လွှတ်တော် ဥက္ကဋ္ဌနှင့် တပ်မတော် အပြိုင်နွှဲ၊ ပင်နီများလည်း ကွဲ၊ အမျိုးသားလွှတ်တော်ထဲက ပွဲ

ဉာဏ်လှိုင်လင်း ရေးသားသည်။

လွှတ်တော် ဥက္ကဋ္ဌရဲ့ ဆောင်ရွက်မှုဟာ လွှတ်တော်ဆိုင်ရာနည်းဥပဒေနဲ့ မညီဘူးလို့ သုံးမိနစ်ခန့်အတွင်း နှစ်ကြိမ်တိုင် မတ်တပ်ထပြီး တပ်မတော်ဖက်က ကန့်ကွက်တာမျိုး၊ ကိုယ့်ပါတီဝင် တင်သွင်းတဲ့ ဥပဒေကြမ်းကို ပါတီရဲ့ မူဝါဒ၊ ရပ်တည်ချက်၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်ဘူးလို့ တစ်ပါတီထဲက အမတ်တွေကပဲ ပြောဆိုကန့်ကွက်ကြတာမျိုး သင်တွေ့ဖူးကြားဖူးကြုံဖူးပါသလား။

မယုံမရှိပါနဲ့ မိတ်ဆွေ။ နေပြည်တော်မှာရှိတဲ့ အမျိုးသားလွှတ်တော်မှာ မတ် ၅ ရက်နဲ့ ၇ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ တစ်ကယ်ဖြစ်ခဲ့တာပါ။ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ လွှတ်တော်သက်တမ်းနှစ်နှစ်ကျော်အတွင်း ဒုတိယအကြိမ်မြောက် ပြင်ဆင်ဖို့ကြိုးစားတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးစဉ်နဲ့ မဲခွဲစဉ် ကြုံခဲ့ရတာပါ။

ဒီဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ NLD ပါတီဝင်တစ်ဦးလည်းဖြစ်၊ အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ရန်ကုန် မဲဆန္ဒနယ်အမှတ် ၃ အမတ် ဒေါက်တာ မြတ်ဉာဏစိုးက တင်သွင်းခဲ့ပါတယ်။

ယူနီဖောင်းတူ အမြင်ကွဲ

ဥပဒေကြမ်းအပေါ် ပါဝင်ဆွေးနွေးသူ ၁၃ ဦးရှိခဲ့ပြီး NLD က ခုနစ်ဦးအထိပါဝင်ပါတယ်။ ရခိုင်အမျိုးသားပါတီ (ANP) က နှစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က နှစ်ဦး၊ တပ်မတော်သား နှစ်ဦးတို့လည်း ဆွေးနွေးခဲ့ကြပြီး စဉ်းစားသုံးသပ်သင့်တဲ့အကြောင်း၊ မထောက်ခံကြောင်း ပြောခဲ့ကြပါတယ်။

ထူးခြားတာက NLD ပါတီကနေ ပါဝင်ဆွေးနွေးသူတွေအနက် နှစ်ဦးကသာ ထောက်ခံတဲ့သဘော ဆွေးနွေးခဲ့ကြတာပါ။ ထောက်ခံသူတွေက အခြေခံဥပဒေနဲ့ ညီညွတ်ကြောင်း၊ ပြည်သူတင်မြှောက်တဲ့ အစိုးရကို မတည်ငြိမ်အောင် ဖျက်ဖို့ ခြိမ်းခြောက်သူတွေရှိနေကြောင်း စသည်ဖြင့်ပြောကြပါတယ်။

“နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေအောင် ငွေကြေးတွေသုံးပြီးတော့ မရိုးဖြောင့်တဲ့သဘောနဲ့ ပြုလုပ်တဲ့သူတွေ ကို ဟန့်တားတာဖြစ်ပါတယ်”လို့ တနင်္သာရီတိုင်း အမှတ် (၁၀)အမတ် ဦးစိုးသိမ်း(ခ)မောင်စိုး(NLD)က ဆိုပါတယ်။

