ဝဿန်ပွဲတော်က မသောက်လိုက်ရတဲ့ ဝိုင်တစ်ကျိုက်

မြန်မာရုပ်ရှင်ထုတ်လုပ်သူများအတွက် ဆင်ဆာပြဿနာမှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲပင်ရှိသည်။ သို့သော် ‘ဝဿန်ရုပ်ရှင်ပွဲတော်’ ကျင်းပရာ နေရာနှစ်ခုအနက် တစ်ခုဖြစ်သော Goethe Institut တွင်မူ ရုပ်ရှင်များကို ဆင်ဆာမဖြတ်ဘဲ ပြသခွင့်ရရှိခဲ့သည်။

Eva Hirschi ရေးသားသည်။

ဝဇီရာရုပ်ရှင်ရုံကြီးတွင် အလင်းရောင်များ မှိန်ချလိုက်ချိန်၌ ၈ ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်အတွက် ပထမဆုံးပြသမည့် ရုပ်ရှင်ဇာတ်ကားကို လာရောက်ကြည့်ရှုကြသည့် ပရိသတ်ကလည်း မိမိတို့နေရာတွင် နေရာယူပြီး ဖြစ်နေကြသည်။ ထိုရုပ်ရှင်ပွဲတော်ကို မကြာမီက ရန်ကုန်တွင် ပြန်လည်ဖွင့်လှစ်လိုက်သော Geothe Institut တွင်လည်း ပြသခဲ့သည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှ ကိုလိုနီခေတ် နောက်ဆုံးလက်ကျန် ဝဇီရာရုပ်ရှင်ရုံတွင် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်ဖွင့်ပွဲတွင် ဒါရိုက်တာ ကိုအောင်ဖြိုး၏ ဖူးပွင့်စအချစ်ရုပ်ရှင် ‘ရာသီမိုး’ ရုပ်ရှင်ကားလည်း ပါဝင်ခဲ့သည်။ ရုပ်ရှင်၏ အဓိကဇာတ်ဆောင်က အိပ်ယာထဲတွင် လှဲလှောင်းရင်း စီးကရက်တစ်လိပ်ကို ရှိုက်ဖွာနေစဉ်မှာပင် ရုပ်ရှင်ပိတ်ကား လက်ယာဖက်အပေါ်ထောင့်၌ ‘ဆေးလိပ်မသောက်ရ’ ဟူသည့် စာတမ်းပေါ်လာသည်။ လူတစ်စု၏ ရယ်သံကိုလည်း ကြားလိုက်ရသည်။ နိုင်ငံခြားသားများ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ မြန်မာပရိသတ်ကတော့ ပြန်ကြားရေးဝန်ကြီးဌာန၏ ထိုသို့ စွက်ဖက်မှုမျိုးကို ရိုးနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် လူထုရှေ့မှောက်ပြသမည့် ရုပ်ရှင်အားလုံးကို ဆင်ဆာဘုတ်အဖွဲ့၏ ခွင့်ပြုမိန့် လိုအပ်သည်။ ဆင်ဆာဘုတ်ကို ဝန်ကြီးဌာနမှ အရာရှိများ၊ မြန်မာ့ ရုပ်ရှင်အစည်းအရုံးဝင် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။

“ကျွန်တော်ကတော့ ဒါကို မအံ့သြပါဘူး၊ ဒါလာမယ်ဆိုတာ သိထားလို့ ရိုးနေပြီ”လို့ ကိုအောင်ဖြိုးက ပြောသည်။ “အစတုန်းကတော့ နမ်းနေတဲ့ ပြကွက်ကလေး ထည့်လိုက်ချင်တာပါပဲ။ ဒါပေမဲ့ ဆင်ဆာက ခွင့်မပြုမှာ သေချာတယ်။ ဒါ့အပြင် လူမြင်ကွင်းမှာ ရိုက်ရတာဆိုတော့ လူတွေက ဘာပြောကြမလဲဆိုတာအတွက်လဲ စိတ်ပူရသေးတယ်” ဟု သူက ပြောသည်။

