လွှတ်တော်က သူ့တို့ကို စောင့်ကြည့်နေတဲ့အဖွဲ့ကို ၇ ရက်အတွင်း တောင်းပန်ခိုင်းထား

နေပြည်တော်၊ သြဂုတ် ၂၄

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပြန်လည်ပြင်ဆင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်တွေကို လေ့လာစောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့(OMI)ရဲ့ မှတ်ချက်ဟာ မှားယွင်းနေတဲ့အတွက် ပြန်လည်တောင်းပန်ဖို့ သြဂုတ် ၂၄ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အကြောင်းကြားလိုက်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်မှာ ဒီဥပဒေကို တတိယအကြိမ် ပြင်ဆင်ချက်ကို အတည်ပြုခဲ့ပေမယ့် ပြဋ္ဌာန်းပြီး ဥပဒေစာရင်းထဲလည်းမပါ၊ နိုင်ငံတော်ပြန်တမ်းအဖြစ် ထုတ်ပြန်ခြင်းလည်း မရှိတဲ့ဖြစ်စဉ်အပေါ် အငြင်းပွားနေကြတာပါ။

လွန်ခဲ့တဲ့လကထုတ်ပြန်တဲ့ OMI ရဲ့ သုတေသနစာစဉ် အမှတ် ၃ မှာ ဒါကို ပျောက်ဆုံးနေတဲ့ ဥပဒေတစ်ရပ်အဖြစ် ထည့်သွင်းဖော်ပြခဲ့တာ၊ ယင်းနဲ့ စပ်လျဉ်းပြီး မီဒီယာတွေကို ဖြေကြားတာ၊ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြတာတွေ ပြုလုပ်ခဲ့တဲ့အပေါ် ပြန်လည်ဖြေရှင်းဖို့ ပြည်ထောင်စုလွှတ်တော်က အလိုရှိနေတာလည်း ဖြစ်ပါတယ်။

ပြင်ဆင်တဲ့အချိန်တုန်းက ပုဒ်မ ၁၁ မှာ ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးရေးလုပ်ငန်းဆိုတဲ့ စကားရပ်မှာ ပါတီကို ဖြုတ်ဖို့ ပြည်ထောင်စုလွှတ်တော်က စီစဉ်ထားပေမယ့် သမ္မတက မူလအတိုင်းပဲရှိသင့်တယ်၊ မဖြုတ်သင့်ဘူးလို့ သဘောထား ပြန်ပေးခဲ့တဲ့ ခုံရုံးဥပဒေနဲ့ ပတ်သက်ပြီး OMI ရဲ့ မှတ်ချက်ဟာ မှားယွင်းနေတယ်လို့ လွှတ်တော်က အကြောင်းပြထားပါတယ်။

အဲဒီအချိန်တုန်းက သူတို့ဟာ သမ္မတဆီက ပြန်လာတဲ့ သဘောထားကို လက်ခံလိုက်တာကြောင့် ပြင်ဆင်ချက်မရှိတော့ဘဲ မူလအတိုင်းဘဲပြန်ဖြစ်သွားတဲ့အတွက် ဥပဒေအဖြစ် ထုတ်ပြန်ဖို့ကို မလိုတဲ့ ကိစ္စတစ်ရပ်လို့ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

OMI ဖက်ကတော့ ဒီဥပဒေပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အစည်းအဝေးမှတ်တမ်းတွေမှာ ရှင်းလင်းတဲ့ဖော်ပြချက်မျိုးမပါဝင်ခဲ့လို့ ဒီဥပဒေကို ပျောက်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့တာလို့ ပြန်လည်ရှင်းလင်းပါတယ်။

အစည်းအဝေးမှတ်တမ်းတွေမှာတော့ ထိုစဉ်က ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းက ဒီဥပဒေ ပြင်ဆင်မှုအပေါ် နိုင်ငံတော်သမ္မတရဲ့ သဘောထားမှတ်ချက်ကို ဥပဒေကြမ်းရဲ့ အစိတ်အပိုင်းအဖြစ် ကြေညာခဲ့ပြီး၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် အတိုင်း ပြန်ပြင်ပြီး သမ္မတထံပြန်လည် ပေးပို့သွားမယ်ဆိုတဲ့ သဘော ပြောခဲ့ပါတယ်။

