လူကုန်ကူးမှု အိပ်မက်ဆိုး

အရေးယူဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေသော်လည်း ဆင်းရဲမွဲတေမှု မြင့်မားနေသောကြောင့် မြန်မာနိုင်ငံတွင် လူကုန်ကူးမှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ 

ဝင်းဇာနည်အောင် ရေးသားသည်။ 

“ပြည့်တန်ဆာလုပ်ဖို့ ငြင်းတာနဲ့ပဲ သူတို့က ကောင်မလေးကို သတ်လိုက်ကြတယ်။”

လွန်ခဲ့သည့် ငါးနှစ်ခန့်က ထိုင်းနိုင်ငံ၊ ဆထွန်းခရိုင်ရှိ သစ်တောတစ်ခုထဲတွင် အမျိုးသားခြောက်ယောက်က မမိုးကို ရိုက်သတ်လိုက်ကြသည်ကို သူမြင်တွေ့ခဲ့သည်ဟု ကိုမင်းဇော်က ပြောသည်။ မမိုးကဲ့သို့ပင် ကိုမင်းဇော်မှာလည်း ထိုင်းနိုင်ငံသို့ တရားမဝင် ခေါ်ဆောင်လာခြင်းခံရသူ ဖြစ်သည်။ မမိုးအား ရိုက်သတ်နေသူများ၏ ခေါင်းဆောင်အား  ရပ်တန့်ရန် သူက တောင်းပန်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

ထို့ပြင် မမိုးအား မသတ်မီ ထိုလူခြောက်ယောက်က အဓမ္မပြုကျင့်ခဲ့ကြသေးသည်ဟုလည်း ကိုမင်းဇော်က ပြန်ပြောင်း ပြောပြခဲ့သည်။

“လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ ဆထွန်းခရိုင်ကို ရောက်တာနဲ့ ပြည့်တန်ဆာအဖြစ် လုပ်ခိုင်းတာ ခံရတယ်။ သူတို့ ငြင်းရင် သံတုတ်နဲ့ အရိုက်ခံရတယ်။ တစ်ချို့လည်း တောထဲမှာပဲ သေသွားကြတယ်” ဟု ကိုမင်းဇော်က ပြောသည်။

ကိုမင်းဇော်သည် ထိုင်းနိုင်ငံတွင် လူကုန်ကူးသူများ၏ လက်ထဲ၌ ၁၅ နှစ်ခန့် နေထိုင်ခဲ့ရသည်။ ထိုင်းနယ်စပ်၊ ကော့သောင်းမြို့ရှိ ဆီအုန်းစိုက်ခင်းတွင် အလုပ်လုပ်ရန် ၂၀၀၁ ခုနှစ်တွင် ရန်ကုန်မြို့ရှိ နေအိမ်မှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ တစ်လခန့်အကြာတွင်မူ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန် စည်းရုံးပြောဆိုခြင်းခံခဲ့ရသည်။ သို့သော် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့် (work permit) မရှိသောကြောင့် လူကုန်ကူးသူများ၏ လက်ထဲသို့ သူ ရောက်ရှိသွားရတော့သည်။ ကော့သောင်းမြို့မှ ဦးဝင်းမြင့်ဆိုသူက သူ့အား ငါးဖမ်းလှေတစ်ခုဆီသို့ ရောင်းစားလိုက်လေတော့သည်။ 

“သူ ကျွန်တော်ကို ဘယ်လောက်နဲ့ ရောင်းလိုက်လဲတော့ ကျွန်တော်လည်း မသိဘူး” ဟု သူက ဆိုသည်။ 

ထို့နောက် ငါးဖမ်းလှေပေါ်တွင် လေးလခန့် နေထိုင်ခဲ့ပြီးနောက် ထိုင်း ငါးဖမ်းသမားတစ်ဦးနှင့် စကားများခဲ့သည့်အတွက်  ပင်လယ်တွင်းသို့ ပစ်ချခံခဲ့ရသည်။ သို့သော် ရေကူးတတ်သောကြောင့် အသက်ရှင်ခဲ့ရသည်။ မြန်မာလူမျိုးများ ပါဝင်သော ငါးဖမ်းလှေတစ်စီးက သူ့ကို ကယ်တင်ခဲ့သည်။ 

