လူသိနည်းသေးသည့် ထူးခြားသောအမျိုးသမီးများ

မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် အရေးပါသောအခန်းမှ ပါဝင်နေသော်လည်း နောက်တန်း၌သာ ရှိနေတတ်သည်။ နှိမ့်ချတတ်သော စိတ်ဓာတ်ရှိသော်လည်း သာမန်ထက်ထူးချွန်သော အမျိုးသမီးများအကြောင်း စာအုပ်နှစ်အုပ်တွင် မီးမောင်းထိုးပြထားသည်။

အီဗာ ဟီရ်ရှီ ရေးသားသည်။

မြန်မာနိုင်ငံ၌ အထင်ရှားဆုံးပုဂ္ဂိလ်မှာ အမျိုးသမီးတစ်ဦးဖြစ်သည်ဟုဆိုနိုင်သည်။ ထိုပုဂ္ဂိုလ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ သို့သော် လူ့အဖွဲ့အစည်းတွင် ယောကျ်ားများက လွှမ်းမိုးထားသောနေရာများကို နေရာတိုင်း၌ တွေ့မြင်နိုင်သည်။

လွှတ်တော်နှစ်ရပ်မှ ပြည်သူ့ကိုယ်စားလှယ်နေရာများအနက် ၁၃ ရာခိုင်နှုန်း၊ ရဲတပ်ဖွဲ့နေရာများ၏ ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေရာများ၏ သုည ဒသမ ၁ ရာခိုင်နှုန်းကိုသာ အမျိုးသမီးများက ရယူထားနိုင်သည်။ အသက် ၁၅ နှစ်မှ ၆၄ နှစ်အထိရှိသော အလုပ်သမားအင်အားစုတွင် အမျိုးသားများအတွက် ၈၅ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမျိုးသမီးများအတွက် ၅၀ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။ နိုင်ငံ့လူဦးရေ ၂၆ ဒသမ ၆ သန်းရှိသော အမျိုးသမီးဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၅၁ ရာခိုင်နှုန်း ပါဝင်နေသဖြင့် အမျိုးသားများထက် အနည်းငယ်သာလွန်လျက်ရှိသည်။

မြန်မာလူ့အဖွဲ့အစည်းသည် ဖခင်လွှမ်းမိုးမှုအားကြီးသော အဖွဲ့အစည်းဖြစ်သော်လည်း ပြောင်းလဲမှုကို ဆောင်ရွက်ရန် မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝပြီး လူ့အသိုင်းအဝိုင်းတွင် စံနမူနာပြအဖြစ် ဆောင်ရွက်နေသည့် အမျိုးသမီးအများအပြား ထွက်ရှိလာသည်။

“တကယ်တော့ မြန်မာနိုင်ငံမှာ နေခဲ့တဲ့ကာလအတွင်း ကျွန်မတွေ့ရသူတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက အမျိုးသမီးတွေဖြစ်ပါတယ်။ အမျိုးသမီးတွေက ကမ္ဘာကြီးကိုပြောင်းလဲဖို့ သူတို့နည်း သူတို့ဟန်နဲ့ ကြိုးစားနေသူတွေပါ။ ဒါပေမဲ့ သူတို့အကြောင်းကို ဘယ်သူကမှ အရေးတယူမပြောကြပါဘူး” ဟု The Other Ladies of Myanmar ဟုခေါ်သော စာအုပ်ကိုထုတ်ဝေသူ ဗြိတိသျှ အလွတ်တန်းဂျာနယ်လစ် မစ္စ ဂျနီဖာ ရစ်ဂ်ဘီကပြောသည်။

“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်တင်မဟုတ်ဘူး၊ တန်ခိုးသြဇာကြီးမားတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မပြချင်တယ်” ဟု ၂၀၁၅ မှ ၂၀၁၆ နှစ်အထိ မြန်မာနိုင်ငံ၌နေသွားသော ရစ်ဂ်ဘီကပြောသည်။

