လုပ်သားဈေးကွက်အကျပ်အတည်းနှင့် သင်္ဘောသားများ

မရိုးဖြောင့်သော အလုပ်အကိုင်အေးဂျင့်များသည် သင်္ဘောသားတို့အား တနယ်တကျေးတွင် အတိဒုက္ခရောက်စေကာ သင်္ဘောသားများ၏ အားနည်းချက်အပေါ် အမြတ်ထုတ်လျက်ရှိသည်။

ကျော်လင်းထွန်း ရေးသားသည်။

မြန်မာအလုပ်အကိုင်ရှာဖွေသူခြောက်ဦး အီရန်နိုင်ငံမြို့တော် တီဟီရန်သို့ရောက်ရှိပြီး မကြာမီမှာပင် တခုခုတော့ မှားနေပြီဟု သံသယဝင်မိကြသည်။

အသက် ၃၄ နှစ်ရှိ ကိုရန်နိုင်ထွေးနှင့် ကုန်တင်သင်္ဘောသားငါးဦးတို့ကို အင်မန်းခိုမေနီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တီဟီရန်အခြေစိုက် အာတန်ဒါယာ သင်္ဘောလုပ်ငန်းကော်ပိုရေးရှင်း၏ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာဆာဖာအွန်နာဂီက လာရောက်တွေ့ဆုံသည်။

သူက လူခြောက်ဦးကို ဟိုတယ်တစ်ခုသို့ ခေါ်သွားသည်။ သူတို့သည် ဟိုတယ်ရှိ ကုတင်နှစ်လုံးပါ အိပ်ခန်းတစ်ခန်းတွင် ထိုညက အိပ်ကြသည်။ အိပ်ရာတွင် ကျည်ဆံပေါက်ရာများကို တွေ့ရပြီး သူတို့ကို ညစာအဖြစ် အောက်သိုးသိုးပေါင်မုန့်များကိုကျွေးသည်။

နောက်တစ်နေ့တွင် သူတို့ကို တီဟီရန်မှ ကီလိုမီတာ ၁,၂၀၀ ခန့်အကွာ၊ ပါရှန်ပင်လယ်ကွေ့မှ ဆိပ်ကမ်းမြို့ ဘန်ဒါဘူရှားရှိရာ တောင်ပိုင်းဒေသသို့ ဘတ်စကားဖြင့်ခေါ်သွားသည်။ ၁၂ နာရီကျော်ကြာအောင် သွားရသည်။

ကျဉ်းကျပ်သော တည်းခိုခန်းလေးတွင် သူတို့ကိုထားပေးပြီး အသွားအလာကိုလည်း ကန့်သတ်ထားသည်။ သူတို့ကိုကျွေးသော အစားအစာမှာလည်း အဓိကအားဖြင့် ပဲဟင်းအသိုးများနှင့် အောက်သိုးသိုး အိန္ဒိယပေါင်မုန့် ပြားချပ်ချပ်များ ဖြစ်သည်။ ထမင်းနှင့်ဟင်းကို စားရခဲသည်။

ဘန်ဒါဘူရှားသို့ ရောက်ရှိပြီးနောက် တစ်လအကြာတွင် အီရန်နှင့် မြန်မာနိုင်ငံတို့မှ အလုပ်အကိုင်အေးဂျင့်တို့၏ အလိမ်ကို သူတို့ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အာရပ်စော်ဘွားများ ပြည်ထောင်စု၌ အခြေစိုက်သော ပစ္စည်းပေးသွင်းသည့်သင်္ဘောများနှင့် ရေနံတင်သင်္ဘောများတွင် အလုပ်လုပ်ရန် သူတို့ လက်မှတ်ထိုးရသည်။ ရရှိမည့်လစာမှာ တစ်လကို အမေရိကန်ဒေါ်လာ ၄၀၀(ကျပ် ၅၇၀၀၀၀ ခန့်) မှ ဒေါ်လာ ၅၀၀ အကြားရှိသည်။

ဘန်ဒါဘူရှားတွင် သောင်တင်နေသော အိန္ဒိယသင်္ဘောသားတစ်ဦး၏ အကူအညီဖြင့် မြန်မာတို့သည် သူတို့မိသားစုများနှင့် အဆက်အသွယ်ရသွားသည်။ မိသားစုများက သူတို့ကြုံတွေ့နေရသော ဒုက္ခများကို မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်သို့ အကြောင်းကြားခဲ့သည်။

