လဟယ်မြို့၏ အသက်သွေးကြော

ဝေးလံခေါင်သီသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့သွားသည့် ကားလမ်း တစ်ခုသာ ရှိသည်။ ဖွံ့ဖြိုးမှု အနည်းဆုံးနှင့် အဆင်းရဲဆုံး ယင်းဒေသရှိ ဒေသခံများအတွက် သယ်ပို့စရိတ်သည် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်နေသည်။

နန်းတင်ထွေး ရေးသားသည်။

အသက် ၃၃ နှစ် ရှိပြီဖြစ်သော ကိုသန့်ဇင်ဦးသည် မြေထိုးစက် တစ်ခုက လမ်းမပေါ်ရှိ မြေပုံများကို ဘေးရှိ စမ်းချောင်းအတွင်းသို့ ထိုးကော်ပစ်ချနေသည်ကို စိတ်မရှည်စွာ စောင့်ကြည့်နေသည်။ ထိုသို့ မြေပုံများကို ဖယ်ရှားနေခြင်းသည် ပြီးနိုင်မည့်ပုံ မပေါ်ချေ။ အဘယ့်ကြောင့်ဆိုသော် ပိုမိုကြီးမားသော မြေထိုးစက် တစ်ခုသည် တောင်စောင်းပေါ်မှ မြေပုံများကို လမ်းမပေါ်ရှိ မြေပုံပေါ်သို့ ထပ်မံဖြည့်တင်းနေသောကြောင့် ဖြစ်သည်။

မြေထိုးစက်များသည် ခန္တီးမြို့မှ ချင်းတွင်းမြစ် တစ်ဖက်ကမ်းရှိ ဆင်တဲရွာကလေးသို့ သွားသောလမ်းကို တိုးချဲ့နေခြင်း ဖြစ်သည်။ ယင်းမှာ စစ်ကိုင်းတိုင်း မြောက်ပိုင်းတွင် တည်ရှိခြင်း ဖြစ်သည်။ ထိုလမ်းမသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သော လဟယ်မြို့၏ အသက်သွေးကြော ဖြစ်သည်။ ယင်းလမ်းမသည် လမ်းပြုပြင်မှုများနှင့် မြေပြိုမှုများ ရှိသောအခါ ပိတ်ထားတတ်သည်။ မိုးရာသီတွင်လည်း လမ်းကို ပိတ်ထားလေ့ရှိသည်။

စက်တင်ဘာလ နှောင်းပိုင်း တစ်မနက်တွင် ထိုလမ်းမ ရှင်းလင်းနေမှုကို စောင့်ဆိုင်းနေစဉ် ကိုသန့်ဇင်ဦးက “လမ်း မပိတ်ရင်တော့ ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်”ဟု ဆိုသည်။ သူသည် မန္တလေးမြို့မှဖြစ်ပြီး ဆင်တဲရွာနှင့် လဟယ်မြို့အကြား ခရီးသည်များနှင့် ကုန်စည်များကို ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။ ထိုလမ်းမသည် ချိုင့်ခွက်များသော လမ်းဖြစ်သည်။

ကိုသန့်ဇင်ဦးနှင့်အတူ စောင့်ဆိုင်းနေသူများမှာ လေးဘီးယက်ယာဉ်များ four wheel drives နှင့် မော်တော်ဆိုင်ကယ်များကို မောင်းနှင်ကြသော အခြားယာဉ်မောင်းများ ဖြစ်သည်။ သူတို့သည် အသက် ၁၈၊ ၁၉ နှစ်ခန့်သာ ရှိသေးပြီး ၂၀ ကျော်လေးများလည်း ပါဝင်သည်။ သူတို့အားလုံးမှာ လဟယ်မြို့သို့ ကုန်စည်များ ပို့ဆောင်ပေးနေသူများဖြစ်ပြီး နေမြင့်လာသောအခါ ပူအိုက်လာသဖြင့် ယာဉ်မောင်းများသည် ပိုမိုစိတ်ပျက်လာကြသည်။

အသက် ၂၀ ကျော် မော်တော်ဆိုင်ကယ် မောင်းသမားတစ်ဦးက “ခုလောက်ဆို ကျွန်တော်တို့ လဟယ်မြို့ကို ရောက်နေလောက်ပြီ” ဟု ညည်းတွားသည်။

