လူမှုကွန်ရက်မှာ သြဇာလွှမ်းမိုး ကျော်ကြားသူတွေ ဖြစ်လာပြီဆိုရင် …

လူမှုကွန်ရက်ဖြစ်သည့် Facebook ပေါ်တွင် ကျော်ကြားကာ သြဇာလွှမ်းမိုးသူများက ၎င်းတို့ ရရှိထားသည့် Likes များ၊ Comments များ၊ Share များအား ငွေကြေးအဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိကြသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဤဆောင်းပါးကို ရေးသားနေချိန်တွင် မဝင်းမင်းသန်း၏ Facebook စာမျက်နှာအား Follow လုပ်ထားသူ ၃၇၆,၂၈၈ ဦးရှိနေပြီ ဖြစ်သည်။

လွန်ခဲ့သော်လေးနှစ်က ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ဖက်ရှင်လုပ်ငန်းတွင် လုပ်ကိုင်နေစဉ်ကတည်းက မြန်မာနိုင်ငံသို့ ပြန်လာကာ Facebook တွင် စာမျက်နှာတစ်ခု ဖန်တီးပြီး နာမည်ရရှိအောင် လုပ်ဆောင်ရန် ဆန္ဒရှိခဲ့သည်။ သို့သော် သူမ၏ Facebook စာမျက်နှာအား Follow လုပ်သူ ထိုသို့ များပြားလိမ့်မည်ကိုမူ မမျှော်လင့်ထားခဲ့ပေ။

“ဒီလောက် အများကြီး ရရှိလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး” ဟု မဝင်းမင်းသန်းက Frontier ကို ပြောသည်။

“ကျွန်မရဲ့အတွေးက လူတစ်ယောက်လောက်က ကျွန်မကို အလုပ်ပေးတယ်ဆို ဒီစာမျက်နှာကို ပိတ်လိုက်မယ်ပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ယခုတော့ မဝင်းမင်းသန်းသည် Facebook ဖြင့် အလုပ်လုပ်နေပြီ ဖြစ်သည်။ သူမ၏ Yangon In My Heart ဟု အမည်ရသော စာမျက်နှာတွင် အလှအပနှင့် ဘဝနေထိုင်မှုပုံစံနှင့် ပတ်သက်သည့် အကြံပေးချက်များကို ရေးသားလျှက်ရှိသည်။ ယခုအခါတွင် သူမသည် မြန်မာနိုင်ငံ၏ ထိပ်တန်း လူမှုကွန်ယက် ဩဇာလွှမ်းမိုးသူများ စာရင်းတွင် ပါဝင်နေပြီး ဈေးကွက်ရှာဖွေရေး လုပ်ငန်းများက ငွေကြေးပေးကာ သူမ၏ ဗီဒီယိုများ၊ Selfie များနှင့် Emoji များ ပါဝင်သော စာစုများတွင် ကြော်ငြာများ ထည့်သွင်းနေကြသည်။ သူတို့၏ အခေါ်အဝေါ်အရ သူမကို သြဇာလွှမ်းမိုးသည့် Key Opinion Leaders များဟု ခေါ်ဆိုသည်။

nswks-6_4.jpg

မဝင်းမင်းသန်း၏ Facebook စာမျက်နှာအား Follow လုပ်ထားသူ လေးသိန်းနီးပါး ရှိနေပြီ ဖြစ်သည်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ယခင်ကမူ မြန်မာနိုင်ငံတွင် ဩဇာလွှမ်းမိုးသူများမှာ ရုပ်ရှင်သရုပ်ဆောင်များ၊ ပေါ့ပ်အဆိုတော်များနှင့် အခြားသော သမားရိုးကျ နာမည်ကြီး ပုဂ္ဂိုလ်များသာ ဖြစ်ခဲ့သည်။ သို့သော် မကြာသေးမီ နှစ်များအတွင်း မိမိတို့၏ ဝါသနာကို Facebook ပေါ်တွင် တင်ပြရင်း Followers များ သိန်းဂဏန်းအထိ ရရှိလာသော နာမည်ကြီးသူများ ပေါ်ထွန်းလာခဲ့သည်။

