Photo: Thuya Zaw | Frontier
ဓာတ်ပုံ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

လူ့အဖွဲ့အစည်းက ပစ်ပယ်ထားသော အဓမ္မပြုကျင့်ခံရသူ မသန်စွမ်းအမျိုးသမီးများ

မြန်မာနိုင်ငံတွင် အဓမ္မပြုကျင့်ခံရသည့် မသန်စွမ်းအမျိုးသမီးများကို လူ့အဖွဲ့အစည်းက ကူညီဖေးမရမည့်အစား ဖယ်ကြဉ်ထားကြသည်။

ဝင်းဇာနည်အောင်နှင့် ဂျာရက်ဒေါင်းနင်း ရေးသားသည်။

အသက်၁၇နှစ်ရှိပြီဖြစ်တဲ့ မမိုးငယ်တစ်ယောက် အဓမ္မပြုကျင့်ခံရပြီး ကိုးလအကြာမှာ ကလေးမွေးခဲ့ပါတယ်။ အဲဒီအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ဘာတစ်ခုကိုမှ သူနားမလည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မမိုးငယ်ဟာ (အမည်လွှဲ) ဉာဏ်ရည်နိမ့်ပါးတဲ့အပြင် စကားလည်း မပြောနိုင်တဲ့ မသန်စွမ်းအမျိုးသမီးငယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါတင်မက ကိုယ်လက်မကြံ့ခိုင်တာကြောင့် လမ်းတောင် အနိုင်နိုင်လျှောက်ရသူပါ။

သူ့အမေအလုပ်သွားနေချိန်မှာ ဘေးအိမ်က အသက်၈၁နှစ်အရွယ် အဘိုးတစ်ဝမ်းကွဲတော်စပ်သူ အဘိုးအိုက သူ့ကိုအဓမ္မပြုကျင့်ခဲ့ပါတယ်။ ကိုယ်ဝန်ရှိလာပြီး ဗိုက်ထွက်လာမှသာ မေးမြန်းရင်းနဲ့ အဓမ္မပြုကျင့်ခံရတဲ့ကိစ္စပေါ်လာတာဖြစ်ပါတယ်။

“ပထမတုန်းကတော့ ဒီကလေးကို တော်တော်ဒုက္ခပေးတဲ့ကလေးဆိုပြီး ကလေးကိုမွေးလာရင် အုတ်နီခဲနဲ့ ထုသတ်မယ်ပြောတယ်”….. သူတို့အိမ်နားက အုန်းပင်တွေကြားထဲမှာဆော့နေတဲ့ မြေးလေးကိုထိန်းရင်းက အတိတ်က အကြောင်းတွေကို မိုးငယ်ရဲ့အဖွားဖြစ်သူဒေါ်သိန်းအေးက ပြန်ပြောပြတာပါ။

“အခုတော့  မွေးစားမယ်ဆိုပြီး လာတောင်းတာတောင် ဘယ်သူ့ကိုမှမပေးဘူးပြောတယ်။ ဒါလေးက တွတ်တွတ်ခါခါနဲ့ ပြောတတ်တော့ ပိုတောင်ဆိုးသေးတယ်”လို့ အဖွားဒေါ်သိန်းအေးက ပြောပါတယ်။

အဖွားနဲ့စကားကောင်းနေတုန်း မိုးငယ်က ကလေးကို အိမ်ထဲခေါ်သွားပြီး နှာခေါင်းလေးထိလိုက်၊  ပါးလေးတို့လိုက်နဲ့ သားငယ်လေးကို ရီမောအောင် ကလူကျီစယ်နေပါတယ်။ သူ့ကို အဓမ္မပြုကျင့်ခဲ့ပြီး ထောင်ဆယ်နှစ်ကျသွားတဲ့ အဖိုးအိုအကြောင်းကိုလည်း မစဉ်းစားပါဘူး။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မိုးငယ်တို့နေထိုင်တဲ့ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်ထဲမှာ သူ့လိုပဲ ဉာဏ်ရည်မသန်စွမ်းတဲ့အမျိုးသမီးနှစ်ဦး အဓမ္မကျင့်ခံခဲ့ရပါတယ်။ မိုးငယ်အပါအဝင် အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးသုံးဦးစလုံး ကိုယ်ဝန်လွယ်ခဲ့ရပြီး နှစ်ဦးကတော့ အဓမ္မပြုကျင့်သူနဲ့ ရတဲ့ကလေးတွေကို မွေးဖွားနိုင်ခဲ့ပါတယ်။ တကယ်တော့ ဒီလိုဆိုးရွားလှတဲ့အမှုတွေဟာ ကျောင်းကုန်းမြို့နယ်တစ်ခုတည်းမှာ ရှိနေခဲ့တာမဟုတ်ပါဘူး။