သူ၏စာအုပ်တွင် ဘဝတလျှောက်လုံး မြန်မာနိုင်ငံ၌နေသွားသည့် ဘဝနောက်ခံအမျိုးမျိုးမှ အမျိုးသမီး ၁၂ ဦးအကြောင်း ဖော်ပြထားသည်။ သူတို့ထဲတွင် ပေါ့ပ်စတား၊ ကျား-မတန်းတူ အခွင့်အရေးရရှိရေးဝါဒီ ဗုဒ္ဓဘာသာသီလရှင်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ဘဲမွေးမြူသူနှင့် မြန်မာ့တော်ဝင်မျိုးဆက်သွေး စသူတို့ ပါဝင်သည်။

ယုံမှားသံသယမရှိသော ကျား-မတန်းတူ အခွင့်အရေးရရှိရေးဝါဒီများ

“ကျွန်မက တစ်ယောက်ချင်းစီနဲ့ ရက်အနည်းငယ်အတူနေပြီး သူတို့အကြောင်း ကျွန်မကိုပြောခိုင်းပါတယ်။ သူတို့အားလုံး တူညီတဲ့အချက်က အလွန်ကိုနှိမ့်ချတတ်ကြတာပဲ။ သူတို့ ထူးထူးခြားခြား ဆောင်ရွက်နေတယ်၊ စာတစ်စောင် ပေတစ်ဖွဲ့ရေးလောက်အောင် စိတ်ဝင်စားစရာကောင်းတယ်လို့ သူတို့ကိုယ်သူတို့ မယူဆကြပါဘူး” ဟု သူက Frontier ကိုပြောသည်။

တွေ့ဆုံမေးမြန်းခဲ့သူများနှင့်ပတ်သက်၍ ရစ်ဂဘီ အံ့သြစရာကြုံခဲ့သည့်အချက်မှာ အများစုက သူတို့ကိုယ်သူတို့ Feminists ဟုခေါ်သော ကျား-မတန်းတူ အခွင့်အရေးရရှိရေးဝါဒီများအဖြစ် ခံယူမထားခြင်းပင်ဖြစ်သည်။

“ဒီခံယူချက်နဲ့သူတို့ကိုယ်သူတို့ မသတ်မှတ်ပါဘူး။ အမျိုးသားတွေရဲ့နေရာကိုဝင်ယူဖို့ သူတို့အတွက် မလိုအပ်ပါဘူး၊ ဒါပေမဲ့ ကျွန်မအတွက်တော့ သူတို့ဟာ သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်နေကြတဲ့ ကျား-မတန်းတူ အခွင့်အရေးရရှိရေးဝါဒီတွေပါပဲ” ဟု သူကပြောသည်။

ရန်ကုန်ရောက် ဗြိတိသျှစာရေးဆရာနှင့် ဂျာနယ်လစ် မစ္စဂျနီဖာရစ်ဂ်ဘီ။ ဓာတ်ပုံ - ပံ့ပိုး

ရန်ကုန်ရောက် ဗြိတိသျှစာရေးဆရာနှင့် ဂျာနယ်လစ် မစ္စဂျနီဖာရစ်ဂ်ဘီ။ ဓာတ်ပုံ – ပံ့ပိုး

အင်္ဂလိပ်လိုရေးထားသော ယင်းစာအုပ်ကို နိုင်ငံခြားသားများဖတ်ရန်သာ မဟုတ်ကြောင်း သူကဆိုသည်။

“ဒီစာအုပ်ကို မြန်မာလိုပါ ဘာသာပြန်ချင်ပါတယ်” ဟု သူကပြောသည်။

စာအုပ်က အဓိကပေးလိုသော သတင်းစကားမှာ ကမ္ဘာ့အတိုင်းအတာနှင့်ဖြစ်သည်ဟု  ရစ်ဂ်ဘီက ယုံကြည်သည်။ မြန်မာအမျိုးသမီးများမှာလည်း ကမ္ဘာတလွှားရှိ အမျိုးသမီးများနည်းတူ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ရုန်းကန်နေရကြောင်း တွေ့ဆုံမေးမြန်းခန်း ဆောင်ရွက်နေစဉ်ကာလအတွင်း ရစ်ဂ်ဘီ သိမြင်လာသည်။ စံနမူနာအဖြစ် သူက ပေါ့ပ်စတား အမွန်းကိုပြသည်။