၎င်းတို့ ရေးသားတင်ပြနေကြသော အကြောင်းအရာများမှာ အချက်အပြုတ်၊ သားသမီး ပြုစုပျိုးထောင်ရေး၊ ဟာသဗီဒီယိုများနှင့် ရန်ကုန်မြို့၏ နေ့အချိန် ယာဉ်ကြောပိတ်ဆို့မှုများစသည့် အကြောင်းအရာများ ဖြစ်ကြသည်။

ထိုသို့ နာမည်ရလာသူများသည် သူတို့၏ ဩဇာလွှမ်းမိုးမှုတဆင့် အကျိုးအမြတ် ရရှိအောင် လုပ်ဆောင်လာကြသည်။ ဈေးကွက်ရှာဖွေရေး အေဂျင်စီများနှင့် စပွန်ဆာများသည် Facebook ပေါ်တွင် နာမည်ကြီးသူများကို ရှာဖွေကာ ကြော်ပြာလာကြသလို ၎င်းတို့ပေးသည့် ဈေးနှုန်းများမှာလည်း များပြားလာသည်။

မဝင်းမင်းသန်း၏ Posts များသည် သဘာဝကျပြီး စကားပြောပုံစံဖြင့် တင်ပြထားသည်။ သူမ၏ တိုက်ခန်း၊ ကားသို့မဟုတ် ကော်ဇောနီခင်း ပွဲလမ်းသဘင်များတွင် ရိုက်ကူးထားလေ့ရှိပြီး သူမအား အပ်နှံထားသည့် ကုန်ပစ္စည်း၏ ကြော်ငြာကို အမြဲတစေ ဖော်ပြလေ့ရှိသည်။

“ပြီးခဲ့တဲ့ နှစ်ကဆို ဗီဒီယိုတစ်ခုအတွက် ကျွန်မ ဒေါ်လာ ၁,၅၀၀ လောက်အထိ ရရှိခဲ့တယ်” ဟု သူမက ဆိုသည်။

ကြယ်ပွင့် အသစ်များ

Facebook နာမည်ကျော်များသည် မြန်မာနိုင်ငံတွင် စတင်ဖြစ်ထွန်းခါစသာ ရှိသေးသည်ဟု မသန္တာလှိုင်က ဆိုသည်။ မသန္တာလှိုင်သည် မြန်မာနိုင်ငံတွင် နာမည်ကျော် သရုပ်ဆောင်နှင့် မော်ဒယ်တစ်ဦးဖြစ်ပြီး ၂၀၀၀ ခုနှစ်က ဩစတြေးလျနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်မလာမီက ကျန်းမာရေး၊ အစားအစာ၊ သူမ၏ ကိုယ်ဝန်အကြောင်းနှင့် ကွာရှင်းပြတ်ဆဲမှု၊ အချစ်သစ် တွေ့ရှိမှုများစသော သူမ၏ စိတ်ဝင်စားရာ အထွေထွေ အကြောင်းအရာများကို ရေးသားခဲ့သည်။

nswks-1_8.jpg

သူမကို ကော်ဇောနီပေါ်သို့ ပြန်လည် တင်ပေးခဲ့သူများမှာ ၄၀၀,၀၀၀ ခန့်ရှိပြီဖြစ်သည့် သူမ၏ Facebook Followers များသာ ဖြစ်သည်ဟု မသန္တာလှိုင်က ဆိုသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ သူမ၏ စာမျက်နှာကို Follow လုပ်သူများသည် ၈၀,၀၀၀ ခန့်အထိ ရှိခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှစပြီး ၂ လအတွင်း သူမ၏ စာမျက်နှာကို Follow လုပ်သူ ၂၀၀,၀၀၀ ခန့်အထိ အလျင်အမြန် မြင့်တက်သွားခဲ့သည်။ အဘယ်ကြောင့် ထိုသို့ တရှိန်ထိုး မြင့်တက်သွားသည်ကို သူမပင် မသိရှိလိုက်ဟု မသန္တာလှိုင်က ဆိုသည်။

