သစ်တောကာကွယ်ရေးစီမံကိန်းက ပြည်သူတို့ရပိုင်ခွင့်ကို မျက်ကွယ်ပြုဟု ကရင်အဖွဲ့ဆို

တနင်္သာရီတိုင်းဒေသကြီး၏ လေးပုံတစ်ပုံခန့်ကို ဖုံးလွှမ်းနေသော ကျယ်ပြောလှသည့် သစ်တောဧရိယာသည် သစ်တောထိန်းသိမ်းလိုသူများနှင့် သစ်တောကို အိမ်ရာသဖွယ် နေထိုင်လာခဲ့သူတို့အကြား သဘောကွဲလွဲမှု၏ ဆုံမှတ် ဖြစ်လာခဲ့သည်။

စာသား – ဆုမြတ်မွန်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

တနင်္သာရီတိုင်းဒေသကြီး၏ သစ်တောထူထပ်သော တောင်ကုန်းမြင့်များသည် ကျေးရွာများ၊ ဆီအုန်း၊ ရော်ဘာနှင့် ကွမ်းသီးပင်စိုက်ခင်းများအတွက် ရှင်းလင်းလိုက်သည့်နေရာတို့မှလွဲ၍ သဘာဝအတိုင်း အစဉ်အမြဲ တည်ရှိလျက် အရာအားလုံးသည် မိုးကုတ်စက်ဝိုင်း၏အောက်၌ အစိမ်းရောင်အမျိုးမျိုးကို ဖော်ဆောင် နေတော့သည်။

တနင်္သာရီဒေသသည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး မြေနိမ့်ပိုင်းဒေသ အမြဲစိမ်းသစ်တောအဖြစ် ကျန်ရှိသည့်ဒေသဖြစ်ကြောင်း သနော်သရီဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ Conservation Alliance for Thanawthari – CAT က ပြောသည်။ ယင်းအဖွဲ့မှာ ကရင်အသိုက်အဝန်း ခုနစ်ခုတို့ ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး ဒေသတွင်း အကောင်အထည်ဖော်နေသည့် အစိုးရစီမံကိန်းများက လူသားများအပေါ် ဂယက်ရိုက်ခတ်လာမည်ကို စိုးရိမ်နေကြသူများဖြစ်သည်။

တနင်္သာရီတွင် အဆိုပြုထားသော အမျိုးသားဥယျာဉ်နှစ်ခုကို ကာကွယ်တောအဖြစ် ကြေညာရန် ဆောင်ရွက်မှုများကြောင့် သတ်မှတ်နယ်မြေများအတွင်း နေထိုင်ကြသော ကျေးရွာသား ၁၆,၆၅၀ ခန့်မှာ စိုးရိမ်စိတ်များ ဖြစ်ပွားလျက်ရှိကြသည်။ သူတို့အများစုမှာ အသက်မွေးဝမ်းကျောင်းအတွက် ကွမ်းသီးပင်စိုက်သူ၊ သို့မဟုတ် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးသူများဖြစ်ကြသည်။

ဖေဖော်ဝါရီ ၁၁ ရက်က ချောင်းဆုံကျေးရွာ၌ အမျိုးသားဥယျာဉ်စီမံကိန်းအပေါ် မိမိတို့၏စိုးရိမ်ပူပန်မှုများကို ဒေသခံများ ဖွင့်ဟဆွေးနွေးကြစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဖေဖော်ဝါရီ ၁၁ ရက်က ချောင်းဆုံကျေးရွာ၌ အမျိုးသားဥယျာဉ်စီမံကိန်းအပေါ် မိမိတို့၏စိုးရိမ်ပူပန်မှုများကို ဒေသခံများ ဖွင့်ဟဆွေးနွေးကြစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အဆိုပါလှုပ်ရှားမှုများက ၁၉၉၀ ပြည့်လွန်နှစ်များက တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ဖြစ်ပွားသောတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး မိမိတို့နေရပ်သို့ မပြန်နိုင်ကြသော ကျေးရွာသား ၁၆,၀၀၀ ကျော်အတွက် စိုးရိမ်စရာ ဖြစ်စေခဲ့သည်။

၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေအရ “ကာကွယ်တော” အဖြစ် ကြေညာထားသော နယ်မြေများမှာ သစ်တောထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရေးအတွက် သီးသန့်ထားရသော နယ်မြေများဖြစ်သည်။

တနင်္သာရီနှင့် လေညာအမျိုးသားဥယျာဉ်တို့ကို ၂၀၀၂ ခုနှစ်တွင် စစ်အစိုးရက အဆိုပြုခဲ့ရာ စုစုပေါင်းဧရိယာ ဟက်တာ ၅၂၆,၀၀၀ (ဧက ၁ ဒသမ ၃ သန်း) ရှိသည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်နေကြသည့်အတွက် လုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သဘာဝနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောသည်။

ဘုတ်ပြင်းမြို့နယ်ရှိ လေညာအမျိုးသားဥယျာဉ်အတွင်း ကျရောက်နေသည့် ချောင်းဆုံကျေးရွာမှ ကလေးမလေးတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဘုတ်ပြင်းမြို့နယ်ရှိ လေညာအမျိုးသားဥယျာဉ်အတွင်း ကျရောက်နေသည့် ချောင်းဆုံကျေးရွာမှ ကလေးမလေးတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

တနင်္သာရီတိုင်းဒေသကြီးတောင်ပိုင်း၊ ဘုတ်ပြင်းမြို့နယ်၌ အဆိုပြုထားသော လေညာအမျိုးသားဥယျာဉ်သည် လေညာမြစ်အရှေ့ဘက်ကမ်း၊ ထိုင်းနယ်စပ်တွင်ရှိပြီး အကျယ်အဝန်းမှာ ဟက်တာ ၂၈၃,၀၀၀ (ဧက ၇၀၀,၀၀၀) ရှိသည်။ ထိန်းသိမ်းခံနယ်မြေရှိ ကျေးရွာ ၁၀ ရွာ၌ လူဦးရေ ၂,၄၇၀ ရှိသည်။ အများစုမှာ ကရင်လူမျိုးများ ဖြစ်သော်လည်း မြိတ်သား၊ ဗမာ၊ မွန်နှင့် ရခိုင်လူမျိုးများလည်း နေထိုင်ကြသည်။

တနင်္သာရီမြို့နယ်အတွင်း၌ အဆိုပြုထားသော တနင်္သာရီအမျိုးသားပန်းခြံမှာ ဟက်တာ ၂၅၉,၀၀၀ (ဧက ၆၄၀,၀၀၀) ကျယ်ဝန်းပြီး ထိုင်းနိုင်ငံဘက်မှ ကအန်းကရာချန် အမျိုးသားဥယျာဉ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

