လျှပ်စစ်ဓာတ်အား တိုးရဖို့ရာ

၂၀၂၀ ပြည့်နှစ်မတိုင်မီ တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံက ရည်မှန်းထားသော်လည်း ဤရည်မှန်းချက် အောင်မြင်နိုင်ခြေ ရှိ၊ မရှိ၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းကို မည်သို့သော အကျိုးသက်ရောက်မှုများ ရှိနိုင်သနည်းဆိုသည့် နက်နဲသော အခက်အခဲ ပြဿ     နာကြီးများ များစွာ ရှိနေသေးသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။ 

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးဆောင်ရွက်ရန် သင် စဉ်းစားတိုင်း အိမ်သုံးလုံးလျှင် တစ်လုံးသာ ထိုညအတွက် လျှပ်စစ်မီး ရရှိမည် ဆိုသည်ကို ထည့်သွင်းစဉ်းစားရပေမည်။ ကျန်အိမ်များမှာ တိုင်းပြည်၏ အိုဟောင်းနေပြီဖြစ်သော ဗို့အားမြင့် ဓာတ်အားကြိုးကွန်ရက်များနှင့် ၁၀ ကီလိုမီတာမျှပင် မဝေးသောနေရာတွင် ရှိနေစေကာမူ ဖယောင်းတိုင်၊ သို့မဟုတ် မီးခွက်ဖြင့်သာ အမှောင်ခွင်း အလင်းဆောင်ကြရပေလိမ့်မည်။

ဓာတ်အားကြိုး ကွန်ရက်နှင့် ချိတ်ဆက်ထားသော အိမ်များမှာလည်း တနေ့တခြား ပိုဆိုးလာသော လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းများကိုသာ ဆက်လက်ကြုံတွေ့ရနိုင်သည်ဟု မျှော်လင့်ထားရမည်။ တိုင်းပြည်ရှိ ခေတ်နောက်ကျနေသည့် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးရုံများမှာ တဟုန်ထိုး မြင့်မားလာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရုန်းကန်နေသည့်တိုင် မအောင်မြင်နိုင်သေးချေ။ မြန်မာနိုင်ငံမှာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄ ဒသမ ၆ ဂစ်ဂါဝပ် ပမာဏကို ထုတ်လုပ်နိုင်ပြီး ထိုပမာဏမှာ ထိုင်းနိုင်ငံ၏ ရှစ်ပုံတစ်ပုံမျှ ရှိနေသည်။

မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ လွန်ခဲ့သောဆယ်စုနှစ်အတွင်း သုံးဆအထိ မြင့်တက်လာခဲ့သော်လည်း သုံးစွဲမှုပမာဏအရ အာရှ၏ အနိမ့်ဆုံးနေရာသို့ ရောက်ရှိနေသည်။

မြန်မာအစိုးရက လူတိုင်းအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးရန် ကြိုးပမ်းခဲ့ပြီးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ယင်း၏ထုတ်လုပ်နိုင်စွမ်းအားကို ငါးဆမျှ တိုးမြှင့်နိုင်ရန် ရည်မှန်းထားပြီး ထိုပမာဏမှာ သဘောတရားအရ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ လည်ပတ်ရန် အမြင့်ဆုံးပမာဏ ဖြစ်သည်။ ထိုရည်မှန်းချက် အောင်မြင်ရန် ဓာတ်အားပေးစက်ရုံသစ် အမြောက်အမြား၊ ကီလိုမီတာထောင်နှင့်ချီသည့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ငွေသားပမာဏ ကန်ဒေါ်လာ ၃၀၀ ဘီလျံခန့် လိုအပ်ပေလိမ့်မည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရက ဤမျှမြင့်မားသည့် ရည်မှန်းချက်တစ်ရပ် အောင်မြင်စေရန် မည်သို့ဆောင်ရွက်မည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

 “အင်န်အယ်ဒီမှာ လက်ရှိ ပင်မစီမံကိန်း တစ်ခုရယ်လို့ မရှိသေးပါဘူး” ဟု ပါရမီစွမ်းအင်၏ အမှုဆောင် အရာရှိချုပ် ဦးကံထွန်းက ပြောကြားသည်။

ထိုစီမံကိန်းများကို ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ပိုမိုများပြားလာစေရန်နှင့် ကျေးလက်ဒေသ အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံချက်များ ပေါ်ပေါက်လာစေရန်တို့အတွက် ကန်ဒေါ်လာ သန်း ၄၀၀ ပေးအပ်ခဲ့သည့် ကမ္ဘာ့ဘဏ်၊ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က ရေးဆွဲပေးထားခြင်းဖြစ်သည်။

အင်န်အယ်လ်ဒီ၏ ယမန်နှစ် ရွေးကောက်ပွဲကြေညာစာတမ်းတွင် လျှပ်စစ်ဓာတ်အားဆိုင်ရာ စာပိုဒ် လေးပိုဒ်မျှသာ ထည့်သွင်းဖော်ပြခဲ့သည်။

ယင်း၏ အတိကျဆုံးသော ထုတ်ပြန်ကြေညာချက်မှာ “ကျွနု်ပ်တို့သည် ကျေးလက်မြို့ပြမကျန် နေရာအားလုံး လျှပ်စစ်မီးရရှိရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်” ဟု ဖော်ပြထားခြင်း ဖြစ်သည်။

Two electrical workers conducting maintenance on a power pole in Yangon. (Ann Wang / Frontier)

Two electrical workers conducting maintenance on a power pole in Yangon. (Ann Wang / Frontier)

