လူမျိုးတုံးသတ်ဖြတ်မှု၊ လူ့အခွင့်အရေးစသည်တို့၏ ဘာသာပြန်လိုအပ်ချက်

လူ့အခွင့်အရေးကို ကာကွယ်ရန်နှင့် လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန်မှာ ယင်းစကားလုံးများကို နားလည်မှု လွဲမှားနေခြင်း၊ ဘာသာပြန်ရာတွင် လိုအပ်ချက်များရှိနေခြင်းတို့ကြောင့် ထိရောက်မှု အားနည်းလျက်ရှိသည်။

သန်းတိုးအောင် ရေးသားသည်။

မတ်လ ၂၈ ရက်တွင် ဧရာဝတီ သတင်းဌာန၏ မြန်မာဘာသာဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သော ကာတွန်းတစ်ခုကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူများကြား ပွက်လောရိုက်သွားခဲ့သည်။

ကာတွန်းတွင် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း INGO တစ်ခုမှ ဝန်ထမ်း နှစ်ယောက်သည် လူသေအလောင်းများကြား လမ်းလျှောက်သွားနေသည်။ ၎င်းတို့ထဲမှ တစ်ယောက်က သေဆုံးသူများကြားတွင် မုတ်ဆိတ်နှင့်လူများ မပါရှိကြောင်းပြောသည်။ ယင်းမှာ မွတ်စလင်များကို ဆိုလိုခြင်းဖြစ်သည်။

ထိုအခါ သူ့အဖော်က “ဒါဆို လူမျိုးတုံးသတ်ဖြတ်မှု ဘယ်ဟုတ်မလဲ။ ထားလိုက်ပါ” ဟု ဆိုသည်။ ဒါက လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်သေးဘူး။ ဒီလူမျိုးတွေ မျိုးမတုံးသေးဘူး၊ ရှိနေသေးသည်ဟု ကာတွန်းက ဆိုလိုခြင်းဖြစ်သည်။ ကာတွန်းတွင် ဘယ်လူမျိုးဟု အတိအကျ မဖော်ပြထားသော်လည်း ထိုကာတွန်းကို ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားနေချိန်က ဖော်ပြခဲ့သောကြောင့် ဗုဒ္ဓဘာသာ ရခိုင်လူ့အဖွဲ့အစည်းကို ရည်ညွှန်းခြင်းဖြစ်မည်။

ထိုကာတွန်းကို ဧရာဝတီ သတင်းဌာနဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ဖယ်ရှားလိုက်သော်လည်း မြန်မာနိုင်ငံတွင် လူအများ ယုံကြည်နေကြသည့် အချက်တစ်ခုကို ဖော်ပြနေသည်။ ယင်းမှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ လူ့အဖွဲ့အစည်းများသည် ရိုဟင်ဂျာ မွတ်စလင်များကို မျက်နှာသာပေး ဘက်လိုက်နေကြသည်။ ထို့ကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက လူအများအပြား သေလျှင်သေ၊ မွတ်စလင်မဟုတ်ပါက လူမျိုးတုံး သတ်ဖြတ်မှုဟု ရှုမြင်ကြမည်မဟုတ်ကြောင်း ကာတွန်းက ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် genocide ဟူသောစကားရပ်ကို ဘာသာပြန်ရာတွင်လည်း လိုအပ်ချက်များ ရှိနေသည်။

မြန်မာနိုင်ငံမှ လူအချို့သည် ရိုဟင်ဂျာများ လူမျိုးတုံးသတ်ဖြတ်ခံနေရသည်ဆိုပါက ဘာကြောင့် အကုန်မသေသေးဘဲ အများကြီးကျန်နေသေးသနည်းဟု မေးခွန်းထုတ်လိုကြသည်။ ယင်းမှာ genocide ဟူသော စကားရပ်၏အဓိပ္ပာယ်ကို အများပြည်သူကြားတွင် ကောင်းစွာ နားမလည်သောကြောင့်ဖြစ်သည်။ အဓိကအချက်မှာ ယင်းစကားလုံးကို ဘာသာပြန်ရာတွင် လိုအပ်ချက်ရှိနေ၍ဖြစ်သည်။