နယ်မြေအတွင်းရှိ ကျေးရွာ ၄၂ ရွာတွင် လူဦးရေ ၁၄,၁၈၁ ဦး နေထိုင်သည်။ အများစုမှာ ကရင်လူမျိုးများ ဖြစ်ကြသည်။ တပ်မတော်နှင့် ကေအင်န်ယူတို့၏ ဒေသတွင်းတိုက်ပွဲများ ပြင်းထန်မှုကြောင့် ကျေးရွာ ၂၆ ရွာ ပျက်စီးခဲ့ရာ အားလုံးပြန်လည်ထူထောင်ပြီးဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးချိန်ထိ တပ်မတော်နှင့် ကေအင်န်ယူတို့ ဆယ်စုနှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် တနင်္သာရီတွင် လူပေါင်း  ၈၀,၀၀၀ ခန့် နေရာရွှေ့ပြောင်းခဲ့ရသည်။ အများစုမှာ ထိုင်းနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံပြီး နယ်စပ်တလျှောက်ရှိ စခန်းများ၌ နေထိုင်ကြသည်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ဒုက္ခသည်အချို့ နေရပ်ပြန်ကြပြီး အနည်းစုသာ ယခင်က သူတို့အသိုက်အဝန်းများတွင် နေထိုင်ကြသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အစိုးရသည် အမျိုးသားဥယျာဉ်နှစ်ခုကို ၂၀၀၄ ခုနှစ်က အဆိုပြုထားခဲ့ပြီး ယခုတိုင် အကောင်အထည် မဖော်ရသေးသော တနင်္သာရီသဘာဝစြင်္ကံ Tanintharyi Nature Corridor နှင့်ချိတ်ဆက်ရန် စီစဉ်ခဲ့သည်။ မြန်မာနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသော ဓာတ်ငွေ့ပိုက်လိုင်းတလျှောက်ရှိ လက်ရှိဟက်တာ ၁၇၀,၀၀၀ ကျယ်ဝန်းသည့် သဘာဝသစ်တောကြိုးဝိုင်းနှင့်အတူ တည်ရှိမည့် စုစုပေါင်းဧရိယာမှာ ဟက်တာ ၁ ဒသမ ၀၁ သန်း (ဧက ၂ ဒသမ ၅ သန်း)၊ သို့မဟုတ် တနင်္သာရီတိုင်းဒေသကြီး၏ဧရိယာ ဟက်တာ ၄ ဒသမ ၃၃ သန်း၏ လေးပုံတစ်ပုံရှိသည်။

ကာကွယ်တောဧရိယာ အဆိုပြုချက်များကို ဆောင်ရွက်ရာတွင် တိုက်ရိုက်ထိခိုက်ခံရမည့် ပြည်သူများထံမှ လွတ်လပ်သော ကြိုတင်သဘောတူညီချက်ကို ရယူခြင်းမရှိကြောင်း CAT က ပြောသည်။

“သဘာဝသယံဇာတတွေနဲ့ မြေယာတွေကို သူတို့အသုံးပြုနိုင်ခွင့် ဆုံးရှုံးစေမယ့် ဒီအဆိုပြုချက်တွေအကြောင်း အများစုက တစွန်းတစသာသိပြီး တချို့က လုံးဝမသိပါဘူး” ဟု မဟာမိတ်အဖွဲ့၏ စာမျက်နှာ ၃၈ မျက်နှာပါ တို့သစ်တော၊ တို့ဘဝ၊ တနင်္သာရီတိုင်းဒေသကြီးရှိ ကာကွယ်တောများသည် ဒေသခံတို့၏ အသက်ရှင်ရပ်တည်မှုကို လေးစားရမည်။ Our Forest, Our Life: Protected areas in Tanintharyi Region must respect the lives of indigenous peoples ဟူသော အစီရင်ခံစာတွင် ဖော်ပြသည်။

အငြင်းပွားနယ်မြေအတွင်း ဗဟိုအစိုးရ၏ ထိန်းချုပ်မှုအရ ကာကွယ်တောကြီးများကို ဖော်ဆောင်ခြင်းသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်သော “ကြားဖြတ်သဘောတူစာချုပ်” ပါ စည်းကမ်းချက်များကို အင်အားနည်းပါးစေသည်။ ဒေသတွင်းရှိ ထိရှလွယ်သည့် အပစ်အခတ်ရပ်စဲထားမှုကို ခြိမ်းခြောက်လျက်ရှိသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ထိန်းသိမ်းခံနယ်မြေများရှိ ကျေးရွာသားအများစု အကြီးအကျယ် ပူပန်နေသောကိစ္စမှာ သူတို့ပိုင်ဆိုင်သည်ဟု ယုံကြည်ထားသည့်နေရာ ဆုံးရှုံးမည်ကို၊ သို့မဟုတ် ဝင်ရောက်ခွင့်မရဖြစ်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