ဓာတ်အားလိုင်းဆွဲခြင်း

မြန်မာ့လျှပ်စစ်ဓာတ်အား ကွန်ရက်စနစ်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး (ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ)၊ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ခြင်း (ဓာတ်အားဖြန့်ဖြူးပေးသည့် ဗို့အားမြင့်လိုင်းများ) နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခြင်း (တဦးချင်းသုံးစွဲသူများထံသို့ လျှပ်စစ်ဓာတ်အား ပေးပို့ခြင်း) ဟူသော အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံသည် အနိမ့်ဆုံးအားဖြင့် လျှပ်စစ်ဓာတ်အား ၂၀ ဂစ်ဂါဝပ်ထုတ်လုပ်ရန် ရည်မှန်းထားသော်လည်း ယင်းဓာတ်အားများကို မဖြန့်ဖြူးနိုင်ပါက အသုံးမပြုနိုင်ဘဲ အလဟဿ      ဖြစ်ကုန်လိမ့်မည်။ ခေတ်နောက်ကျပြီး ထိန်းသိမ်းမွမ်းမံမှု မရှိသလောက် ဖြစ်သော အခြေခံအဆောက်အအုံများကြောင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ထုတ်လုပ်လိုက်သည့် ဓာတ်အားပမာဏ၏ ၁၇ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရသည်။

မြန်မာနိုင်ငံတွင် အမြင့်ဆုံးအားဖြင့် ၂၄၀ ကီလိုဗို့ ရှိသည့် လိုင်းများယှက်သန်း ချိတ်ဆက်ထားသော အလယ်အလတ်အဆင့်ရှိ ဓာတ်အားထုတ်လွှတ်သော ကွန်ရက်တစ်ခု ရှိထားသည်။ သို့သော် အများစုမှာ ၆၆ ကီလို့ဗို့နှင့် ၁၃၂ ကီလိုဗို့မျှသာ လွှဲပြောင်းပေးနိုင်သည်။ (နှိုင်းယှဉ်သောအားဖြင့် ထိုင်းနိုင်ငံ၏ ဓာတ်အားလိုင်းအများစုမှာ ၂၃၀ ကီလိုဗို့သာ ရှိသော်လည်း ၅၀၀ ကီလိုဗို့အထိ လွှဲပြောင်းပေးနိုင်သည်။)

ဓာတ်အားဖြန့်ဖြူးသော ကွန်ရက်မှာ ခေတ်နောက်ကျပြီး တည်ဆောက်ထိန်းသိမ်းမှုအပိုင်းတွင်လည်း ညံ့ဖျင်းသောကြောင့် တာဝါတိုင်လဲခြင်း၊ သို့မဟုတ် လျှပ်ကာပစ္စည်း အမှားအယွင်းဖြစ်ခြင်းသည် ကီလိုမီတာရာနှင့်ချီသော ဖြန့်ဖြူးမှုများအတွက် ဆိုးရွားသော အကျိုးသက်ရောက်မှုတစ်ရပ် ပေါ်ပေါက်စေသည်။ ဧပြီ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သည့် နည်းပညာချို့ယွင်းမှုသည် တစ်နိုင်ငံလုံးကို မှောင်ကျစေသော ဆင့်ပွားကွင်းဆက် ပြတ်တောက်မှု တစ်ခုကို ဖြစ်ပွားစေခဲ့သည်။

ပင်မဓာတ်အားလိုင်းစနစ်က နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းအတွက်သာ ဖြန့်ကျက်ထားနိုင်သည့် မြန်မာနိုင်ငံမှ တပြေးညီ ဖိအားဖြစ်နေစေသည့် ပြဿ     နာတစ်ရပ်မှာ အိမ်ထောင်စုအဆင့်တွင် ရှိနေသည်ဟု ကမ္ဘာ့ဘဏ်ရှိ စွမ်းအင်ရေးရာ ကျွမ်းကျင်သူ ဦးမျိုးမြင့်က ဆိုသည်။ လူဦးရေ၏ ၉၂ ရာခိုင်နှုန်းမှာ ဓာတ်အားကွန်ရက်များ၏ ၁၀ ကီလိုမီတာအကွာ၌ နေထိုင်လျက်ရှိပြီး ၉၉ ရာခိုင်နှုန်းမှာ ၂၅ ကီလိုမီတာအတွင်းတွင် နေထိုင်လျက်ရှိသည်။

ဤအခြေအနေကို ကျော်လွှားနိုင်စေရန် ကမ္ဘာ့ဘဏ်က ယင်း၏ ကန်ဒေါ်လာ သန်း ၄၀၀ ချေးငွေအများစုကို ဓာတ်အားခွဲရုံများနှင့် အနိမ့်ဆုံးမှ အလယ်အလတ်အဆင့်ရှိ ဗို့အားလိုင်းများ ပိုမိုတည်ဆောက်နိုင်ရေးအတွက် သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် နိုင်ငံတော် ဓာတ်အားပေးစနစ် လိုင်းခွဲများကို မြန်မာနိုင်ငံ၏ ကျေးရွာပေါင်း ၆၀,၀၀၀ အတွက် တိုးချဲ့ဖြန့်ကျက်ပေးနိုင်မည်ဖြစ်သည်။

ဧရာဝတီမြစ်ဝှမ်းလွင်ပြင်၏ မြေပြန့်၌ ၂၅ ကီလိုမီတာအရှည်ရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ ထူထောင်ပေးခြင်းနှင့် မြေအနိမ့်အမြင့် များသည့် ချင်းတောင်တန်းတွင် တိုင်ထောင်ပေးခြင်းတို့မှာ မတူညီနိုင်ဟုလည်း ဦးမျိုးမြင့်က ဆိုသည်။

ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ တည်ဆောက်ပေးရသည့် ကုန်ကျစရိတ်နှင့် အကျိုးဖြစ်ထွန်းမှု မမျှတသည့် အခြေအနေများလည်း ရှိနေသေးသည်။ ယင်းအချက်ကြောင့် ကမ္ဘာ့ဘဏ်ချေးငွေအနက်မှ ကန်ဒေါ်လာ သန်း ၈၀ ကို ကျေးရွာတစ်ရွာ၊ သို့မဟုတ် အိမ်အနည်းငယ်ကို ဓာတ်အားပေးနိုင်ရန် စီမံထားသော မိုက်ခရိုလိုင်းနှင့် မီနီလိုင်းခေါ် အသေးစား ဓာတ်အားဖြန့်ဖြူးရေးစနစ်များ၊ မိုက်ခရို ရေအားလျှပ်စစ်စနစ်များနှင့် အိမ်သုံးဆိုလာပြားများအတွက် လျာထားသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အသေးစား နည်းပညာများမှာပင် အမျိုးမျိုး ရှိနိုင်သေးသည်။ မြို့တစ်မြို့တည်းတွင်ပင် လူမှုအသိုင်းအဝိုင်းအချို့ကို ဒီဇယ်သုံး ဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အားပို့ပေးဖွယ်ရှိစဉ်တွင် အခြားကျေးရွာများမှာ အိမ်သုံးဆိုလာပြားများ၊ သို့မဟုတ် အသေးစားရေအားလျှပ်စစ်ထုတ်လုပ်ရေးစနစ်များကို အားထားမှီခိုသွားရဖွယ်ရှိသည်။

တယ်လီဖုန်း ကုမ္ပဏီတစ်ခုသည် ဖုန်းလိုင်းတာဝါတိုင် တစ်တိုင်ကို ဓာတ်အားပေးရန် အသေးစား မိုက်ခရိုလိုင်း တစ်လိုင်း ထူထောင်ရာတွင် ယင်းလိုင်းမျိုးဖြင့် ရွာ တစ်ရွာကို ဓာတ်အားပေး၍ ရနိုင်ပေသည်။

 “မီနီဓာတ်အားလိုင်းတွေကိုတော့ အထွေထွေသုံးအဖြစ် ထားဖို့မလွယ်ပါဘူး။ ကျွန်တော်တို့ အစီအစဉ်အရ မီနီလိုင်းငယ်တွေက ‘ဓာတ်အားလိုင်းအဖြစ်သုံးရန် အသင့်ဖြစ်နေသော’ မီနီဓာတ်အားလိုင်းတွေ ဖြစ်တာကြောင့် နောင်ဆယ်နှစ်ကြာလို့ နိုင်ငံတော်ဓာတ်အားလိုင်းစနစ် ရလာပြီဆိုရင် ကျွန်တော်တို့က ဒါတွေနဲ့ ချိတ်ဆက်လို့ရပါပြီ” ဟု ဦးမျိုးမြင့်က ဆိုသည်။ 

Residents of Zino village in Putao Township, Kachin State, use a cellphone in their living room. There is no electricity or cellphone connection in the village, but residents are confident the situation will soon change. (Ann Wang / Frontier)

Residents of Zino village in Putao Township, Kachin State, use a cellphone in their living room. There is no electricity or cellphone connection in the village, but residents are confident the situation will soon change. (Ann Wang / Frontier)

ရေအားလျှပ်စစ်

ဓာတ်အားလိုင်းအသစ်များနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းထက် ပိုမိုလေးနက်သော မေးခွန်းတစ်ရပ်မှာ ယင်းတို့ရှိရာသို့ ထုတ်လွှတ်ဖြန့်ဖြူးပေးမည့် လျှပ်စစ်စွမ်းအင် ၂၀ ဂစ်ဂါဝပ် ထုတ်လုပ်ပေးခြင်းအကြောင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ၄ ဒသမ ၆ ဂစ်ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားအများစုမှာ ရေအားလျှပ်စစ်ထုတ် ရေကာတာ ၂၇ ခုနှင့်အတူ ရေအားလျှပ်စစ်ပမာဏနည်းတူ ဓာတ်အားထုတ်ပေးသော သဘာဝဓာတ်ငွေ့သုံး စက်ရုံများနှင့် ရှမ်းပြည်နယ်မှ ကျောက်မီးသွေးစက်ရုံတစ်ရုံတို့မှ ရရှိနေခြင်း ဖြစ်သည်။

သိသာထင်ရှားမှု အရှိဆုံး ရွေးချယ်မှုက ရေအားလျှပ်စစ်ပင် ဖြစ်သည်ဟု Energize Myanmar လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာမစ္စတာ ဘီလီ ဟာကင်က ဆိုသည်။

“မြန်မာနိုင်ငံက ရေအားလျှပ်စစ် ထုတ်လုပ်ပေးမယ့် မြစ်တွေနဲ့ လှလှပပ ပြီးပြည့်စုံနေတာပါ” ဟုလည်း ၎င်းက ဆိုသည်။

ဟာကင်၏ ကုမ္ပဏီသည် ရေအားလျှပ်စစ် စီမံကိန်းများကို အဓိက စိတ်ဝင်စားသော ကုမ္ပဏီတစ်ခု ဖြစ်ပြီး သူတို့ကုမ္ပဏီအတွက်မူ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေးကို အားပြုမှီခိုခြင်းအပေါ် မေးခွန်းထုတ်စရာပင် မလိုတော့ပေ။ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးမှာ အကုန်အကျ များသော်လည်း ကျောက်မီးသွေး၊ သို့မဟုတ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများနှင့်နှိုင်းယှဉ်ပါက ပိုမိုသန့်ရှင်းထိရောက်ပြီး ထုတ်လုပ်မှုစရိတ်လည်း မကြီးမားတော့ဟ ၎င်းက ဆိုသည်။

ကမ္ဘာ့ဘဏ်အဆိုအရ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ၁၀၀ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်မည့် မြစ်ကြီးလေးစင်း ရှိနေရာ တိုင်းပြည်၏ လျှပ်စစ်ဓာတ်အား ၉၈ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ ရရှိနေသည့် နော်ဝေနိုင်ငံနှင့် အဆင့်တူ သတ်မှတ်နိုင်သည် ဟူ၏။

