Students, protesting military rule, pose in a classroom setting while smeared with red paint to symbolise the blood of protesters slain by the junta. (Supplied)
စစ်ကောင်စီ၏ ကျောင်းပြန်ဖွင့်မည့်အစီအစဉ်နှင့် စစ်တပ်အုပ်ချုပ်မှုအောက်က ပညာရေးစနစ်ကို ကန့်ကွက်သည့်အနေဖြင့် ကျောင်းသား၊ ကျောင်းသူအချို့က သွေးစွန်းနေသော ကျောင်းစိမ်းဝတ်စုံများဝတ်ဆင်၍ သရုပ်ဖော်ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ | ပေးပို့)

ဝိုင်းသပိတ်မှောက်ခံနေရတဲ့ စစ်ကောင်စီရဲ့ ကျောင်းပြန်ဖွင့်မယ့်အစီအစဉ်

ကိုဗစ်−၁၉ကပ်ရောဂါကြောင့် ပညာသစ်နှစ်တစ်ခုလုံးကိုလက်လွှတ်ရပြီးနောက် လာမယ့်ဇွန်၁ရက်မှာ စာသင်ကျောင်းတွေပြင်ဖွင့်ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေနဲ့ မိဘတွေကတော့ စစ်ကောင်စီအုပ်ချုပ်မှုအောက်က ပညာရေးစနစ်ကို သပိတ်မှောက်ကြမယ်လို့ ဆိုပါတယ်။

ဖရွန်းတီးယားမြန်မာ

ဒီနှစ် ဇန်နဝါရီလတုန်းက ကိုဗစ်−၁၉ကပ်ရောဂါကြောင့် တစ်နှစ်လောက်ပိတ်ထားရတဲ့ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ရွေးကောက်ခံအစိုးရက ပြင်ဆင်နေကြောင်း ကြားသိရတဲ့အခါ မိဘတွေဟာ သား၊ သမီးတွေရဲ့ ပညာရေးအတွက် သက်ပြင်းချနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ၁ရက်နေ့၊ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ သူတို့ရဲ့ မျှော်လင့်ချက်တွေဟာ အခိုးအငွေ့လို ပျောက်ကွယ်သွားခဲ့ပါတယ်။

အာဏာသိမ်းသက်တမ်း သုံးလတာကျော်လွန်ချိန်မှာ အခြေခံပညာကျောင်းတွေကို ဇွန်မှာပြန်ဖွင့်ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။ ကျောင်းသားမိဘအများစုနဲ့ ကျောင်းသား၊ ကျောင်းသူတွေက စစ်အာဏာရှင်စနစ်အောက်က ပညာရေးကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားကြတာပါ။ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းပစ်ခတ်ပြီး ဖမ်းဆီး၊ သတ်ဖြတ်ခဲ့လို့ဖြစ်ကြောင်း စစ်ကောင်စီကို သပိတ်မှောက်နေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

ဇွန်၁ရက်မှာ ပြန်လည်ဖွင့်လှစ်မယ့် အခြေခံပညာဦးစီးဌာနလက်အောက်က စာသင်ကျောင်းတွေမှာ မေ၂၄ရက်ကနေ ၃၁ရက်အထိ ကျောင်းအပ်နိုင်ကြောင်း ဧပြီ၃၀ရက်၊ ည၈နာရီမှာ စစ်ကောင်စီက နိုင်ငံပိုင်မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေတစ်ဆင့် လူထုကို သတင်းစကားပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ဇွန်၁ရက်မှာ ကျောင်းတွေပြန်ဖွင့်ပေမဲ့ ကျောင်းသားမရှိတဲ့ စာသင်ခန်းအလွတ်တွေပဲ မြင်တွေ့ရဖို့ရှိနေပါတယ်။