“သူပဲ မန်နေဂျာ၊ သူပဲ အလုပ်ရှင်သူဌေး ဖြစ်နေပါတယ်။ တခါတလေတော့ လူတွေက သူ့ကို ‘ဘောစိ’ လို့ ခေါ်ကြတယ်။ ဒါပေမဲ့ စီမံခန့်ခွဲတဲ့နေရာမှာ ဆောင်ရွက်နေတဲ့ ကမ္ဘာတစ်လွှားက အမျိုးသမီးတိုင်း ကြုံတွေ့ရမယ့်အဖြစ်မျိုးပဲ နေမှာပါလ့ို သူကပြောပါတယ်။ သူတို့ကို ထိုင်ခိုင်းပြီးတော့ သူတို့ကို တာဝန်မယူခိုင်းသင့်ပါဘူး။ ဟုတ်ပါတယ်။ ကျွန်မတို့ အနောက်တိုင်းလူ့အဖွဲ့အစည်းကို ကြည့်ရင်လည်း အလားတူပြဿနာမျိုး ရှိပါတယ်။ အမျိုးသမီးတွေက လူ့အဖွဲ့အစည်းကို ဦးဆောင်ဖို့ကြိုးပမ်းရင် ဒါဟာ ထိုးနှက်တိုက်ခိုက်မှု ရှိလာတာပဲ။ အမေရိကန်မှာဆိုရင် ဟီလာရီကလင်တန်က နမူနာတစ်ခုပါ။ အရာရာပြည့်စုံနေပေမဲ့  သူအရွေးမခံခဲ့ရပါဘူး” ဟု ရစ်ဂ်ဘီကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး နောက်နှစ် နှစ်ဦးပိုင်းမှာ နှစ် ၅၀ ကျော်အတွင်း မြန်မာနိုင်ငံမှာ ယုံကြည်ထိုက်တဲ့ ပထမဆုံး ရွေးကောက်ခံအစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ ရစ်ဂ်ဘီက သူ့စာအုပ်ကို စတင်ရေးခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ဘယ်သူလဲဆိုတာကို တကမ္ဘာလုံးကသိပါတယ်။ သူက မျှော်လင့်ချက်ရဲ့သင်္ကေတပဲ” ဟု “ဂုဏ်သရေရှိအမျိုးသမီး ” “The Lady” က ကမ္ဘာကြီးတစ်ခုလုံးနှင့်အတူ ပြောင်းလဲမှုကို ဖြစ်စေခဲ့သည်ဟူသော သူ၏ခံယူချက်ကို ထုတ်ဖော်ရင်း ရစ်ဂ်ဘီကပြောသည်။

“နှောက်ယှက်ဖျက်ဆီးမှုများက အစပြုပြီး လူမျိုးရေးရှင်းလင်းမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုလောက်အထိ ဖော်ပြထားသော ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများအကြောင်း ဗြိတိန်ကိုပြန်ရောက်ပြီး တွေ့ရသောအခါ တမျိုးတဖုံကွဲပြားသော ခံစားမှုကို သူခံစားမိ”ကြောင်း ရစ်ဂ်ဘီက သူ၏စာအုပ်သုံးသပ်ချက်တွင် ဖော်ပြထားသည်။

“အခုအချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ အများစုက သူတို့ခေါင်းဆောင်အပေါ် မျှော်လင့်ချက်ထားကြတုန်းဖြစ်ပေမဲ့ ကျွန်မကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်ချက်ထားဖို့ ခက်ခဲနေပါတယ်။ ဒီအစား ကျွန်မအဖို့ ဒီစာအုပ်မှာပါတဲ့ အမျိုးသမီးတွေဆီက မျှော်လင့်ချက်ထားနိုင်လိမ့်မယ်၊ ရှင်တို့ကလည်း ဒီသဘောထားကို လက်ခံနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု သူကဆိုသည်။

‘သူတို့အကြောင်းတွေက ကျွန်မကိုကိုင်လှုပ်ခဲ့ပါတယ်’