Genocide ဟူသော စကားရပ်ကို ဘာသာပြန်ရာတွင် လူမျိုးတုံးသတ်ဖြတ်မှုဟု ဘာသာပြန်ပြီး မျိုးနွယ်စုတစ်ခု မျိုးတုန်းသွားသည်ထိ သတ်ဖြတ်ခြင်းဟု အဓိပ္ပာယ်ပေါက်နေသည်။ ထိုသို့ဆိုသောကြောင့် မျိုးနွယ်စုတစ်ခုကို genocide လုပ်သည်ဟု ခေါ်ဆိုနိုင်ရန် ထိုမျိုးနွယ်သည် မျိုးတုံးနေရန် လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်စု တစ်ခုကို အဆက်မပြတ် သတ်ဖြတ်နေခြင်းမရှိလျှင်၊ ထိုမျိုးနွယ်စုက မျိုးမတုံးသေးလျှင် genocide ဟု ခေါ်ဆိုနိုင်မည်မဟုတ်ပေ။

မြန်မာနိုင်ငံမှ လူအများစုသည် genocide ကို ထိုသို့သာ နားလည်နေကြခြင်းဖြစ်သည်။ ကုလသမဂ္ဂက ဖွင့်ဆိုထားသော အဓိပ္ပာယ်ကို နားလည်သူများမှာ လူ့အခွင့်အရေးလှုပ်ရှားသူ အနည်းငယ်မျှသာရှိမည်။ အမှန်မှာ genocide ဟူသည် လူအုပ်စု တစ်ခုကို မျိုးတုံးအောင်သတ်ဖြတ်ခြင်း တစ်ခုတည်းကို ရည်ညွှန်းခြင်း မဟုတ်ပေ။ ယင်းမှာ လူမျိုးစု တစ်ခုကို လူကဲ့သို့သဘောထား မဆက်ဆံခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အကြမ်းဖက်ခြင်း စသည့်အဆင့်အမျိုးမျိုးပါသော ဖြစ်စဉ်တစ်ခုကို ဆိုလိုခြင်းဖြစ်သည်။

ယင်းနှင့်စပ်လျဉ်းသည့် ကုလသမဂ္ဂကွန်ဗင်းရှင်း တစ်ခုဖြစ်သည့် UN Convention on the Prevention and Punishment of the Crime of Genocide တွင် အပြုအမူ ငါးခုကို ထည့်သွင်းဖော်ပြထားသည်။ ယင်းတို့မှာ သီးခြားမျိုးနွယ်စု၊ လူမျိုး၊ ဘာသာရေးအုပ်စု တစ်ခုကို တစိတ်တပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ တမင်ရည်ရွယ်ပြီး လုပ်ဆောင်ပါက genocide ဟု သတ်မှတ်နိုင်သည်။ ယင်းတို့ထဲတွင် သတ်ဖြတ်ခြင်း၊ ပြင်းထန်သော ရုပ်ပိုင်း စိတ်ပိုင်း အနာတရဖြစ်စေခြင်း၊ လူမှုဘဝ အခြေအနေ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးဖြစ်စေ ထိခိုက်စေခြင်း၊ ကလေးမွေးဖွားမှုကိုတားမြစ်သော အစီအမံမှုများလုပ်ဆောင်ခြင်း၊ ကလေးများကို အခြားသော လူ့အဖွဲ့အစည်း၊ ဘာသာရေးအုပ်စုများသို့ အတင်းအကျပ်ပြောင်းလဲခြင်း စသည်တို့ပါဝင်သည်။

မြန်မာနိုင်ငံ၌ ရှာဖွေတွေ့ရှိသည့် အချက်အလက်များကို ပြီးခဲ့သောနှစ် စက်တင်ဘာလက ကုလလူ့အခွင့်အရေးကောင်စီ UN Human Rights Council ကထုတ်ပြန်သည့် စာမျက်နှာ ၄၄၄ ပါအစီရင်ခံစာတွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်သောပြစ်မှုသည် အထက်ပါ အချက် ငါးခုအနက်မှ လေးခု ပါဝင်နေသည်ဟုဆိုသည်။

ထိုအချက်အလက်များကို အွန်လိုင်းတွင် ကြည့်ရှုနိုင်သော်လည်း မီဒီယာပိုင်းဆိုင်ရာ တတ်မြောက်မှုနှင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု နည်းပါးသောကြောင့် မြန်မာနိုင်ငံမှ လူများစုအတွက် မလွယ်ကူလှပေ။ အများပြည်သူသည် မှားယွင်းစွာ ဘာသာပြန်ထားသောစကားလုံးများ၊ မြန်မာဘာသာဖြင့်တင်ပြသော မီဒီယာများနှင့် ဖေ့စ်ဘွတ်ခ်ကိုသာ အားကိုးနေရသည်။ သို့ဖြင့် မှားယွင်းသောအယူအဆများ ဖြစ်ပေါ်လာသည်။