မြန်မာနိုင်ငံတွင် ရှည်လျားကြာမြင့်သော နွေရာသီနှင့် ပေါများကြွယ်ဝသော သဘာဝဓာတ်ငွေ့ အရန်သိုက်များ ရှိနေခြင်းကြောင့် တိုင်းပြည်အတွက် ပိုမိုလက်တွေ့ကျသော ရည်မှန်းချက်တစ်ရပ်မှာ ရေအားလျှပ်စစ်အားကို ၅၅ ရာခိုင်နှုန်းနှင့် ၆၅ ရာခိုင်နှုန်းအကြား အသုံးပြုရေး ဖြစ်သည်ဟု ဟာကင်က ဆိုသည်။ ဤပမာဏမှာ အရှေ့တောင်အာရှ၌ ရေအားလျှပ်စစ် ဦးဆောင်ထုတ်လုပ်သော နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်စေမည် ဖြစ်သည်။

ထိုသို့သော ရည်မှန်းချက်တစ်ရပ် အောင်မြင်ရန် ပျမ်းမျှအားဖြင့် တစ်ရုံလျှင် ၃၀၀ မဂ္ဂါဝပ်မျှ ထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၂ ရုံထက်မနည်း လိုအပ်ပေလိမ့်မည်။ ယင်းရည်မှန်းချက် ပြည့်မီနိုင်စွမ်းရှိသည့်တိုင် မြန်မာကမူ ယင်းသို့သော စက်ရုံမျိုး ၂၂ ရုံ မဆောက်ဘဲ ဤပျမ်းမျှပမာဏထက် နည်းသော လျှပ်စစ်ဓာတ်အားကိုသာ ထုတ်လုပ်သည့် စက်ရုံအများအပြား တည်ဆောက်မည့် အလားအလာကသာ ပိုများပေလိမ့်မည်။

ရေကာတာများ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက်မှုများကို ဆွေးနွေးငြင်းခုံနေခြင်းမှာ အချိန်ဖြုန်းနေခြင်းသာ ဖြစ်သည်ဟု ဟာကင်က ဆိုသည်။

“မြန်မာနိုင်ငံက သူ့ရဲ့ရေအားလျှပ်စစ် သဘာဝ သယံဇာတကို အသုံးမပြုတဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်လာ၊ မလာဆိုတဲ့အပေါ်မှာ ငြင်းခုံဆွေးနွေးခြင်းက တန်ဖိုးရှိတဲ့အချိန်တွေကိုသာ အလဟဿ      ဖြစ်စေမှာပါ” ဟုလည်း ၎င်းက ဆိုသည်။

မည်သို့ဆိုစေကာမူ ဆွေးနွေးငြင်းခုံမှုက ဆက်ရှိနေသေးသည်။ အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ ကြေညာစာတမ်း၌ ရေအားလျှပ်စစ် ထုတ်လုပ်ရန် ဆည်ကြီးများ တည်ဆောက်ခြင်းသည် “ကြီးမားသော သဘာဝ ပတ်ဝန်းကျင် ဘေးအန္တရာယ်များ ဖြစ်ပေါ်စေသောကြောင့် ကျွနု်ပ်တို့က တည်ရှိဆဲ ရေအားလျှပ်စစ်စီမံချက်များမှ လျှပ်စစ်ဓာတ်အားကို ရယူသွားမည်ဖြစ်သကဲ့သို့ ပိုမိုထိရောက်မှုရှိစေရေးအတွက် လက်ရှိဆည်များကို ထိန်းသိမ်းပြုပြင်သွားမည်” ဟု ဖော်ပြထားသည်။

ရေအားလျှပ်စစ် ထုတ်လုပ်ရေးသည် မြန်မာ့စွမ်းအင်ကဏ္ဍ အနာဂတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည် ဆိုသည့်အချက်အပေါ် ပါတီအနည်းငယ်က သဘောမတူသော်လည်း ယင်းမှာ ဂေဟစနစ် ပျက်စီးစေခြင်းနှင့် လူမှုအသိုင်းအဝိုင်းကို ဖွတ်ဖွတ်ညက်ညက် ဖြစ်စေခြင်းတို့နှင့်ပတ်သက်သော မကောင်းသတင်းတစ်ရပ် ရှိနေသည်။

သို့သော် ဟာကင်ကမူ အင်န်အယ်လ်ဒီမှာ ရေအားလျှပ်စစ်ထုတ်လုပ်မှု ဆန့်ကျင်ရေးပါတီ တစ်ရပ် မဟုတ်၊ “တာဝန်မဲ့တဲ့ ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ဆန့်ကျင်တဲ့ ပါတီသာ ဖြစ်ပါတယ်။ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်ပါတယ်” ဟု ပြောကြားသည်။

ဝေဖန်ပြောဆိုမှု အများစုမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေး နည်းပညာကိုဖြစ်စေ၊ လူမှုရေးရာနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် မလေ့လာဘဲ မြစ်တစ်စင်းပေါ် ဆည်ဆောက်ခြင်းမှာ ဖြစ်နိုင်ခြေမရှိ ဆိုသည့် လက်ခံယုံကြည်မှုကိုဖြစ်စေ “စိတ်လှုပ်ရှားမှုအရ တုံ့ပြန်မှု” အရ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ၎င်းက ယုံကြည်ထားသည်။ 

 “ကမ္ဘာတစ်လွှားက ဘဏ္ဍာရေးလုပ်ငန်းတွေကလည်း ကျွမ်းကျင်ပြီး သီးခြားလွတ်လပ်တဲ့ သီးခြားအဖွဲ့ တစ်ဖွဲ့ရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုအကျိုးသက်ရောက်မှု ဆန်းစစ်ချက်တစ်ရပ် ပြုလုပ်ထားတာ မရှိဘဲ အဆိုပြုလာတဲ့ ဓာတ်အားပေးစက်ရုံ တစ်ရုံကို ဘဏ္ဍာရေးအရ ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး” ဟုလည်း ဟာကင်က ဆိုသည်။