အစိုးရ၊ သို့်မဟုတ် ကေအင်န်ယူက ထုတ်ပေးထာသော မြေယာပိုင်ဆိုင်မှု အထောက်အထားများ သူတို့မှာရှိကြောင်း ရွာသားအများစုက ပြောသည်။ သူတို့မြေများကို ကွင်းဆင်းတိုင်းတာရန် အစိုးရက ကျပ် ၅,၀၀၀ ကောက်ခံသော်လည်း ကေအင်န်ယူက ၄,၀၀၀ ကောက်ခံကြောင်း သူတို့ကပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် CAT က ထိန်းသိမ်းခံနယ်မြေများမှ ကျေးရွာသား ၅၀ ခန့်ကို အဆိုပြုထားသော လေညာအမျိုးသားဥယျာဉ်အတွင်းရှိ ချောင်းဆုံကျေးရွာသို့ ဖိတ်ခေါ်ကာ သူတို့၏စိုးရိမ်ပူပန်မှုကို ဆွေးနွေးရန် အစည်းအဝေး ကျင်းပပေးခဲ့သည်။

အစည်းအဝေးတက်သူများတွင် လွန်ခဲ့သောအနှစ် ၂၀ က ကွမ်းသီးပင် ကိုးဟက်တာ(ဧက၂၀) စိုက်ပျိုးထားသူ အသက် ၄၈ နှစ်ရှိ ရတနာပုံရွာသား ဦးသိန်းမြင့်လည်း ပါဝင်သည်။ သူ၏ခြံနီးချင်းများ စိုက်ပျိုးလာသောနှစ်မှာ ထိုထက်ပို၍စောသည်။

သူ့စိုက်ခင်းမှ တစ်နှစ်ကို ကွမ်းသီးအချိန် ၂,၄၄၅ ကီလိုထွက်ရှိသဖြင့် သူ့မိသားစုသုံးစွဲရန် ဝင်ငွေကျပ် သုံးသန်း ရရှိကြောင်း ဦသိန်းမြင့်က ပြောသည်။

ရတနာပုံကျေးရွာမှ ဒေသခံဖြစ်သူ ဦးသိန်းမြင့်မှာ လေညာမြစ်ဒေသမှ လုပ်ငန်းပိတ်သိမ်းခံရမည့်သူများထဲမှ တစ်ဦးဖြစ်သည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ရတနာပုံကျေးရွာမှ ဒေသခံဖြစ်သူ ဦးသိန်းမြင့်မှာ လေညာမြစ်ဒေသမှ လုပ်ငန်းပိတ်သိမ်းခံရမည့်သူများထဲမှ တစ်ဦးဖြစ်သည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

“ကျွန်တော်တို့ရဲ့မိသားစုနေထိုင်စရိတ်အတွက် ကွမ်းသီးစိုက်ပျိုးခြံကိုပဲ ကျွန်တော်တို့ မှီခိုနေရတာပါ။ ဥယျာဉ်စီမံကိန်းကို ဆက်ပြီးအကောင်အထည်ဖော်မယ်ဆိုရင် ကျွန်တော်တို့ နေထိုင်စားသောက်စရိတ်နဲ့ ကျွန်တော်တို့ ကလေးတွေရဲ့အနာဂတ်အတွက် စိုးရိမ်မိပါတယ်။ ဒီကိစ္စကြောင့် ကျွန်တော်တို့ဘဝတွေ အခက်အခဲ ဖြစ်နိုင်တဲ့အတွက် ဒါဟာမဖြစ်သင့်ပါဘူး” ဟု သူက ဖရန့်တီယာကို ပြောသည်။

အမျိုးသားဥယျာဉ်၏ သတ်မှတ်ဧရိယာအတွင်း ကျရောက်နေသဖြင့် စိုက်ခင်းများမှာ တရားမဝင်ကြောင်း သစ်တောဌာနအရာရှိများက သူ့ကို ဇန်နဝါရီအတွင်းကပြောကြောင်း ဦးသိန်းမြင့်က ပြောသည်။