ပြခွင့်မပြုသည့်အရာအား မည်သည့်နည်းဖြင့် ပြရမည်ဆိုသည်ကို ကိုအောင်ဖြိုးက တွေ့ရှိထားသည်။ ဤသို့ဖြစ်သည်။  မြစ်ကမ်းတစ်ခုဘေးတွင် လူငယ်စုံတွဲတစ်ခု ထိုင်နေသည်။ နေဝင်ဆည်းဆာတွင် ကြည်နူးဖွယ် နောက်ခံတေးဂီတကလည်း ဖြည့်စွက်ပေးနေသည်။ ယောက်ျားပျိုက မိန်းမပျို၏ မေးစေ့ကို ‘မ’ ၍ ခေါင်းကို မော့လိုက်စေသည်။ ထို့နောက်တွင် သူမ၏ မျက်လုံးများကို စိုက်ကြည့်နေလိုက်သည်။ နောက်ထပ် ဆက်ဖြစ်မည့်အရာကို လူတိုင်းသိနေကြသည်။ ဆက်ပြစရာလည်း မလိုတော့ပေ။ ဤသည်မှာ ကိုယ်တိုင်ဆင်ဆာဖြတ်ခြင်းလော။

ဓာတ်ပုံ-သူရဇော်

ဓာတ်ပုံ-သူရဇော်

“ဒါမျိုးတွေရဲ့ အလွှမ်းမိုးမခံရအောင် ကျွန်တော် ကြိုးစားနေပါတယ်၊ မြန်မာ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်အနေနဲ့ ဒါကို ထည့် မစဉ်းစားလို့ မရပါဘူး” ဟု ကိုအောင်ဖြိုးက ဝန်ခံသည်။ “မြန်မာတွေ နားလည်ထားဖို့က ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဟာ ချစ်ခန်း၊ ကြိုက်ခန်း၊ ချွတ်ခန်းတွေကို ပြချင်ရုံသက်သက်ကြောင့် ပြနေတာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒါရဲ့ နောက်ကွယ်မှာ ပြောချင်တာ၊ ပြချင်တာ ရှိတယ်၊ ဒါရိုက်တာက ဒါကိုဘာကြောင့် ထည့်ချင်တာလဲဆိုတဲ့ အကြောင်းပဲ” လို့လည်း သူကပြောသည်။

တစ်ကျိုက်မှ မမြည်းလိုက်ရတဲ့ ဝိုင်အရက်

ယခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ဆင်ဆာဘုတ်အဖွဲ့၏ ကြားဝင်ဆောင်ရွက်ခြင်း ခံခဲ့ရသော ရုပ်ရှင်မှာ ဤတစ်ကားတည်း မဟုတ်ချေ၊ ဒါရိုက်တာ ကိုဇော်ဘိုဘိုဟိန်း၏  “ခေါ်သံတိုးတိတ်” ဟူသည့် ဇာတ်လမ်းတို ရုပ်ရှင်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဝိုင်အရက် ထိုင်သောက်နေသော အခန်းနှင့် အဓိကဇာတ်ဆောင်တစ်ဦးက ဘုရားသောက်တော်ရေ ပုလင်းကို ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်သည့် အခန်းများကို ဆင်ဆာအဖွဲ့က ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

“ဒီပြဿနာကို ကျွန်မတို့ ဆွေးနွေးခဲ့ကြရတယ်။ သောက်တော်ရေ ပုလင်းကို ကြမ်းပြင်ပေါ် လွှင့်ပစ်တဲ့သူဟာ စိတ်ကူးယဉ် ဇာတ်ကောင်တစ်ယောက်ပါ။ လူတစ်ယောက်အနေနဲ့ ဇာတ်ဆောင်မဟုတ်ပါဘူးဆိုတာ ဆင်ဆာဘုတ်က လူကြီးတွေ သဘောပေါက်အောင် အတော်ကြိုးစားခဲ့ရပါတယ်” ဟု ပွဲတော်စီစဉ်သူ မသူသူရှိန်က ပြောသည်။ နောက်ဆုံးတော့ အပေးအယူ တဲ့သွားခဲ့သည်။ သောက်တော်ရေအခန်းကို မဖြတ်ဘဲ ထားခွင့်ပြုလိုက်သည်။ အမျိုးသမီးကိုတော့ ဝိုင်အရက်ခွက်ကို ကိုင်မြှောက်ပြီး သူမ၏ နှုတ်ခမ်းနား ရောက်သည်အထိ ခွင့်ပြုခဲ့ကာ သောက်ချလိုက်သည့်အခန်းကိုမူ ဆင်ဆာက ဖြတ်ချလိုက်လေသည်။