လူတိုင်းကတော့ဖြင့် အကောင်း မမြင်တတ်ကြပါချေ။

မစ္စတာ ဂျင်း-ဖီလစ်ပီ ဒန်နျူတာနှင့် ဦးရွှန်းစိုဦးတို့မှာ မဟာမဲခေါင်ဒေသရှိ ပြန်ပြည့်မြဲစွမ်းအင် စီမံချက်များအရေးတွင် ဇောင်းပေးဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ World Wildlife Fund မှ စွမ်းအင်ရေးရာ အထူးကျွမ်းကျင်သူများ ဖြစ်ကြသည်။

ရေအားလျှပ်စစ်မှာ မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၏ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဆိုသည့်အပေါ် ၎င်းတို့က သံသယမရှိကြပေ။ သို့သော် တိုင်းပြည်၏ စွမ်းအင်ထုတ်လုပ်မှု နည်းလမ်းမျိုးစုံ ရှိသည့်အနက် ရေအားကို အခြေပြုသွားမည့်အရေးကိုမူ အလွန်အမင်း စိုးရိမ်လျက်ရှိကြသည်။

မြန်မာအစိုးရတွင် ပြည့်ပြည့်စုံစုံ မလေ့လာဘဲ ဆိုင်းငံ့ထားသော အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်များကို အကဲဖြတ်နိုင်စွမ်း အလွန်နည်းပါးသည်ဟုလည်း ၎င်းတို့နှစ်ဦးက ပြောကြားသည်။

၎င်းတို့အဆိုအရ မြန်မာအစိုးရသည် လုပ်ငန်းလည်ပတ်နေသော ဆည်များကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာခြင်းနှင့် ထိန်းသိမ်းခြင်းများ မပြုလုပ်ကြောင်း၊ ပျက်စီးမှုတစ်ခုကို သိသိသာသာ တွေ့ရှိနိုင်ရန် နှစ်များစွာ၊ သို့မဟုတ် ဆယ်စုနှစ်များစွာ ကြာမြင့်တတ်ကြောင်း သိရသည်။

အစဉ်လိုက ်ရှိနေသော ဆည်များ၊သို့မဟုတ် ဆည်ရေတံခွန်ငယ်များမှ မြစ်ဝှမ်းတစ်ခုလုံးအပေါ် သက်ရောက်နိုင်ခြေ ရှိသည့် “မဟာဗျူဟာအဆင့် အကျိုးသက်ရောက်မှု” ကို ထည့်တွက်ရန်လည်း မြန်မာအစိုးရက ပျက်ကွက်ခဲ့သည်ဟု ဒန်နျူတာကဆိုသည်။ 

Customers and staff struggle with the heat during another blackout at a convenience store in Yangon. (Ann Wang / Frontier)

Customers and staff struggle with the heat during another blackout at a convenience store in Yangon. (Ann Wang / Frontier)

စွမ်းအင်အတွက် ကျခံပေးခြင်း

ဒန်နျူတာ၏ အဓိက စိုးရိမ်ပူပန်မှုများမှာ နည်းပညာ တစ်ခုတည်းနှင့်သာ ပတ်သက်နေသည်မဟုတ်၊ ကြီးမားသည့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးစနစ်များမှာ အထောက်အကူ ပြုနိုင်သည့် အကြီးစား ဗဟိုချုပ်ကိုင်စနစ် အမျိုးအစားများလည်း ပါဝင်နေသည်။ “လူဘယ်လောက်များများက လျှပ်စစ်ဓာတ်အားအတွက် ငွေကြေးကျခံ ပေးလိမ့်မယ်ဆိုတဲ့ မတန်တဆ ရည်မှန်းထားတဲ့ ခန့်မှန်းချက်တွေကိုလည်း သူတို့ပြုလုပ်ကြပါတယ်” ဟု ၎င်းက ဆိုသည်။

ကန်ဒေါ်လာ ဘီလျံ ၃၀ တန် နိုင်ငံတော် ဓာတ်အားစနစ် တစ်ခုအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ ၂ ဘီလျံရှိ မတည်ရင်းနှီးမြုပ်နှံမှု တစ်ရပ် လိုအပ်မည်ဖြစ်ပြီး ဤပမာဏမှာ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့၏ တိုးတက်မှုဆိုင်ရာ ခန့်မှန်းချက်များနှင့် ကိုက်ညီမှုရှိသည်။ ဖြစ်နိုင်ခြေမှာ ကန်ဒေါ်လာ ၃၀ ဘီလျံ သုံးစွဲပြီးချိန်တွင် မြန်မာလူထုထံ၌ စွမ်းအင်ဝယ်ယူသုံးစွဲနိုင်သော အနေအထားတစ်ရပ် ရှိလာလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း ယင်း၏စွမ်းအင်ကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချသွားလိမ့်မည်ဟု မျှော်လင့်နိုင်ဖွယ်ရှိသည်။ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဝင်ငွေကို ကန်ဒေါ်လာ ၇ ဒသမ ၉ ဘီလျံထိ တိုးမြှင့်ရရှိဖွယ် ရှိရာ ယင်းမှာ ၆၉ ရာခိုင်နှုန်း တိုးမြင့်ရရှိခြင်း ဖြစ်ပြီး လျှပ်စစ်ဓာတ်အား တင်ပို့ခြင်း တစ်ခုတည်းမှ ရရှိလာလိမ့်မည်ဟု ဟာကင်က ယုံကြည်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံတော်ဓာတ်အားလိုင်းစနစ်က စွမ်းအင်ကုန်ကျစရိတ်ကို  ကျိန်းသေပေါက် တိုးမြင့်လာစေမည်ဖြစ်သည်။ ဓာတ်အားလိုင်း(မီနီကွန်ရက် သို့မဟုတ် အိမ်သုံးစနစ်များ)ပေါ်မှ ပြည်သူကို ထုတ်လွှတ်ပေးခြင်းအတွက် စွမ်းအင်ကုန်ကျစရိတ်မှာ ကီလိုဝပ်တစ်နာရီစာ(တစ်ယူနစ်)လျှင် ကျပ် ၁၀၀ မှ ၃၀၀ အကြား ရှိလိမ့်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)က ခန့်မှန်းထားသည်။