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ရန်ကုန်၌ အမျိုးသမီးအဖွဲ့အစည်းတစ်ခု တည်ထောင်ရန်စီစဉ်သူ အမေရိကန်ပြည်ထောင်စုမှ ကျားမခွဲခြားရေးမူဝါဒ ကျွမ်းကျင်သူနှင့် စာရေးဆရာမ မစ္စ အယ်လစ်ဆင် ကူးရိုသည် မြန်မာအမျိုးသမီးများကို လွန်စွာလေးစားသူဖြစ်သည်။

typeof=

“မယုံကြည်နိုင်လောက်အောင် စိတ်ဓာတ်ကြံ့ခိုင်တဲ့ ဒီအမျိုးသမီးအားလုံးကို ကျွန်မတွေ့ခဲ့ပါတယ်။ သူတို့အားလုံးက ကျွန်မရဲ့စိတ်ကို လှုပ်ရှားစေခဲ့ပါတယ်” ဟု ကူးရိုကပြောသည်။

“အများစုမှာက အခွင့်အလမ်းနည်းပါးနေပြီး အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးတွေက ဒီအခက်အခဲတွေရဲ့ဟန့်တားမှုကို တွန်းလှန်ခဲ့ကြပါတယ်။ သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်းတွေမှာ အပြောင်းအလဲတွေဖြစ်ဖို့ သူတို့ရနိုင်သမျှကို အသုံးပြုခဲ့ကြပါတယ်။ သူတို့အကြောင်းတွေက ကျွန်မကို တုန်လှုပ်စေခဲ့ပါတယ်။ အခုချိန်ထိလည်း ကျွန်မကို ကိုင်လှုပ်နေဆဲပါပဲ” ဟု ကူးရိုက Frontier ကိုပြောသည်။

သူ ကြားခဲ့ရသော အကြောင်းအရာများအနက် အများစုမှာ တိမ်မြုပ်နေသည်များဖြစ်ကြောင်း သူသိခဲ့ရသည်။

“နိုင်ငံရေးအဆက်အသွယ်မရှိတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ယောက်က မြန်မာနိုင်ငံသမိုင်းမှာ အကြီးမားဆုံး ဆန္ဒပြပွဲကြီးကို စည်းရုံးဆောင်ရွက်ခဲ့တာက ကျွန်မတို့ ဘယ်တုန်းကမှ မကြားဖူးတဲ့ အကြောင်းအရာဖြစ်ပါတယ်။ သူ့အရပ်ထဲက လယ်ယာမြေပိုင်ခွင့်ကို ကာကွယ်တဲ့ ရှေ့နေရှေ့ရပ်တစ်ယောက် ဖြစ်လာတဲ့ အမျိုးသမီးတစ်ဦးရဲ့ဇာတ်လမ်းလည်း ရှိပါသေးတယ်” ဟု ကူးရိုက ပြောသည်။

ရစ်ဂ်ဘီက သာမန်ပရိသတ်အတွက်ရေးပြီး ကူးရိုက ကလေးများအတွက်ရေးသည်။ သူရေးသော မြန်မာနိုင်ငံမှ မိန်းကလေးများ၏ စွမ်းအား Girl Power in Myanmar တွင် နောက်ခံအမျိုးမျိုးမှ အမျိုးသမီး ၁၄ ဦး၏ အကြောင်းများကို ရေးထားခြင်းဖြစ်သည်။ အမျိုးသမီးအချို့မှာ မွန်ဘုရင်မကြီး ရှင်စောပု၊ မယ်တော်ဆေးပေးခန်း တည်ထောင်သူနှင့် ဆစ်ဒနီငြိမ်းချမ်းရေးဆုရရှိသူ ဒေါက်တာစင်သီယာမောင်နှင့် အစိုးရနှင့်သဘောထားကွဲလွဲသူ ဂျာနယ်လစ် လူထုဒေါ်အမာတို့ကဲ့သို့ ထင်ရှားသူများ ပါဝင်သည်။ အခြားသူများမှာ စည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်ရန်ငြင်းဆန်ပြီး ထူးထူးခြားခြားကိစ္စများကို ဆောင်ရွက်လိုကြသောသာမန်အမျိုးသမီးများသာဖြစ်ကြောင်း ကူးရိုကပြောသည်။