မသန္တာလှိုင်သည် မြန်မာနိုင်ငံသို့ ပြန်လာပြီး သူမ၏ လူသိများသော မော်ဒယ်ဘဝကို ပြန်လည်စတင်ခဲ့သည်။ ထို့နောက် ဖက်ရှင်နှင့် ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့တွင် T’s Workshop ဟု ခေါ်သည့် ကိုယ်ကာယ လေ့ကျင့်ခန်း စင်တာတစ်ခုကို ကိုယ်တိုင် ဖွင့်ထားသည်။ သို့သော် သူမကို ကော်ဇောနီပေါ်သို့ ပြန်လည် တင်ပေးခဲ့သူများမှာ ၄၀၀,၀၀၀ ခန့်ရှိပြီဖြစ်သည့် သူမ၏ Facebook Followers များသာ ဖြစ်သည်ဟု မသန္တာလှိုင်က ဆိုသည်။

မသန္တာလှိုင်က သူမ၏ ပရိသတ်များကို အနီးကပ် လေ့လာခဲ့သည်။ အများစုမှာ ပညာတတ် အမျိုးသမီးများ၊ ငွေကြေး သုံးစွဲနိုင်သူများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ ၇၁ ရာခိုင်နှုန်းသည် အသက် ၂၃ နှစ်မှ ၄၆ နှစ်အကြား ဖြစ်ကြသည်။

“ကျန်းမာရေး၊ ကိုယ်လက်လှုပ်ရှားမှု၊ အာဟာရ၊ အိမ်ထောင်ရေးနှင့် အချစ်ရေးနှင့် ပတ်သက်မှုများသည် လူအများက ပြန်လည်တုန့်ပြန်ကြလေ့ရှိတဲ့ အကြောင်းအရာတွေ ဖြစ်ကြပါတယ်” ဟု မသန္တာလှိုင်က ဆိုသည်။

ပထမပိုင်းတွင် ဓါတ်ပုံများက လူအများ၏ စိတ်ဝင်စားမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင်မူ အသေးစိတ် ရေးသားဖော်ပြများကိုပါ စိတ်ဝင်တစား ဖတ်ရှုလာကြသည်ဟု သူမက ဆိုသည်။

“ကျွန်မက ပရိသတ်တွေ စာတွေ အများကြီး မဖတ်ရအောင် လုပ်ထားတယ်။ ကျွန်မလည်း ၃ နာရီ၊ ၄ နာရီလောက် စာထိုင် မရေးချင်ဘူး။ ဒါက အချိန်တွေ ဒီလောက်အကုန်ခံစရာ မလိုပါဘူး” ဟု သူမက ဆိုသည်။

သူမ၏ Facebook စာမျက်နှာသည် နာမည်ရ ရုပ်ရှင်မင်းသမီးတစ်ယောက်လောက် Followers မများသော်လည်း သူမ၏ ပရိသတ်က သူမရေးသားများမှုကို ပိုမိုစိတ်ဝင်တစား တုန့်ပြန်ကြသည်ဟု ဆိုသည်။

“ကျွန်မက ဘာပစ္စည်းကိုဘဲဖြစ်ဖြစ် အရောင်းမြင့်တင်တာမျိုး လုပ်ပေးလိုက်ရင် ပရိသတ် ၇၀၊ ၈၀ ရာနှုန်းလောက်က သွားဝယ်ကြတာပဲ” ဟု သူမက ဆိုသည်။

သို့သော် OPPO Mobile ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Mr. Bryan Lee က ထိုရာခိုင်နှုန်းများသည် ခန့်မှန်းခြေသာ ဖြစ်ပြီး လူမှုကွန်ယက် ဩဇာလွှမ်းမိုးသူတစ်ဦးက သူတို့၏ ပရိသတ်များအပေါ် လွှမ်းမိုးနိုင်မှုအား တိုင်းတာ၍ မရနိုင်ကြောင်း ပြောကြားသည်။

သို့သော်လည်း ထိရောက်မှုတွင်မူ အရောင်းမြှင့်တင်ရေးအတွက် ၎င်းတို့သုံးဆွဲသည့် ငွေကြေးသည် key opinion leaders များကြောင့် ထိရောက်မှု ပိုမိုများပြားသည်ဟု ဆိုသည်။