NLD က ထောက်ခံသူ နောက်တစ်ဦးဖြစ်တဲ့ ဧရာဝတီတိုင်း အမှတ် (၁၂) အမတ် ဦးကြည်ဝင်းကလည်း “ငွေ၊ ပစ္စည်း၊ အခြားနည်းလမ်းတို့ဖြင့် စီတန်းလှည့်လည်ဆန္ဒပြခြင်းဟာ ပြည်သူ့ထင်မြင်ချက်လည်း မဟုတ်တော့ပါဘူး။ မိမိယုံကြည်ချက်၊ ထင်မြင်ချက်၊ ယူဆချက်ကို လွတ်လပ်စွာဖော်ထုတ်ခြင်းလည်း မဟုတ်တော့ပါဘူး”လို့ အမျိုးသားလွှတ်တော်ကို ရှင်းပြခဲ့တယ်။

ဆန္ဒပြဖို့ အကြောင်းကြားတဲ့အခါ ကုန်ကျစရိတ်ကျခံမယ့်သူနဲ့ အဖွဲ့အစည်းကိုပါ ဖော်ပြရမယ်။ မရိုးဖြောင့်တဲ့ သဘောနဲ့ ငွေ၊ ပစ္စည်းသုံးပြီး ဆန္ဒပြဖို့ လှုံ့ဆော်ရင်၊ အဲဒီလိုလုပ်ကြောင်းပေါ်ပေါက်ရင် အရေးယူမယ်လို့ သဘောရတဲ့ ဥပဒေကြမ်းပါ ပြင်ဆင်ချက်တွေကို ထောက်ခံကြတာပါ။

ကန့်ကွက်တဲ့ NLD အမတ်တွေအချို့ကတော့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာမှာ ပြဌာန်းပြီးနောက်ပိုင်း သုံးကြိမ်တိုင် ပြန်လည်ပြုပြင်ကာ ပြည်သူ့အခွင့်အရေး တိုးမြှင့်ပေးထားရတဲ့အခြေအနေမှာ အခုဥပဒေကြမ်းကြောင့် ပြည်သူတို့ရဲ့ ဆန္ဒပြခွင့် ကိုပြန်လည် ကန့်သတ်သလို ဖြစ်မယ်လို့ ယူဆထားကြတာတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်ဝန်းကျင် မူလဥပဒေပြဋ္ဌာန်းစဉ်က ဆန္ဒပြချင်ရင် ခွင့်ပြုမိန့်တောင်းဖို့လိုရာကနေ၊ ခွင့်ပြုချက်ယူဖို့၊ အကြောင်းကြားရုံနဲ့ ဆန္ဒပြခွင့်ပြုဖို့ အဆင့်ဆင့် ပြင်ဆင်ပြောင်းလဲနိုင်ခဲ့ရာကနေ နောက်ပြန်ဆုတ်သလိုဖြစ်မှာကို သူတို့က ပူပန်ကြတာပါ။

“ပြည်သူတွေဟာ ဒီအခွင့်အရေးကို ရတာမှမကြာသေးဘူး။ အခုတစ်ခါ ဒီအခွင့်အရေးကို ပြန်ပြီး ကန့်သတ်လိုက်မယ်ဆိုလို့ရှိရင် အရင်လိုအနေအထားကို ပြန်ရောက်သွားမှာစိုးရိမ်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၁၀) က NLD အမတ် နော်လှလှစိုးက ဆွေးနွေးပါတယ်။

ဒါအပြင် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးငှာစတဲ့ စကားရပ်တွေဟာ အဓိပ္ပာယ် အလွန်ကျယ်ပြန့်တဲ့အတွက် ခွင့်မပြုချင်ရင် ဘယ်အရာကိုမှ ခွင့်မပြုနိုင်အောင်လုပ်ထားတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့လည်း နော်လှလှစိုးက ဝေဖန်တယ်။

ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) က NLD အမတ် ဦးဌေးဦးကလည်း ဒီအချက်ကို ထောက်ပြခဲ့ပြီး “ဥပဒေအင်္ဂါရပ်အချက် အလက်တိတိကျကျ မပါရှိတဲ့ သတ်မှတ်ပြဋ္ဌာန်းထားခြင်းလည်းမရှိတဲ့ ဒီလိုပြဋ္ဌာန်းချက်တွေဟာ သားရေကွင်းလို လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး အာဏာရှင်အကြိုက် ပြည်သူတွေကို ဖိစီးနှိပ်စက်တဲ့ ဥပဒေမျိုးဖြစ်နေတယ်”လို့ ဆိုပါတယ်။

ပြည်သူအချို့က ဆန္ဒဖော်ထုတ်ပွဲတွေပြုလုပ်ပြီး ထောက်ခံကြောင်း ပြသမှုတွေခံနေရတဲ့ တပ်မတော်ဖက်ကတော့ ဒီဥပဒေကြမ်းအပေါ် သဘောမတွေ့ပါဘူး။ ပါဝင်ဆွေးနွေးတဲ့ တပ်မတော်သားနှစ်ဦးစလုံးက ဆန္ဒပြဖို့ အကြောင်းကြားတဲ့အခါ အကုန်အကျခံမယ့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ဖော်ပြရမှာ၊ လိုသလို အဓိပ္ပာယ်ကောက်နိုင်တဲ့ စကားရပ်တွေ ဒီဥပဒေကြမ်းမှာ ပါဝင်နေတာတွေ စသည်ဖြင့် ထောက်ပြကြတယ်။

“ဦးဆောင်သူများ ရှိကြမှာဖြစ်ပါတယ်။ ထိုသူတွေက ထိုသို့ဖြစ်လာအောင် လှုံ့ဆော်ခြင်း၊ တိုက်တွန်းခြင်းနဲ့ ထိုက်သင့်လျှောက်ပတ်တဲ့ ထောက်ပံ့ခြင်းများ ပြုလုပ်ကြမည်သာ ဖြစ်ပါတယ်။ မိမိသဘောနဲ့ မိမိအိမ်တွင်းကနေ အိမ်ပြင်ထွက်ပြီးဆန္ဒပြမှုမှာ လွန်စွာ နည်းပါးပါလိမ့်မယ်”လို့ ဒုတိယဗိုလ်မှူးကြီး တင်လင်းဦးက ဆိုပါတယ်။

ကန့်ကွက်တဲ့ NLD ပါတီဝင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ စစ်ကိုင်းတိုင်း အမှတ် (၅)အမတ် ဦးရဲထွဋ်ကတော့ “ကျွန်တော်တို့ဟာ နိုင်ငံရေးမဟာဗျူဟာမှန်လို့ရှိရင် လက်မည်းကြီးတွေ၊ လက်ညိုကြီးတွေ ဘာမှ စိုးရိမ်စရာ မလိုပါဘူး။ သူတို့ လုပ်ချင်တာလုပ်ပါစေ။ သို့သော် တစ်ခုတော့ရှိတယ်။ လက်ရှိရာဇသတ်ကြီးပုဒ်မတွေ အများကြီးရှိတယ်။ ဒီပုဒ်မတွေနဲ့ ဒီလူတွေကို အရေးယူလို့ရတယ်”လို့ သူ့ရဲ့ ဆွေးနွေးချက်မှာ ထည့်သွင်း ပြောကြားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီကို နောက်ကြောင်းပြန်အောင် လုပ်နေတဲ့သူတွေကို တစ်ခြားဘယ်နည်းနဲ့မှ တားမရဘဲ နိုင်ငံရေးနည်းဖြစ်တဲ့ လူထုစည်းရုံးရေးနဲ့သာ ဆောင်ရွက်သင့်တယ်လို့လည်း ဦးရဲထွဋ်က အကြံပြုခဲ့ပါတယ်။