အဖွဲ့ချုပ်သည် မြန်မာအစိုးရနှင့် အခြားအလုပ်သမားအဖွဲ့များနှင့်အတူ ယခုအမှုကို ဖြေရှင်းခဲ့သည်။ ကိုရန်နိုင်ထွေးသည် သင်္ဘောပေါ်တွင် လေးရက်မျှအလုပ်လုပ်ပြီးနောက် သူ့မိသားစုများ၏ ကြိုးပမ်းမှုဖြင့် အီရန်မှပြန်လည်လွတ်မြောက်လာခဲ့သည်။

“ကျွန်တော်တို့ရဲ့မျှော်လင့်ချက်၊ ငွေကြေး၊ အရာခပ်သိမ်း၊ အားလုံးဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော် အိမ်ပြန်ရောက်တော့ ရေလိုက်လွဲခဲ့တဲ့ အရူးတစ်ယောက်လို ဖြစ်ခဲ့ရပါတယ်။ အလားတူအဖြစ်မျိုးနဲ့ တခြားသင်္ဘောသားတွေ မကြုံတွေ့ရအောင် ကျွန်တော်ပြောပြချင်ပါတယ်” ဟု သူကပြောသည်။

လိမ်လည်မှုတွင် လူအမြောက်အမြား ပါဝင်နေသည်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်ရကြောင်း ကိုရန်နိုင်ထွေးက ပြောသည်။

၂၀၁၇ ခုနှစ်တွင် သူ့ကို စီဒီစီ Continuous Discharge Certificate(CDC) ဟုခေါ်သောလက်မှတ် ထုတ်ပေးသည်။ သင်္ဘောသားများအတွက် လေ့ကျင့်ရေး၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးနှင့် စောင့်ကြည့်လေ့လာရေး စံနှုန်းများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအရ သင်္ဘောသားများအား ထုတ်ပေးသော အထောက်အထား စာရွက်စာတမ်းတစ်ခုဖြစ်သည်။ ထိုလက်မှတ်ရပြီးနောက်မှ သူ့ကိုအလုပ်ရှာပေးမည့်အေးဂျင့်ကို ရှာဖွေခဲ့ရခြင်းဖြစ်သည်။

သူသည် Golden Sea Dragon Co. Ltd ၏ ဒါရိုက်တာ ဦးတင်စိုးဝေနှင့် အဆက်အသွယ်ရခဲ့ပြီး သူ့လျှောက်လွှာအတွက်ဆောင်ရွက်ခ အမေရိကန်ဒေါ်လာ ၂,၅၀၀ ပေးခဲ့ရသည်။ လအနည်းငယ်ကြာသော် ယူအေအီးအခြေစိုက် ကုမ္ပဏီတစ်ခုပိုင် ဖြန့်ဖြူးရေးသင်္ဘောတစ်စင်းတွင် သူ့ကို နေရာချထားပေးပြီး တစ်လကို လစာအမေရိကန်ဒေါ်လာ ၄၀၀ ရမည်ဖြစ်ကြောင်း ကိုရန်နိုင်ထွေးကို အကြောင်းကြားခဲ့သည်။

အီရန်ကိုသွားရန် လွန်ခဲ့သောနိုဝင်ဘာက သူ့မိသားစုနှင့်အတူ ကိုရန်နိုင်ထွေး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်သောအခါ သူ့အေးဂျင့်က သူနှင့်ခရီးအတူသွားမည့် အခြားသင်္ဘောသားငါးဦးနှင့် မိတ်ဆက်ပေးသည်။ သူနှင့်အခြားတစ်ယောက်မှာ အေးဂျင့်အတူတူဖြစ်ပြီး အခြားလေးယောက်အပြင် နောက်ရက်သတ္တပတ် အတော်ကြာမှ ဘန်ဒါဘူရှားသို့ ထပ်ရောက်လာသူ မြန်မာသင်္ဘောသားတစ်ဦးမှာ ဦးသောမတ် တင်ဟုခေါ်သောအေးဂျင့်မှတဆင့် ရောက်လာခြင်းဖြစ်ကြောင်း သူသိလိုက်ရသည်။