မြန်မာတစ်နိုင်ငံလုံးမှာ ဉာဏ်ရည်မသန်စွမ်းတဲ့အမျိုးသမီးတွေဟာ အင်အားနည်းတဲ့အတွက် အဓမ္မပြုကျင့်သူတွေရဲ့ သားကောင်တွေဖြစ်ကြရပါတယ်။ ဆင်းရဲနွမ်းပါးပြီး ပတ်ဝန်းကျင်က လျစ်လျူရှုခံထားရတဲ့သူတို့အတွက်က သူတို့ကိုယ်တိုင်ရော၊ သူတို့ကနေ  မွေးဖွားလာတဲ့ ကလေးတွေအတွက်ရော ကူညီပေးမဲ့သူတွေ သိပ်မရှိလှပါဘူး။

သူတို့အနာဂတ်ကို တွေးကြည့်ရင် တကယ်ရင်လေးဖို့ကောင်းပါတယ်။ မိခင်ဖြစ်သူတွေက မသန်စွမ်းဖြစ်နေတော့ ကလေးငယ်တွေရဲ့ အနာဂတ်က သိပ်ကို မရေရာလွန်းလှပါတယ်။ ဒါ့ပြင် ဒီလိုအဖြစ်ဆိုးမျိုး ကြုံတွေ့ရတဲ့ သူတို့ကို သူတို့နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကလည်း လျစ်လျူရှုထားလေ့ရှိတယ်လို့ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတဲ့ မသန်စွမ်းအမျိုးသမီးတွေကို တက်တက်ကြွကြွကူညီပေးနေတဲ့ ဦးစိုးသန်းက ပြောပါတယ်။ ဦးစိုးသန်းဟာ မမိုးငယ်ရဲ့ နစ်နာမှုအပါအဝင် ကျောင်းကုန်းမြို့နယ်အတွင်းက အလားတူ တခြားအမှုတွေမှာလည်း လိုက်ပါ ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။

ဒါ့ပြင် သူဟာ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသက အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု အထူးသဖြင့် မသန်စွမ်းအမျိုးသမီးငယ်တွေကို ပစ်မှတ်ထား အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ ဒီလိုကိစ္စမျိုးကို ကာကွယ်ဖို့အတွက်နဲ့ ပြစ်မှုကျူးလွန်ခံရတဲ့သားကောင်တွေကို ကူညီဖို့အတွက်ဆိုရင် လူ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်လို့ သူကဆိုပါတယ်။

“အဓမ္မပြုကျင့်ခံရတဲ့ မသန်စွမ်းအမျိုးသမီးတွေနဲ့ပတ်သက်ပြီး နောင်ရေးအတွက်  အစိုးရကနေပြီးတော့ အစီအစဉ်တွေကိုတိတိကျကျနဲ့ ဆွဲပေးစေချင်တယ်”လို့ သူကပြောပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၈၊ ဇန်နဝါရီမှာ ပြန်လည်ထူထောင်ရေးဌာနခွဲကို ဖွဲ့စည်းခဲ့ပြီး လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ အမျိုးသမီးတွေကို လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရယန္တရားတွေရဲ့ ထုံးစံအတိုင်း ကြိုးနီစနစ်ကြောင့် ပြစ်မှုကျူးလွန်ခံရတဲ့အမျိုးသမီးအများစုဟာ အဲဒီဌာနခွဲရဲ့ အကူအညီကို မရကြပါဘူး။

၂၀၁၅မှာ ပြဋ္ဌာန်းခဲ့တဲ့ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေ၊​ ခံစားခွင့်တွေနဲ့ပတ်သက်ပြီး အကာအကွယ်ပေးထားပေမဲ့ မသန်စွမ်းသူတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြုံတွေ့လာခဲ့ရင် သူတို့ကို ဘယ်လိုအကာအကွယ်ပေးရမလဲဆိုတာနဲ့ပတ်သက်ပြီး တိတိကျကျ ဖော်ပြမထားပါဘူး။