ဆွေးနွေးသူတွေထဲမှာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ USDP အမတ် ဦးစိုးသိန်း (ကယားပြည်နယ် အမှတ် ၉) လည်း ပါဝင်ခဲ့ပြီး “ပြည်သူရဲ့ ဝေဖန်ပြောဆိုမှု၊ ဆန္ဒထုတ် ဖော်မှုများကို နားပင်ခါးသော်ငြားလည်းပဲ နားထောင်ပေးရန် လိုပါတယ်။ နားဝင်ချိုတာကြီး နားထောင်လို့မဖြစ်ပါဘူး”လို့ ဆိုခဲ့တယ်။ သူက ဒီဥပဒေကြမ်းအပေါ် ကန့်ကွက်တဲ့ဘက်က ရပ်တည်ခဲ့သူပါ။

ဂဏန်းများကပြောသော ထူးခြားချက်များ

ဆွေးနွေးမှုများပြီးဆုံးတဲ့ မတ် ၇ ရက်နေ့မှာတော့ ကန့်ကွက်မှုတွေရှိတဲ့အတွက် ဒီဥပဒေကြမ်းကို ပြဋ္ဌာန်းရန် သင့်မသင့် ဦးစွာ မဲခွဲကြပါတယ်။ ကြားနေသူမရှိခဲ့ဘဲ ကန့်ကွက်သူ ၇၈ ဦး၊ ထောက်ခံသူ ၁၁၃ ဦးဖြစ်တဲ့အတွက် ဒီဥပဒေကို ပြဌာန်းသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ထူးခြားတာက NLD ပါတီဝင် ၁၃၄ ဦးအထိရှိတဲ့ အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကြမ်းကို မဲခွဲတဲ့အခါ ထောက်ခံသူဟာ ၁၁၃ ဦးသာဖြစ်တာမို့ ကန့်ကွက်မဲပေးသူတွေထဲမှာ NLD ပါတီဝင် ၂၁ ဦးပါဝင်တယ်လို့ ယူဆနိုင်တဲ့အခြေအနေ ပေါ်ပေါက်ခဲ့တာပါ။

ဒါ့အပြင် တပ်မတော်သားတွေအပါအဝင် စုစုပေါင်း ၂၂၄ ဦးရှိတဲ့ အနက် ဆန္ဒမဲပေးသူဟာ ၁၉၄ ဦးသာရှိတာမို့ မဲပေးချိန်မှာ ပျက်ကွက်သူအရေအတွက် ၃၀ ဦးအထိရှိတာ တွေ့ရပါတယ်။

အခြေအတင်

အဲဒီနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းပါ ပြင်ဆင်၊ ဖြည့်စွက်ချက်တွေကို တစ်ပုဒ်ချင်းစီအလိုက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူပါတယ်။ ပြစ်မှု၊ ပြစ်ဒဏ်ပါ ထောင်ဒဏ် သုံးနှစ်အစား နှစ်နှစ် ပြင်ဆင်တာကလွဲလို့ အချက်အားလုံးကို အမျိုးသားလွှတ်တော်က ထောက်ခံမဲအသာနဲ့ အတည်ပြုပေးခဲ့တယ်။