အခြားတစ်ဖက်တွင်မူ အစိုးရကျခံငွေမရှိပါက ၁၂၅ ကျပ် ကုန်ကျလိမ့်မည်ဟု အေဒီဘီက ခန့်မှန်းထားသော်လည်း အမျိုးသားကုန်သွယ်ခွန်မှာ ၃၅ ကျပ်သာ ဖြစ်သည်။

 “ခုလိုမျိုး ထောက်ပံ့ငွေပေးတဲ့ စနစ်တွေက ဘဏ္ဍာရေး စွမ်းရည်အတွက် စိုးရိမ်ပူပန်စရာ ဖြစ်စေသလို ထောက်ပံ့ငွေပေးတဲ့ ဖွဲ့စည်းပုံက လုံလောက်တဲ့ အကျိုးအမြတ်တွေကို ဖော်ထုတ်ပေးမှာ မဟုတ်ဘူးဆိုတာကို သိနေလို့ ပုဂ္ဂလိက စွမ်းအင်ထုတ်လုပ်သူတွေကို ရင်းနှီးမြုပ်နှံဖို့နဲ့ လုပ်ငန်းတိုးချဲ့ဖို့အတွက် တွန့်ဆုတ်စေပါတယ်” ဟု နိုင်ငံတော်ဓာတ်အားပေးစနစ် မရှိသောဒေသ တစ်ခု ဖြစ်သည့် ထားဝယ်အနီးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံချက်များကို ကြီးကြပ်ကွပ်ကဲနေသည့် ဦးရွှန်းစိုဦးက ဆိုသည်။

“ဆင်းရဲနွမ်းပါးသူတွေက ချမ်းသာကြွယ်ဝသူတွေအတွက် ငွေကြေးကျခံပေးရတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ သူတို့ရဲ့ မီတာဘီလ်ကနေ မဟုတ်ဘဲ သူတို့ရဲ့အခွန်ငွေတွေကနေ ပေးချေရတာမျိုးကို ဆိုလိုတာပါ” ဟု ၎င်းက ရှင်းပြသည်။

၎င်းအဆိုအရ ပင်မဓာတ်အားလိုင်းနှင့် ဝေးသောနေရာရှိ ဆင်းရဲနွမ်းပါးသူများသည် စွမ်းအင်သုံးစွဲမှုအတွက် ငွေကြေးပိုမိုကုန်ကျစေခဲ့ပြီး ဖြစ်သော်လည်း ၎င်းတို့ခမျာ အများပြည်သူ စိုက်ထုတ်ငွေစနစ်များမှ အကျိုးအမြတ် ပိုရလျက်ရှိသည့် မြို့ပြနေသူများထက် များစွာညံ့ဖျင်းသော လျှပ်စစ်ဓာတ်အားကို သုံးစွဲနေရသူများ ဖြစ်သည်။ ဆင်းရဲနွမ်းပါးသူများသည် အစောပိုင်း၌ ငွေကြေးနည်းနည်းသာ ပေးချေရဖွယ် ရှိသော်လည်း ရေရှည်တွင် ပိုမိုပေးချေရဖွယ်ရှိသည်။

ကမ္ဘာ့ဘဏ်နှင့် အခြားသော အကျိုးတူ ပူးပေါင်းဆောင်ရွက်သူများသည်လည်း ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်ရှိသော စွမ်းအင်ကို ထုတ်နေစဉ် ဆင်းရဲနွမ်းပါးသူများက မီတာဘီလ် မပေးချေနိုင်သော အနေအထားမျိုး မဖြစ်စေရေးအတွက် စိုးရိမ်ပူပန်လျက်ရှိသည်ဟု ဦးမျိုးမြင့်က ဆိုသည်။

 “ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာရေးအရ လူတွေတတ်နိုင်တဲ့ပမာဏ ဖြစ်စေဖို့အတွက်လည်း ထိန်းညှိဆောင်ရွက်ရမှာပါ” ဟု ၎င်းက ဆိုသည်။ “အစိုးရက ဆင်းရဲနွမ်းပါးသူတွေအတွက် ထောက်ပံ့ငွေ ပေးဖို့ လိုအပ်တယ်ဆိုရင်လည်း ခုလိုထောက်ပံ့ငွေကို ထောက်ပံ့ငွေအဖြစ် သီးသန့်အတည်ပြုသင့်သလို ခုလိုထောက်ပံ့ငွေတွေအတွက် ရန်ပုံငွေ ရရှိအောင်လည်း ဆောင်ရွက်ရပါမယ်”

“တတ်နိုင်သော ပမာဏ” ဆိုသည်မှာ လေအေးပေးစက်နှင့် ရေခဲသေတ္တာတို့ကို အဆက်မပြတ် သုံးနေသည့် မြို့ပြနေသူတစ်ဦးက မီးချောင်းနှင့် ဖုန်းအားသွင်းရန်သာ သုံးသော လယ်သမားတစ်ဦးထက် ပိုမိုပေးချေရခြင်းများ ပါဝင်သည့် ပြောင်းလဲနိုင်သော အကောက်ခွန်များကို ဆိုလိုဖွယ်ရှိပါသည်။ သို့မဟုတ်ပါကလည်း ပိုမိုရိုးရှင်းသော နည်းလမ်းတစ်ရပ် ဖြစ်ဖွယ်ရှိသည့် ဆင်းရဲနွမ်းပါးသော သုံးစွဲသူများအတွက် အခမဲ့ ရယူသုံးစွဲခြင်းလည်း ပါဝင်ဖွယ်ရှိသည်။ လျှပ်စစ်မီး ချိတ်ဆက်ရန် တင်ကြိုပေးဆောင်ရသော ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁၀၀,၀၀၀ ခန့်ရှိသည်။