“အရေးကြီးတဲ့အချက်က အွန်လိုင်းပေါ်က Followers တွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတွေကို ဘယ်လို ဖန်တီးမလဲဆိုတာပဲ” ဟု Lee က ဆိုသည်။

influencers-sidebar.jpg

သမားရိုးကျ ကြော်ငြာတစ်ခုသည် တစ်ဖက်သတ်သာဖြစ်သော်လည်း Facebook တွင် တင်လိုက်သည့် အကြောင်းအရာတစ်ခုသည် ပစ်မှတ်ထားသည့် ဖောက်သည်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည်ဟု Lee က ဆိုသည်။

သို့သော် အမှတ်တံဆိပ် တစ်ခုကို Facebook တွင် ကြော်ငြာခြင်းကလည်း စိန်ခေါ်မှုများ ရှိနေသည်ဟုဆိုသည်။

ဦးစွာ ကျော်ကြားသူများအနေဖြင့် ပရိသတ်များ၏ ယုံကြည်မှုကို ရရှိရန်လည်း အလွန်လိုအပ်သည်။ အသင့်ပြင်ဆင်ထားပြီး ကြော်ငြာတစ်ခုအား ထိုအတိုင်း Facebook တွင် လွှင့်တင်၍ မရနိုင်ပေ။ ပရိသတ်များက ၎င်းမှာ ကုန်ပစ္စည်း ကြော်ငြာ သက်သက်သာ ဖြစ်သည်ကို ရိပ်မိသွားနိုင်ပြီး အခြားပုံမှန်ကြော်ငြာများနည်းတူသာ မှတ်ယူသွားပေလိမ့်မည်။

အခြားတစ်ဖက်တွင်လည်း ကျော်ကြားသူများအား ကိုယ်တိုင်ဖန်တီးခိုင်းခြင်းကလည်း သတင်းစကားတစ်ခုခု ပေးနိုင်မည်ဟု အာမမခံနိုင်ပေ။ ဥပမာအားဖြင့် ၎င်းတို့က OPPO ဖုန်းကိုကိုင်ပြီး selfie တစ်ခုရိုက်တင်နိုင်သော်လည်း ၎င်းနှင့် ပူးတွဲပါဝင်ရမည့် အကြောင်းအရာများကို မပြောပြခြင်းမျိုးလည်း ဖြစ်နိုင်သည်။

“ဒါကတော့ ချိန်ညှိရမယ့် ကိစ္စပါ။ သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်မျှတွေးရမှာပါ” ဟု Lee ကဆိုသည်။

လူရွှင်တော် တစ်ယောက်ဖြစ်သည့် Øne Ñ Önlÿ Amh (Amh သည် သူ၏အမည်ဖြစ်သည့် အေးမင်းဟိန်းကို ကိုယ်စားပြုသည်) ကမူ သူ၏ Facebook စာမျက်နှာမှ ဝင်ငွေများများစားစား မရဟုပြောသည်။ “ကျွန်တော့် ရည်စားကို လက်ဆောင်ပေးဖို့လောက်ပဲရတယ်” ဟု သူကပြောသည်။

သို့သော် စပွန်ဆာပေးသူများ၏ အကြောင်းအရာမျာကို တင်ဆက်ရသည့်အခါတွင် “အပြစ်ရှိသကဲ့သို့” ခံစားရသည်ဟု သူကဆိုသည်။ ထိုပစ္စည်းများကို သူက ရောင်းချနေခြင်းမဟုတ်သော်လည်း သူ့ပရိသတ်များက သူရောင်းချနေသည်ဟု ထင်မြင်သွားနိုင်သည်ဟုဆိုသည်။