ဒါကြောင့် မန်းဝင်းခိုင်သန်းက ဥပဒေကြမ်း ကနဦးတင်သွင်းသူ ဒေါက်တာမြတ်ဉာဏ်စိုးကို ဥပဒေကြမ်း တစ်ရပ်လုံးအတည်ပြုရေး အဆိုတင်ဖို့ ဖိတ်ခေါ်လိုက်တယ်။ အဲဒီနောက် အမျိုးသားလွှတ်တော်ရဲ့ သဘောထားဆန္ဒရယူတဲ့အခါ ဗိုလ်မှူးကြီးစိုးရွှေက “ကန့်ကွက်စရာရှိပါတယ်”လို့ နှစ်ကြိမ်တိုင် ပြောခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မိုက်ကရိုဖုန်းသုံးစွဲခွင့်မပြုခဲ့လို့ အစည်းအဝေးအတွင်း ကန့်ကွက်သူပြောဆိုနေတဲ့ အကြောင်းအရင်းကို သဲကွဲစွာမကြားရပါဘူး။ ဒါပေမယ့် လွှတ်တော်အစည်းအဝေးများအပြီး ဗိုလ်မှူးကြီးစိုးရွှေထံ Frontier က ဆက်သွယ်တဲ့အခါ ကန့်ကွက်စဉ် သူပြောခဲ့တဲ့အကြောင်းအရာတွေ ရေးသားထားတဲ့ လက်ရေးစာမူ တစ်စောင် ရရှိခဲ့ပါတယ်။

ဥက္ကဋ္ဌရဲ့ ဆောင်ရွက်ချက်ဟာ ဥပဒေကြမ်းမှာ ပြင်ဆင်ချက်ရှိရင် အဲဒီတစ်ရက်တည်းမှာပဲ အတည်မပြုဖို့ ကန့်သတ်ထားတဲ့ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေနဲ့ မညီညွတ်ကြောင်း စာထဲမှာ ပါဝင်တယ်။

အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၉၁၊ ပုဒ်မခွဲ (ခ)ကို ဗိုလ်မှူးကြီး စိုးရွှေက ရည်ညွှန်းတာဖြစ်ပြီး “ ဥပဒေကြမ်းတစ်ရပ်ကို ဆွေးနွေးရာတွင် ပြင်ဆင်ချက် တစ်စုံတစ်ရာပြုလုပ်လျှင် ယင်းပြင်ဆင်ထားသည့် ဥပဒေကြမ်းအား ထိုနေ့တွင်ပင် အတည်ပြုရန် အဆိုတင်သွင်းခြင်း မပြုရ။ ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင်သာ ယင်းအဆိုကို တင်သွင်းရမည်”လို့ အဲဒီနည်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဗိုလ်မှူးကြီး စိုးရွှေထံက ရရှိတဲ့လက်ရေးစာမူအရ ကန့်ကွက်မှု ပထမအကြိမ်မှာ “အစီအစဉ် ၁၀ (ဥပဒေကြမ်းတစ်ရပ်လုံးအား အတည်ပြုရန် သတ်မှတ်ထားသည့် အစည်းအဝေး အစီအစဉ်နံပါတ်) ဆောင်ရွက်မှုအား ယနေ့တွင် ဆောင်ရွက်ခြင်းမပြုဘဲ ဥက္ကဋ္ဌမှ သီးခြားရက်သတ်မှတ် ဆောင်ရွက်ပေးပါရန် လေးစားစွာတင်ပြအပ်ပါတယ်”လို့ ပြောခဲ့ကြောင်း သိရတယ်။

ကန့်ကွက်မှုအပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နည်းဥပဒေ ၁၉ (ဖ)ကို ရည်ညွှန်းပြီး ဖြေရှင်းပါတယ်။ “နည်းဥပဒေများတွင် ပြဋ္ဌာန်းထားခြင်းမရှိသော ကိစ္စများပေါ်ပေါက်လာလျှင်သော် လည်းကောင်း၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ရာတွင် အခက်အခဲတစ်ရပ်နှင့် ကြုံတွေ့ရလျှင်သော်လည်းကောင်း ယင်းအခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ် ရယူဆောင်ရွက်ခြင်း”ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မန်းဝင်းခိုင်သန်းက ကိုးကားခဲ့တာပါ။

အဲဒီနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းတစ်ရပ်လုံး အတည်ပြုရေး ဆက်လက်ဆောင်ရွက်ဖို့ လွှတ်တော်ရဲ့ သဘောထားရယူတဲ့အခါ ဗိုလ်မှူးကြီးစိုးရွှေက ဒုတိယအကြိမ် ထပ်မံ ကန့်ကွက်ခဲ့တယ်။ ဒီဖြစ်ရပ်ကို ဗိုလ်မှူးကြီးစိုးရွှေက အခုလို ဥပမာပေးပြီး ပြောခဲ့ကြောင်း လက်ရေးစာမူအရ သိရပါတယ်။

