Longtime democracy activist and chair of the Democratic Party for a New Society U Aung Moe Zaw stands before a party signboard. (Mar Naw | Frontier)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးအောင်မိုးဇော်ကို ပါတီဌာနချုပ်တွင် မြင်တွေ့ရစဉ်။ (နော်ဘတ်တီဟန် | ဖရွန်းတီးယားမြန်မာ)

နိုင်ငံရေးခရီးလမ်း မမောမပန်း ဆက်လျှောက်မဲ့သူ

နှစ်ပေါင်းများစွာ နိုင်ငံရေးကြောင့် ပြည်ဝင်ခွင့်ပိတ်ပင်ခံရတဲ့ တက်ကြွလှုပ်ရှားသူနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအပေါ် စိတ်ပျက်မိတယ်လို့ဆိုပါတယ်။

နော်ဘတ်တီဟန် ရေးသားသည်။

ယခင် ပြည်ပမှာ၂၂နှစ်ကြာ ပြည်ဝင်ခွင့်ပိတ်ပင်ခံခဲ့ရတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်ဟာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)အစိုးရရဲ့ နိုင်ငံအုပ်ချုပ်မှုပုံစံကို စိတ်ပျက်လို့နေပါတယ်။

အသက် ၅၃နှစ်ရှိပြီဖြစ်တဲ့ ဦးအောင်မိုးဇော်ဟာ သူ့ဘဝတစ်လျှောက်လုံးကို မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတိုက်ပွဲတွေမှာ ပါဝင်ရင်းအချိန်ကုန်ခဲ့သူပါ။ ပြည်ဝင်ခွင့်၂၂နှစ်ကြာ ပိတ်ပင်ခံခဲ့ရပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ  ပြည်ပရောက်နိုင်ငံရေးသမားတွေကို တိုင်းပြည်ရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာပါဝင်ဖို့ဖိတ်ကြားမှုနဲ့အတူ ၂၀၁၁မှာ မိခင်တိုင်းပြည်ကို ပြန်လည်ခြေချနိုင်ခဲ့ပါတယ်။ 

တက်ကြွလှုပ်ရှားသူ ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးအောင်မိုးဇော်ဟာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေကြောင့် ဒီနှစ်နိုဝင်ဘာမှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁၂၀(ဂ)အရ နိုင်ငံရေးပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်လိုသူဟာ ရွေးကောက်ပွဲကာလမတိုင်ခင်မှာ မြန်မာနိုင်ငံအတွင်း တစ်ဆက်တည်း ဆယ်နှစ်နေထိုင်ပြီးသူဖြစ်ရမယ်လို့ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

ဦးအောင်မိုးဇော်ဟာ ၂၀၁၁၊ စက်တင်ဘာမှာတော့ မြန်မာနိုင်ငံကို ခေတ္တပြန်လာခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစိုးရခေါင်းဆောင် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(လူ့ဘောင်သစ်ပါတီဟု အတိုကောက်သုံးစွဲသွားမည်ဖြစ်သည်)ကို တရားဝင်မှတ်ပုံတင်ဖို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ လူ့ဘောင်သစ်ပါတီကို ၁၉၉၀ပြည်နှစ်ရွေးကောက်ပွဲအပြီးမှာ စစ်အစိုးရက မတရားအသင်းအဖြစ် ကြေညာခဲ့ပြီး နိုင်ငံရေးပါတီအဖြစ်ကလည်း ဖျက်သိမ်းခံခဲ့ရတာပါ။

“မြန်မာပြည်ကို ပထမဆုံးအကြိမ်ပြန်လာပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တရားဝင်နိုင်ငံရေးပါတီအနေနဲ့ ပြန်လည်မှတ်ပုံတင်ရတော့မယ်ဆိုတော့ အရမ်းစိတ်လှုပ်ရှားခဲ့တယ်”လို့ သြဂုတ်လအတွင်းက ပုဇွန်တောင်မြို့နယ်၊ ပါတီဌာနချုပ်မှာပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဦးအောင်မိုးဇော်ကပြောပါတယ်။ 