ပထမဆုံးသော အခကြေးငွေရရှိခဲ့သည့် ကြော်ငြာဗီဒီယိုအကြောင်း သူက ပြောပြခဲ့သည်။ “အဲဒီဗီဒီယိုကို ကျွန်တော် မကြိုက်ဘူး။ သူတို့က သူတို့ကြော်ငြာ အစီအစဉ်အတိုင်း ဇာတ်ညွှန်းစာသားတွေ ကျွန်တော့်ကို ပေးတယ်။ အခုတော့ ဘယ်သူမှ ကျွန်တော့်ကို ဇာတ်ညွှန်းစာသားတွေ မပေးကြတော့ဘူး။ ကျွန်တော့်ကိုယ်ပိုင် စိတ်ကူးနဲ့ပဲ လုပ်ဆောင်ပေးတယ်” ဟု သူကဆိုသည်။

သြဇာညောင်းသူများ (Influencer) တစ်ယောက်နှင့် အလုပ်လုပ်ရသော အခက်အခဲမှာ သူတို့က မည်မျှ ဩဇာညောင်းသည်ကို မသိရှိနိုင်ခြင်း ဖြစ်သည်။

nswks-_social_influencer-14.jpg

စပွန်ဆာပေးသူများ၏ အကြောင်းအရာမျာကို တင်ဆက်ရသည့်အခါတွင် “အပြစ်ရှိသကဲ့သို့” ခံစားရသည်ဟု အေးမင်းဟိန်းက ဆိုသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

လူမှုကွန်ယက်တွင် အောင်မြင်မှု ရရှိရေးဆိုသည်မှာ အနုပညာဆန်သည်ဟု Lee က ပြောသည်။ ၎င်းတို့၏ Facebook ပေါ်ရှိ Likes များနှင့် Comments များကို ရေတွက်ကြည့်ရုံဖြင့် မလုံလောက်ပဲ လူများက OPPO ၏ ထုတ်ကုန်များအကြောင်း အမှန်တကယ် ပြောဆို ဆွေးနွေးကြခြင်းမျိုး ဖြစ်ရန်လိုအပ်သည်ဟု သူကဆိုသည်။

“Influencer တစ်ယောက်ကို သေချာလေ့လာဖို့ လိုအပ်တယ်။ သူတို့က တင်ပေးတဲ့ Posts တွေကိုပဲ ကြည့်နေလို့ မရဘူး။ သူတို့ အွန်လိုင်းပေါ်မှာ တခြားဘာတွေ လုပ်နေလဲဆိုတာကိုလည်း ကြည့်ရတယ်။ တစ်ချို့တွေက အရောင်းမြင့်တင်ရေးနဲ့ဆိုင်တဲ့ Posts တွေကို အများကြီး တင်ထားတော့ ထိရောက်မှုက သိပ်မရှိနိုင်ဘူး” ဟု Lee က ဆိုသည်။

ထိုသို့ စိန်ခေါ်မှုများ ရှိသော်လည်း Facebook တွင် နာမည်ကျော်ကြားသူများနှင့် ကြော်ငြာရခြင်းသည် ကောင်းမွန်သည့် ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်သည်ဟု ပီယဝါစာ (Piyawasa) ဈေးကွက်ရှာဖွေရေး ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Christopher Schikler က ပြောကြားသည်။ Piyawasa ကုမ္ပဏီသည် သန္တာလှိုင်နှင့်အတူ လက်တွဲ လုပ်ကိုင်နေသည်။

“ကြော်ငြာတစ်ခုကို ရိုက်ကူးမယ်ဆိုရင် ဒေါ်လာ ၄၀,၀၀၀ လောက်ကျမယ်။ အဲဒီကြော်ငြာကို ၆ လလောက် ထုတ်လွှင့် ကြော်ငြာမယ်ဆိုရင် ဒေါ်လာ ၂၀,၀၀၀ လောက် ကုန်ကျမယ်။ Facebook Post တစ်ခုက ဒေါ်လာ ၂,၀၀၀ လောက် အကုန်အကျ ခံလိုက်တာနဲ့ လူ ၂ ဒသမ ၅ သန်းလောက်ဆီကို ရောက်သွားနိုင်တယ်” ဟု Schikler က ပြောကြားသည်။

သို့သော် မြန်မာနိုင်ငံရှိ Facebook ကျော်ကြားသူ အများစုမှာမူ သူတို့၏ ကျော်ကြားမှုကို အသုံးမချနိုင်ကြသေးပေ။

