လွှတ်တော်တွင်းက အဆိုတင်သွင်းခြင်း ပဋိပက္ခ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အပါအဝင် NLDရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့က ပါတီဝင်အမတ်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အစိုးရကို အကြပ်အတည်းတွေ့အောင် မလုပ်ဖို့ မှာကြားထားတယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်ခဲ့တာမို့ အခုလို အဆိုတွေ တင်ခွင့်မရတာအပေါ် သံသယဝင်နေကြတဲ့သူတွေလည်း ရှိနေပါတယ်။

ဉာဏ်လှိုင်လင်း ရေးသားသည်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွင်းမှာ အရေးကြီးအဆို ပယ်ချခံရမှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေပါတယ်။ ပြီးခဲ့တဲ့ မေလကနေ ဒီနေ့အထိ ခုနှစ်လတာကာလအတွင်း  အဆိုတင်သွင်းခွင့်မရမှု အနည်းဆုံး ငါးကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ လွှတ်တော်တွေရဲ့ သက်တမ်းအတွင်းမှာဖြစ်ပါတယ်။ ဒီလို တင်သွင်းခွင့်မရတဲ့အဖြစ်မျိုး ကိုယ်တိုင်ကြုံတွေ့ရကြောင်း ထုတ်ဖော်ပြောကြားသူတွေက အခြားသူအချို့လည်း ရင်ဆိုင်ခဲ့ရတာ ရှိတယ်လို့ ပြောကြပေမယ့် သီးခြားအတည်ပြုချက်တော့ Frontierက မရရှိသေးပါဘူး။

တရားဝင်ထုတ်ပြောသူတွေကတော့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီဝင် အမတ်တွေပဲ ဖြစ်ပါတယ်။ ဒီပါတီတွေဟာ လွှတ်တော်များအတွင်းမှာ လူများစုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြီးရင် ဒုတိယနဲ့ တတိယအင်အားကြီးဆုံးတွေအဖြစ် ရပ်တည်နေကြပါတယ်။

အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်မရခဲ့တဲ့ အဆိုတွေကိုကြည့်ရင် အကြမ်းဖက်မှု ကြိုတင်တားဆီးရေးဆိုင်ရာ ကိစ္စတစ်ခု၊ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ သက်ဆိုင်တဲ့ အရေးကြီးအဆို သုံးခု၊ တစ်နိုင်ငံလုံးမှာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ပြုရေးဆိုင်ရာကိစ္စတစ်ခုတို့ ပါဝင်နေပါတယ်။ 

ရရှိထားတဲ့စာရင်းအရ ပယ်ချခံရတဲ့ အဆိုရှင် အားလုံးနီးပါးဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်ခွင့် သူတို့ကိုပေးဖို့နဲ့ မဟုတ်ရင် အတိုက်အခံအဖြစ် ရပ်တည်မယ်လို့ ကြေညာချက် ထုတ်ထားတဲ့ ရခိုင်အမျိုးသားပါတီဝင် အမတ်တွေဖြစ်နေတာ တွေ့ရပါတယ်။

မောင်တော အကြမ်းဖက်မှုကိစ္စနဲ့ပတ်သက်ပြီး အရေးကြီးအဆို တင်သွင်းဖို့ကြိုးပမ်းခဲ့ပေမယ့် ပယ်ချခံလိုက်ရတဲ့ ရခိုင်အမျိုးသားပါတီဝင် ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်ကတော့ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို ရခိုင်အမျိုးသားပါတီရဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် မမြင်သင့်ဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ အောက်တိုဘာ ၉ ရက်နေ့ကစတင်ပြီး ဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ အမျိုးသားလုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတာဖြစ်လို့ လုံးဝချုပ်ငြိမ်းသည်အထိ အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် လိုအပ်တဲ့ အစီအမံတွေ ချမှတ်ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခွင့် ဆုံးရှုံးပြီးတဲ့နောက် သူက ဒီလိုမှတ်ချက်ပြုတာဖြစ်ပါတယ်။

အဲဒီ အရေးကြီးအဆိုကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံ တင်သွင်းခဲ့ပြီး နောက်တစ်ရက်မှာဘဲ တင်သွင်းခွင့်မပြုတဲ့အကြောင်း လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံကနေ သိရှိခဲ့ရတယ်လို့ ဦးဘရှိန်က ပြောပါတယ်။

ဒါဟာ မောင်တောကိစ္စနဲ့ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် အရေးကြီးအဆို တင်ခွင့်မရမှု ဖြစ်ခဲ့ပြီး ရှေ့တစ်ရက်မှာလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာလည်း ရခိုင်အမျိုးသားပါတီဟာ ဒီလိုအဖြစ်မျိုး ကြုံခဲ့ရပါသေးတယ်။

ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၈ ကိုယ်စားပြု အမျိုးသားလွှတ်တော်အမတ် ဦးကျော်ကျော်ဝင်းရဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က အဆိုတင်သွင်းဖို့ ကြိုးပမ်းချက်ဟာလည်း မေးခွန်းအဖြစ်သာပြောင်းလဲဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံက ညွှန်ကြားချက် ရခဲ့တာကြောင့်ဖြစ်ပါတယ်။

အဆိုပါ အကြောင်းအရာကတော့ “မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး အသက်အန္တရာယ် ကင်းဝေးပြီး၊ စားဝတ်နေရေး အဆင်ပြေစွာ ဘဝလုံလုံခြုံခြုံ ရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ၊ ကျူးကျော်သူများ၊ နောက်ထပ်မကျူးကျော်နိုင်ရေး စီမံဆောင်ရွက်ပေးပါရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။ 

ဒီလို နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်အတွက် လွှတ်တော်ဥက္ကဋ္ဌတွေပြောတဲ့ အကြောင်းပြချက်ကတော့ အစိုးရက လုပ်ဆောင်နေပြီဖြစ်တာကြောင့်ဆိုတာပဲဖြစ်တယ်လို့ အရေးကြီးအဆို တင်ခွင့်ဆုံးရှုံးခဲ့တဲ့ အမတ်တွေက ပြောကြားကြပါတယ်။

“ဥက္ကဋ္ဌ (ပြည်သူ့လွှတ်တော်) အကြောင်းပြတာက အစိုးရလုပ်နေတဲ့အလုပ်တွေ ဖြစ်လို့တဲ့။ ကျွန်တော်က အကြမ်းဖက်လုပ်ရပ်တွေကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက်နိုင်ငံတော်အစိုးရက အစီအမံတွေချပြီးတော့ လုပ်ဖို့လိုအပ်တယ်လို့ အဆိုတင်မှာ”လို့ ဦးဘရှိန်က ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး လွှတ်တော်အာဏာပိုင်တွေဘက်က ရှင်းလင်းချက်ကိုရဖို့ Frontier က ကြိုးပမ်းခဲ့ပေမယ့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အဆင့်မြင့်အရာရှိကြီးတွေထံက ထူးခြားတဲ့ မှတ်ချက်ပြုမှုမျိုးမရခဲ့ပါဘူး။

သူတို့ပြောကြတာက အရေးကြီးအဆိုတွေဟာ လွှတ်တော်ဥက္ကဋ္ဌထံ တိုက်ရိုက်တင်သွင်းရတာဖြစ်ပြီး ဥက္ကဋ္ဌရဲ့ ပြန်ကြားချက်အတိုင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေထံကို အကြောင်းပြန်ကြားပေးရတာသာ ဖြစ်တယ်ဆိုတာပါပဲ။

000_8n5za-2.jpg

လွှတ်တော်အမတ်တွေ တင်သွင်းဖို့ စိစဉ်ထားတဲ့ အရေးကြီးအဆိုအချို့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပယ်ချခဲ့ပါတယ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ရခိုင်အမတ်တွေရဲ့ အဆိုတင်သွင်းခွင့် ဆုံးရှုံးမှုဟာ ဒါတင်မကသေးပါဘူး။ ဒီမတိုင်မီ တပ်မတော်နဲ့ ရခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲတွေဖြစ်နေတဲ့ မေလအတွင်းကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နစ်နာဆုံးရှုံးနေရတဲ့ ပြည်သူတွေကို ပြည်ထောင်စုအစိုးရက အကူအညီပေးဖို့ တိုက်တွန်းတဲ့ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေရဲ့ အရေးကြီးအဆိုဟာ တင်သွင်းခွင့် မရရှိခဲ့ပါဘူး။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကတော့ ဒေါ်ခင်စောဝေရဲ့ အဆိုမှာပါတဲ့ ရခိုင့်တပ်မတော် (AA)ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရဖို့ ဦးတည်တဲ့ဆွေးနွေးချက်တွေနဲ့ အခြားသော အကြောင်းအရာတွေဟာ လွှတ်တော်ဆိုင်ရာ ဥပဒေတွေနဲ့ မညီညွတ်ဘူးဖို့ လွှတ်တော်ကတစ်ဆင့် ပြန်လည် ရှင်းပြခဲ့ဖူးပါတယ်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေထဲမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောဆိုဆွေးနွေးရာမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးစတဲ့ ဘောင်တွေထဲကနေ မကျော်လွန်ရဘူးလို့ အဓိပ္ပာယ်ရတဲ့ အချက်တွေကို တင်းတင်းကြပ်ကြပ် ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။

