လူထုထောက်ခံတဲ့ အင်အားကြီး အတိုက်အခံ ပါတီ လိုနေပြီလား

အရင် ကျောင်းသားခေါင်းဆောင်တွေက တိုင်းပြည်မှာ နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့ အတိုက်အခံပါတီ တစ်ခု ထူထောင်ဖို့ ဆွေးနွေးခဲ့ကြရာမှာ တကယ်တမ်းတော့ ခုချိန်က နိုင်ငံမှာ အရေးကြီးတဲ့ကိစ္စတွေ ဆောင်ရွက်ဖို့ အများကြီး ရှိနေတဲ့ကာလ ဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ ဦးဆောင်ပြီး ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ အစည်းအဝေး တစ်ခု ကျင်းပပါတယ်။ အစည်းအဝေးမှာ ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၆ ခုနှစ်တွေတုန်းက နိုင်ငံရေး လှုပ်ရှားခဲ့ကြသူတွေနဲ့ နိုင်ငံရေးသမားတွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီ အစည်းအဝေးမှာ အဖွဲ့ဝင် ၄၀ လောက်ပါတဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အာဏာရပြီးနောက် အစိုးရ ဖြစ်သွားပြီ၊ ဒါပေမဲ့ တိုင်းပြည်မှာ နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့ အတိုက်အခံ ပါတီမျိုး မရှိသေးဘူး၊ ဒါကြောင့် အဲဒီလို ပါတီ တစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ရည်ရွယ်ပြီး ကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့တယ်လို့ ဆိုကြပါတယ်။

အလားတူပါပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က ကျင်းပခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဖက်ပါတီ တချို့ တွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကလည်း အာဏာရ အင်န်အယ်လ်ဒီ ပါတီကို ဒီမိုကရေစီ အာဏာရှင် ပုံစံ ကျင့်သုံးလာတယ် ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ခဲ့ပါသေးတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အင်အားကြီးတဲ့ အတိုက်အခံ ပါတီတစ်ရပ် လိုအပ်နေပြီလား၊ လိုအပ်နေတယ်ဆိုရင် ဘယ်လိုပုံစံမျိုး ဖြစ်သင့်သလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိအချိန် ပြည်ထောင်စု အဆင့် အပါအဝင် လွှတ်တော် အသီးသီးမှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများစု နေရာရထားပါတယ်။ ရှမ်းပြည်နယ် လွှတ်တော်နဲ့ ရခိုင်ပြည်နယ် လွှတ်တော်တွေမှာသာ ပြည်ခိုင်ဖြိုးနဲ့ ရခိုင်အမျိုးသားပါတီတွေ အများစု ဖြစ်နေတာပါ။

ပြည်ထောင်စု လွှတ်တော်မှာ အများစုဖြစ်တဲ့အတွက် အင်န်အယ်လ်ဒီဟာ သမ္မတကို ရွေးကောက် တင်မြှောက်နိုင်၊ သမ္မတကနေတစ်ဆင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး အာဏာရလာတာ ဖြစ်ပါတယ်။ အရင် ၂၀၁၀-၂၀၁၅ အစိုးရသက်တမ်းတုန်းက လွှတ်တော်ကို လွှမ်းမိုးခဲ့သလို အစိုးရအာဏာလည်း ရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အရှုံးကြီးရှုံးပြီး လွှတ်တော်တွင်း အမတ် နည်းနည်းလောက်ပဲ ရပါတော့တယ်။

စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်နေဆဲ ဖြစ်တဲ့ အဲဒီ ပါတီဟာ နဂိုကတည်းက ပြည်သူတွေကို စနစ်တကျ စည်းရုံးထားတဲ့ ပြည်သူ့ပါတီ ပုံစံ မဟုတ်ခဲ့လေတော့ အခုနောက်ပိုင်း အတိုက်အခံ ဖြစ်လာတော့လည်း လူထု ထောက်ခံမှုရတဲ့ အင်အားကြီး ပုံစံ မဆောင်တော့ပါဘူး။ ဒီအတွက် အင်န်အယ်လ်ဒီ အစိုးရကို ဝေဖန်ထောက်ပြ ထိန်းညှှိနိုင်မယ့် အင်အားကြီးတဲ့၊ ပြည်သူလူထု တကယ် ထောက်ခံတဲ့၊ နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိတဲ့ ပါတီကြီးတစ်ရပ် လိုတယ်ဆိုပြီး နိုင်ငံရေးသမားတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြတာ ဖြစ်ပါတယ်။