“ဇာတ်ကြောင်းတစ်ပုဒ်တိုင်းကို ကလေးတွေနဲ့နီးစပ်မှုရှိအောင် ကျွန်မ အတတ်နိုင်ဆုံးကြိုးစားပါတယ်။ ကျွန်မက စိတ်အားထက်သန်မှု၊ ကျွမ်းကျင်မှု၊ စွမ်းအားရင်းမြစ်နဲ့ ယုံကြည်မှုတွေ ထူးထူးခြားခြားရှိတဲ့ အမျိုးသမီးတွေအကြောင်းရေးဖို့ ကျွန်မ ကြိုးစားပါတယ်” ဟု ကူးရိုကပြောသည်။

“အမျိုးသမီးတွေအားလုံးမှာ တူညီတဲ့အချက်ကတော့ သူတို့အားလုံး ရဲရင့်ကြတာပါပဲ။ သူတို့မှာ ငွေကြေးမရှိ၊ ဒါမှမဟုတ် အထက်တန်းကျောင်း မတက်ဖူးတာတောင်မှ သူတို့တတ်စွမ်းသလောက် ဆောင်ရွက်ရတာကို အကြောက်အလန့် မရှိခဲ့ကြပါဘူး” ဟု သူကပြောသည်။

ကူးရိုက သူ့စာအုပ်ထဲမှ အမျိုးသမီးရှစ်ဦးနှင့်၂၀၀၈ ခုနှစ်က အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့သော လူထုဒေါ်အမာ၏ သမီးတို့ကို တွေ့ဆုံမေးမြန်းခဲ့သည်။ သူတို့၏ အကြီးမားဆုံး စွမ်းဆောင်ရည်များကိုသာမက သူတို့ငယ်စဉ်ဘဝ အကြောင်းအရာများကိုလည်း မေးမြန်းခဲ့သည်။

“ဒီအမျိုးသမီးတွေ သူတို့ဘဝတလျှောက်လုံး ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ကျရှုံးမှုတွေအကြောင်း၊ ဒီလိုအခက်အခဲတွေက သူတို့ကြံ့ခိုင်လာအောင် ဘယ်လိုလုပ်ပေးခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်မ မေးမြန်းခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာပါတဲ့ အမျိုးသမီးကြီးတွေကို ကလေးတွေက နမူနာယူ စံထားတတ်ကြဖို့၊ သူတို့မှာလည်း အစွမ်းသတ္တိတွေ ရှိတယ်ဆိုတာကို လေ့လာသင်ယူနိုင်ဖို့နဲ့ သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်းအပေါ် သူတို့လည်းပဲ ဂယက်ရိုက်ခတ်အောင် ဆောင်ရွက်နိုင်စွမ်းရှိတယ်ဆိုတာ သိမြင်ဖို့က ကျွန်မအတွက် အရေးကြီးပါတယ်” ဟု သူကပြောသည်။

စာအုပ်မှာ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေပြီး အဖွဲ့လိုက်ကြိုးပမ်းဆောင်ရွက်ချက်ဖြစ်သည်။ ကူးရိုသည် မြန်မာနိုင်ငံတွင် ပထမဆုံး ကျား-မတန်းတူရေးမဂ္ဂဇင်း Rainfall ၏ အယ်ဒီတာ၊ အင်္ဂလိပ်မှ မြန်မာဘာသာသို့ပြန်ပေးသည့် မဖြိုးလက်ဟန်နှင့် လက်တွဲဆောင်ရွက်ခဲ့ပြီး အမျိုးသမီး ပန်းချီဆရာငါးဦးက သရုပ်ဖော်ပုံများ ရေးဆွဲပေးသည်။

သမိုင်းမှတ်တမ်းကို တည့်မတ်ပေးခြင်း

စာအုပ်နှစ်အုပ်ကို တပြိုင်နက်တည်း ထုတ်ဝေခြင်းက တိုက်ဆိုင်မှုသာဖြစ်ကြောင်း ကူးရိုကပြောသည်။

“ကလေးတွေအတွက် စာအုပ်ထုတ်ဖို့ ကျွန်မလုပ်နေတဲ့အချိန်မှာ ဂျနီဖာ ရစ်ဂ်ဘီရဲ့စာအုပ်အစီအစဉ်အကြောင်း ကြားတော့ကြားဖူးလိုက်ပါတယ်” ဟု သူကပြောသည်။