ကိုသန့်ဇင်ဦးနှင့် အခြားယာဉ်မောင်းများသည် ရှေ့ခရီးဆက်နိုင်ရန် ထိုနေရာ၌ မွန်းတည့်ချိန်ထိ ၃ နာရီခန့် စောင့်ဆိုင်းခဲ့ရသည်။ သူတို့သည် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုကို ပေးနေခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် အစားအသောက်၊ အိမ်သုံးကုန်စည်နှင့် ဆောက်လုပ်ရေး ပစ္စည်းများအတွက် ထိုလမ်းမတစ်ခုတည်းကိုသာ အားထားနေရခြင်း ဖြစ်သည်။

naga_2.jpg

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လမ်းကြမ်းတစ်ခုအတိုင်း ခက်ခက်ခဲခဲ ဆိုင်ကယ်စီးနင်းနေသူမျာအား တွေ့ရစဉ်။ ဓာတ်ပုံ – နန်းတင်ထွေး

ယခင်နှစ်များကမူ ဆင်တဲမှ လဟယ်သွားလမ်းကို မိုးရာသီဖြစ်သည့် ဇွန်လမှ စက်တင်ဘာလအတွင်း ပိတ်ထားလေ့ရှိသည်။ ယခုနှစ်တွင်မူ ယင်းလမ်းမကို စက်တင်ဘာလက ပြန်လည်ဖွင့်လှစ်ပေးသည်။ သို့သော် ရာသီဥတုက စိုစွတ်နေသေးသောကြောင့် မော်တော်ဆိုင်ကယ်များသာ သွားရောက်နိုင်သည်။ ထိုမော်တော်ဆိုင်ကယ်များကို ဒေသ၌ ကယ်ရီများဟု ခေါ်ဆိုကြသည်။ မိုးရာသီတွင် လေးဘီးယက်ယာဉ်များ သွားရန်ခဲယဉ်းပြီး ယင်းတို့သည် ခြောက်သွေ့သော ရာသီတွင်သာ သွားလာနိုင်သည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ပို့ဆောင်စရိတ် များလွန်း၍ ဒေသတွင်းရှိ စားသုံးကုန်ပစ္စည်းများသည် စစ်ကိုင်းတိုင်း ဒေသကြီး၏ အခြားနေရာများထက် ဈေးကြီးနေသည်။ အမှန်မှာ မြန်မာနိုင်ငံ ဒေသအားလုံးထက် ဈေးကြီးနေခြင်း ဖြစ်သည်။ လဟယ်မြို့သို့ ပို့ဆောင်သော ကုန်စည်များကို ဦးစွာ ခန္တီးမြို့သို့ သယ်ယူရသည်။ ခန္တီးမြို့သည် မန္တလေးမှ ၆၅၀ ကီလိုမီတာ ကွာဝေးသည်။

“ဒါက ကျွန်တော်တို့အတွက် ခက်ခဲလှပါတယ်။ ဘိလပ်မြေ တစ်အိတ်ကို မုံရွာမှာ ကျပ် ၅,၀၀၀ အောက်နဲ့ ဝယ်လို့ရပေမဲ့ ဒီမှာ ကျပ် ၂၀,၀၀၀ ပေးရတယ်” ဟု နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ လဟယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းဇော်က ပြောသည်။ ၎င်းက ပို့ဆောင်ဆက်သွယ်ရေးစရိတ် ကြီးမြင့်မှုကြောင့် ဒေသ၏ ဆောက်လုပ်ရေး စီမံကိန်းများ ဖြစ်သည့် ကျောင်း၊ ဆေးရုံနှင့် လမ်းများ တည်ဆောက်ရာတွင် အခက်အခဲ ဖြစ်စေသည်ဟု ဆိုသည်။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နှင့် နန်းယွန်းမြို့နယ် သုံးခုကို ပေါင်းစပ်ဖွဲ့စည်းထားပြီး လူဦးရေ ၆၄,၀၀၀ ခန့် ရှိသည်။

“ကုန်စည်တွေ အကုန်လုံး ခန္တီးမြို့ကနေပဲ လာတာပါ။ တခြားလမ်း မရှိပါဘူး” ဟု ဦးသိန်းဇော်က ပြောသည်။ သူ့နောက်မှ နံရံပေါ်တွင် သမ္မတ ဦးထင်ကျော်၏ ဓာတ်ပုံကို ရွှေရောင်မှန်ဘောင်ကွပ်၍ ချိတ်ဆွဲထားသည်။ သမ္မတ ဦးထင်ကျော်သည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး တက်ရောက်လာသော အရပ်သား နိုင်ငံ့အကြီးအကဲ ဖြစ်သည်။