တကယ်တော့ စစ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ ကျောင်းဆရာမတွေနဲ့ ကျောင်းအုပ်တွေ အပါအဝင် ပညာရေးဝန်ကြီးဌာနလက်အောက်က အစိုးရဝန်ထမ်းအများအပြားဟာ ငြိမ်းချမ်းစွာအာဏာဖီဆန်ခြင်း (CDM)လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပါတယ်။ ဒါ့ပြင် ဆန္ဒပြပွဲတွေမှာလည်း လူငယ်ကျောင်းသားထုက ဦးဆောင်လှုပ်ရှားခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံတစ်၀န်းက စာသင်ကျောင်းတွေမှာ စခန်းချ၊ တပ်စွဲထားတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စာသင်ကျောင်းဝင်းတွေမှာ တပ်စွဲထားခြင်းဟာ “ကလေးသူငယ်တွေရဲ့အခွင့်အရေးကို ကြီးလေးစွာ ချိုးဖောက်တာဖြစ်တယ်” လို့ Save the Children၊ ယူနက်စကိုနဲ့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့တို့က မတ်၁၉ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေဟာ ပြည်နယ်နဲ့တိုင်း၁၃ခုက စာသင်ကျောင်းနဲ့ တက္ကသိုလ်ပရိဝုဏ် ၆၀ကျော်မှာ တပ်စွဲထားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သား၊ သမီးတွေရဲ့ ပညာရေးက အရေးကြီးပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် လူရာချီသေဆုံးခဲ့ပြီးနောက်မှာ တိုင်းပြည်တည်ငြိမ်နေကြောင်း ပြယုဂ်တစ်ခုအဖြစ်အသုံးချဖို့ စစ်ကောင်စီရဲ့အစီအစဉ်မှာ မပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေက ဆိုပါတယ်။ ဒါ့ပြင် အတိတ်ကအတွေ့အကြုံအရ ယခင်စစ်အစိုးရအဆက်ဆက်ရဲ့ ပညာရေးစနစ်က နိမ့်ကျခဲ့တာကြောင့် လက်ရှိစစ်ကောင်စီအုပ်ချုပ်မှုအောက်က ကျောင်းပြန်တက်ရေးမူဝါဒကို သပိတ်မှောက်တာက ဆုံးရှုံးစရာတစ်ခုလို့ မမြင်တော့ကြောင့် မိဘ၊ ဆရာတွေက ဆိုပါတယ်။

“ဆရာ၊ ဆရာမတွေအများစုက CDM ကို ထောက်ခံတဲ့အတွက် စာသင်ခန်းကို ပြန်သွားကြမှာ မဟုတ်ဘူး။ ဒီလိုပဲ ကျောင်းသားအများစုကလည်း စစ်အာဏာသိမ်းတာကို မကျေနပ်တဲ့အတွက် ကျောင်းပြန်တက်ကြမှာမဟုတ်ဘူး”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က အမည်မဖော်လိုတဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

‘လုံးဝလက်မလျော့ဘူး’

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းယူပြီး ဖေဖော်ဝါရီ၈ရက်က ပထမဆုံးပြောတဲ့မိန့်ခွန်းမှာ “နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပညာရေးနောက်မကျစေဖို့အတွက်လည်း စာသင်ကျောင်းများကို COVID-19 စည်းမျဉ်း၊ စည်းကမ်များနဲ့အညီ ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားပါမယ်။ နိုင်ငံ့အနာဂတ်ကို ဆက်လက်ထမ်းဆောင်ရမယ့် ကျောင်းသူ၊ ကျောင်းသားများအားလုံး ကျောင်းတက်ဖို့ စတင်ပြင်ဆင်နိုင်ကြပါပြီ” ပြောခဲ့ပါတယ်။