မစ္စအလစ်ဆန်ကူးရိုနှင့်အတူ တွေ့ရသည့် ပူးတွဲရေးသားသူနှင့် ဘာသာပြန်သူ မပျိုးလက်ဟန်။ ဓာတ်ပုံ - ပံ့ပိုး

မစ္စအလစ်ဆန်ကူးရိုနှင့်အတူ တွေ့ရသည့် ပူးတွဲရေးသားသူနှင့် ဘာသာပြန်သူ မပျိုးလက်ဟန်။ ဓာတ်ပုံ – ပံ့ပိုး

သူတို့ရဲ့သီးခြားအစီအစဉ်တွေအကြောင်း နှစ်ဖက်မိတ်ဆွေများထံမှသိကြပြီး လူချင်းမတွေ့ဖူးကြသော်လည်း စာအုပ်များအတွက် သုတေသနလုပ်နေချိန်၌ အဆက်အသွယ်ရှိခဲ့ကြသည်။

“ကျွန်မတို့စာအုပ်တွေရဲ့ ဦးတည်တဲ့စာဖတ်ပရိသတ် မတူတဲ့အတွက် တစ်ခုနဲ့တစ်ခု ဖြည့်ဆည်းပေးသွားလိမ့်မယ်လို့ ကျွန်မထင်ပါတယ်,”ဟု ကူးရိုကပြောသည်။

သူတို့စာအုပ်များပါ အကြောင်းအရာများက နိုင်ငံ့သမိုင်းမှတ်တမ်းကို မှန်ကန်အောင် တည့်မတ်ပေးလိမ့်မည်ဟု စာရေးသူတို့က ရှုမြင်ထားကြသည်။

“စစ်အစိုးရလက်အောက်က ဘဝအခြေအနေတွေအကြောင်း အသက်ကြီးတဲ့ အမျိုးသမီးတွေကို မေးတဲ့အပြင် အက်စစ်နဲ့အပက်ခံရပေမဲ့မသေဘဲ တရားစွဲနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေထဲမှာ အလွန်ထူးခြားတဲ့ အမျိုးသမီးတစ်ဦးကိုလည်း ကျွန်မ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီအမျိုးသမီးတွေအကြောင်း ဖော်ပြပြီး နိုင်ငံရဲ့ သမိုင်းကြောင်းကို ကျွန်မ ပြောပြလိုရင်းဖြစ်ပါတယ်” ဟု ရစ်ဂ်ဘီကပြောသည်။

သူတို့ဘဝကိုပြောပြသော အမျိုးသမီးအများစုမှာ ထင်ရှားသူများဖြစ်ကြောင်း ကူးရိုကဆိုသည်။

“ကျွန်မရည်ရွယ်ချက်က ဒေသငယ်လေး တစ်ခုအတွင်းကဇာတ်ကြောင်းတွေ၊ ခေါင်းဆောင်မှုနယ်ပယ်က စိန်ခေါ်နေတဲ့ စံနှုန်းတွေကိုပြသပြီး တချိန်ကလူငယ်လေးတွေမျှသာဖြစ်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့အဖြစ်ကို ကိုယ်တိုင်သိမြင်လာတဲ့ အခွင့်အလမ်းမျိုးရအောင် လူငယ်လူရွယ်တွေကို ချပြချင်တာပါ” ဟု သူကဆိုသည်။

***

မြန်မာနိုင်ငံမှ အခြားဂုဏ်သရေရှိ အမျိုးသမီးများ The Other Ladies of Myanmar စာအုပ်ကို Amazon တွင်ရနိုင်သည်။ ယင်းစာအုပ်ကို အမှတ် ၅၅၊ ဗဟိုလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့ Myanmar Book Centre တွင် ရောင်းချလျက်ရှိသည်။

Girl Power in Myanmar စာအုပ်ကို ရန်ကုန်မြို့တွင် ယခုနှစ်ကုန်၌ ပုံနှိပ်ထုတ်ဝေမည်ဖြစ်ပြီး ဖွင့်ပွဲအတွက် မြန်မာနိုင်ငံသို့ ကူးရိုပြန်လာမည်ဖြစ်သည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.