OMI ဖက်ကတော့ ဒါဟာ အခြားသော ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းရာမှာ ပြောဆိုတဲ့ပုံစံအတိုင်းဖြစ်တာမို့ တစ်ခြားသော ဥပဒေတွေ ပြဋ္ဌာန်းတဲ့အခါ လွှတ်တော်များအတွင်း အထက်ပါ လုပ်ငန်းစဉ်တွေပြီးရင် သမ္မတဆီပို့၊ သမ္မတ လက်မှတ် ထိုးထိုး မထိုးထိုး သတ်မှတ်ကာလပြည့်တဲ့အချိန်ရောက်ရင် အတည်ပြု ဥပဒေ စာရင်းထဲ ထည့်သွင်း၊ နိုင်ငံတော်ပြန်တမ်းအဖြစ် ထုတ်ပြန်စတဲ့ ပုံမှန်လုပ်ငန်းစဉ်တွေ ဒီဥပဒေမှာမတွေ့ရတာကြောင့် ပျောက်ဆုံးအဖြစ် မှတ်တမ်းတင်လိုက်တာလို့ ပြောပါတယ်။

“နာယက ကြေညာတဲ့ အဲဒီအချက်နှစ်ချက်ကို ကြည့်ပြီး ဒါကတော့ ဥပဒေတစ်ခုအနေနဲ့ ကြေညာတာမျိုးရှိရမယ်လို့ ကျွန်တော်တို့က မှတ်ယူထားတာပါ”လို့ ဦးထင်ကျော်အေးက ဆိုတယ်။

ပြည်ထောင်စုလွှတ်တော်ကတော့ OMI ဟာ အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှု လုပ်ငန်းစဉ်ကို ဂဃနဏ သိအောင် လေ့လာ ဆန်းစစ်မှု မလုပ်ဘဲ အခုလို မှတ်ချက်ပြုတာဟာ ဥပဒေပြု တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်အသီးသီးအပေါ် မထီမဲ့မြင်ပြုရာရောက်ပြီး ပြည်သူတွေရဲ့ လွှတ်တော်အပေါ် ယုံကြည်မှုကို ထိခိုက်စေတယ်လို့ သုံးသပ်ထားပါတယ်။

OMI ဖက်ကတော့ ဒီဖြစ်ရပ်ဟာ လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှုတွေ ဘယ်လောက်အားနည်းနေတယ်ဆိုတာကို သက်သေပြလိုက်တာပဲလို့ ဆိုလိုက်ပြီး ဒီကိစ္စအပေါ် တောင်းပန်ဖို့ မရှိပေမယ့် ရှင်းလင်းချက်တစ်ရပ်ကိုတော့ တရားဝင် ထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့အကြောင်းပြောပါတယ်။

“ဥပဒေကြမ်းအဆင့်မှာကတည်းက သတင်းထုတ်ပြန်မှုပိုင်းမှာ အားနည်းချက်ရှိတာ၊ လွှတ်တော်လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာမျိုး မရှိဘူး။ အစည်းအဝေးမှတ်တမ်းလောက်နဲ့ သတင်းထုတ်ပြန်မှုဟာ လုံလောက်တယ်လို့ ပြောလို့မရဘူးဆိုတာကို ဒီကိစ္စက သက်သေပြတာလို့ မြင်ပါတယ်” လို့ OMIရဲ့ သုတေသန ဒါရိုက်တာ ဦးထင်ကျော်အေးက Frontier ကို ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကတော့ မှားယွင်းမှုအတွက် ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ရုံးကို တောင်းပန်စာပို့ဖို့နဲ့ ၇ ရက်အတွင်း ဆောင်ရွက်မပေးရင် ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်မယ်လို့ OMI ကို ပြောထားပါတယ်။

OMI ဟာ ၂၀၁၃ ခုနှစ်က စတင်ထူထောင်ခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ လွှတ်တော်စောင့်ကြည့်လေ့လာရေး၊ ဘတ်ဂျက်စောင့်ကြည့်လေ့လာရေး ၊ အများပြည်သူသိခွင့်သိလမ်း ဥပဒေပေါ်ပေါက်ရေး ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ၊ ဒေသန္တရ အုပ်ချုပ်ရေး၊ အသိပညာမျှ ဝေရေး၊ မဲဆန္ဒရှင်ပညာပေးလုပ်ငန်းတွေကို ဦးတည် လုပ်ကိုင်နေတဲ့ ဒီအဖွဲ့အစည်းဟာ အစီရင်ခံစာနဲ့ သုတေနစာစောင်ပေါင်း ၁၅ အုပ် ပြုစုထုတ်ပြန်ထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.