သို့သော် ကိုမင်းဇော်၏ ကံကြမ္မာက ဆိုးရွားနေဆဲ ဖြစ်သည်။ နိုင်ငံကူးလက်မှတ် မပါဝင်ဘဲ ထိုင်းနိုင်ငံတွင်း ခိုးဝင်လာမှု၊ ကန့်သတ်နယ်မြေတွင် ငါးဖမ်းမှုများဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် တစ်နှစ်ကျော် ကျခဲ့သည်။ 

“နိုင်ငံကူးလက်မှတ် မရှိတဲ့လူတွေက ထောင်ထဲမှာပဲ နေရတယ်။ လူကုန်ကူးတဲ့လူတွေက ထောင်အရာရှိတွေကို ပိုက်ဆံပေးတော့မှ ထောင်ကနေ ထွက်လာနိုင်တယ်” ဟု သူက ဆိုသည်။ 

လူကုန်ကူးဂိုဏ်းခေါင်းဆောင်များက မြန်မာလူမျိုးများကို မနှစ်သက်ကြဟု ကိုမင်းဇော်က ပြောသည်။ “တစ်ခါတုန်းကဆိုရင် မြန်မာတွေရဲ့ အသက်က ခွေးလောက်တောင် တန်ဖိုးမရှိဘူးလို့ ခေါင်းဆောင်တစ်ယောက်က ပြောပြီး သတ်ပစ်လိုက်တာကို မြင်ဖူးတယ်” ဟု သူက ဆိုသည်။ 

ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် အကျိုးအမြတ် မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Issara ၏ လက်ကမ်းကြော်ငြာကို တွေ့ရှိခဲ့ပြီးနောက် ကိုမင်းဇော်တစ်ယောက် ဒုက္ခတွင်းမှ လွတ်မြောက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ သူ ပြန်ရောက်လာခဲ့သည်။ 

မြန်မာနိုင်ငံ၏ လူဦးရေ ၅၂ သန်းအနက် သုံးပုံတစ်ပုံသည် ဆင်းရဲမွဲတေမှုဖြင့် ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့ဘဏ်နှင့် မြန်မာအစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သည့် Myanmar Poverty Assessment တွင် ဖော်ပြထားသည်။ ထိုစာတမ်းသည် ၂၀၁၅ ခုနှစ်က အချက်အလက်များကို အခြေခံကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

“အလုပ်အကိုင် ရှားပါးခြင်း၊ ဖွံ့ဖြိုးတိုးတက်လာမှု၊ သဘာဝဘေးအန္တရာယ်တွေနဲ့ မညီမျှမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတွေ များပြားလာတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ ရဲမှူး သက်နောင်က ပြောကြားသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာတွင် မြန်မာနိုင်ငံအား မြောက်ကိုရီးယား၊ ဆီးရီးယားနှင့် တောင်ဆူဒန်နိုင်ငံတို့နှင့်အတူ အောက်ဆုံးအဆင့်တွင် ထားရှိခဲ့သည်။ မြန်မာအစိုးရသည် လူကုန်ကူးမှုကို တားဆီးရန် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ခြင်းမရှိဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထို့ပြင် အမျိုးသမီးများအား လိင်ကိစ္စအတွက် ရောင်းချရန်နှင့် ရွှေ့ပြောင်းလုပ်သားများအား လူကုန်ကူးမှုများတွင် မြန်မာအစိုးရတာဝန်ရှိသူများ ပါဝင် ပတ်သက်နေကြသောကြောင့် ကျူးလွန်သူများကို အရေးယူရာတွင် အခက်အခဲများ ရှိနေကြောင်းလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

၂၀၁၈ ခုနှစ်၊ ပထမနှစ်ဝက်တွင် လူကုန်ကူးမှု ၁၈၅ မှုကို မြန်မာအစိုးရက စုံစမ်းစစ်ဆေးခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ်ကထက် ၉၅ မှု တိုးလာခြင်းဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ ထိုအထဲမှ ၂၂ မှုသည် အတင်းအကျပ် လုပ်အား ခိုင်းစေခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က ၄၆ မှုသာ ရှိခဲ့သည်။ အမှုတစ်ခုမှာ အိမ်တွင်း ကြေးကျွန်အဖြစ် စေခိုင်းသည့်အမှုဖြစ်ပြီး ၂၁ မှုသည် ငါးဖမ်းလုပ်ငန်း၊ ထုတ်လုပ်ရေးလုပ်ငန်း၊ ဆီအုန်းစိုက်ပျိုးရေး၊ ကျောက်စိမ်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည်။ 