ကိုဇော်ဘိုဘိုဟိန်းက သူ့၏ အနုပညာဖန်တီးမှုကို ဆင်ဆာဘုတ်အဖွဲ့က မထိန်းချုပ်နိုင်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်ကတော့ ဆင်ဆာကို သိပ် အရေးမထားပါဘူး၊ ကျွန်တော်က လွတ်လပ်တဲ့ ရုပ်ရှင်ရိုက်ကူးသူ တစ်ယောက်ပဲ၊ သူတို့ မကြိုက်တာပါလာရင် ကျွန်တော့်ကားတွေကို ရုံတွေမှာ မပြတော့ဘဲ ပြခန်းတွေလိုဟာမျိုးမှာပဲ သွားပြမှာပေါ့” ဟု သူက ဆိုလေသည်။

ယခုနှစ် ဝန်ရုပ်ရှင်ပွဲတော်တွင် မဖြတ်မတောက်ဘဲ ပြသခွင့်ရရှိသော အခြားတစ်နေရာမှာ Goethe Institut ဖြစ်သည်။ ၎င်းမှာ ဂျာမန်ဘာသာနှင့် နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေး၊ စေတနာ့ဝန်ထမ်း ဂျာမန်အဖွဲ့အစည်း ဖြစ်သည်။

“ဒါကြောင့် ကျွန်မတို့က ရုပ်ရှင်တွေကို နေရာနှစ်ခုမှာ ပြတာပါ” ဟု မသူသူရှိန်က ပြောသည်။ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယခုနှစ် စောစောပိုင်းက ပြန်လည်ဖွင့်လှစ်လိုက်သော Goethe Institut သည် မြန်မာရုပ်ရှင် ဇာတ်လမ်းတိုပြိုင်ပွဲအတွက် ဆုများ ချီးမြှင့်ခြင်းဖြင့် ရုပ်ရှင်ပွဲတော်အား ထောက်ပံ့ကူညီမှု ပေးခဲ့သည်။

နိုင်ငံရေးအကြောင်း

ယခင် ပွဲတော်များနှင့် မတူသည်မှာ ယခုနှစ်တွင် ဆင်ဆာအဖွဲ့က နိုင်ငံရေးအကြောင်းအရာ ပြကွက်များကို ပိတ်ပင်မှု မပြုခဲ့ခြင်းမြပြုခဲ့ပါ။ “အတိတ်က အကြောင်းအရာတွေ ပြောနေသမျှ နိုင်ငံရေးအကြောင်းအရာတွေက သိပ်ပြီး ပြဿနာ မဟုတ်ပါဘူး” ဟု ပွဲတော်၏ ပရိုဂရမ်ဒါရိုက်တာ ကိုသိဒ္ဓိက ပြောသည်။ နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိသေးသည်။ ၂ဝ၁၆ ခုနှစ်တွင် NLD အစိုးရတက်ပြီးကတည်းက ခေတ်ပြိုင် နိုင်ငံရေးအခြေအနေကို ဝေဖန်သည့် မည်သည့်ရုပ်ရှင်မျှ ပွဲတော်တွင် ပြသခွင့် မပြုသေးပေ။

“ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့က ဖန်တီးမှုရှိတဲ့ အနုပညာမြောက် ရုပ်ရှင်တွေအပေါ် ပိုပြီး အာရုံစိုက်ပါတယ်။ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ ရုပ်ရှင်တွေအတွက် နေရာဖြစ်ပါတယ်” ဟု ကိုသိဒ္ဓက ဆိုသည်။ ထိုခံယူချက်ကြောင့် ယင်းရုပ်ရှင်ပွဲတော်ကို ယခုနှစ်၊ သို့မဟုတ် နှောင်နှစ်တွင်လည်း ကျင်းပမည်မဟုတ်ကြောင်း လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တည်ထောင်သူ ဦးမင်းထင်ကိုကိုကြီးက ပြောသည်။