“မီးသည်ပူပြီးသား ဖြစ်ပါတယ်။ မီးကိုပူမပူ၊ မဲခွဲလျှင် အသိဉာဏ်မဲ့ရာရောက်မှာ ဖြစ်ပါတယ်”လို့ လွှတ်တော်အတွင်း ဒုတိယမ္ပိကန့်ကွက်စဉ် သူက ထည့်ပြောခဲ့တာပါ။ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကတော့ အမျိုးသားလွှတ်တော် နည်းဥပဒေ ၁၉ (ဖ)အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထပ်မံရှင်းပြခဲ့ပြီး အစီအစဉ်ကို ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။

“ဥက္ကဋ္ဌအနေနဲ့ လွှတ်တော်ရဲ့ ဆန္ဒကို ရယူပြီးတော့ ရက်သတ်မှတ်ခြင်းဖြစ်ပါတယ်”လို့ မန်းဝင်းခိုင်သန်းက ပြောတယ်။ အဲဒီနောက် အမျိုးသားလွှတ်တော်က ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုပေးလိုက်ပါတယ်။

ဒါကြောင့် မတ် ၅ ရက်က ရန်ကုန်မြို့မှာ အရပ်ဖက်အဖွဲ့အစည်းနဲ့ ပြည်သူတွေပူးပေါင်း ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကြမ်း(တတိယအကြိမ်ပြင်ဆင်ချက်)ဟာ ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ဖြစ်လာပါပြီ။

ဥပဒေကြမ်းမှာဘာပါသလဲ

မူလဥပဒေပါ စီတန်းလှည့်လည်ခြင်းပြုလုပ်မယ့် အစီအစဉ်တင်ပြရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မှာ အစီအစဉ် အပြည့်အစုံလို့ ထပ်ဖြည့်ထားပါတယ်။ ဆန္ဒပြပွဲတွေအတွက် အသိပေးတင်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များ ပါဝင်တဲ့ အခန်း (၃)ရဲ့အောက်က ပုဒ်မတစ်ခုမှာပါ။

ဆန္ဒပြမှုကို အသိပေးတင်ပြရာမှာ ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ်အဖွဲ့အစည်း ဖော်ပြရမယ်လို့ ဥပဒေကြမ်းမှာ ပါဝင်လာပါတယ်။ နောက်တစ်ချက်က သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးတွေထံ ၄၈ နာရီ ကြိုတင်ပြတဲ့အခါ လိုက်နာရမယ့်အချက်ထဲမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသော ဥပဒေများနဲ့ မဆန့်ကျင်ဖို့ဆိုတဲ့ အချက်တွေ ထပ်ဖြည့်ထားတာပါ။

ဒ့ါအပြင် မူလဥပဒေ အခန်း (၇) ပြစ်မှု၊ ပြစ်ဒဏ် ခေါင်းစဉ်အောက်ကပြဋ္ဌာန်းချက်တစ်ခုမှာ ပြည်သူတို့၏ ကိုယ်ကျင့်တရား ပျက်ပြားစေရန် အကြံနဲ့ဖြစ်စေ၊ ပျက်ပြားတန်ရာ အခြေအနေဖြစ်နိုင်ကြောင်း သိရက်နဲ့ ဖြစ်စေ ငွေ၊ ပစ္စည်း၊ အခြားနည်းလမ်းတစ်ခုခု သုံးစွဲပြီး အခြားသူကို ဆန္ဒပြဖို့ လှုံ့ဆော်၊ သွေးဆောင်၊ ဖြားယောင်း၊ တိုက်တွန်းရင်၊ အဲဒီလိုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရရင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်ဖို့ပါဝင်တယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.