အာဏာပိုင်များ၏ အဆိုအရ ၅၃၂ ဦးကို တရားစွဲဆိုခဲ့သည်။ ၎င်းမှာ ၂၀၁၆ ခုနှစ်တွင် ၁၄၅ ဦး ရှိခဲ့ရာမှ မြင့်တက်လာခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ထဲမှ ၈၆ ဦးသာ ထောင်ဒဏ် ကျခံခဲ့ရသည်။ 

လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာထဲတွင် မြန်မာနိုင်ငံက ရရှိထားသည့် အဆင့်ကို စိတ်ပျက်မိသည်ဟု ရဲမှူးသက်နောင်က ပြောကြားသည်။ ၎င်းတို့အဖွဲ့အနေဖြင့် လူကုန်ကူးမှုများကို ထိရောက်စွာ တိုက်ဖျက်ရန် ကြိုးစားနေသည်ဟု ဆိုသည်။ လူကုန်ကူးမှု တိုက်ဖျက်ရန် အစိုးရက ထိုင်း၊ တရုတ်နိုင်ငံများနှင့် သဘောတူညီမှုများ လက်မှတ်ရေးထိုးထားသည်ဟု ဆိုသည်။ ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း NGOs များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။ 

လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေကို မြန်မာနိုင်ငံက ၂၀၀၅ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ထိုဥပဒေတွင် ထောင်ဒဏ် ငါးနှစ်မှ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သည့် ပြစ်ဒဏ်များ ထည့်သွင်းထားသည်။ ကုန်ကူးခံရသူများသည် အမျိုးသမီးများ ကလေးငယ်များနှင့် လူငယ်များ ဖြစ်ပါက ပြစ်ဒဏ်က ပိုမိုကြီးမားသွားနိုင်သည်။ လူငယ်ဟု ဆိုရာတွင် အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်းကို ဆိုလိုသည်။ 

ိကိုမင်းဇော်သည် ထိုင်းနိုင်ငံတွင် ရောင်းစားခံရပြီး နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ ဓာတ်ပုံ-ဝင်းဇာနည်အောင်

ိကိုမင်းဇော်သည် ထိုင်းနိုင်ငံတွင် ရောင်းစားခံရပြီး နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ ဓာတ်ပုံ-ဝင်းဇာနည်အောင်

လူကုန်ကူးမှုတိုက်ဖျက်နေသည့် ရဲများ၏ ပြောကြားချက်အရ ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်တွင် လူကုန်ကူးမှု ၁၀၇ မှု ရှိခဲ့ပြီး လူပေါင်း ၂၀၀ ခန့် ပါဝင်ခဲ့သည်ဟု ဆိုသည်။ ၎င်းတို့အနက် ၇၉ မှုသည် တရုတ်နိုင်ငံတွင် အတင်းအကျပ် အိမ်ထောင်ချခံရခြင်း ဖြစ်သည်။ 

ဖြစ်ပွားမှုအများဆုံးသည် ရန်ကုန်မြို့တွင် ဖြစ်ပြီး အမှုပေါင်း ၃၀ မှု ရှိခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်တွင် ၂၈ မှု ရှိခဲ့သည်။ ကုန်ကူးခံရသူများ၏ လေးပုံသုံးပုံခန့်သည် အမျိုးသမီးများဖြစ်ပြီး ရဲများက သံသယရှိသူ ၂၉၂ ဦးကို ဖမ်းဆီးခဲ့သည်။ 

၂၀၁၁ ခုနှစ်တွင် မသူဇာသည် တရုတ်နိုင်ငံသို့ တရားမဝင် ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ လူကုန်ကူးခံခဲ့ရခြင်း ဖြစ်သည်။ လားရှိုးမြို့တွင် အိမ်အကူအဖြစ် အလုပ်အကိုင် ရရှိမည်ဆိုသဖြင့် ရန်ကုန်မှ သွားရောက်ခဲ့ခြင်းဖြစ်သည်။ 