ပါတီကိုတရားဝင်ပြန်လည်ရပ်တည်နိုင်ဖို့ ဦးအောင်မိုးဇော်နဲ့ လူ့ဘောင်သစ်ပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဟာ အစိုးရတာဝန်ရှိသူတွေနဲ့  ၂၀၁၂၊ ဖေဖော်ဝါရီကနေ ဒီဇင်ဘာအတွင်း ခြောက်ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ရပါတယ်။ အဲဒီကာလတွေမှာ ပြည်ခိုင်ဖြိုးအစိုးရဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ယုံကြည်မှုတည်ဆောက်မှုစတင်ဆဲကာလလည်းဖြစ်ပါတယ်။

ဦးသိန်းစိန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာ၊ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တာ၊သတင်းစာဂျာနယ်တွေအပါအဝင် စာပေထုတ်ဝေရေးလုပ်ငန်းတွေမှာ ဆင်ဆာဖြတ်တောက်တဲ့ စနစ်တွေကိုရုတ်သိမ်းပေးပြီး သူ့ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်နေတဲ့ကာလလည်းဖြစ်ပါတယ်။

“၈၈၈၈အရေးတော်ပုံ ၂၅နှစ်ပြည့်အထိမ်းအမှတ်နေ့ဖြစ်တဲ့ ၂၀၁၃၊ သြဂုတ်၈ရက်မှာ ကျွန်တော်တို့အားလုံး မြန်မာပြည်ကိုအပြီးပြန်လာခဲ့ကြတယ်”လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

ဦးအောင်မိုးဇော်ရဲ့ နိုင်ငံရေးဖြစ်တည်မှုကို ပြန်ပြောင်းပြောပြတဲ့အခါ သူဟာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ဒီမိုကရေစီလိုလားသူတစ်ဦးဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံရဲ့ လုပ်ငန်းတာဝန်တွေကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ခေါင်းဆောင်တစ်ချို့ ဦးဆောင်ပြီး ၁၉၈၈၊ အောက်တိုဘာ၁၄ရက်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုဖွဲ့စည်းလိုက်တာပါ။ ပါတီဝင်ပေါင်း ၂၅ဝ,ဝဝဝနဲ့ ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအချိန်က အင်န်အယ်လ်ဒီပြီးရင် ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်ခဲ့တယ်လို့ ဦးအောင်မိုးဇော်ကဆိုပါတယ်။

ဦးအောင်မိုးဇော်ရဲ့ နိုင်ငံရေးတက်ကြွစိတ်ဟာ ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာအထူးပြု ကျောင်းသားအနေနဲ့ တက်ရောက်နေဆဲအချိန်ကတည်းက စတင်နိုးကြားခဲ့တာပါ။ ဗိုလ်ချုပ်နေဝင်းအစိုးရဲ့ ၁၉၈၀ပြည့်နှစ် ငွေစက္ကူအရေးအခင်းမှာ စစ်အစိုးရရဲ့လုပ်ဆောင်မှုအပေါ် မကျေနပ်တဲ့စိတ်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ စတင်ပါဝင်ဖြစ်ခဲ့တာပါ။ တက္ကသိုလ်ကျောင်းသားနှစ်ဦးကို စစ်အစိုးရက သေနတ်နဲ့ပစ်သတ်ရာက တစ်စတစ်စ ကြီးထွားကျယ်ပြန့်လာခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ဆန္ဒပြပွဲတွေ၊ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ တစိုက်မတ်မတ်ပါဝင်ဖြစ်ခဲ့ပါတော့တယ်။

၁၉၈၈၊ စက်တင်ဘာ၁၈ရက်မှာ စစ်တပ်က တစ်ပါတီအာဏာရှင်စနစ်ကိုဖျက်သိမ်းပြီး တိုင်းပြည်ကို အာဏာသိမ်းခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုနှင့်တည်ဆောက်ရေးအဖွဲ့က ပါတီစုံရွေးကောက်ပွဲကို ၁၉၉ဝ၊ မေ၂၇ရက်မှာ ကျင်းပဖို့ ကတိပေးခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပေမဲ့ အင်န်အယ်လ်ဒီပါတီ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြုခဲ့ပါဘူး။ ဒါ့ပြင် အနိုင်ရနိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ နိုင်ငံရေးပါတီတွေကိုလည်း တရားဝင်ရပ်တည်ခွင့်ရုတ်သိမ်းပြီး ဖျက်သိမ်းတာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။