နောင်နှစ်လအကြာ ဧပြီ၁၁ရက်မှာပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက တွေ့ဆုံပွဲတစ်ခုမှာ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဒေါက်တာညွန့်ဖေက အခြေခံပညာကျောင်းအားလုံးကို ဇွန်၁ရက် နောက်ဆုံးထားဖွင့်လှစ်မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါ့ပြင် CDM မှာပါဝင်နေတဲ့ ဆရာ၊ ဆရာမတွေဟာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေ ချိုးဖောက်နေတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီမတိုင်ခင်နှစ်ရက်အလို ဧပြီ၉ရက်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက CDM မှာပါဝင်တဲ့ ဆရာ၊ ဆရာမတွေဟာ သူတို့ရဲ့တပည့်တွေ ကျောင်းပြန်မတက်အောင် ဖိအားပေး၊ လှုံ့ဆော်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး ဆန္ဒပြသူတွေဟာလည်း မွမ်းမံသင်တန်းတက်ရောက်နေတဲ့ ဆရာ၊ ဆရာမတွေရဲ့ အဆောင်တွေကို မီးရှို့ဖျက်ဆီး၊​ ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ တိုက်ခိုက်၊ နှောက်ယှက်မှုတွေရှိပေမဲ့ ဆရာ၊ ဆရာမတွေကိုပေးခဲ့တဲ့ မွမ်းမံသင်တန်းကို နိုင်ငံတစ်ဝန်းက ကျောင်းဆရာ၊ ဆရာမ ထက်ဝက်ကျော် တက်ရောက်ခဲ့ကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ကောင်စီဟာ ပညာရေးကဏ္ဍက အစိုးရဝန်ထမ်းတွေကို ရာထူးတိုးမက်လုံးတွေနဲ့ စွဲဆောင်ခဲ့ပေမဲ့ သူတို့ရဲ့ ပူးပေါင်းမှုကို မရနိုင်ခဲ့ပါဘူး။ မတ်၂ရက်မှာ စစ်ကောင်စီက စစ်ကိုင်းပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်ကို အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးပြီး တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ဒေါက်တာစောပြုံးနိုင်ဟာ အဲဒီရာထူးကိုလက်မခံဘဲ နုတ်ထွက်စာတင်ပြီး CDMမှာ ပါဝင်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီနေ့မတိုင်ခင် ဧပြီ ၃၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာရွှေပုံက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒေါက်တာစောပြုံးနိုင်ရဲ့ ‘ဝန်ထမ်းများစစ်ကောင်စီနဲ့ မပူးပေါင်းကြဖို့’ တိုက်တွန်းထားတဲ့ သတင်းစကားကို တင်ပေးခဲ့ပါတယ်။ “ကျောင်းတက်တာနဲ့ ဆရာ၊ ဆရာမတို့ဟာ တိုင်းပြည်ရဲ့ သစ္စာဖောက်ဖြစ်သွားပြီဆိုတာ မမေ့ပါနဲ့”လို့ ဒေါက်တာစောပြုံးနိုင်က သတင်းစကားပါးခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနလက်အောက်က ဝန်ထမ်း ၄၆၀,၀၀၀ကျော်ရှိတဲ့အနက် ၇၅ရာခိုင်နှုန်းလောက်ဟာ CDM မှာပါဝင်နေကြောင်း ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြီးခဲ့တဲ့ မတ်လတုန်းက ခန့်မှန်းခဲ့ပါတယ်။ ဖရွန်းတီးယားမြန်မာအနေနဲ့ CDM ပါဝင်တဲ့ ဝန်ထမ်းအရေအတွက် နောက်ဆုံးအခြေအနေကို အတိအကျ မသိပေမဲ့ MTF အဖွဲ့ဝင်တစ်ဦးကတော့ ပညာရေးဝန်ထမ်း၆၀ရာခိုင်နှုန်းကျော် CDMမှာ ပါဝင်ဆဲဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

MTF အဖွဲ့က အမည်မဖော်လိုတဲ့ ဆရာတစ်ဦးကတော့ CDM မှာပါဝင်တဲ့ဝန်ထမ်းတွေထဲက ၇၀ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီရဲ့ဖမ်းဆီးနှိပ်စက်ခံရမှာစိုးလို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့်သေဆုံးသူတွေမှာလည်း ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ပါဝင်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ)ရဲ့အဆိုအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေအတွင်း သေဆုံးသူဦးရေ ၇၅၀ကျော်မှာ ဆရာမ သုံးဦးနဲ့ ကျောင်းသား၊ ကျောင်းသူ ငါးဦးပါဝင်နေပါတယ်။

ဖေဖော်ဝါရီ၁ရက်ကတည်းက အဖမ်းခံသူ၊ တရားစွဲဆိုခံရသူနဲ့ ပြစ်ဒဏ်ချခံရသူ ၃,၅၀၀ကျော်မှာ CDM ပညာရေးဝန်ထမ်း အယောက်၆၀ပါဝင်ပြီး ဆန္ဒပြပွဲမှာပါလို့ ဖမ်းဆီးတရားစွဲခံရတဲ့ ကျောင်းသား၊ ကျောင်းသူ အယောက်၂၀ပါဝင်ပါတယ်။ အများစုကတော့ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်ကျခံနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ၅၀၅-ကနဲ့ တရားစွဲခံရတာပါ။