အဲဒီကာလအတွင်းမှာပဲ ရခိုင်အမျိုးသားပါတီက နောက်ထပ် အဆိုတစ်ခု ဆုံးရှုံးခဲ့ပါသေးတယ်။

ကျောင်းသားသမဂ္ဂတွေ တစ်နိုင်ငံလုံးမှာ ဖွဲ့စည်းခွင့်ပြုဖို့ကိစ္စနဲ့ပတ်သက်တဲ့ အဆိုတစ်ခု တင်သွင်းရာမှာ လုပ်နေပြီးကိစ္စဖြစ်လို့ ခွင့်မပြုနိုင်ဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက မှတ်ချက်ပြုခဲ့တယ်လို့ မြောက်ဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးဦးလှစောက ပြောပါတယ်။

“ရခိုင်တွေတင်တဲ့အဆိုကို ပယ်တယ်ဆိုတာ ဘယ်လိုလဲ။ အစွဲမကင်းမှုတွေ ရှိနေသလား။ လွှတ်တော်ထဲမှာ ပြောခွင့်မရဘူးဆိုတော့ တစ်ခုခုတော့ လွဲနေပြီလား”လို့ သူက မေးခွန်းထုတ်ပါတယ်။

ဒီလို အဖြစ်မျိုးကို ရခိုင်အမျိုးသားပါတီဝင်တွေသာ ကြုံတွေ့နေရတာမဟုတ်ဘဲ ပြီးခဲ့တဲ့  ၂၀၁၁-၁၅ ကာလအတွင်းက အာဏာရပါတီအဖြစ်အပြင် လွှတ်တော်ထဲမှာ အမတ်အင်အား အများဆုံးအဖြစ်နဲ့ ရပ်တည်ခဲ့ဖူးတဲ့ ပြည်ခိုင်ဖြိုးပါတီကလည်း ရင်ဆိုင်ခဲ့ရပါတယ်။

အဆိုပါ အကြောင်းကတော့ အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ အကြမ်းဖက်မှုတွေကို ကြိုတင် တားဆီးနိုင်ရေး အစီအစဉ်တွေ လုပ်ဆောင်ဖို့နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်ပြီး သြဂုတ်လအတွင်းက ပယ်ချခံခဲ့ရတာပါ။

မက်မန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးတင်အေးက အဲဒီအရေးကြီးအဆိုက သြဂုတ် ၂ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပြီး နောက်နှစ်ရက်အကြာမှာ ရိုးရိုးအဆိုအဖြစ် ပြောင်းလဲဖို့ ညွှန်ကြားခံခဲ့ရပါတယ်။

ဒါတင် မပြီးသေးပါဘူး။ သြဂုတ် ၁၁ ရက်နေ့မှာ အဆိုအဖြစ် ပြန်တင်တဲ့အခါမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မေးခွန်းအဖြစ်သာ ခွင့်ပြုတော့မယ်လို့ ထပ်မံ မှတ်ချက်ပြုခဲ့ပြန်ပါတယ်။

ဒီလိုနဲ့ပဲ သူ့ရဲ့မေးခွန်းမေးမြန်းခွင့်ဟာ စက်တင်ဘာလအထိ ရောက်သွားခဲ့ရပြီး ပြည်ထဲရေးဝန်ကြီးဌာနထံကနေ လုပ်နေပါတယ်ဆိုတဲ့ အဖြေနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်လို့ ဦးတင်အေးက ပြောပါတယ်။

“နည်းဥပဒေနဲ့ မကိုက်ညီဘူး။ လတ်တလော ဖြစ်ပျက်နေတဲ့ကိစ္စကိုပဲ တင်လို့ရတယ်။ ကျွန်တော့်ဟာက လတ်တလော မဖြစ်ဖူးပေ့ါ။ အဲဒါကြောင့် ခွင့်မပြုတာပေ့ါ။ လွှတ်တော်ဥက္ကဋ္ဌက အဲဒီလိုပြောတယ်”လို့ သူက ဆိုတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေဟာ ဖြစ်မှ ဆွေးနွေးသင့်တာမျိုးမဟုတ်ပဲ ကြိုလုပ်ရမယ့်သဘောရှိတယ်လို့ သူက ယုံကြည်ထားတယ်လို့လည်း ဦးတင်အေးက ပြောတယ်။