လူ့ဘောင်သစ်ပါတီအလုပ်အမှုဆောင်တွေအပါအဝင် ပါတီဝင် ၁,၅ဝဝကျော်ကိုလည်း စစ်အစိုးရက အကြောင်းမျိုးစုံပြပြီး ဖမ်းဆီးခဲ့ပါသေးတယ်။ ဒီလိုနိုင်ငံရေးအခြေအနေတွေကြောင့် ဦးအောင်မိုးဇော်နဲ့ပါတီဝင်တွေဟာ ရှမ်းပြည်နယ်ကတစ်ဆင့် ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် မာနယ်ပလောကိုတိမ်းရှောင်ခဲ့ကြရပါတယ်။

“မတရားအသင်းကြေညာခံရတဲ့ အခြေအနေထိရင်ဆိုင်ခဲ့ရပေမဲ့ ကျွန်တော်တို့ပါတီဝင်တွေဟာ ဇွဲမလျှော့ပဲ စစ်အာဏာရှင် စနစ်ဖယ်ရှားရေးလမ်းစဉ်ကို ပါတီရဲ့ အလံတော်အောက်မှာ ဆက်ပြီးတော့လုပ်ခဲ့ကြတယ်”လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။ 

၁၉၉၁၊ နိုဝင်ဘာမှာတော့ ပါတီဝင်တွေဟာ မာနယ်ပလောဌာနချုပ်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါတီပြန်လည်မွဲ့စည်းရာမှာ ပူးပေါင်းပါဝင်ခဲ့ကြပြီး စစ်အစိုးရကိုတော်လှန်ခဲ့ကြပါတယ်။

“အဲဒီတုန်းက ကေအင်န်ယူဥက္ကဋ္ဌက ဗိုလ်မြပေါ့။ အထွေထွေအတွင်းရေးမှူး စောဘသင်တို့စတဲ့ကရင်ခေါင်းဆောင်တွေက ကျနော်တို့ကိုကြိုဆိုတယ်။ သူတို့ဒေသမှာ ပါတီပြန်လည်ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ကို အများကြီး အကူအညီပေးခဲ့တယ်။ ပါတီဝင်တွေ ပြန်လည်စုစည်းပြီးတော့ မာနယ်ပလောမှာပဲ တည်ထောင်ဖို့ကြိုးစားခဲ့တယ်”လို့ ဦးအောင်မိုးဇော်ကပြောပါတယ်။

“အဲဒီကာလတုန်းက မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်တို့၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၊ တိုင်းရင်းသားအဖွဲ့တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတို့နဲ့ ပူးပေါင်းပြီးတော့ နိုင်ငံရေးလုပ်ငန်းတွေ တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖြစ်ခဲ့တယ်”လို့သူက ဆက်ပြောပါတယ်။

ဦးအောင်မိုးဇော်ဟာ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB)နဲ့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (FYCB)အဖွဲ့တွေ တည်ထောင်ရာမှာလည်း ပူးတွဲတည်ထောင်သူအဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါ့ပြင် မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ၂၀၀၁ကနေ၂၀၀၄အထိ တာဝန်ယူခဲ့ပါတယ်။ ပြည်ပရောက်တက်ကြွလှုပ်ရှားသူတွေ ဖွဲ့စည်းခဲ့တဲ့ စင်ပြိုင်အစိုးရ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း ၂၀၀၂ကနေ၂၀၀၄အထိ ပူးတွဲတာဝန်ယူခဲ့ပါသေးတယ်။