ရေနံတင်သင်္ဘောများနှင့် ထောက်ပံ့ရေးသင်္ဘောများတွင် အလုပ်လုပ်ရမည်ဖြစ်ကြောင်း သူတို့အားလုံးကို အေးဂျင့်က ကတိပေးထားသည်။

တစ်လကို အမေရိကန်ဒေါ်လာ ၄၀၀ မျှသာ ရမည့်အလုပ်အတွက် အမေရိကန်ဒေါ်လာ ၂,၅၀၀ ပေးရသည်မှာ ထူးဆန်းကောင်းထူးဆန်းနေမည်။ သို့သော် သင်္ဘောသားလုပ်ငန်းတွင် ယင်းအဖြစ်က မဆန်းပေ။ စီဒီစီလက်မှတ် ကိုင်ဆောင်ထားသူများသည် တတိယအရာရှိ Third officer, ကုန်းပတ်တတိယဆင့် Third mate သို့မဟုတ်  တတိယအင်ဂျင်နီယာ Third engineer ဖြစ်ရန်စာမေးပွဲမဖြေဆိုမီ အနည်းဆုံး ပင်လယ်ပြင်လုပ်သက် တစ်နှစ်ရှိရမည်ဟု သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရေကြောင်းအုပ်ချုပ်ရေးဌာန Department of Marine Administration က သတ်မှတ်ထား၍ဖြစ်သည်။ အဆိုပါရာထူးများက တစ်လကို အမေရိကန်ဒေါ်လာ ၁,၀၀၀ အထိရနိုင်ပြီး ရာထူးတိုးသည်နှင့်အမျှ လစာလည်း ထူးထူးခြားခြား တိုးတက်လာနိုင်သည်။

လိုင်စင်မဲ့ ပွဲစားများ

အတော်အတန် မြင့်မားသောလစာများက ကိုရန်နိုင်ထွေးကဲ့သို့ မရေမတွက်နိုင်သည့်လူငယ်များကို မြှူဆွယ်နိုင်ခဲ့သည်။ ပိုမိုကောင်းမွန်သော အနာဂတ်ကို မျှော်မှန်းလျက် မရိုးသားသောပွဲစားများနှင့် အေးဂျင့်များ၏ သားကောင်ဘဝသို့ သူတို့အလွယ်တကူ ကျရောက်ကြရသည်။ နိုင်ငံခြားတွင် သူတို့အတွက် အလုပ်အကိုင် ရှာပေးသော အေးဂျင့်များမှာ နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရန် တရားဝင်မှတ်ပုံတင်ထားသူများ မဟုတ်သည်ကို ရန်နိုင်ထွေးကသော်လည်းကောင်း၊ ခရီးတူသွား သင်္ဘောသားများကသော်လည်းကောင်း သတိမထားမိခဲ့ကြပေ။

မြန်မာနိုင်ငံတွင် သင်္ဘောသားစုဆောင်းရေးနှင့် နေရာချထားရေးလုပ်ငန်း Seafarer Recruitment and Placement Services (SRPS) ကိုဆောင်ရွက်ရန် မှတ်ပုံတင်ထားသော ကုမ္ပဏီများကိုသာ တရားဝင် သင်္ဘောသားစုဆောင်းခွင့်ပြုထားသည်။ မြန်မာနိုင်ငံတွင် SRPS အဖြစ် မှတ်ပုံတင်ထားသောကုမ္ပဏီ ၁၆၁ ခုရှိသော်လည်း အားလုံးသည်ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်နေပါသည်ဟု အာမခံချက်မရှိကြောင်း ရေကြောင်းအုပ်ချုပ်ရေးဌာန DMA ကပြောသည်။