မည်သို့ပင်ဆိုစေ ဦးမျိုးမြင့်သည် အစိုးရအပေါ်တွင်သာ ယုံကြည်နေခြင်း မဟုတ်၊ မတည်ငွေ တိုးမြှင့်သုံးစွဲခြင်းသည် ပိုမိုထိရောက်သော နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရသည့် အကျိုးအမြတ်ကို ပိုမိုရရှိနိုင်ခြေ ရှိသည်ဟု ယုံကြည်လျက်ရှိသည်။

ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့ပေးသွားမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတစ်ရုံတွင် တာဘိုင်တစ်လုံး အစားထိုးသော ဥပမာတစ်ရပ်ကို ၎င်းက ကိုးကားပြောဆိုသွားခဲ့သည်။ “အစားထိုးတဲ့ ကုန်ကျစရိတ်က ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ကျပါတယ်။ ခုလောက်ရှိတဲ့ ရင်းနှီးမြုပ်နှံမှုပမာဏနဲ့ဆိုရင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုက နှစ်ဆလောက် ဖြစ်လာပါလိမ့်မယ်” ဟု ဦးမျိုးမြင့်က ဆိုသည်။ “ဒါ့ကြောင့် ဒီသဘာဝဓာတ်ငွေ့ကိုပဲ အသုံးပြုတာက အဲဒီဓာတ်အားပေးစက်ရုံကို စွမ်းအင်နှစ်ဆ တိုးထုတ်စေနိုင်မှာ ဖြစ်သလို မတည်ငွေ အသုံးစရိတ်ကလည်း အကျိုးအမြတ်တစ်ခုကို ဖန်တီးပေးဦးမှာပါ” ဟုလည်း ထပ်လောင်းရှင်းပြသည်။ 

လိုင်းကွန်ရက်လွတ် ထားရှိဆောင်ရွက်ခြင်း

ဒန်နျူတာနှင့် ဦးရွှန်းစိုဦးတို့အဆိုအရ ဈေးပေါသည့် လျှပ်စစ်ဓာတ်အား များများစားစား ထုတ်ပေးခြင်းမှာ မရှိမဖြစ် လိုအပ်သော ဖြေရှင်းချက်တစ်ရပ် မဟုတ်ပေ။ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ဆိုင်ရာ တွေးခေါ်ပုံ ပြောင်းလဲသွားသည်ကိုသာ ၎င်းတို့က လိုလားကြသည်။

“မေးဖို့လိုလာတာက နောင် ၁၀ နှစ်ကြာချိန်မှာ လူဦးရေစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းအတွက် လျှပ်စစ်မီး အမှန်တကယ် ချိတ်ဆက်ပေးလိုသလား ဆိုတာပဲ။ ဒါက ဧရာမ ရင်းနှီးမြုပ်နှံမှုတစ်ရပ် ဖြစ်ပါတယ်။ အစိုးရတစ်ရပ်အဖြစ်နဲ့ အဲဒီလို စွန့်စားမှုမျိုး ခင်ဗျားလုပ်ချင်ရဲ့လား။ ဒါမှမဟုတ် မိုက်ခရိုကွန်ရက်တွေ ခင်ဗျားတည်ဆောက်ချင်သလား” ဟု မစ္စတာ ဒန်နျူတာက မေးမြန်းလိုက်သည်။

ကမ္ဘာ့ဘဏ်ကမူ အရေးပေါ် ဖြေရှင်းမှုအဖြစ် ကျေးလက်ဒေသ အသေးစား စွမ်းအင်စနစ်များအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။ ယင်းတို့က ရေရှည်ဖြေရှင်းချက်၏ တစ်စိတ်တစ်ဒေသ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။

ခေတ်သစ်ဘက်ထရီစနစ်များ၊ လောင်စာဆီသုံး မီးစက်များ၊ ဆိုလာဆဲလ်ပြားများနှင့် အခြား မိုက်ခရိုကွန်ရက်နည်းပညာများမှာ ချုံ့နိုင်၊ ချဲ့နိုင်၊ ခွဲခြားလုပ်ကိုင်နိုင်သည်ဟုလည်း ဒန်နျူတာနှင့် ဦးရွှန်းစိုဦးတို့က ပြောသည်။ ဤနည်းပညာများသည် လူမှုအသိုင်းအဝိုင်းက လိုအပ်သမျှသော စွမ်းအင်များကို ထုတ်ပေးနိုင်ကြပြီး ဒေါ်လာသန်းချီတန်သည့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတစ်ရပ် ဆိုသည်ထက် အသေးစား ဒေသန္တရ ရင်းနှီးမြုပ်နှံမှုတစ်ရပ် ဖြစ်လာမည့်ပြင် သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းက ရွေးချယ်လာပါကလည်း ပင်မဓာတ်အားလိုင်းနှင့် အလွယ်တကူ ချိတ်ဆက်နိုင်မည်ဖြစ်သည်။

နည်းပညာ ဆန်းစစ်အကဲဖြတ်မှုနှင့် စွန့်စားမှုအန္တရာယ် စီမံခန့်ခွဲမှုတို့၌ အထူးကျွမ်းကျင်သည့် နော်ဝေအခြေစိုက် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေးကုမ္ပဏီ တစ်ခုဖြစ်သော DNV GL ၏ အကြီးတန်း အကြံပေးနှင့် မဟာဗျူဟာပညာရှင် မစ္စတာဒေးဗစ် ဖူးလ်ဘရွတ်ကမူ ပြန်ပြည့်မြဲ စွမ်းအင်ရင်းမြစ်များဆိုင်ရာ အလားအလာသစ်များအဖြစ် လမ်းဖွင့်ပေးနိုင်ဖွယ်ရှိသည့် “လားရာပြောင်းလဲမှု” တစ်ရပ်အဖြစ် အသေးစားအဆင့်စနစ်များကို အာရုံပြုရန် တောင်းဆိုလိုက်သည်။ ဧရာဝတီသတင်းဌာန၌ မကြာခင်က ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ၎င်းက –