ဥပဒေပြဋ္ဌာန်းပြီးနောက်မှာတော့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူဦးဆောင်တဲ့ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအမျိုးသားကော်မတီကို အစိုးရကဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီရဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်က ချပေးတဲ့ရန်ပုံငွေကို မသန်စွမ်းသူတွေကို ကူညီဖို့အတွက်ပါရှိပေမဲ့ အဓမ္မပြုကျင့်ခံရတဲ့ မသန်စွမ်းသူတွေကို ဘယ်လောက်ထောက်ပံ့မလဲဆိုတာ တိတိကျကျမသိရပါဘူး။ အခုချိန်ထိလည်း ဒီလိုပြစ်မှုကျူးလွန်ခံရတဲ့ မသန်စွမ်းသူတွေကို ရန်ပုံငွေကနေ ထောက်ပံ့တယ်ဆိုတာမျိုးလည်း ကြားသိရခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ အစိုးရက မသန်စွမ်းမှတ်ပုံတင်မလုပ်ရသေးသူတချို့ကို ငွေကျပ် သုံးသောင်းထောက်ပံ့ပေးခဲ့သလို မကြာသေးခင်ကလည်း ကိုဗစ်-၁၉ကုစားမှုအစီအစဉ်ရဲ့ ထောက်ပံ့မှုအဖြစ် တစ်ယောက်ကို ငွေကျပ် ၃၀,၀၀၀စီပေးဝေခဲ့ပါတယ်။ မသန်စွမ်းတွေကို မှတ်ပုံတင်တဲ့ အစိုးရရဲ့လုပ်ငန်းစဉ် မပြီးဆုံးသေးတဲ့အတွက် ထောက်ပံ့မှုရတဲ့ မသန်စွမ်းအရေအတွက်ကို အတိအကျမသိရှိရသေးပါဘူး။

လက်ရှိအချိန်မှာ မသန်စွမ်းသူတွေကို မှတ်ပုံတင်တဲ့လုပ်ငန်းစဉ်ကို တစ်ချို့နေရာတွေမှာ စတင်နေပြီဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်က ဘားအံနဲ့ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက ညောင်လေးပင်မြို့နယ်တွေမှာ မသန်စွမ်းမှတ်ပုံတင် ရှေ့ပြေးလုပ်ငန်းစီမံချက် စတင်နေပါပြီ။ ရှေ့ပြေးစီမံချက်တွေ အောင်မြင်ရင် ဒီလုပ်ငန်းစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လုပ်သွားဖို့ရှိနေပါတယ်။

နိုင်ငံတော်အဆင့်ကော်မတီက လာမဲ့နှစ်မှာ မသန်စွမ်းတွေကို ထောက်ပံ့ဖို့အတွက် ငွေကျပ် သုံးဘီလျံ သုံးစွဲသွားမှာဖြစ်တယ်လို့ မသန်စွမ်းသူများ၏အခွင့်ရေးဆိုင်ရာအမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောပါတယ်။ သူဟာ မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်မှာ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အစိုးရက အဓမ္မပြုကျင့်ခံရတဲ့မသန်စွမ်းသူတွေကို ငွေကြေးထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်နေသလို သူတို့ရဲ့ ရပိုင်ခွင့်နဲ့နစ်နာမှုတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်ရာမှာလည်း ကူညီပေးနေတယ်လို့ ဦးမြတ်သူဝင်းကဆိုပါတယ်။ ဒါ့ပြင် အစိုးရက မသန်စွမ်းသူတွေရဲ့ အနာဂတ်ရပ်တည်ရေးအတွက်လည်း ကူညီထောက်ပံ့နေတယ်လို့ သူကဆိုပါတယ်။

“သုံးခုကတော့ သေချာပေါက်ကူညီပေးနေပါတယ်။ နံပတ်(၄)ဖြစ်တဲ့ အနာဂတ်ရပ်တည်နိုင်ဖို့ အတွက်ကတော့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ချိတ်ဆက်လုပ်ဆောင်နေပါတယ်”လို့ သူကပြောပါတယ်။

၂၀၁၆ကနေ ၂၀၁၈အထိ နှစ်နှစ်တာကာလအတွင်း မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေအရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဆီက ကူညီထောက်ပံ့မှုရရှိတဲ့ အဓမ္မပြုကျင့်ခံရတဲ့ သက်ငယ်မသန်စွမ်းသူအရေအတွက်ဟာ ခြောက်ယောက်ပဲရှိနေပါတယ်။

“မီဒီယာကတစ်ဆင့် ကြေညာချင်တာကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူတွေအနေနဲ့ ကျွန်တော်တို့ကို အကူညီတောင်းလို့ရပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက်ကူညီပေးပါမယ်”လို့ ဦးမြတ်သူဝင်းကပြောပါတယ်။