ကျောင်းဖွင့်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေအတွက် ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ မေ၃ရက်ထက် နောက်မကျဘဲ သက်ဆိုင်ရာကျောင်းတွေကို ပြန်လာကြဖို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ဧပြီ၂၅ရက်မှာ အကြောင်းကြားခဲ့ပါတယ်။ မေ၃ရက်မှာ သက်ဆိုင်ရာကျောင်းတွေကို ပြန်လည်ရောက်ရှိလာတဲ့ ဆရာ၊ ဆရာမ အရေအတွက်သိရှိနိုင်ဖို့ ဖရွန်းတီးယားမြန်မာက ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ သတင်းရင်းမြစ်တွေကတော့ ဆရာ၊ ဆရာမအများစုဟာ မေ၃ရက်မှာ လုပ်ငန်းခွင်ကို ပြန်ရောက်မလာကြပါဘူးလို့ ဆိုပါတယ်။

“ကျမကတော့ CDM လုပ်တာကို စစ်အစိုးရကို အောင်မြင်တဲ့အထိ ဆက်လုပ်သွားမှာပါ။ စစ်အစိုးရရဲ့ ပညာရေးစနစ်ကို သပိတ်မှောက်ဆန့်ကျင်မယ့် ဆုံးဖြတ်ချက်ကိုလည်း လုံးဝလက်လျှော့သွားမှာ မဟုတ်ပါဘူး”လို့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့အတွက် ရှောင်တိမ်းနေရတဲ့ မန္တလေးတိုင်းဒေသကြီးက ဆရာမတစ်ဦးက ပြောပါတယ်။

CDM လှုပ်ရှားမှုတွေရဲ့ ပစ်မှတ်မဟုတ်တဲ့တိုင် ပုဂ္ဂလိကစာသင်ကျောင်းတွေအတွက်လည်း အခုချိန်ဟာ ကျောင်းပြန်ဖွင့်ဖို့ အကျပ်ရိုက်တဲ့ ကာလလည်းဖြစ်နေပါတယ်။ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် တစ်နှစ်လောက် ကျောင်းပိတ်လိုက်ရတဲ့အတွက် ပုဂ္ဂလိကကျောင်းတော်တော်များများ ဝင်ငွေထိခိုက်ခဲ့ပြီး ဝန်ထမ်းငှားရမ်းဖို့ ငွေကြေးခက်ခဲနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုယ်ပိုင်ကျောင်းများအသင်း(MPSA)ဥက္ကဋ္ဌ ဦးနေအုပ်က ပြောပါတယ်။

MPSA အသင်းက ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနကို ချေးငွေချပေးဖို့ စာပို့တောင်းဆိုခဲ့ပေမဲ့ တုံ့ပြန်မှုတစ်စုံတစ်ရာ မရခဲ့ဘူးလို့ သူကဆိုပါတယ်။ အဓိကအားဖြင့် ကျောင်းဖွင့်ရာသီရောက်ရင် ရပ်တည်နိုင်အောင် ပုဂ္ဂလိကကျောင်းတွေကို ဘဏ္ဍာရေးအရ အကူအညီပေးဖို့ တောင်းဆိုခဲ့တာပါ။

“နောက်တစ်နှစ်အတွက် စာချုပ်ရတော့မှာ သူတို့မှာ ပေးစရာငွေမရှိဘူး။ ကျနော်ထင်တယ် (ချေးငွေအကူအညီမရရင်) ပုဂ္ဂလိကပညာရေးကဏ္ဍက ယိုင်လဲသွားနိုင်တယ်။ ဒါကိုအရမ်း စိတ်ပူမိတယ်”လို့ သူကဆိုပါတယ်။