ကွမ်းသီးပင်များ စိုက်ပျိုးခြင်းကို ပိတ်ပင်ထားကြောင်းနှင့် ပျဉ်းကတိုး၊ သို့မဟုတ် မဟော်ဂနီကဲ့သို့သော သစ်မာပင်များကို တစ်ဧကလျှင် အပင် ၁၅၀ နှုန်းဖြင့် စိုက်ပျိုးရမှာဖြစ်ကြောင်း ရွာသားများအား သူတို့က ပြောသည်ဟု သူကဆိုသည်။ သို့သော် ယနေ့အထိ ဖြစ်မလာပေ။

“ဒါပေမဲ့ သူတို့ပြောသလို လုပ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ ကွမ်းသီးခြံတွေကို ဖျက်ဆီးပစ်ရမှာပါ” ဟု သူက ပြောသည်။

လေညာမြစ်ဒေသမှ ထိခိုက်မှုရှိမည့် ကျေးရွာ ၁၀ ရွာကို ဒေသခံတစ်ဦးက ပြသနေစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

လေညာမြစ်ဒေသမှ ထိခိုက်မှုရှိမည့် ကျေးရွာ ၁၀ ရွာကို ဒေသခံတစ်ဦးက ပြသနေစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ကာကွယ်တောနယ်မြေအဖြစ် ကြေညာအတည်ပြုထားသော အမျိုးသားဥယျာဉ်တည်ထောင်ရေးသည် တရားဥပဒေအရ ရှုပ်ထွေးမှုများရှိနေပြီး ထိခိုက်ခံရမည့့်် ကျေးရွာများနှင့်လည်း အစိုးရက မည်သည့်အချိန်ကမှ တရားဝင် မဆွေးနွေးဘူးကြောင်း သူက ပြောသည်။

ထိခိုက်ခံနယ်မြေများရှိ ကျေးရွာများကို ပြည်ထောင်စု ကြံ့ခိုင်ရေးအစိုးရလက်ထက်က မြေယာပိုင်ဆိုင်မှုပုံစံ ၇ ထုတ်ပေးထားသော်လည်း သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တရားမဝင်အဖြစ် သတ်မှတ်ထားကြောင်း ဦးသိန်းမြင့်က ပြောသည်။

ခြံစိုက်ပျိုးဖို့အတွက် ရွာသားတွေက သစ်တောတွေ နောက်ထပ်ခုတ်မှာကို အစိုးရက မလိုလားကြောင်း ဦးသိန်းမြင့်က ပြောသည်။

“ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ မြေတွေကိုပဲ အစိုးရက တရားဝင် သတ်မှတ်ပေးစေချင်တာပါ” ဟု သူက ဆိုသည်။

ဆောင်ရွက်ဆဲ စီမံကိန်း

ကာကွယ်တောနယ်မြေ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် ချမှတ်ထားသော အချိန်ဇယား မရှိသေးကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနမှ  ဦးဝင်းနိုင်သော်က ဖေဖော်ဝါရီလလယ်ခန့်က ဖရန့်တီယာကို ပြောသည်။

ထိခိုက်ခံသစ်တောများတွင် နေထိုင်ကြသူများအတွက် ဌာနဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုအကြောင်း မေးမြန်းရာ သူကဖြေကြားရန် ငြင်းဆိုခဲ့ပြီး မေးခွန်းများကို အီးမေးလ်ပို့ပေးရန် ပြောသည်။ ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖရန့်တီယာက အီးမေးလ်တစ်စောင်ပို့သည်။ အီးမေးလ်ကို မဖြေဆိုမီ သစ်တောဌာန အပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တိုင်ပင်ညှိနှိုင်းရဦးမည်ဖြစ်ကြောင်း ဦးဝင်းနိုင်သော်က ပြောသည်။ နောက်ဆုံးသတ်မှတ်ရက်ရောက်သည်ထိ သူကတုံ့ပြန်ဖြေကြားခြင်းမရှိပေ။