ဒီအတွက် အင်န်အယ်လ်ဒီ အစိုးရမှာ အတိုက်အခံ တကယ်ပဲ မရှိတော့ဘူးလား လေ့လာကြည့်ဖို့ လိုလာပါတယ်။ တကယ်တော့ လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေဟာ အကြီးဆုံး အတိုက်အခံ အင်အားစုအဖြစ် ရှိနေတာပါ။

၈၈ တွေ အပါအဝင် နိုင်ငံရေးပါတီ တည်ထောင်ချင်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီနဲ့ ထိပ်တိုက်သွားတိုးခဲ့ရင် ပြည်သူတွေဆီကမဲ ပျံ့နှံ့သွားပြီး တခြားပါတီတစ်ခုခုက အမတ်တွေ အနိုင်ရသွားနိုင်တယ်ဆိုတဲ့ ပြဿနာကြီးမျိုး ရှိနေလို့ပဲ ဖြစ်ပါတယ်။

ဒါတင်မက အစိုးရအဖွဲ့ထဲမှာလည်း တိုင်းပြည် အုပ်ချုပ်ရေးကဏ္ဍအတွက် အလွန်အရေးကြီးတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေး ဝန်ကြီးဌာနကြီး သုံးခုဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လက်အောက်မှာ ရှိနေပါတယ်။ အင်န်အယ်လ်ဒီဟာ လုပ်ချင်တာလုပ်လို့ မရသလို ဒီမိုကရေစီ အာဏာရှင် ဖြစ်လာတယ် ပြောဖို့ အလွန်စောနေပါသေးတယ်။ပြောရရင် အာဏာရလာတဲ့ အင်န်အယ်လ်ဒီ ပါတီအတွက် အတိုက်အခံအဖြစ် အရပ်သား နိုင်ငံရေးပါတီရယ်လို့ မယ်မယ်ရရ မရှိဘူးဆိုပေမဲ့ တပ်မတော်ကတော့ အတိုက်အခံ အင်အားစုကြီးအဖြစ် ရှိနေဆဲပါ။

ဒီလိုပြောရတာကလည်း အကြောင်းရှိပါတယ်။ လက်ရှိ နိုင်ငံအတွက် အရေးကြီးပြဿနာတွေဖြစ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ရခိုင်ပြည်နယ် အရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးစတဲ့ ပြဿနာတွေမှာ တပ်မတော်ဟာ အင်န်အယ်လ်ဒီ အစိုးရနဲ့ သဘောထားချင်း မတူညီလို့ပါပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးသမားတွေ ပြောသလို အင်န်အယ်လ်ဒီကို အတိုက်အခံပြုမယ့်၊ ဝေဖန်ထောက်ပြမယ့် အားကောင်းတဲ့ နိုင်ငံရေးပါတီ တစ်ရပ် လိုကောင်းလိုပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုပါတီမျိုး ဖြစ်သင့်သလဲ ဆိုတာကိုတော့ စဉ်းစားဖို့ လိုပါလိမ့်မယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက နာမည်ကြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဦးဆောင်တဲ့ အင်အားစု၊ နိုင်ငံရေးပါတီ ထောင် မထောင် ပြည်သူတွေ စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ သီးခြားနိုင်ငံရေးပါတီ မထောင်ဘဲ၊ အင်န်အယ်လ်ဒီ ပါတီထဲဝင် အမတ်လောင်းတွေအဖြစ် အရွေးခံဖို့ စာရင်းပေးခဲ့ကြပါတယ်။ အင်န်အယ်လ်ဒီ ပါတီထဲဝင်ပြီး ပါတီအင်အားတောင့်တင်းအောင် လုပ်မယ်ဆိုတဲ့ သဘောမျိုးပါ။