Facebook တွင် ဩဇာလွှမ်းသူတစ်ချို့က ကျော်ကြားမှုမှတစ်ဆင့် ဝင်ငွေရရှိအောင် လုပ်နိုင်နေကြသည်များ ရှိသော်လည်း Followers အများအပြား ရရှိထားသူ အများစုမှာမူ ထိုသို့ မလုပ်ဆောင်နိုင်ကြသေးဟု Schikler က ပြောသည်။ “တခြားနိုင်ငံက ဈေးကွက်တွေမှာတော့ Youtube ပေါ်မှာ ကြော်ငြာထည့်ပြီး ငွေရှာကြတယ်။ မြန်မာနိုင်ငံမှာက Youtube ကို သိပ်မသုံးနိုင်ကြသေးဘူး။ အများစုက Facebook ပေါ်မှာပဲ ရှိနေကြတယ်” ဟု သူကဆိုသည်။

Youtube နှင့် Facebook ကွဲပြားမှုမှာ Facebook အသုံးပြုသူများအနေဖြင့် ၎င်းတို့ တင်လိုက်သည့် အကြောင်းအရာများတွင် အခကြေးငွေယူကာ ကြော်ငြာများ ထည့်သွင်းနိုင်မှုမရှိပေ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ကိုယ်တိုင် သို့မဟုတ် ကြော်ငြာအေဂျင်စီနှင့်အတူ အရောင်းမြှင့်တင်ရေးလုပ်ခြင်းကို မလွဲမသေ လေ့လာကြရမည်ဖြစ်သည်။

nswks-3_5.jpg

Facebook တွင် နာမည်ကျော်ကြားသူများနှင့် ကြော်ငြာရခြင်းသည် ကောင်းမွန်သည့် ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်သည်ဟု ပီယဝါစာ (Piyawasa) ဈေးကွက်ရှာဖွေရေး ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Christopher Schikler က ပြောကြားသည်။ Piyawasa ကုမ္ပဏီသည် သန္တာလှိုင်နှင့်အတူ လက်တွဲ လုပ်ကိုင်နေသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

Schikler ကမူ သူ၏ အေဂျင်စီအနေဖြင့် Facebook တွင် ကျော်ကြားသူများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးပြီး ပိုက်ဆံရှာဖွေနိုင်အောင် လုပ်ဆောင်ပေးသည်ဟု ဆိုသည်။

သို့သော် ပရဟိတလုပ်ငန်းများနှင့် အပြည့်အ၀ လုပ်ဆောင်ရန်မှာ အများကြီး လုပ်ဆောင်ရဦးမည်ဟု Schikler က ဆိုသည်။

သန္တာလှိုင်ကမူ လမ်းအန္တရာယ် ကင်းရှင်းရေး အစီအစဉ်ဖြစ်သည့် Start With Me အတွက် လုပ်ဆောင်ပေးနေသည်။ ထို့ပြင် MyME ပညာရေးစီမံချက်နှင့် တွဲဖက်လုပ်ဆောင်နေသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများလည်း လုပ်ဆောင်နေသည်။ အချို့သော သြဇာလွှမ်းမိုးသူများအနေဖြင့် ၎င်းတို့ လုပ်ကိုင်နေသည့် ထိုသို့သော အစီအစဉ်များ၏ ရည်ရွယ်ချက်ကို စိတ်ဝင်စားမှု မရှိကြသော်လည်း ကောင်းမွန်သော အပြောင်းအလဲတစ်ခုကို မြှင့်တင်ပေးရန်အတွက် သူတို့၏ ကျော်ကြားမှုကို အသုံးချရန် မျှော်လင့်ထားသည်ဟု သန္တာလှိုင်က ဆိုသည်။

“ဒါတွေကို သူတို့ လုပ်ဆောင်ရမယ် ဆိုတာကို လူမှုကွန်ယက်မှာ ဩဇာလွှမ်းမိုးသူတွေက နားလည် သဘောပေါက်လာကြတယ်” ဟု သန္တာလှိုင်က ဆိုသည်။