ဆရာ၊ ဆရာမငှားရမ်းဖို့၊ ကျောင်းအဆောက်အဦး ငှားရမ်းဖို့ငွေကြေးမလုံလောက်မှုနဲ့ ဖေဖော်ဝါရီ၁ရက် အာဏာသိမ်းမှု နောက်ပိုင်း စီးပွားရေးကျဆင်းမှု စတဲ့အခက်အခဲတွေကြောင့် လာမယ့်ပညာသင်နှစ်မှာ ကိုယ်ပိုင်ကျောင်း ၂,၀၀၀အနက် ၄၀ရာခိုင်နှုန်းလောက်သာ ပြန်လည်ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ပုဂ္ဂလိကကျောင်းတည်ထောင်သူတစ်ဦးက ခန့်မှန်းပါတယ်။ ဒါ့ပြင် ကျောင်းအပ်မှုနှုန်းကလည်း ကိုဗစ်-၁၉ကပ်ရောဂါမဖြစ်ခင်အချိန်က အပ်တဲ့နှုန်းထက် တစ်ဝက်လောက်ပဲရှိလိမ့်မယ်လို့ သူက မှန်းချက်ထုတ်ပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့ ဆန္ဒပြပွဲတွေ ကြီးကြီးမားမားမရှိခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ ဒီအခြေအနေတွေနဲ့မတူ ကွဲပြားခြားနားနေပါတယ်။ ရခိုင်ပြည်နယ်မှာ အခြေခံပညာအတန်းကျောင်းတွေက ဆရာ၊ ဆရာမစုစုပေါင်း ၂၈,၀၀၀ကျော်ရှိတဲ့အနက် ၉၅ရာခိုင်နှုန်းလောက်ဟာ မကြာသေးခင်က ဖွင့်လှစ်ခဲ့တဲ့ မွမ်းမံသင်တန်းတွေ တက်ရောက်ခဲ့တယ်လို့ ပြည်နယ်ပညာရေးဦးစီးမှူး ဦးတင်သိန်းက ဆိုပါတယ်။ CDM လုပ်တဲ့ ပညာရေးဝန်ထမ်းအရေအတွက်က အနည်းငယ်ပဲရှိနေတာဖြစ်ပါတယ်။

တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ အခြေခံပညာစာသင်ကျောင်း ၃,၀၀၀ကျော်ကို လာမယ့်လမှာ ပြန်ဖွင့်ဖို့ပြင်နေပြီး နေပြည်တော်ကနေ အသေးစိတ်ညွှန်ကြားချက်စောင့်ဆိုင်းနေကြောင်း သူကဆိုပါတယ်။

“လက်ရှိအနေအထားကတော့ ကျနော်တို့ပြည်နယ်က အေးအေးချမ်းချမ်းရှိပါတယ်။ ကျောင်းအားလုံးနီးပါး ဖွင့်နိုင်မယ်လို့ထင်ပါတယ်”လို့ ဦးတင်သိန်းက ပြောပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာကတည်းက ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့ ရယူထားတဲ့ အပစ်ခတ်ရပ်စဲရေးကို ရည်ညွှန်းပြီး “အေးအေးချမ်းချမ်း”ရှိတယ်လို့ သူက ပြောတာဖြစ်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခဧရိယာအတွင်းက စာသင်ကျောင်း၈၀လောက်ကိုတော့ ဆက်ပိတ်ထားရဦးမယ်လို့ သူကဆိုပါတယ်။

‘အချိန်ကောင်း မဟုတ်ဘူး’

ရခိုင်ပြည်နယ်အပြင်မှာတော့ ဆရာ၊ ဆရာမတွေသာမက ကျောင်းသားမိဘတွေကလည်း (ကိုဗစ်ကြောင့် စာသင်နှစ် တစ်နှစ်အောက်ပေမဲ့) စစ်အုပ်ချုပ်ရေးအောက်က ပညာရေးစနစ်နဲ့ ကျောင်းပြန်ဖွင့်မယ့် အစီအစဉ်ကို ဆန္ဒပြဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။

စစ်ကောင်စီက ကျောင်းပြန်ဖွင့်မယ့်အစီအစဉ်အပေါ် မိဘတွေရဲ့အမြင်ကိုသိရဖို့ ဖရွန်းတီးယားမြန်မာက ရန်ကုန်က အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ ပညာသင်နေတဲ့ ကျောင်းသားတွေရဲ့ မိဘအယောက် ၃၀ကို မေးမြန်းခဲ့ပါတယ်။ ၂၁ဦးက သူတို့သား၊ သမီးတွေကို စစ်တပ်အုပ်ချုပ်နေသမျှ အစိုးရကျောင်းကို မပို့ဘူးလို့ ဆိုပြီး နှစ်ဦးကတော့ ဇွန်လကျရင် ကလေးတွေကို ကျောင်းအပ်မယ်လို့ ဆိုပါတယ်။ ကျန်တဲ့သူတွေကတော့ ကျောင်းအပ်၊ မအပ် မဆုံးဖြတ်နိုင်သေးဘဲ အခြေအနေကိုစောင့်ကြည့်မယ်လို့ ဖြေပါတယ်။