အချို့သော SRPS  ကုမ္ပဏီများက အလုပ်ရှာနေသူများအား လိမ်လည်နေသည်ဟူသောအချက်ကို မိမိမငြင်းနိုင်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် Myanmar Seafarer Employment Services Federation ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့်ဦးကပြောသည်။ သို့တစေ ကျင့်ဝတ်သိက္ခာ ချိုးဖောက်သူမှာ “အလွန့်အလွန်” နည်းပါးကြောင်း သူကပြောသည်။ “လိမ်လည်နေတဲ့သူတွေက အများအားဖြင့် SRPS မဟုတ်တဲ့ကုမ္ပဏီတွေ၊ ဒါမှမဟုတ် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေနဲ့ အဆက်အသွယ်ရှိနေတဲ့ ပွဲစားတွေပါ” ဟု သူကပြောသည်။

SRPS စာရင်းဝင်ကုမ္ပဏီများနှင့် ဆက်သွယ်အလုပ်လုပ်ကိုင်နိုင်ရန် ယင်းသို့သောပွဲစားများသည် မြို့ထဲပိုင်း၌ ရုံးဖွင့်လေ့ရှိကြောင်း ဦးကျော်မြင့်ဦးကပြောသည်။ သူတို့က အခြားနိုင်ငံများမှပွဲစားများကို ဦးစွာဆက်သွယ်သည်။ အလုပ်ရှာနေသူများထံမှ အခကြေးငွေ လက်ခံပြီးနောက် SRPS ကုမ္ပဏီများကို ငွေကြေးပေး၍ သူတို့လူများကို စာရင်းသွင်းကြသည်။ သို့သော်လည်း ပြည်ပရှိ မိတ်ဖက်အဖွဲ့များမှာ ယုံကြည်ထိုက်သူ၊ သို့မဟုတ် အားကိုးထိုက်သူ ဟုတ်မဟုတ်ကိုမူ လိုင်စင်မဲ့ပွဲစားများက သိရှိနိုင်ရန် အခွင့်အလမ်း နည်းပါးသည်။

မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောအရေအတွက် နည်းပါးသဖြင့် သင်္ဘောလိုက်လိုသူများမှာ သင်္ဘောသားအလုပ်အကိုင်အေးဂျင့်များ၊ ပွဲစားများအားကိုးဖြင့် နိုင်ငံခြားသင်္ဘောလိုက်ရန် ကြိုးစားကြရသည်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောအရေအတွက် နည်းပါးသဖြင့် သင်္ဘောလိုက်လိုသူများမှာ သင်္ဘောသားအလုပ်အကိုင်အေးဂျင့်များ၊ ပွဲစားများအားကိုးဖြင့် နိုင်ငံခြားသင်္ဘောလိုက်ရန် ကြိုးစားကြရသည်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ကိုရန်နိုင်ထွေးနှင့်အခြားသင်္ဘောသားများ တွေ့ကြုံခဲ့ရသောအမှုသည် အစမျှသာရှိသေးသည်ဟု ဆိုနိုင်သည်။ ဦးတင်စိုးဝေ၏ ကုမ္ပဏီဖြစ်သော Golden Sea Dragon သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန DICA တွင် မှတ်ပုံတင်ထားသော်လည်း DMA ၏ SRPS မှတ်ပုံတင်စာရင်းတွင် ပါဝင် ခြင်းမရှိပေ။

အခြားပွဲစားတစ်ဦးဖြစ်သော ဦးသောမတ်တင်သည် Hein Group of Companies ကို ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း ထိုလုပ်ငန်းကို DICA တွင်သော်လည်းကောင်း၊ SRPS တွင်သော်လည်းကောင်း မှတ်ပုံတင်ထားခြင်း မရှိပေ။

DICA နှင့်ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ Golden Sea Dragon ၏ လိပ်စာကို Frontier က သွားရောက်ရှာဖွေသော်လည်း သင်္ဘောကုမ္ပဏီမှာ ပြောင်းရွှေ့သွားပြီဟု သိရသည်။ Frontier သည် ကုမ္ပဏီ၏လိပ်စာသစ်ကိုသော်လည်းကောင်း၊ ဦးစိုးဝေ၏လိပ်စာသစ်ကိုသော်လည်းကောင်း စုံစမ်း၍မရခဲ့ပေ။