“နေနှင့်လေကို ဗဟိုပြုသော အကျိုးရှိမှုအပေါ် တန်ဖိုးထားသည့် စွမ်းအင်စနစ်တစ်ရပ် တည်ဆောက်ခြင်း ဆိုသည်မှာ သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများအကြောင်း ကောင်းစွာ နားမလည်ခဲ့သော အစောပိုင်းကာလ သမိုင်းအမွေများနှင့် အဆက်ဖြတ်လိုက်ခြင်း မည်ပေသည်။ မြန်မာနိုင်ငံကလည်း ယင်းသို့ အတိတ်ကာလနှင့် အဆက်ဖြတ်ရန် ရွေးချယ်ပါက စွမ်းအင်ကဏ္ဍ၏ ခုန်ပျံကျော်လွှား တိုးတက်မှုအတွက် တံခါးဖွင့်ပေးလိုက်ခြင်းပင် ဖြစ်သည်” ဟု ရေးသားထားသည်။

အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အပိုဒ်လေးပိုဒ်အနက် မိုက်ခရိုကွန်ရက်စနစ်များဆိုင်ရာ စွမ်းအင်မူဝါဒအကြောင်း တစ်ပိုဒ် ဖော်ပြထားရာ ယင်းမှာ လျှပ်စစ်ဓာတ်အား အလားအလာအပေါ် သတိချပ်သော အကောင်းအမြင်တစ်ရပ်ပင် ဖြစ်သည်။

ဟာကင်အတွက်မူ ထိုသို့သော အမြင်တစ်ရပ် မရှိချေ။

“ခင်ဗျားက လယ်ယာမြေပေါင်း ၁၀၀ လောက်ကို ဒီဇယ်မီးစက် ၁၀၀ လောက်နဲ့ မီးပေးနိုင်တယ် ဆိုပေမဲ့ ဒါက ကုန်ကျစရိတ် အရမ်းများပြီး သဘာဝ ပတ်ဝန်းကျင်အတွက်လည်း အရမ်းကို ဆိုးရွားပါတယ်။ အဲဒီလို မဟုတ်ဘဲ လယ်မြေ ၁၀၀ အတွက် သန့်ရှင်းတဲ့ ရေအားလျှပ်စစ်ထုတ်တဲ့ ဆည်တစ်ခုကနေ လျှပ်စစ်မီး ထုတ်ပေးလို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုတင်ပြချက်ကို လက်တွေ့မကျနိုင်ဟု ဦးကံထွန်းက ဆိုပြီး တကယ်တမ်း ဖြေရှင်းချက်မှာ ယင်းတို့ကြားတွင်သာ ရှိလိမ့်မည်ဟု ၎င်းက ယူဆသည်။ အဆုံးသတ်အဖြေမှာ အကြီးစား ရေအားလျှပ်စစ်ထုတ်ဆည်၊ သို့မဟုတ် ဓာတ်ငွေ့စက်ရုံကြီး အနည်းငယ်အစား အသေးစားအဆင့်စနစ်များဖြင့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ဗဟိုချုပ်ကိုင်စနစ် ဖြစ်ဖွယ်ရှိသည် ဟူ၏။

မြန်မာအစိုးရ၏ မဟာဗျူဟာသည်လည်း တစ်နှစ်ပြီးတစ်နှစ် ဖွံ့ဖြိုးတိုးတက်လာဖွယ်ရှိသည်။

 “သူတို့က ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအတွက် အများကြီး အကုန်အကျ ခံလိုစိတ် မရှိပါဘူး။ တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုံးရံှုးစေတဲ့ ရေအားလျှပ်စစ်တွေကို သူတို့ မလိုချင်ဘူး။ တစ်ဖက်မှာကျတော့ ဓာတ်အားလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးချင်ပြန်တယ်” ဟု ဦးကံထွန်းက ဆိုသည်။

“မြန်မာနိုင်ငံလို နိုင်ငံမှာ ဟန်ချက်ညီတဲ့ တာဝန်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ် မဖြစ်မနေ ရှိနေရပါမယ်။ ကျွန်တော်တို့မှာ အကုန်လုံးကို ပေါင်းစပ်ထားတဲ့ စနစ်တစ်ရပ် ရှိနေဖို့ လိုအပ်ပါတယ်” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။ “(အင်န်အယ်လ်ဒီက) ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်၊ ဒါမှမဟုတ် သုံးကောင်လောက်ကို ပစ်နိုင်တဲ့ မျှော်မှန်းချက် အစီအစဉ်တစ်ရပ်ကို မြင်တွေ့ဖို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – လျှပ်စစ်ဓာတ်တိုင်များကို ပူတာအိုမြို့လယ်ရှိ အဓိကလမ်းများပေါ်တွင် လွန်ခဲ့သော ၁၀ နှစ်ခန့်က စိုက်ထူခဲ့သော်လည်း နှောင်းပိုင်းကာလအထိ လျှပ်စစ်မီးရရှိခြင်း မရှိသေးပေ။ လက်ရှိအချိန်တွင်လည်း မြို့ခံများမှာ ရာသီဥတုကောင်းမွန်သော နေ့တစ်နေ့ဖြစ်လင့်ကစား နှစ်နာရီမျှသာ ရယူသုံးစွဲနေကြရသည်။ ဓာတ်ပုံ – အန်းဝမ် 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.