ဒါပေမဲ့ အံ့အားသင့်လောက်စရာ ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ အမတ်လောင်း စာရင်းတင်သွင်းမှု အင်န်အယ်လ်ဒီ ဗဟိုက ပယ်ချလိုက်တဲ့အခါ ကျောင်းသားခေါင်းဆောင်တွေကလည်း အင်န်အယ်လ်ဒီ ပါတီထဲကနေ အလျင်အမြန် ပြန်နှုတ်ထွက်ခဲ့ကြပါတယ်။

နောက်ပိုင်း သူတို့ဖာသာ သူတို့ အစုအဖွဲ့အလိုက် လှုပ်ရှားမှုတွေ ပြန်လုပ်ကြပေမဲ့ အင်န်အယ်လ်ဒီ ပါတီနဲ့တော့ ဆက်ဆံရေး မကောင်းတော့ပါဘူး။ လက်ရှိ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ဦးဆောင်ပြီး နိုင်ငံရေးပါတီ ဖွဲ့မယ်ဆိုရင် အဲဒီတုန်းက ဖြစ်ပျက်ခဲ့သမျှကို သင်ခန်းစာယူဖို့တော့ လိုပါတယ်။

နောက်ပြီး အရေးကြီးတာ တစ်ချက်က ပါတီသစ်ကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ထူထောင်မလဲ ဆိုတာပါ။ လွှတ်တော် ပြင်ပကနေ အင်န်အယ်လ်ဒီ အစိုးရ အကူအညီလိုရင် အကူအညီပေးတာ၊ တူတာတွေကို ပေါင်းလုပ်တာ၊ အားနည်းချက်တွေ အမှားတွေကို ဝေဖန်ထောက်ပြတာ အဲဒီလောက်ပဲ လုပ်မလား၊ ဒါမှမဟုတ် ၂၀၂၀ ရွေးကောက်ပွဲကနေတဆင့် လွှတ်တော်ထဲရောက်အောင် သွားပြီး အတိုက်အခံ လုပ်မလား ရွေးချယ်ဖို့ ဖြစ်ပါတယ်။

သေချာတာကတော့ လွှတ်တော်တွင်း ဝင်မယ်ဆိုရင် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီနဲ့ ထိပ်တိုက် တိုးပါလိမ့်မယ်။ အကြောင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားနည်းချက်ကြောင့် အင်န်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် လွှတ်တော်အတွက် အနည်းဆုံး ၆၇ ရာခိုင်နှုန်း အထက် အနိုင်ရပါမှ လွှတ်တော်ထဲမှာ အများစု ဖြစ်ပြီး အစိုးရဖွဲ့နိုင်မှာမို့ အဲလို မဲ အပြတ်အသတ် အနိုင်ရအောင် အခြား ဘယ်ပါတီနဲ့မှ မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲဝင်မှာ မဟုတ်လို့ပါပဲ။ ၈၈ တွေ အပါအဝင် နိုင်ငံရေးပါတီ တည်ထောင်ချင်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီနဲ့ ထိပ်တိုက်သွားတိုးခဲ့ရင် ပြည်သူတွေဆီကမဲ ပျံ့နှံ့သွားပြီး တခြားပါတီတစ်ခုခုက အမတ်တွေ အနိုင်ရသွားနိုင်တယ်ဆိုတဲ့ ပြဿနာကြီးမျိုး ရှိနေလို့ပဲ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ၈၈ မျိုးဆက် အပါအဝင် ၁၉၆၂၊ ၇၄၊ ၇၆ မျိုးဆက်တွေ စုပေါင်းပြီး ပါတီတစ်ခု ထောင်ချင်ထောင်ပါ၊ ဒါပေမဲ့ ရွေးကောက်ပွဲမှာ နေရာနည်းနည်းလေးလောက်ပဲ ဝင်ပြိုင်ပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးကိုပဲ အဓိကထား လုပ်သင့်ပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံမှာ အတိုက်အခံ နိုင်ငံရေး ပါတီကြီး တစ်ခု ရှိမရှိ ဆိုတာထက် စစ်အာဏာရှင်စနစ် ပြန်မလာရေး၊ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီ တစ်ခုခု အာဏာ ရမလာစေရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးစတဲ့ ကိစ္စတွေဟာ ပိုအရေးကြီးလို့ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.