၂၀၁၁မှာ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်တဲ့အခါမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အစိုးရရဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ( MPC)ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ဦးအောင်မင်းနဲ့ အဖွဲ့ဝင်တွေဟာ ၂၀၁၂၊ ဇန်နဝါရီမှာ ထိုင်းမြန်မာနယ်စပ်က ကေအဲင်န်ယူဌာနချုပ်ကို အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက် လာရောက်ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ဦးအောင်မင်းဟာ ငြိမ်းချမ်းရေးခရီးစဉ်အတွင်း ဦးအောင်မိုးဇော်အပါအဝင် လူ့ဘောင်သစ်ပါတီဝင်တချို့နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး ပြည်တော်ပြန်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တစ်တပ်တစ်အားပါဝင်ဖို့ စတင်ဖိတ်ခေါ်ခဲ့ပါတယ်။ ဦးအောင်မင်းက ပါတီဝင်တွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ ပါတီမှတ်ပုံတင်ခွင့်တွေအတွက် ကူညီပေးမယ်လို့ ကတိပေးပါတယ်။ 

မြန်မာပြည်ပြန်လာပြီးနောက်  ဦးအောင်မိုးဇော်တစ်ယောက် သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားပြန်လည်ရရှိဖို့ တစ်နှစ်လောက်စောင့်ဆိုင်းခဲ့ရပြီး ၂၀၁၄ရောက်မှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တရားဝင်မှတ်ပုံတင်နိုင်ခဲ့ပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ နှစ်ပေါင်းများစွာပါဝင်ခဲ့သူဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံရင့်သူဖြစ်တဲ့ ဦးအောင်မိုးဇော်က လက်ရှိအင်န်အယ်လ်ဒီအစိုးရရဲ့ လုပ်ဆောင်မှုတွေအပေါ်မ အားမရဘူး၊ ကျေနပ်မှုမရှိဘူးလို့ဆိုပါတယ်။ အထူးသဖြင့် ၁၉၉၀ပြည့်နှစ်ကာလတွေကတည်းက အင်န်အယ်လ်ဒီနဲ့ အတူလက်တွဲပြီး တောက်လျှောက်ပါဝင်ခဲ့တဲ့ မဟာမိတ်တွေ၊ ရဲဘော်ရဲဘက်တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ ကျောင်းသားတွေကို ပုဂ္ဂိုလ်ရေးအရ အဆက်အဆံရှိကောင်းရှိနိုင်ပေမဲ့ နိုင်ငံရေးအရပတ်သက်မှု၊ နေရာပေးမှုအားနည်းတဲ့အပေါ် ဘဝင်မကျဖြစ်မိတယ်လို့ သူကပြောပါတယ်။

“လွန်ခဲ့တဲ့ ငါးနှစ်က သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုကြည့်ရတာ သူတို့တတ်နိုင်သလောက်ကြိုးစားတယ်။ ဒါပေမဲ့ အားမရသေးဘူး။ ကျနော်တို့တိုင်းပြည်ရဲ့ပြဿနာက စစ်အာဏာရှင် စနစ်ပြဿနာ၊ ပြည်တွင်းစစ်ပြဿနာတွေ ကြုံခဲ့ရတာ နှစ်ပေါင်း ၇ဝကျော်ရှိပြီလေ။ အထွေထွေ ပြဿနာတွေကလည်းများတော့ အဲဒါတွေကို လေးငါးနှစ်နဲ့ဖြေရှင်းဖို့ခက်တာပေါ့။ ဒါပေမဲ့ သူတို့ ထူးထူးခြားခြားစွမ်းဆောင်ချက်တွေကို မပြနိုင်ဘူးလို့ ကျနော်ယူဆတယ်”လို့ ဦးအောင်မိုးဇော်ကပြောပါတယ်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ငြိမ်းချမ်းရေးညှိနှိုင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်ရှိခဲ့ပေမဲ့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ ထင်သလောက်တိုးတက်မှုမရှိခဲ့ဘူးလို့ သူကသုံးသပ်ပါတယ်။ 