ဘုတ်ပြင်းမြို့နယ် ကေအင်န်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး အသက် ၃၃ နှစ်ရှိ စောစည်သူလင်းသည် အဆိုပြုထားသော လေညာအမျိုးသားဥယျာဉ်နယ်မြေအတွင်း ကျရောက်သည့် ရုံးတော်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။

သနော်သရီဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့က ကာကွယ်တောဒေသစီမံကိန်းအတွက် တိုက်ရိုက်ထိခိုက်မည့်သူများအား ကြိုတင်ဆွေးနွေးမှု မရှိခဲ့ကြောင်းဆိုသည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

သနော်သရီဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့က ကာကွယ်တောဒေသစီမံကိန်းအတွက် တိုက်ရိုက်ထိခိုက်မည့်သူများအား ကြိုတင်ဆွေးနွေးမှု မရှိခဲ့ကြောင်းဆိုသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

သူ့တွင် ၁၅ ဟက်တာရှိ မြေကွက်ပေါ်တွင် စိုက်ပျိုးထားသော ကွမ်းသီးခြံတစ်ခြံရှိပြီး သူငယ်စဉ်ကတည်းက စိုက်ပျိုးလာသောခြံဖြစ်သည်။ ကေအင်န်ယူက ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း ထုတ်ပေးထားသည့် သူ့မြေကွက်ကို သွားရောက်လုပ်ကိုင်ခွင့် မပြုပါက မည်သည့်နေရာသွားနေရမည်၊ မည်သို့နေထိုင်စားသောက်ရမည်ကို တွေးတောကာ စောစည်သူလင်း စိတ်ပူမိသည်။

အမျိုးသားဥယျာဉ် နှစ်ခုအတွက် စီမံကိန်းကို ဆက်လက်မဆောင်ရွက်ရန် အစိုးရအရာရှိများကို နားချရန် ကေအင်န်ယူမြို့နယ်အုပ်ချုပ်ရေးမှူး စောဆေးဂေက ကြိုးစားလျက်ရှိကြောင်း သူကပြောသည်။ CAT ကလည်း ထိုနည်းလည်းကောင်းပင်။

ယမန်နှစ် ဒီဇင်ဘာက CAT ကိုယ်စားလှယ်အဖွဲ့သည် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ကြီးဦးအုန်းဝင်းနှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားခဲ့သည်။

သူတို့အုပ်စုတွင် မဟာမိတ်အဖွဲ့ ခုနှစ်ဖွဲ့တွင် ပါဝင်သော တာကပေါလူငယ်အဖွဲ့၏ အကြံပေး နော်ပီသလောလည်း ပါဝင်သည်။ သစ်တောထဲသို့ ဝင်ရောက်ခွင့်ကို ငြင်းပယ်ခံရပါက ထိခိုက်ခံနယ်မြေတွင် နေထိုင်ကြသော တိုင်းရင်းသားများအပေါ်သို့လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းရှိ စခန်းများမှ ပြန်လာကြသော နေရပ်စွန့်ခွာသူများအပေါ်သို့လည်းကောင်း ရိုက်ခတ်လာမည့်ဂယက်များကြောင့် ပြန်လည်စဉ်းစားပေးရန် ဝန်ကြီးအား ပန်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သော်လည်း ထိခိုက်ခံနယ်မြေများတွင် နေထိုင်သူများအတွက် စဉ်းစားပေးမည်ဟု ဝန်ကြီးကပြောကြောင်း ၎င်းက ပြောကြားသည်။

“သူ့စကားကို ကျွန်မ အများကြီးကျေနပ်ပါတယ်” ဟု နော်ပီသလောက ပြောသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးက အရေးပါသကဲ့သို့ ထိခိုက်ခံနယ်မြေများမှ တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ပေးရန်လည်း အရေးပါကြောင်း ၎င်းက ပြောသည်။