ရန်ကင်းပညာရေးကောလိပ်လေ့ကျင့်ရေးကျောင်းမှာ သတ္တမတန်း (Grade-8) တက်ရမယ့် ကျောင်းသူတစ်ဦးရဲ့ မိခင်ဒေါ်အိအိငြိမ်း(အမည်လွှဲ)က ကျောင်းပတ်ဝန်းကျင်ဟာ သမီးဖြစ်သူအတွက် လုံခြုံစိတ်ချရတဲ့နေရာ မဟုတ်ဘူးလို့ ယူဆပါတယ်။

ဧပြီ၂၉ရက်ကပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာ စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်ကြီးအေးသဇင်မြင့်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကို လုံခြုံရေးပေးနိုင်ဖို့ စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။ ဒီလိုပြောဆိုမှုကြောင့် ကျောင်းသားမိဘတွေဟာ လုံခြုံစိတ်ချမှုခံစားရမယ့်အစား ပိုလို့တောင် ထိတ်လန့်သွားပါတယ်။

“အခုချိန်မှာတော့ အဘက်ဘက်က စိုးရိမ်နေရတဲ့အခြေအနေမျိုးဖြစ်နေတဲ့အတွက် ကျောင်းကို မဖွင့်စေချင်ဘူး။ ဖွင့်ရင်လည်း ကိုယ့်ကလေးကို ကျောင်းထားမှာ မဟုတ်ဘူး”လို့ ဒေါ်အိအိငြိမ်းက ပြောပါတယ်။

“ပြည်သူရွေးချယ်ထားတဲ့ အစိုးရပြန်တက်လာမှ ကလေးတွေကို ကျောင်းပြန်ထားမယ်”လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၂နှစ်အရွယ် ဒေါ်အိအိငြိမ်းက ပြောပါတယ်။

“ကျောင်းသွားရတာ လုံခြုံမှုမရှိဘူး။ ပညာရေးကလည်း အရင်ထက်ပိုဆိုးသွားနိုင်တယ်။ ကျောင်းသားတွေ ကျောင်းတက်တဲ့အခါကျရင်လည်း စစ်အာဏာရှင်ကို ထောက်ပံ့ပေးသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အမေစုပြန်လွတ်မှ ကျောင်းပြန်တက်ပါမယ်”လို့ အသက်၁၅နှစ်အရွယ် သမီးဖြစ်သူက ပြောပါတယ်။

NUG ရဲ့ ပညာရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီရဲ့ ဇွန်၁ရက်မှာ ကျောင်းပြန်ဖွင့်မယ့်အစီအစဉ်ကို ကန့်ကွက်ကြဖို့ ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်းတွေကို ဧပြီ၂၆ရက်မှ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။

သမီးဖြစ်သူကို ကျောင်းမလွှတ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် အသက်မွေးမှုသင်တန်းတစ်ခုခုတော့ တက်ခိုင်းမယ်လို့ ဒေါ်အိအိငြိမ်းက ဆိုပါတယ်။

“အာဏာရှင်တွေကိုဆန့်ကျင်ရေးတိုက်ပွဲက ရေရည်တိုက်ရမယ့် တိုက်ပွဲပါ။ ဒါပေမဲ့ ပြဿနာမရှိပါဘူး။ ကျမသမီးကိုလည်း စစ်အာဏာရှင်တွေ အသိအမှတ်ပြုတဲ့ အောင်လက်မှတ်မယူစေချင်ဘူး။ သူ့ဘ၀နောင်ရေးအတွက် အရေးပါတဲ့သင်တန်း တက်နိုင်ဖို့ ကျမလုပ်ပေးမှာပါ”လို့ သူကပြောပါတယ်။