မဝင်းမင်းသန်းက သူမ၏ posts များကို တစ်ခုချင်းစီ သေချာစီစဉ်ခြင်းဖြစ်သည်။ ပရော်ဖက်ရှင်နယ် ရိုက်ကူးရေး အဖွဲ့များကို ငှားရမ်းပြီး သူမ၏ ဗီဒီယိုများကို ရိုက်ကူးခြင်းဖြစ်ကာ ဗီဒီယိုများက နိုင်ငံတကာအဆင့်မှီစေရန် ဂရုတစိုက် စီစဉ်ထားသည်။ သို့သော် ပရိသတ်များက ထိုဗီဒီယိုများကို သတိမထားမိကြမည်ကို မဝင်းဝင်းသန်းက ပူပန်နေသည်။

nswks-_social_influencer-25.jpg

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကွန်ပျူတာခုံ၊ သို့မဟုတ် အငှားယာဉ်နောက်ခန်းတွင် ရိုက်ကူးထားသည့် အရည်အသွေး မကောင်းမွန်သည့် ဗီဒီယိုအတိုလေးများအတွက် စပွန်ဆာကြေး အတူတူရရှိသလို ပရိသတ်အားပေးမှုကလည်း အတူတူပင်ဖြစ်သည်ဟု သူမကဆိုသည်။

“ကျွန်မက ကျွန်မရဲ့ ကျွမ်းကျင်မှုကို ပြသတယ်။ ဒါပေမဲ့ ပရိသတ်က သတိမပြုမိဘူး။ နားမလည်ကြဘူး” ဟု သူမက ဆိုသည်။

Bryan Lee ကမူ မြန်မာနိုင်ငံတွင် လိုအပ်နေသော အရာများမှာ ဗီဒီယို အရည်အသွေးတင်မကပဲ အမျိုးအစား စုံလင်မှုနှင့် ဖန်တီးနိုင်စွမ်းတို့လည်း လိုအပ်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာက ကျော်ကြားသူတစ်ယောက်ကို အလုပ်အပ်မယ်ဆိုရင် သူ့ကို ဓါတ်ပုံနဲ့ ဗီဒီယိုပဲ ရိုက်ကူးစေတယ်။ တရုတ်ပြည်မှာဆို အဲဒီလို မဟုတ်ဘူး။ လူမှုမီဒီယာအစီအစဉ်တစ်ခုမှာ လူကိုယ်တိုင်ပါဝင်တဲ့ အခမ်းအနားတွေ၊ ခရီးလှည့်လည် သွားတာမျိုးတွေ၊ အင်တာဗျူးတာမျိုးတွေအထိ ပါဝင်လာတယ်” ဟု Lee က ဆိုသည်။

မြန်မာနိုင်ငံတွင် Youtube၊ Instagram နှင့် အခြားသော ပလက်ဖောင်းများ နေရာရလာချိန်တွင် အခြားနိုင်ငံများကို လိုက်မီလာနိုင်လိမ့်မည်ဟု Lee က ယုံကြည်နေသည်။

“မြန်မာနိုင်ငံမှာ မိုဘိုင်းအင်တာနက်တွေ တိုးတက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ အခုလည်း အလျင်အမြန် တိုးတက်နေတယ်။ အရင်က တရုတ်နဲ့ ထိုင်းမှာ ဖြစ်ခဲ့တာတွေ အခု မြန်မာနိုင်ငံမှာ ဖြစ်နေပြီ” ဟု သူကဆိုသည်။

မဝင်းမင်းသန်းကမူ ယခုအခြေအနေလောက်ဖြင့် မကျေနပ်သေးပေ။

“ကျွန်မတို့က ထိုင်းနိုင်ငံနဲ့ နည်းနည်းလောက် ယှဉ်လာနိုင်ရင်ကို ပျော်ရမှာပါ။ ပြိုင်ဆိုင်မှုတွေကို မြင်ချင်ပါတယ်။ ကမ္ဘာ့အဆင့်မီ အရည်အသွေးတွေ မြင်ချင်တယ်။ ဒါမျိုးဖြစ်လာဖို့ အားလုံးလုပ်ဆောင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု သူမက ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.