CAT အစီရင်ခံစာတွင် ထောက်ခံတင်ပြချက် ခြောက်ချက်ပါဝင်ရာ ယင်းတို့်အထဲတွင် လေညာနှင့် တနင်္သာရီ အမျိုးသားဥယျာဉ်များ တည်ထောင်မှုနှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ကရင်နယ်မြေများတွင် ကာကွယ်တော ချဲ့ထွင်ရေးအတွက် အခြားအဆိုပြုချက်များကို ရပ်ဆိုင်းထားရေးတို့လည်း ပါဝင်သည်။ ယင်းသို့ရပ်ဆိုင်းထားခြင်းကို သတ်မှတ်ထားသော စည်းကမ်းချက် လေးချက်ကို ဖြည့်ဆည်းပြီးသည်ထိ ဆက်လက်ထားရှိရန်လည်း တိုက်တွန်းထားသည်။

အဆိုပါအချက်များထဲတွင် ကေအင်န်ယူနှင့် အစိုးရတို့ “အပြည့်အဝ ငြိမ်းချမ်းရေး” ရရှိရေးနှင့် ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ ရပိုင်ခွင့်များ အသိအမှတ်ပြုရေးအတွက် ၁၉၉၄ ခုနှစ် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်ရေးတို့ ပါဝင်သည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

တိုင်းရင်းသားများ ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေများ ဖန်တီး၍ သစ်တောများကို ထိန်းသိမ်းကွပ်ကဲခဲ့သည့် တိုင်းရင်းသားလူထု၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုထောက်ပံ့ရန် သစ်တောဌာနနှင့် အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး အင်န်ဂျီအိုများကို အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

လယ်ယာစီးပွားလုပ်ငန်း၊ စက်မှုနှင့် သတ္တုတူးဖော်ရေးစီမံကိန်းများကို တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ နယ်မြေများသို့ ဆက်လက်တိုးချဲ့နေမှုကို ကာကွယ်ရန် ယာယီအစီအမံများကို အကောင်အထည်ဖော်ရန်နှင့် အဆိုပြုထားသော ကာကွယ်တောနယ်မြေများကို ဒေသခံပြည်သူတို့၏ လွတ်လပ်စွာ ကြိုတင်သဘောတူညီချက် မပါဘဲ ရှေ့ဆက်၍ မဆောင်ရွက်ရန် CAT အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အခြားထောက်ခံတင်ပြချက်တစ်ခုမှာ ဒုက္ခသည်များနှင့် နေရပ်ပြောင်းရွှေ့နေထိုင်သူများ ယခင်က နေထိုင်ခဲ့သော မြေများကို ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ကိုယ်ပိုင်သဘောဆန္ဒအလျောက် ပြန်လာခြင်း မရှိသေးသည့်အချိန်ထိ ကာကွယ်တောသစ်အဖြစ် သတ်မှတ်ခြင်းမပြုရန်လည်း ပါဝင်သည်။

တနင်္သာရီဒေသမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အစိုးရနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး အင်န်ဂျီအိုတို့က အခြားနည်းလမ်းကိုပြောင်း၍ ဆောင်ရွက်ရန်လိုကြောင်း CAT က ယုံကြည်သည်။

“ဌာနေတိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ချိုးဖောက်မယ်၊ ဒေသဆိုင်ရာ လူ့အဖွဲ့အစည်းကို ဘေးဖယ်ထားမယ်၊ အထက်က ချုပ်ကိုင်မှုနဲ့ ကာကွယ်တောသတ်မှတ်တဲ့ ခေတ်နောက်ပြန်ဆွဲပုံစံကို တိုးမြှင့်ဆောင်ရွက်နေမယ်ဆိုရင် သစ်တောတွေကို ကာကွယ်တဲ့အလုပ်က မလွဲမသွေ ကျဆုံးပါလိမ့်မယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – တနင်္သာရီတိုင်းဒေသကြီး၏ လေးပုံတစ်ပုံကို ဖုံးလွှမ်းထားသည့် မြေဧရိယာကျယ်ကြီးမှာ အငြင်းပွားရာဒေသကြီး ဖြစ်သည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.