“အစိုးရကိုပိုရွေ့အောင်တိုက်တွန်းဖို့က သူတို့က နိုင်ငံရေးမဟာမိတ်တွေနဲ့ ခိုင်ခိုင်မာမာ ပြန်လက်တွဲဖို့လိုတယ်။ အခုသူတို့ဖော်ဆောင်နေတဲ့ နိုင်ငံရေးသဘောထားက အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ဆိုလိုက်ရင် (စစ်)တပ်နဲ့ပြေလည်ရေးကိုပဲ ဦးစားပေးလွန်းတယ်။ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာဆိုရင် တိုင်းရင်းသားအင်အားစုတွေနဲ့ ပြေလည်ရေး၊ သင့်မြတ်ရေးထက် တပ်ကိုပဲစောင်းပေးတော့ အခက်အခဲတွေတွေ့ပြီး ငြိမ်းချမ်းရေးပြဿနာကို တစ်စုံတစ်ရာရှေ့ရောက်အောင်မလုပ်နိုင်ခဲ့ဘူး”လို့ သူကပြောပါတယ်။

ဘယ်လိုပဲအားရကျေနပ်မှု မရှိပါစေ၊ လာမဲ့ရွေးကောက်ပွဲမှာလည်း အင်န်အယ်လ်ဒီကသာ နေရာအများစု အနိုင်ရဖွယ်ရှိနေဆဲပဲလို့ သူကပြောပါတယ်။ 

“ပါတီတွေများလာတော့ အင်န်အယ်လ်ဒီက မဲရနိုင်ခြေနည်းသွားတာရှိတယ်။ သို့ပေမဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့ အရေအတွက်ကိုတော့ ထိခိုက်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ သူတို့ကို ဝေဖန်တာက ပညာတတ်အသိုင်းအဝိုင်းမှာပဲရှိတယ်။ အောက်ခြေမှာတော့ သူတို့ကိုထောက်ခံတုန်းပဲ။ ၂၀၁၅ကလိုတော့ အပြတ်အသတ် အနိုင်မရနိုင်ဘူး။ မျက်နှာသစ် နိုင်ငံရေးသမားတွေ တက်လာလိမ့်မယ်ထင်တယ်”လို့  ဦးအောင်မိုးဇော်က သုံးသပ်ပါတယ်။ 

လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရပါတီရဲ့ လက်အောက်ခံအဖွဲ့အစည်းလိုဖြစ်နေတဲ့အပေါ်မှာလည်း ဘဝင်မကျဖြစ်မိတယ်လို့ သူကပြောပါတယ်။ နိုဝင်ဘာ၈ရက်မှာပြုလုပ်မဲ့ အထွေထွေရွေးကောက်ပွဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း၁၆ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ကိုယ်စားလောင်းတွေထဲမှာ မွတ်စလင် ကိုယ်စားလှယ်သုံးဦးပါဝင်ပြီး ကိုယ်စားလှယ်လောင်းတွေကို အသက်အရွယ်၊ အရည်အချင်းနဲ့ စိတ်အားထက်သန်မှုတွေအပေါ်မှာ အခြေခံပြီးဦးစားပေးရွေးချယ်ခဲ့တာလို့ သူကဆိုပါတယ်။ လူမျိုးဘာသာမခွဲခြားဘဲ အားလုံးပူးပေါင်းပြီး  ပါတီရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီအရေးကို တွန်းတိုက်လုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို့ဦးအောင်မိုးဇော်ပြောပါတယ်။

“ဒီမိုကရေစီလမ်းကြောင်းကို သွားတဲ့နေရာမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ နောက်မှာချန်ခဲ့လို့မရဘူး။ အလုပ်သမားပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ် မည်သူမဆို၊ လူတိုင်းမှာ တူညီတဲ့အခွင့်အရေးတွေ ရဖို့ထိုက်တန်တယ်လို့ ကျနော်ယုံကြည်တယ်။ ဒီအတွက်ကြောင့်လည်း ၁၉၈၈ကနေ တိုက်ပွဲဝင်ခဲ့တာ။ ယနေထိ ကျနော်ရှေ့ဆက်လုပ်ဆောင်နေတုန်းပဲ”လို့ ဦးအောင်မိုးဇော်က အလေးအနက်ပြောပါတယ်။ 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.