Human rights လူ့အခွင့်အရေးဆိုသော စကားလုံး၏အဓိပ္ပာယ်ကိုလည်း အများစုက နားလည်မှု လွဲနေကြသည်။ ဘာသာပြန် လိုအပ်ချက်ကြောင့်ဖြစ်သည်။ မြန်မာဘာသာဖြင့် လူ့အခွင့်အရေးဆိုသည်မှာ လူသားတို့၏ အခွင့်အလမ်းဟု အဓိပ္ပာယ်ရသည်။ သို့ဖြင့် human rights ၏ မရှိမဖြစ်အဓိပ္ပာယ်နှင့် လွဲသွားသည်။ မွေးဖွားလာကတည်းက လူသားတို့ရရှိရမည့် အခွင့်အရေးဆိုသည်ထက် အစိုးရအဖွဲအစည်း တစ်ခုက မိမိတို့သဘောဖြင့် ပေးနိုင် ရုပ်သိမ်းနိုင်သော အခွင့်အရေးဟူ၍ အဓိပ္ပာယ်သက်ရောက်သွားသည်။

နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားနေသော ကျွန်တော်၏အတန်းဖော် တစ်ဦးက ပြောဖူးသည်မှာ မြန်မာနိုင်ငံက မွတ်စလင်များသည် လူ့အခွင့်အရေး တောင်းဆိုနေကြပြီး ထိုအခွင့်အရေးနှင့်ထိုက်တန်အောင် နိုင်ငံအတွက် ဘာမှမလုပ်ပေးကြကြောင်းဆိုသည်။

ထိုနည်းတူစွာပင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်း မဘသမှ ဦးသူရိန်မင်းထွန်းက ဒီမိုကရက်တစ် ဗမာ့အသံ ရုပ်သံလိုင်း၏ဆွေးနွေးပွဲတွင် လူ့အခွင့်အရေးဆိုတာ လူလိုပြုမူနေထိုင်မှ ရနိုင်မှာပါဟု ပြောဖူးသည်။ ယင်းမှာ ရိုဟင်ဂျာများနှင့် အခြားသောမွတ်စလင်များကို လူသားကဲ့သို့ မဆက်ဆံရန် ရည်ရွယ်ကြိုးပမ်းမှုဖြစ်သည်။ ထိုသို့သော အယူအဆများသည် မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာရှိနေသည်။ လူ့အခွင့်အရေးဆိုသည်မှာ ထိုက်တန်သောလူတစ်ဦးချင်းစီ၊ အဖွဲ့အစည်း တစ်ခုချင်းစီကိုသာ အထက်ကပေးသော အခွင့်အရေးဟု မှားယွင်းစွာယူဆနေကြသည်။

မြန်မာနိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများသည် ထိုအယူအဆနှင့်စပ်လျဉ်းသည့် နားလည်မှုလွဲမှားနေခြင်းကို လျှော့ချရန် human rights ကို အခြားနည်းဖြင့် ဘာသာပြန်ရန် အဆိုပြုကြသည်။ သူတို့သည် လူ့အခွင့်အရေးဟု ဘာသာပြန်ခြင်းထက် လူ့ရပိုင်ခွင့်ဟု ဘာသာပြန်လိုကြသည်။ ထိုသို့ဖြင့် human rights ဆိုသည်မှာ အခြေအနေ တစ်ရပ်အပေါ်မူတည်ပြီး ရရှိနိုင်ခြင်းမဟုတ်ကြောင်း သဘောပေါက်လာနိုင်သည်။ သို့သော် genocide ဆိုသော စကားကို မည်သို့ ဘာသာပြန်မည်ကို အဆိုပြုရန် လိုအပ်နေသေးသည်။

ထိုသို့ မှန်ကန်သော ဘာသာပြန်အသုံးအနှုန်းများ မရနိုင်သေးသရွေ့ ပြည်တွင်းမှ လူ့အခွင့်အရေး လှုပ်ရှားသူများသည် လူ့အဖွဲ့အစည်း တစ်ခုကို အခြေခံအခွင့်အရေးမပေးသည့်၊ လူ့အခွင့်အရေးနှင့် ဆန့်ကျင်သည့် အပြုအမူများကို ဖြေရှင်းနေရဦးမည်ဖြစ်သည်။ ကျွန်တော်တို့က လူ့အခွင့်အရေးကိုကာကွယ်ပြီး genocide လူမျိုးတုံးသတ်ဖြတ်မှုကို မတားဆီးနိုင်ခင် အခြေခံကျပြီးအရေးပါသည့် အသုံးအနှုန်းများကို ပြည်သူများ နားလည်အောင် ဦးစွာလုပ်ဆောင်ပေးရမည်ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Correction: This article has been updated to provide a fuller definition of genocide, by stating that it can be directed at “a national, ethnical, racial or religious group”.

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.