ရန်ကုန်မြို့မှ လဟယ်သို့ လာရောက်မည်ဆိုလျှင် လေကြောင်းခရီးစဉ်ဖြင့်ဆိုပါက တစ်ရက်ခန့် ကြာမြင့်သည်။ လေကြောင်းဖြင့်သွားလျှင် လေယာဉ်နှစ်ဆင့် စီးရသည်။ ရန်ကုန်ကနေ မန္တလေးကို တစ်ကြောင်း၊ မန္တလေးကနေ ခန္တီးမြို့ကို တစ်ကြောင်း နှစ်ခါစီးရသည်။ ထို့နောက် ချင်းတွင်းမြစ်ကို စက်လှေဖြင့် ၁၀ မိနစ်ခန့် ဖြတ်ကူးပြီးနောက် မော်တော်ဆိုင်ကယ်ဖြင့် ၃ နာရီခန့် ဆက်လက်သွားရောက်ရသည်။

ညနေအစောပိုင်းတွင် လဟယ်မြို့ရှိ ဒေါ်ပွားစိန်၏ ဈေးဆိုင်၌ ဆန်များ၊ လက်ဖက်ခြောက်များ၊ လက်နှိပ်ဓာတ်မီးများ၊ အဝတ်များနှင့် အခြားထုတ်ကုန်များကို ရောင်းချသည်။ လွန်ခဲ့သောနှစ်များတွင် အသက် ၅၇ နှစ် ရှိပြီဖြစ်သော ဒေါ်ပွားစိန်သည် သူ၏ ဈေးဆိုင် ကုန်စည်ပြတ်လပ်နေပါက ဆင်တဲရွာသို့ လမ်းလျှောက်သွားပြီး ကုန်များကို ဝယ်ယူရသည်။ အသွားအပြန် လမ်းလျှောက်ရခြင်း ဖြစ်သည်။ ယင်းခရီးသည် ၃ ညနှင့် ၄ ရက် ကြာနိုင်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးလေဆိပ်ဝင်ပေါက်ကို တွေ့ရစဉ်။ ဓာတ်ပုံ - နန်းတင်ထွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးလေဆိပ်ဝင်ပေါက်ကို တွေ့ရစဉ်။ ဓာတ်ပုံ – နန်းတင်ထွေး

သူသည် ကုန်စည်များကို သယ်ယူရန် ဆင်တဲရွာတွင် အထမ်းသမားများငှားပြီး သူတို့နှင့်အတူ လမ်းလျှောက် ပြန်ရခြင်း ဖြစ်သည်။ ညရောက်သော် လမ်းတွင်ရှိသော စစ်တပ်စခန်းများ၌ တည်းခိုအိပ်စက်ရသည်။ ထိုအချိန်ကမူ မော်တော်ဆိုင်ကယ် ကယ်ရီများ မရှိသေးပေ။ လေးဘီးယက်ယာဉ်များအတွက်ဆိုက ဝေလာဝေးဖြစ်သည်။

“အဲဒီတုန်းက အလုပ်လုပ်ရတာ အရမ်းပင်ပန်းတယ်” ဟု ဒေါ်ပွားစိန်က ပြောသည်။ ဒေါ်ပွားစိန်သည် ဟုမ္မလင်းမြို့ဇာတိ ရှမ်းတိုင်းရင်းသူ တစ်ဦးဖြစ်သည်။ ဟုမ္မလင်းမြို့သည် ခန္တီးမြို့မှ ချင်းတွင်းမြစ်အတိုင်း ဆင်းလာလျှင် ၁၅၀ ကီလိုမီတာခန့်တွင် တည်ရှိသည်။ သူက လဟယ်မြို့တွင် ဈေးဆိုင်လာဖွင့်ရခြင်းမှာ ယှဉ်ပြိုင်မှုများ မရှိသောကြောင့် ဖြစ်ကြောင်း၊ သူ့လုပ်ငန်းအောင်မြင်သဖြင့် ဘယ်တော့မှ ဟုမ္မလင်းသို့ ပြန်တော့မည် မဟုတ်ကြောင်း ပြောပြသည်။

ပို့ဆောင်စရိတ်များသည် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ကုန်သည်များနှင့် စားသုံးသူများအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်သည်။ မော်တော်ဆိုင်ကယ်များ၊ လေးဘီးယက်ကားများ ရှိလာသော်လည်း ခက်ခဲနေဆဲ ဖြစ်သည်။

“ခြောက်သွေ့တဲ့ ရာသီဆိုရင်တော့ ၂၀ လီတာဝင် စားသုံးဆီ တစ်ပုံးကို ဆင်တဲရွာကနေ လဟယ်ကို သယ်ခ ကျပ် ၂,၀၀၀ ပေးရတယ်။ ဒါပေမဲ့ မိုးရာသီဆိုရင်တော့ ကျပ် ၃,၀၀၀ ပေးရတယ်” ဟု ဒေါ်ပွားစိန်က စက်တင်ဘာလ နှောင်းပိုင်းတွင် Frontier ကို ပြောသည်။