ကိုဇော်ဘိုဘိုဟိန်းနှင့် ပွဲတော်ဒါရိုက်တာ မသူသူရှိန်။ ဓာတ်ပုံ- သူရဇော်

ကိုဇော်ဘိုဘိုဟိန်းနှင့် ပွဲတော်ဒါရိုက်တာ မသူသူရှိန်။ ဓာတ်ပုံ- သူရဇော်

ထိုအချက်မှာ ဝသန်ရုပ်ရှင်ပွဲတော်က အမျိုးအစားသစ်တစ်ခုဖြစ်သည့် The Reflection of Society ကို မိတ်ဆက်ရသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ “လူမှုနိုင်ငံရေး ရုပ်ရှင်တွေအတွက်လည်း စင်မြင့်တစ်ခု ပေးချင်ပါတယ်။ အဲဒီရုပ်ရှင်တွေပြဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ထင်လို့ပါ”ဟု ကိုသိဒ္ဓကပြောသည်။ ထိုအမျိုးအစားတွင် အမျိုးသမီးများရိုက်ကူးသည့် ရုပ်ရှင်လေးကား ပါဝင်ခဲ့သည်။ ၎င်းတို့မှာ မြေမြုပ်မိုင်းဒဏ်ခံရသူများ၊ နာဂစ်မုန်တိုင်းမှ မသေဘဲကျန်သူများ နေထိုင်နေသည့် ဆင်းရဲသားရပ်ကွက်တစ်ခု၊ မသန်စွမ်းသမီးနှင့်အတူ တော်လှန်သော အမျိုးသမီးတစ်ဦးနှင့် ဘာသာရေး ပဋိပက္ခဒဏ်ခံရသည့် မြန်မာကျေးရွာတစ်ရွာအကြောင်းကို အဓိက တင်ပြထားသည်။

နိုင်ငံရေးအကြောင်းဝေဖန်သည့် ရုပ်ရှင်ကားတစ်ကားကို ဆင်ဆာအဖွဲ့က မည်သို့ တုံ့ပြန်မည်ကို သိရန်ခက်ခဲကြောင်း ကိုသိဒ္ဓိက ပြောသည်။ “သတ်မှတ်စံတွေက အမြဲပြောင်းနေတယ်။ တခါတလေမှာ သူတို့က ယဉ်ကျေးမှုဆိုင်ရာတွေ ပိတ်ပင်တယ်။ တခါတလေ နိုင်ငံရေးနဲ့ဆိုင်တဲ့အကြောင်းတွေ ပိတ်တယ်။ ခင်ဗျားဘယ်တော့မှ သိမှာမဟုတ်ဘူး” ဟု သူက ပြောသည်။ နှစ်တစ်နှစ်တွင် ပိတ်ပင်ခဲ့သည့် ပြကွက်ကို နှောင်တစ်နှစ်တွင် ပြခွင့်ပြုလိုက်သည်လည်း ရှိခဲ့သည်။

“ပြဿနာက သတ်မှတ်စံတွေကို ကောင်းကောင်း ဖွင့်ဆိုမထားဘူး။ သာဓကအနေနဲ့ ပြောရရင် ဆင်ဆာ လမ်းညွှန်ချက်တွေမှာ တစ်ချက်က ရုပ်ရှင်ဟာ မည်သည့်ဘာသာတရားကိုမှ မလေးမစား မလုပ်သင့်လို့ ဖော်ပြထားတယ်။ မူအားဖြင့် ဒါကို ကျွန်တော် သဘောတူပါတယ်။ ဒါပေမယ့် အဲဒါက အတိအကျ ဘာဆိုလိုတာလဲကို မရှင်းလင်းဘူး” ဟု ၎င်းက ဆိုသည်။ ရုပ်ရှင်ဥပဒေသစ်တစ်ခုကို မူကြမ်းရေးဆွဲထားပြီး လွှတ်တော်မတင်မီ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနက အတည်ပြုတော့မည်ဖြစ်သည်။