ဆရာ၊ ဆရာမအရေအတွက် ဒါမှမဟုတ် လုံခြုံရေးအခြေအနေစတဲ့ အချက်နှစ်ချက်ကြောင့် ကျောင်းတွေပြန်ဖွင့်ရင် ကျောင်းအပ်နှုန်းဟာ တစ်ဝက်လောက်ပဲရှိလိမ့်မယ်လို့ မူလတန်းကျောင်းဆရာ တစ်ဦးလည်းဖြစ်၊ MTF အဖွဲ့ဝင်လည်းဖြစ်တဲ့ ဆရာတစ်ဦးက ခန့်မှန်းပါတယ်။

“အခုချိန်ကာလမျိုးကျတော့ လုံခြုံရေးကို မိဘတွေက စိတ်ပူကြလိမ့် မယ်ထင်တယ်။ ကျနော့်အနေနဲ့လည်း သိပ်ကိုစိုးရိမ်ပါတယ်။ ဒီလိုမတည်မငြိမ်တဲ့ ကာလမှာတော့ မဖွင့်သင့်ဘူးလို့ ထင်တာပဲ။ ဖွင့်မယ်ဆိုရင်လည်း တစ်ဝက်လောက်တော့ လျော့လိမ့်မယ်”လို့ သူက မှတ်ချက်ပြု ပါတယ်။

စာသင်ခန်းနှင့် ကိုဗစ်-၁၉ကာကွယ်ရေး

မြန်မာနိုင်ငံမှာ ကိုဗစ်−၁၉ရောဂါပိုးကူးစက်ခံရတဲ့ ပထမဆုံးလူနာကို စတင်တွေ့ရှိချိန် ပြီးခဲ့တဲ့နှစ်၊ မတ်လဟာ တက္ကသိုလ်ဝင်တန်းအပါအဝင် အခြေခံပညာ အတန်းသုံးတန်းလုံးက ကျောင်းသား၊ ကျောင်းသူတွေအတွက် စာသင်နှစ်ပြီးဆုံးတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် အစိုးရက ၂၀၂၀-၂၀၂၁ စာသင်နှစ်ကို လုံးဝရပ်နားလိုက်ပါတယ်။

ဇူလိုင်၂၁ရက်ကနေ ဩဂုတ်၂၇ရက်အထိ နိုင်ငံတစ်ဝန်းက အထက်တန်းကျောင်း ၇,၁၇၃ကျောင်းအနက် ၆,၅၂၆ကျောင်းကို ခေတ္တခဏဖွင့်လှစ်ခဲ့ပေမဲ့ ရခိုင်မှာစတင်ခဲ့တဲ့ ကိုဗစ်-၁၉ဒုတိယလှိုင်းကြောင့် ပိုးတွေ့လူနာ တဟုန်ထိုးမြင့်တက်လာတဲ့နောက်ပိုင်း ဩဂုတ်၂၈ရက်မှာ ကျောင်းတွေအားလုံးကို အစိုးရက ပြန်ပိတ်လိုက်ရပါတယ်။

ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ကျောင်းတွေပြန်ဖွင့်ဖို့ အချက်၈၀ချက်ပါတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ ကျောင်းတွေက ပြင်ဆင်ခဲ့ရပေမဲ့ စစ်ကောင်စီက လက်ရှိမှာ အချက်၃၀အထိ လျှော့ချလိုက်ပါတယ်။ သန့်ရှင်းရေး၊ လေဝင်လေထွက်ရရှိမှုနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်မှု စတဲ့အချက်တွေ အပါအဝင် စည်းမျဉ်းနဲ့ကိုက်ညီရင် ကျောင်းပြန်ဖွင့်ခွင့်ပေးဖို့ စစ်ကောင်စီက ပြင်ဆင်နေတာပါ။

တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းပေါင်း ၄၇,၀၀၀ကျော်ဟာ ကိုဗစ်-၁၉ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ အဲဒီစည်းမျဉ်းတွေနဲ့ ညီ၊ မညီ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အကဲဖြတ် စစ်ဆေးမှာပါ။ ဒါပေမဲ့ CDM ကြောင့် ဝန်ထမ်းအင်အားလျော့နည်းနေချိန်မှာ ကျောင်းတွေက ဘယ်လိုပြင်ဆင်ထားသလဲ၊ ဘယ်နှကျောင်းက ပြန်ဖွင့်ဖို့ ခွင့်ပြုချက်ရပြီလဲဆိုတာတွေကိုတော့ အတိအကျ မသိရှိရသေးပါဘူး။