“Exit Certificate” ဟုခေါ်သော သင်္ဘောသားများအတွက် အထွက်လက်မှတ်ရရှိရေးအတွက် ဦးစိုးတင့်ဝေနှင့် ဦးသောမတ်တင်တို့နှစ်ဦးစလုံးက SRPS စာရင်းဝင်ကုမ္ပဏီ Golden Seafarer Co., Ltd နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သင်္ဘောသားအများစုက Frontier ကို အတည်ပြုပြောကြားသည်။ ယင်းအသိအမှတ်ပြု လက်မှတ်ကို ရရှိပြီးနောက်မှ အခြားလိုအပ်သော စာရွက်စာတမ်း အထောက်အထားများရရှိရန် သူတို့ဆောင်ရွက်ရသည်။

Frontier က ဆက်သွယ်မေးမြန်းသောအခါ Golden Seafarer ကုမ္ပဏီကိုယ်စားလှယ်က ဝေဖန်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ သင်္ဘောသားတစ်ဦး သေဆုံးမှုကြောင့် ၂၀၁၇ ခုနှစ်တွင် ကုမ္ပဏီ၏လိုင်စင်ကို ရုပ်သိမ်းခဲ့သော်လည်း ထိုအချိန်ကတည်းကပင် SPRS စာရင်းတွင် ပြန်လည်ပါဝင်ခဲ့သည်။

Artan Darya Shipping Corporation အကြောင်းကို အီရန်ကုမ္ပဏီ မှတ်ပုံတင်စာရင်းတွင်လည်းကောင်း၊ Servcorp ကဲ့သို့ အခြားကုမ္ပဏီဝက်ဘ်ဆိုက်များတွင်လည်းကောင်း  Frontier က ရှာဖွေကြည့်ရာ မတွေ့ရှိခဲ့ပေ။ LinkedIn တွင်မူ Sofa Ounaghi နှင့် Artan Darya အကြောင်းကို ဖော်ပြထားသည်။ Artan Darya ဝက်ဘ်ဆိုက်မှာမူ အချက်အလက်သစ်များကို ဖော်ပြထားခြင်းမရှိဘဲ သင်္ဘောပုံအချို့နှင့် ကုမ္ပဏီ၏ အဆက်အသွယ် အသေးစိတ်ကိုသာ ဖော်ပြထားသည်။

အလိမ်ခံရသူများမှာ ငွေပြန်ရမည့်အခွင့်အလမ်း နည်းပါးခဲ့သည်။ အိမ်ပြန်ရောက်ပြီးနောက် ကိုရန်နိုင်ထွေးနှင့် အခြားသင်္ဘောသား ခြောက်ဦးတို့က သူတို့အမှုကို DMA နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စီးပွားရေးပြစ်မှု တိုက်ဖျက်ရေးအဖွဲ့ဖြစ်သော အထူးစုံစမ်းထောက်လှမ်းရေးဌာနသို့ တိုင်ကြားခဲ့သည်။

ရှစ်လအကြာတွင် သူတို့အမှုမှာ တိုးတက်မှုမရှိသည့်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။ သူတို့တစ်ဦးချင်း ပျမ်းမျှဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၃,၀၀၀ ကျော်ရှိခဲ့ပြီး သူတို့ငွေများ ပြန်ရရန်မျှော်လင့်ချက်များ မှေးမှိန်လာသောအခါ သူတ့ိုစိတ်ဓာတ်ကျလာသည်။ ပွဲစားနှစ်ဦးစလုံးမှာလည်း သင်္ဘောသားများ ပေးထားသော အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကျော်နှင့်အတူ ပျောက်ခြင်းမလှပျောက်နေသည်။

အခြေအနေ ပိုမိုကောင်းမွန်ရေးအတွက် အတားအဆီး

မရိုးဖြောင့်သော ပွဲစားများရန်မှ သင်္ဘောသားများကိုကာကွယ်ရန် အစိုးရက ပိုမိုဆောင်ရွက်သင့်ကြောင်း အချို့ကပြောသည်။ MMWF အဖွဲ့ချုပ်က DMA ကို ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတွင် ခလုတ်တံသင်းတစ်ခုအဖြစ် သဘောထားပြီး ယင်းဌာနသည် သင်္ဘောကုမ္ပဏီများ၊ ပုဂ္ဂလိက လေ့ကျင့်ရေးကျောင်းများနှင့် ကျေးဇူးခံကျေးဇူးစားဖြစ်နေကြောင်းနှင့် သူတို့ကို ဈေးကွက်ထိန်းချုပ်ခွင့် ပေးထားကြောင်း စွပ်စွဲထားသည်။