မသန်စွမ်းသူတွေ ပညာရေးလက်လှမ်းမီအောင်ကူညီပေးနေတဲ့ ပြည်တွင်းအခြေစိုက် I-School Myanmar အဖွဲ့က သုတေသီရှင်နော်ဇာဖြူခန့်ကတော့ သူတို့လို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဟာ အဓမ္မပြုကျင့်ခံရတဲ့ မသန်စွမ်းအမျိုးသမီးငယ်တွေကို ရေတိုမှာပဲ အကူအညီပေးနိုင်ပြီး၊ သူတို့ဆီက မွေးဖွားလာတဲ့ကလေးငယ်တွေရဲ့ ရှေ့ရေးအထိ ကူညီပေးနိုင်လောက်တဲ့ အခြေအနေမျိုးမရှိဘူးလို့ ဆိုပါတယ်။

မသန်စွမ်းအမျိုးသမီးငယ်တွေဟာ အဓမ္မပြုကျင့်ခံရပြီး မွေးဖွားလာတဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ကောင်းမွန်တဲ့ဘဝရှေ့ရေးရရှိဖို့ စောင့်ရှောက်မပေးနိုင်တာကြောင့် အစိုးရက ကူညီပေးဖို့လိုအပ်တယ်လို့ မသန်စွမ်းသူများအဖွဲ့ချုပ် အမှုဆောင်ကော်မတီဝင် ဦးညွန့်အောင်က ဆိုပါတယ်။

အခါအားလျော်စွာ ပေးအပ်တဲ့ ငွေကြေးထောက်ပံ့မှုမျိုးကလွဲရင် အဓမ္မပြုကျင့်ခံရတဲ့ မသန်စွမ်းအမျိုးသမီးငယ်တွေကို ပုံမှန်မကူညီနိုင်သေးဘူးလို့ သူကဆိုပါတယ်။ လိုအပ်လာတဲ့ အခါမှသာ မသန်စွမ်းသူများအဖွဲ့ချုပ်က ရန်ပုံငွေအတွက်အလှူခံပြီး ငွေကြေးထောက်ပံ့တယ်လို့ သူကဆိုပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့မသန်စွမ်းတွေအတွက် အကူအညီနည်းပါးရခြင်းဟာ အများပြည်သူတွေအကြား သူတို့ရဲ့ ဒုက္ခတွေကို သိရှိမှုနည်းပါးလို့ဖြစ်ကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က လိင်တန်းတူမှုကျွမ်းကျင်သူ မစ္စအယ်ရီ တာနီဂူချီက ပြောပါတယ်။​ UNFPA အဖွဲ့က လိင်အကြမ်းဖက်ခံရတဲ့သူတွေကို ကူညီမှုတွေပေးနေတာဖြစ်ပါတယ်။ မသန်စွမ်းသူတွေ ခံစားရတဲ့ ဝေဒနာတွေဟာ တခြားသူတွေနဲ့ယှဉ်ရင် မြင်သာ၊ ထင်သာမရှိတာကြောင့် သူတို့အတွက် အကူအညီတွေ မကြာခဏ ဘေးဖယ်ခံနေရတယ်လို့ သူကဆိုပါတယ်။

“လူမှုရေးအရ ခွဲခြားမှုတွေရှိတော့ သူတို့က အပြင်ကို ထွက်မလာတော့ဘူး။ သူတို့ကို လူမြင်ကွင်းမှာ မတွေ့ရတော့ သိပ်ပြီးဂရုမစိုက်ဖြစ်တော့ဘူး။ ကျွန်မတို့ ဘာတွေပဲလုပ်လုပ်၊ ဘယ်လိုစည်းမျဉ်း စည်းကမ်းတွေပဲချချ အဲဒီလိုလုပ်တာတွေက အဖွဲ့အစည်းတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိလား။ တန်းတူညီမျှတဲ့ ထောက်ပံ့မှုတွေကို ရနိုင်သလား အဲဒီအချက်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်”လို့ သူကပြောပါတယ်။

လက်ရှိအချိန်မှာတော့ အဓမ္မပြုကျင့်ခံရသူတွေက အတိတ်က အတွေ့ကြုံဆိုးကြောင့် စိတ်ဒဏ်ရာတွေ လူးလိမ့်ခံစားနေကြရဆဲဖြစ်ပါတယ်။

ကျောင်းကုန်းမြို့က နေ့စားအလုပ်သမားဒေါ်မြင့်က သူ့သမီးအဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရလာတဲ့ အခါမှ သမီးဖြစ်သူ ဝါဝါတစ်ယောက် လိင်အကြမ်းဖက်မှုကျူးလွန်ခံရမှန်း သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒေါ်မြင့်ဟာ နေထိုင်ရာရွာအနီး နွားကျောင်းသွားနေတဲ့အချိန် သမီးဖြစ်သူ မဝါဝါဟာ အဓမ္မပြုကျင့်ခံခဲ့ရတာပါ။ ဉာဏ်ရည်ရော၊ ကိုယ်အင်္ဂါပါ မသန်စွမ်းသူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ဝန်ရင့်မာလာမှသာ သတိထားမိလာတာပါ။