ဒီကိစ္စတွေသိရဖို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျောင်းကျန်းမာရေး) ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဒေါက်တာဖြူဖြူအေးကို ဖရွန်းတီးယားမြန်မာက ဆက်သွယ်ခဲ့ပေမဲ့ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနကိုသာ ဆက်သွယ်မေးမြန်းဖို့ သူက ပြောဆိုခဲ့ပါတယ်။ အခြေခံပညာဦးစီးဌာနက တာဝန်ရှိသူတွေကို မေးမြန်းဖို့ဆက်သွယ်တဲ့အခါမှာတော့ တယ်လီဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကမာရွတ်မြို့နယ်က ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းနွယ်ကတော့ ဇွန်ပထမအပတ်မှာ အခြေခံပညာအတန်းကျောင်းတွေ ပြန်ဖွင့်ရမယ်ဆိုတာကိုပဲ သိရှိထားပြီး အထက်ကဘာညွှန်ကြားချက်မှ မလာသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းမှာ ကိုဗစ်-၁၉ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကဲဖြတ်စစ်ဆေးမှုတွေ ဧပြီ၃၀ရက်အထိ မစသေးဘူးလို့ သူက ဆိုပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းကို ပြည်ပကပြန်ရောက်လာသူတွေ ခေတ္တအသွားအလာ ကန့်သတ်နေထိုင်ဖို့ Quarantine Center အဖြစ် ၂၀၂၀၊ စက်တင်ဘာ၂၁ရက်ကတည်းက အစိုးရက အသုံးပြုခဲ့ပါတယ်။

“ကျောင်းပြန်ဖွင့်ဖို့ ပြင်ဆင်ရမယ်ဆို စာသင်ခန်းတွေကို သန့်ရှင်းရေးလုပ်ရမယ်၊ ဆေးဖြန်းပြီး ပိုးသတ်ရမယ်”လို့ သူက ပြောပါတယ်။

ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေ ပစ်သတ်၊ ဖမ်းဆီးခံနေရချိန်မှာ ကိုဗစ်−၁၉အန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံချက်တွေက မိဘတွေနဲ့ကျောင်းသားတွေအတွက် စိုးရိမ်ပူပန်စရာကောင်းတဲ့ အချက်တစ်ခု ဖြစ်နေပုံမပေါက်ပါဘူး။

မတ်၂၇ရက်က စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက်၁၁နှစ်အရွယ် သမီးလေး မအေးမြတ်သူကို ဆုံးရှုံးလိုက်ရတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဦးစိုးစိုးနဲ့ ဒေါ်တိုးတိုးလွင်တို့ကတော့ အခုချိန်အထိ မဖြေဆည်နိုင်ဖြစ်နေရတုန်းပါပဲ။ ဒီအဖြစ်ဆိုးကြီးကြောင့် ကျန်တဲ့ သား၊ သမီးတွေကို အာဏာသိမ်းစစ်ကောင်စီဖွင့်လှစ်မယ့် စာသင်ကျောင်းကို လုံးဝမပို့ဖို့ သူတို့က ဆုံးဖြတ်ထားပါတယ်။

သမီးငါးယောက်ထဲမှာ မအေးမြတ်သူက လေးယောက်မြောက်ဖြစ်ပြီး ကျန်ခဲ့တဲ့ သမီးလေးယောက်အနက် နှစ်ယောက်က ကျောင်းဖွင့်ရင် သတ္တမတန်းနဲ့ ဒုတိယတန်းတက်ရမှာဖြစ်ပါတယ်။

“ကျမတို့ရဲ့ သမီးလေးကို စစ်တပ်ရဲ့အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် ဆုံးရှုံးလိုက်ရပြီးပြီ။ ကျန်ကလေးနှစ်ယောက်ကို ဒီလိုမျိုး ထပ်အဆုံးရှုံး မခံနိုင်တော့ဘူး။ ဒါကြောင့် ကျောင်းမထားတော့ဘူးလို့ ဆုံးဖြတ်ထားလိုက်တယ်”လို့ ဒေါ်တိုးတိုးလွင်က သူ့ရဲ့ဆုံးဖြတ်ချက်ကို အခိုင်အမာ ပြောကြားပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.