“နိုင်ငံနဲ့ ပင်လယ်ကူးသင်္ဘောသားများ နှစ်ဦးစလုံးအတွက် အကောင်းဆုံးအကျိုးစီးပွားကို သင်္ဘောကုမ္ပဏီတွေရဲ့ သြဇာသက်ရောက်မှုမပါဘဲ DMA က လွတ်လွတ်လပ်လပ် စဉ်းစားသင့်ပါတယ်။ DMA က မူဝါဒတွေ ရေးဆွဲအကောင်အထည်ဖော်တဲ့အခါ ကျွန်တော်တို့ဆီကနဲ့ တခြားသင်္ဘောသားသမဂ္ဂ သုံးခုကနေ အကြံဉာဏ်တွေ ယူသင့်ပါတယ်” ဟု အသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးတင်ကိုကိုသက်က ပြောသည်။

စစ်တပ်ပိုင် မြန်မာကြယ်ငါးပွင့်သင်္ဘောလိုင်းနှင့်ပူးတွဲ၍ MSESF အဖွဲ့ချုပ်သည် မြန်မာ့ပင်လယ်ရေကြောင်း သုံးပွင့်ဆိုင်ကော်မတီဟုခေါ်သော စက်မှုလုပ်ငန်းအဖွဲ့တွင် အလုပ်ရှင်များကို ကိုယ်စားပြုပါဝင်သည်။ DMA က အစိုးရကို ကိုယ်စားပြုပြီး ပင်လယ်ရေကြောင်းသမဂ္ဂ လေးခုက သင်္ဘောသားများကို ကိုယ်စားပြုသည်။

DMA သည် အလုပ်ရှင်များ၏ သြဇာခံဖြစ်သည်ဟူသော MMWF မှ ဦးတင်ကိုကိုသက်၏စွပ်စွဲချက်ကို MSESF အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့်ဦးက ကန့်ကွက်သည်။ MSESF သည် အခြေအနေကိုသိရှိအောင် ဆောင်ရွက်ခြင်းအပါအဝင် အလုပ်အကိုင်ဈေးကွက်၌ ဖြစ်ပေါ်နေသော လိမ်လည်မှုပြဿနာကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သူကပြောသည်။

MMWF ၏စွပ်စွဲချက်သည် နားလည်မှုလွဲခြင်းကြောင့်ဖြစ်နိုင်ကြောင်း ဦးကျော်မြင့်ဦးကပြောသည်။

“ကျွန်တော်တို့အဖွဲ့ချုပ်က DMA ရဲ့ထိန်းချုပ်မှုအောက်မှာ ဆောင်ရွက်နေတာဆိုတော့ ကျွန်တော်တို့က သူတို့အပေါ်မှာ ဘယ်လိုလုပ် သြဇာလွှမ်းမိုးလို့ရပါ့မလဲ” ဟု သူကပြောသည်။

စွပ်စွဲချက်ကို DMA ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးရဲမြင့်ကလည်း ငြင်းဆိုသည်။

သို့ရာတွင် သင်္ဘောသားများနှင့် သင်္ဘောများကို စစ်ဆေးရန်၊ သို့မဟုတ် သင်္ဘောကုမ္ပဏီများနှင့် လေ့ကျင့်ရေးကျောင်းများကို ကြီးကြပ်ရန် DMA တွင် ကျွမ်းကျင်ဝန်ထမ်း အလုံအလောက်မရှိကြောင်း သူကဝန်ခံသည်။

DMA တွင် ကျွမ်းကျင်ဝန်ထမ်း ရှားပါးရသည့်အကြောင်းရင်းမှာ ရိုးရှင်းပါသည်ဟု ဦးရဲမြင့်ကဆိုသည်။

