခဲ့သည့် ဖေ့စ်ဘွတ်ခ်အကောင့်ကို မြင်တွေ့ရစဉ်။ (ဖရွန်းတီးယားမြန်မာ)

အဆိုပါသတင်းအမှားတွင် နိုင်ငံခြားသံရုံးများအနေဖြင့် သံတမန်ကျင့်ဝတ်နှင့်အညီ ပြောဆို ဆက်ဆံကြရန်၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်မစွက်ဖက်ရန် သတိပေးချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း)က ထုတ်ပြန်ထားကြောင်း သတင်းအမှား စတင်ဖြန့်ဖြူးသည်ဟု ယူဆရသည့် ဖေ့စ်ဘွတ်ခ်အကောင့်တွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၎င်းတို့၏ အင်တာနက်စာမျက်နှာကတစ်ဆင့် ယင်းသို့ သတိပေးထုတ်ပြန်ထားခြင်းမရှိသလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြဝတီသတင်းစာစသည့် တပ်မတော်နှင့် သက်ဆိုင်သော အင်တာနက်ဝက်ဘ်ဆိုက်များတွင်လည်း ဖော်ပြထားခြင်း မရှိပေ။

တပ်မတော်က သံရုံးများကို ယင်းသို့သတိပေးစာပေးပို့ခြင်းရှိ၊ မရှိ အနောက်နိုင်ငံသံရုံးနှစ်ခုသို့ ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့က ယင်းသို့စာပေးပို့ခြင်းမရှိကြောင်း သံရုံးတာဝန်ရှိသူများက ပြန်လည်ဖြေရှင်းသည်။

ယင်းသတင်းအမှားကို San Min Tun ဆိုသည့် ဖေ့စ်ဘွတ်ခ်အကောင့်က စတင်ဖြန့်ဖြူးခဲ့ခြင်းဖြစ်ပြီး စတင်ထွက်ပေါ်လာချိန် ညနေ ၆နာရီဝန်းကျင်မှ လက်ရှိအချိန်အထိ ပြန်လည်မျှဝေသူ ၂,၁၀၀ကျော် ရှိခဲ့သည်။ ကြိုက်နှစ်သက်မှုကိုပြသသော Likeလုပ်ထားသူဦးရေ ၁,၃၀၀ကျော်ရှိနေသည်။

အဆိုပါအကောင့်သည် သတင်းတု၊ သတင်းမှားများကို ဖြန့်ဝေလေ့ရှိသည့် Radio Free Myanmarနှင့် Goshal Lay စသည့် စာမျက်နှာများက ဖန်တီးသော အကြောင်းအရာများကို အမြဲတစေ ပြန်လည်မျှဝေ၊ ဖော်ပြလေ့ရှိသည်။

ကြေညာချက်အတုကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြန်လည်ဖတ်ပြသည့် ရုပ်သံဖိုင်ကို “ရာပြည့်ကျော်”ဟု အမည်ရသည့် ဖေ့စ်ဘွတ်ခ်အကောင့်က စတင်ဖြန့်ဝေခဲ့သည်။ (ဖရွန်းတီးယားမြန်မာ)

ထို့ပြင် အဆိုပါထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်အား Text to Speech (စာလုံးကိုအသံထွက်ဖတ်ပေးသည့်) ကွန်ပြူတာစနစ်ဖြင့် ဖတ်ရှုပြနေသည့် ရုပ်သံဖိုင်တစ်ခုလည်း ဇန်နဝါရီ၂၉ရက် ညပိုင်းတွင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေခဲ့သည်။

“အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ”ဟူသောစာသားနှင့် နိုင်ငံတော်တံဆိပ်ပုံပါ ပုံတစ်ပုံကို နောက်ခံထားသည့် အဆိုပါရုပ်သံဖိုင်သည် ၄မိနစ်၊ ၂၅စက္ကန့်ကြာမြင့်ပြီး ကြေညာချက်အား အင်္ဂလိပ်၊​ မြန်မာနှစ်ဘာသာဖြင့် ဖတ်ကြားပြီးချိန်တွင် “ဒို့စစ်သား”အမည်ရသည့် သီချင်းတစ်ပုဒ်ကို ဖွင့်လှစ်ထားသည်။

အဆိုပါရုပ်သံဖိုင်ကို ရာပြည့်ကျော်ဟူသည့် ဖေ့စ်ဘွတ်ခ်အကောင့်က ဇန်နဝါရီ၂၉ရက်၊ ညနေ ၆နာရီ၃၄မိနစ်တွင် အစောဆုံး စတင်ဖြန့်ဖြူးခဲ့သည်။ ယင်းအချိန်မှာ San Min Tun ဖေ့စ်ဘွတ်ခ်အကောင့်မှ ကြေညာချက်အတု စတင်ထွက်ပေါ်လာသည့် အချိန်နှင့် မိနစ်၃၀ခန့်သာ ကွာခြားခဲ့သည်။ လက်ရှိအချိန်အထိ ယင်းရုပ်သံဖိုင်ကို ကြည့်ရှုသူ ၁၀,၀၀၀ကျော်ရှိသွားပြီဖြစ်ပြီး ပြန်လည်မျှဝေသူ ၁,၅၀၀ကျော်ရှိသည်။

ယင်းသတင်းအမှားသည် တပ်မတော်ထောက်ခံသူများစုဝေးရာ ဖေ့စ်ဘွတ်ခ်အုပ်စုများဖြစ်သော တပ်မတော်ချစ်သူများဂရု၊ တို့ချစ်တဲ့တပ်မတော် စသည်တို့တွင် ပျံ့နှံ့လျက်ရှိသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.