အဲဒီမေးခွန်းမေးမြန်းခွင့်ရပြီး သုံးရက်အကြာ နိုဝင်ဘာ ၉ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွေ တိုက်ခိုက်ခံရပြီး ဒေသတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့တာကြောင့် သူ့ရဲ့အရေးကြီးအဆို တင်သွင်းမှု ဆုံးရှုံးခဲ့ရတဲ့အပေါ် အမြဲအမှတ်ရနေတော့မှာလို့ ဦးတင်အေးက ဆိုပါတယ်။

tzh_first_parliament8.jpg

NLD အမတ်တွေ ကြီးစိုးထားတဲ့ လွှတ်တော်တွေမှာ ရခိုင်ပါတီက အမတ်တွေရဲ့ အရေးကြီးအဆိုအချို့ တင်သွင်းခွင့် မရရှိခဲ့တာက မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။ ဓာတ်ပုံ-တေဇလှိုင်

အရေးကြီးအဆို တင်ခွင့်ဆုံးရှုံးခဲ့တဲ့သူတွေကတော့ ဒါဟာ လွှတ်တော်အခွင့်အရေး ဆုံးရှုံးခြင်းလို့ ခံစားရတယ်လို့ ပြောကြပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀ မှာတော့ အမတ်တစ်ဦးဟာ ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ အဆိုတွေကို အခြေခံဥပဒေနဲ့ မဆန့်ကျင်စေဘဲ မေးခွန်းတွေမေးမြန်းခွင့်ရှိတယ်ဆိုတဲ့သဘော ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် အစိုးရက လုပ်နေတဲ့ကိစ္စတွေဖြစ်နေတယ်လို့ အကြောင်းပြတဲ့ လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ မှတ်ချက်တွေကိုလည်း ဘဝင်မကျကြဘူးလို့ သူတို့က ပြောကြပါတယ်။ အရေးကြီးအဆိုနဲ့ အဆိုတင်ခွင့်ရရင် လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ပြီး အတည်ပြုနိုင်ခဲ့ပါက အစိုးရထံက ကတိအဖြစ်ရရှိမှာမို့ အခွင့်အရေးဆုံးရှုံးခဲ့ရတဲ့ အမတ်တွေဟာ ဒီကိစ္စအပေါ် အတော်လေး ခံစားရကြောင်းလည်း ပြောကြပါတယ်။

ပြီးခဲ့တဲ့လအတွင်းကပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အပါအဝင် NLDရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့က ပါတီဝင်အမတ်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး အစိုးရကို အကြပ်အတည်းတွေ့အောင် မလုပ်ဖို့ မှာကြားထားတယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်ခဲ့တာမို့ အခုလို အဆိုတွေ တင်ခွင့်မရတာအပေါ် သံသယဝင်နေကြတဲ့သူတွေလည်း ရှိနေပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကတော့ ဒီလိုသုံးသပ်ချက်တွေကို ဇွန် ၁၀ ရက်နေ့က နေပြည်တော်၊ ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္ဗူသီရိခန်းမဆောင်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာကတည်းက ငြင်းဆိုထားပြီး သူဟာ ဥပဒေ နည်းဥပဒေများနဲ့အညီ ဆုံးဖြတ်ချက်နေတာသာဖြစ်ပြီး အစိုးရကို ကာကွယ်ပေးနေတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၊ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးကလည်း အရေးကြီးအဆိုတင်သွင်းခွင့်ဟာ အခြေအနေ၊ အချိန်အခါနဲ့ ကိုက်ညီမှသာ လက်ခံလို့ရတာဖြစ်ပြီး လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေအရ ဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌရဲ့ အတွေ့အကြုံ မျှော်မြင်နိုင်စွမ်း၊ လုပ်ပိုင်ခွင့်ထဲမှာ လုပ်တာဖြစ်ပါတယ်”လို့ သူက မှတ်ချက်ပြုပါတယ်။ ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့ ကော်မတီထံ အရေးဆိုမှု တစ်ခုမှမရှိသေးသလို ကော်မတီအနေနဲ့လည်း ဘာမှပြောစရာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ လွှတ်တော်တွေ ပေါ်လာပြီးနောက်ပိုင်း အစဉ်တစ်စိုက်စောင့်ကြည့်ကာ အစီရင်ခံစာတွေ ပုံမှန် ထုတ်ပြန်လေ့ရှိတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၊ သုတေသနဒါရိုက်တာ ဦးထင်ကျော်အေးကတော့ ဒီလို အငြင်းပွားမှုတွေလျော့ပါးအောင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်သင့်နေပြီလို့ ပြောတယ်။

“ဥပဒေတွေထဲမှာပါတဲ့ လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုပြီးတော့ တိတိကျကျ ပြဋ္ဌာန်းနိုင်ဖို့လိုတယ်။ လူပုဂ္ဂိုလ်အပေါ်မှာ မူမတည်တဲ့ ဥပဒေတွေဖြစ်အောင် ပြန်ပြင်ဆင်ဖို့ လိုလိမ့်မယ်”လို့ သူက မှတ်ချက်ပြုလိုက်ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.