“လုပ်ငန်းအတွေ့အကြုံ ကောင်းကောင်းရှိတဲ့လူတွေမှာ ရွေးချယ်စရာရှိပါတယ်။ တစ်လကို ဒေါ်လာထောင်ချီရတဲ့ ကုန်သွယ်သင်္ဘောမှာ လုပ်မလား။ ကျပ် ၅၀၀,၀၀၀ သို့မဟုတ် ၆၀၀,၀၀၀ သာရတဲ့ ဒီမှာလုပ်မလား။ သူတို့ ဆုံးဖြတ်ချက်ချတဲ့အခါ သူတို့မိသားစုတွေကို ထည့်တွက်မယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်” ဟု သူကပြောသည်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် ပင်လယ်ကူးသင်္ဘော ၁၀ စီးပင် မပြည့်သည့်အတွက် မြန်မာသင်္ဘောသား အများစုကို အပြည်ပြည်ဆိုင်ရာကသာ ခန့်ထားပေးနေကြောင်း DMA စာရင်းများအရ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီစာရင်းအရ အပြည်ပြည်ဆိုင်ရာ သင်္ဘောသား ၁ ဒသမ ၆၄ သန်းရှိသည့်အနက် အလုပ်ဝင်နိုင်သော မြန်မာသင်္ဘောသား အရေအတွက်မှာ ၆၀,၉၆၃ ဦးသာရှိသည်။ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားအများစုမှာ ဖိလစ်ပိုင်မှဖြစ်ပြီး တရုတ်၊ အင်ဒိုနီးရှား၊ ရုရှားနှင့်ယူကရိန်းတို့က နောက်မှအသီးသီး လိုက်ပါလျက်ရှိသည်။

မည်သို့ပင်ဆိုစေ မြန်မာသင်္ဘောသားများသည် အပြည်ပြည်ဆိုင်ရာ၌ လုပ်ကိုင်ဆောင်ရွက်နေသူဦးရေတွင် ရာခိုင်နှုန်းအားဖြင့်လွန်စွာနည်းပါးသည့်အတွက် အလုပ်အတွက် ယှဉ်ပြိုင်မှုမှာ ပြင်းထန်လျက်ရှိသည်။ လွန်ခဲ့သောတစ်နှစ်က ကမ္ဘာ့ရေနံဈေ းကွက် ကျဆင်းသဖြင့် သင်္ဘောကုမ္ပဏီအချို့ ပိတ်လိုက်ရသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ထပ်မံကျဆင်းခဲ့သည်။

သို့သော်လည်း ငယ်ရွယ်သူသင်္ဘောသားများသည် သူတို့နောင်တော်ကြီးများလောက် ဖြောင့်မတ်မှု မရှိကြကြောင်း ဦးရဲမြင့်ကပြောသည်။

“ကျွန်တော်တို့ သူတို့အရွယ်က စိတ်ရောကိုယ်ပါလေ့လာပြီး ကြိုးကြိုးစားစား အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်ချာတိတ်တွေက လက်မှတ်နဲ့အလုပ်ကို အလွယ်ဆုံးနည်းနဲ့ ရဖို့လောက်ပဲ အာရုံစိုက်ကြတယ်။ သူတို့အများစုက အလွယ်တကူ စာမေးပွဲအောင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုအားမကိုးဘဲ စာမေးပွဲအောင်ဖို့ လိုတာတွေ လျှောက်လုပ်ဖို့ပဲ အာရုံစိုက်နေကြတယ်”  ဟု သူကပြောသည်။

သို့ရာတွင် ကိုရန်နိုင်ထွေးက သင်္ဘောသားတစ်ဦးအဖြစ် ပြန်လုပ်ရန် ဆုံးဖြတ်ထားသည်။

“ကျွန်တော်ကတော့ လက်မလျှော့သေးဘူး။ မမေ့နိုင်တဲ့သင်ခန်းစာ ရလိုက်ပေမဲ့ သင်္ဘောသား တစ်ယောက်ဖြစ်တဲ့အထိ ဆက်ကြိုးစားဖို့ ကျွန်တော်ဆုံးဖြတ်ထားပါတယ်” ဟု သူက Frontier ကိုပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – အီရန်တွင် ဒုက္ခကြုံခဲ့ရသော်လည်း ကိုရန်နိုင်ထွေးက သင်္ဘောသားအဖြစ် အလုပ်လုပ်ရန် ဆုံးဖြတ်ထားဆဲဖြစ်သည်။ ဓာတ်ပုံ – ကျော်လင်းထွန်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.