လူကြီးနှင့် လူငယ်ပရိသတ်များအတွက် သင့်လျော်သည့် ရုပ်ရှင်များကို အတန်းအစား သတ်မှတ်သည့်စနစ်တစ်ခုကို ဥပဒေက စတင်မိတ်ဆက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ကိုသိဒ္ဓိက ပြောသည်။ ထိုသို့စနစ်က တိုးတက်သည့် ခြေလှမ်းတစ်ခုအဖြစ် ကိုအောင်ဖြိုးက သဘောတူထားသည်။

ပြည်ပတွင် ပြသခြင်း

မြန်မာ ရုပ်ရှင်ထုတ်လုပ်သူများအတွက် နောက်ထပ်အဖြေတစ်ခုမှာ ၎င်းတို့၏ ရုပ်ရှင်များကို ပြည်ပတွင် ပြသရန်ဖြစ်သည်။ ထိုသို့ ပြသခြင်းဖြင့် ဆင်ဆာကို ရှောင်နိုင်သည့်အပြင် နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် ငွေကြေးရရှိမှုကိုပါ မျှော်လင့်နိုင်သည်။

“မြန်မာ့ရုပ်ရှင်လုပ်ငန်းအတွက် အလားအလာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့် ပညာပေးရေးအပေါ် ပိုအားစိုက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်”ဟု ကိုသိဒ္ဓိက ပြောသည်။ “ရုပ်ရှင်ကားတိုလေးသာမက ရုပ်ရှင်ကားကြီးတွေပါ ရိုက်ကူးနိုင်ဖို့အတွက် လူငယ်ဒါရိုက်တာတွေကို အားပေးဖို့ အဖွဲ့လိုက် ဆွေးနွေးမှုတွေနဲ့ master class တွေကို ကျွန်တော်တို့ စီစဉ်ခဲ့ပါတယ်” ဟု သူက ပြောသည်။

ရုပ်ရှင်ကားတိုထုတ်လုပ်သူများ ပထမဆုံး ဇာတ်ကားကြီးထုတ်နိုင်ရန်အတွက် စံပြလမ်းကြောင်းကို ထိုင်းလူမျိုး ထုတ်လုပ်သူနှင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်စီစဉ်သူ မစ္စတာ ရေးမွန်းဖာသာနာဝီရန်ဂွန်း၏ သင်ခန်းစာတစ်ခုက ဖော်ထုတ်ပေးခဲ့သည်။ ထိုအထဲတွင် ပြည်ပ၌ ငွေရရှိအောင် မည်သို့ လုပ်ဆောင်ရမည်ဆိုသည်လည်း ပါဝင်သည်။

ဟောင်ကောင်ဖွား ရုပ်ရှင်တည်းဖြတ်သူ မစ္စမေရီစတီဖင်၏ နောက်ထပ် အဆင့်မြင့်သင်ခန်းစာက တည်းဖြတ်ခြင်းဖြင့် ဇာတ်ကြောင်းပြောခြင်းကို အဓိကထားခဲ့သည်။ ဒေသတွင်း ရုပ်ရှင်ကားတိုပွဲတော်များနှင့် အရှေ့တောင်အာရှတွင် ရုပ်သံ ထိန်းသိမ်းမှုကို ဆွေးနွေးခဲ့သည့် နိုင်ငံတကာမှ တက်ရောက်သူများ ပါဝင်သည့် အဖွဲ့လိုက်ဆွေးနွေးမှု နှစ်ကြိမ်လည်း ပြုလုပ်ခဲ့သည်။

ပွဲတော်၏ အကဂီတ အမျိုးအစားတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ရုပ်ရှင်ကားတိုများ ပါဝင်ခဲ့သည်။

အရှေ့တောင်အာရှဒေသတွင် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာတစ်ခုပေးရန် ပွဲတော်က ဆန္ဒရှိသည်ဟု ကိုသိဒ္ဓကပြောသည်။ ထို့အပြင် အရည်အသွေးရှိသည့် ရုပ်ရှင်များမှာ ပါရီနှင့် နယူးယောက်တို့မှသာ လာသည် မဟုတ်ဘဲ ဒေသတွင်းတွင်လည်း အရည်အသွေးမြင့်မားသော ရုပ်ရှင်များထုတ်လုပ်သည်ကို ပြသလိုခြင်းဖြစ်ကြောင်း ကိုသိဒ္ဓိက ပြောသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.