ဒါ့ပြင် ပြစ်မှုကျူးလွန်သူရဲ့ မိသားစုဝင်တွေကလည်း လက်တုံ့ပြန်ဖို့ လာရောက်ခြိမ်းခြောက်လေ့ရှိကြောင်းလည်း ဒေါ်မြင့်ကဆိုပါတယ်။

“သူထောင်ထဲက ပြန်ထွက်လာရင် ကျွန်မတို့ကို တစ်ခုခုလုပ်မယ်ပြောတယ်။ ကျွန်မအရမ်းကြောက် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မနဲ့ကျွန်မသမီးက ဒီအိမ်ထဲမှာနှစ်ယောက်တည်းနေတာ။ သူတို့က ညမှာ လာသတ်သွားရင် ဘယ်သူမှသိလိုက်မှာမဟုတ်ဘူး။ အဲဒါကြောင့် ကျွန်မတို့အိမ်နားမှာနေတဲ့ ညီမလေးကို ညဘက်တွေမှာ လာအိပ်ပေးဖို့ ပြောထားတယ်။ အခြားနေရာပြောင်းဖို့ကလည်း ဘယ်ကို ပြောင်းရမှန်းမသိဘူး။ အဲဒါကြောင့် ဒီမှာပဲ ဆက်နေဖြစ်မှာပါ”လို့ ဒေါ်မြင့်ကပြောပါတယ်။

ဒေါ်မြင့်ရဲ့ သမီးငယ်လို အလိုမတူဘဲ အဓမ္မပြုခံရပြီး ချို့ချို့တဲ့တဲ့ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေဟာ သန္ဓေလွယ်စဉ်မှာ အာဟာရအပြည့်အဝ မရရှိတာကြောင့် ကလေးမွေးပြီးတဲ့အခါ နို့ရည်မထွက်တဲ့ ပြဿနာရင်ဆိုင်ရတတ်တယ်လို့ နော်ဇာဖြူခန့်က ဆိုပါတယ်။

“ထောက်ပံ့မှုမရှိဘဲ မိသားစုအခက်ခဲတွေကြောင့် တစ်ချို့ကလည်း သူတို့ကလေးတွေကို မွေးစားတဲ့ စင်တာတွေဆီပို့ပေးတယ်။ တစ်ချို့ကလည်း ကလေးတွေကို သူများကိုမပေးချင်တော့ သူတို့ဘာသာ သူတို့ မွေးရင်းနဲ့ရုန်းကန်နေရတယ်”လို့ သူကပြောပါတယ်။

မိုးငယ်နဲ့ဝါဝါတို့လို အမျိုးသမီးငယ်တွေအတွက် အကောင်းဆုံးမျှော်လင့်ချက်ကတော့ မသန်စွမ်းဥပဒေဖြစ်တယ်လို့ နော်ဇာဖြူခန့်က ဆိုပါတယ်။

“အဓမ္မပြုကျင့်ခံရသူတွေက အစိုးရရဲ့မှတ်ပုံတင်လုပ်ငန်းတွေကိုပြီးအောင် မစောင့်နေနိုင်ပါဘူး။ အစားအသောက်တွေ၊ ကျန်းမာရေးတွေ၊ ပညာပေးလုပ်ငန်းတွေ၊ ဒါတွေက သူတို့ကိုယ်တိုင်ရော သူတို့ကမွေးလာတဲ့ ကလေးတွေအတွက်ပါ လိုအပ်ပါတယ်။ ဒါတွေက အခုချက်ချင်း လိုအပ်နေတာဖြစ်ပါတယ်”လို့ သူကပြောပါတယ်။

လက်ရှိအချိန်မှာတော့ မိုးငယ်နဲ့ဝါဝါတို့နှစ်ဦးစလုံးဟာ သူတို့ရဲ့ ရင်သွေးလေးတွေအပေါ် သံယောဇဉ် အမြစ်တွယ်နေပါပြီ။ ကျောင်းနေရွယ်ရောက်လာရင် မြေးတွေကို စာသင်ကျောင်းပို့မယ်လို့ အဖွားနှစ်ယောက်လုံးက ဆိုပါတယ်။ ဒါပေမဲ့ ကလေးငယ်နှစ်ဦးရဲ့ ရှေ့အနာဂတ်ကတော့ မသေချာ၊ မရေရာမှုတွေ ပြည့်နှက်နေဆဲဖြစ်ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.