ကားဖြင့်သွားရောက်နေစဉ် လမ်းခရီးတွင် သူမ ခေါင်းမူးသက်သာစေရန် လူတစ်ယောက်က ဆေးတိုက်ခဲ့သည်ဟု သူမက Frontier ကို ပြောသည်။ သို့သော် သူမ ပြန်လည်သတိရလာသောအခါ တရုတ်နိုင်ငံသို့ ရောက်ရှိနေခဲ့သည်။ 

တရုတ်နိုင်ငံသို့ ရောက်ရှိသောအခါ သူမကို ဒေသခံ အမျိုးသားတစ်ယောက်နှင့် အတင်းအကြပ် လက်ထပ်ခိုင်းခဲ့သည်ဟု မသူဇာက ပြောသည်။ ထိုသူထံမှ HIV ပိုး ကူးစက်ခြင်းလည်းခံခဲ့ရသည်။ 

မြန်မာနိုင်ငံမှ လူအများအပြားက လူကုန်ကူးခံရသူများကိုသာ အပြစ်တင်နေကြသည်ဟု မသူဇာက ပြောသည်။ အများပြည်သူအား လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာပေးမှုတွေ လုပ်ဆောင်ရမည်ဖြစ်ကာ လွတ်မြောက်လာသူများအတွက် ပြန်လည်ထူထောင်ရေးများလည်း လုပ်ဆောင်ပေးရမည်ဟု သူမက ဆိုသည်။ 

လူကုန်ကူးမှုများ တားဆီးရေးလုပ်ဆောင်နေသည့် Network to End Trafficking အဖွဲ့မှ ပြောခွင့်ရသူ ဒေါ်ဝါဝါလင်းထွန်းက လူကုန်ကူးမှုနှင့် ပတ်သက်သော အသိပညာပေးမှုများကို မြို့ကြီးများတွင် လုပ်ဆောင်နေသော်လည်း လူရောက်ရှိမှု နည်းပါးသော ကျေးရွာများတွင် ပိုမိုလုပ်ဆောင်ပေးရန် လိုအပ်သည်ဟု ပြောသည်။ 

“အမှုအများအပြားက ကျေးရွာတွေမှာ ဖြစ်ပွားတာ များတယ်။ အဲဒီလူအဖွဲ့အစည်းတွေအထိ ကျွန်မတို့ ရောက်ရှိနိုင်ဖို့ လိုအပ်တယ်”ဟု သူမက Frontier ကိုပြောသည်။ 

အခြားပြဿနာတစ်ခုမှာ လူကုန်ကူးမှုမှ လွတ်မြောက်လာပြီး မြန်မာနိုင်ငံသို့ ပြန်လာကြသူများအတွက် ဝင်ငွေသင့်တင့်သော အလုပ်အကိုင် ရှားပါးနေခြင်း ဖြစ်သည်။ 

ကိုမင်းဇော်ကမူ ရန်ကုန်မြို့ မြောက်ဘက် ရွှေပြည်သာမြို့နယ်ရှိ ဘိလပ်မြေစက်ရုံတစ်ခုတွင် အလုပ်သမားတစ်ဦးအဖြစ် လက်ရှိလုပ်ကိုင်နေသည်။ သို့သော် ငွေရေးကြေးရေး အဆင်မပြေသောကြောင့် နိုင်ငံခြားသို့ ပြန်ထွက်ရန် သူက စဉ်းစားနေသည်။ 

“ကျွန်တော် မသွားတော့ မသွားချင်ဘူး။ ဒါပေမယ့် ရပ်တည်နေထိုင်ဖို့အတွက် ဝင်ငွေ လိုတယ်” ဟု သူက ဆိုသည်။ 

လူကုန်ကူးမှုဟု သံသယရှိပါက Network to End Trafficking အဖွဲ့ထံ ဖုန်းဆက် တိုင်ကြားနိုင်သည်။ ဖုန်းနံပါတ်များမှာ ၀၉၄၉၅၅၅၆၆၆ ၊ ၀၉၄၉၅၅၅၇၇၇ ၊  ၀၉၄၉၅၅၅၈၈၈ ၊ ၀၉၄၉၅၅၅၉၉၉ တို့ ဖြစ်ကြသည်။

(ဤဆောင်းပါးမှ အမည်တစ်ချို့ကို ပြောင်းလဲထားသည်။) 

ခေါင်းစီးဓာတ်ပုံ- လူကုန်ကူးခံခဲ့ရသူ မသူဇာ။ ဓာတ်ပုံ-ဝင်းဇာနည်အောင်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.