သယ်ပို့စရိတ် များပြားခြင်းသည် ဒေါ်ပွားစိန်၏ လုပ်ငန်းကို ထိခိုက်စေသည်။ “မိုးရာသီမှာ အမြတ်အစွန်း နည်းတယ်။ ကျွန်မတို့က ရောင်းတဲ့အခါ ဈေးတင်လို့ မရဘူး။ ဒီတော့ ပစ္စည်းတွေ ပြတ်ကုန်တယ်” ဟု သူက ဆိုသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် United Nations Development Programme ၏ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်သော အစီရင်ခံစာဖြစ်သည့် The State of Local Governance: Trends in Sagaing ၌ စစ်ကိုင်းတိုင်း ဒေသကြီး၏ အခြား ဝေးလံခေါင်သီမှု မရှိသောနေရာများနှင့် နှိုင်းယှဉ်၍ လဟယ်မြို့၏ ဖွံ့ဖြိုးမှုကို ဖော်ပြခဲ့သည်။ ထိုအစီရင်ခံစာသည် လဟယ်၊ ကလေးဝ၊ ကန့်ဘလူနှင့် မုံရွာမြို့တို့ရှိ ဒေသခံများကို ၂၀၁၄ ခုနှစ်တွင် စစ်တမ်းကောက်ယူခဲ့ရာ အခြားမြို့နယ် ၃ ခုတွင် ပြီးခဲ့သော ၃ နှစ်အတွင်း ဝင်ငွေတိုးလာသည်ဟု ဖြေကြားသူ ၄၀ ရာခိုင်နှုန်းမှ ၄၂ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း လဟယ်မြို့ခံ ၁၈ ရာခိုင်နှုန်းကသာ ၎င်းတို့ဝင်ငွေသည် ပြီးခဲ့သော ၃ နှစ်အတွင်းတွင် တိုးတက်လာသည်ဟု ဖြေကြားခဲ့သည်။

လဟယ်မြို့နယ်သည် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ အခြားနေရာများလောက် ဝေးလံခေါင်သီမှု  မရှိသေးပေ။ ကုလဖွံ့ဖြိုးရေးအစီအစဉ်က ယင်းဒေသရှိ မြို့နယ် ၃ ခုစလုံးသည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး၊ ဝေးလံခေါင်သီမှု အရှိဆုံးနှင့် ဖွံ့ဖြိုးမှု အနည်းဆုံး ဖြစ်သည်ဟု ဖော်ပြသည်။

ထိုဒေသ၏ ဝေးလံခေါင်သီမှုကြောင့် အရေးပေါ် ကျန်းမာရေး အခြေအနေများတွင် ခက်ခဲမှုများ ကြုံရသည်။ ဇွန်လက ဖြစ်ပွားခဲ့သော ဝက်သက်ရောဂါသည် ကလေး ၈၀ ဦးခန့်ကို သေဆုံးစေခဲ့သည်။ သြဂုတ်လ အစောပိုင်းရောက်မှ ဝက်သက်ရောဂါကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ဆက်သွယ်ရေး အခက်အခဲများကြောင့် ဝက်သက်ရောဂါ ပျံ့ပွားသည့်သတင်းသည် လဟယ်မြို့သို့ ရောက်ရှိလာရန် ခဲယဉ်းခဲ့သည်။ ပို့ဆောင်ဆက်သွယ်ရေး ပြဿနာများကြောင့် ဆေးကုသမှုများ နှောင့်နှေးခဲ့ရသည်။

“ကျန်းမာရေးကိစ္စ တစ်ခုခုဖြစ်ရင် ဆေးရုံပို့ဖို့ မလွယ်ဘူး” ဟု လဟယ်မြို့နယ်၏ လက်ထောက်ကျန်းမာရေးမှူး ဦးသန့်ဇင်ဦးက ပြောသည်။ ဇွန်လတွင် ဝက်သက်ရောဂါကြောင့် ကလေးတစ်ဦး သေဆုံးအပြီး ထန်းသော်လားမားရွာသို့ ပထမဆုံး ရောက်လာခဲ့သော ကျန်းမာရေးမှူးသည် ဦးသန့်ဇင်ဦးပင် ဖြစ်သည်။ ထိုရွာသည် လဟယ်မြို့နယ်မှ ကီလိုမီတာ ၈၀ ကွာဝေးပြီး ထိုရွာသို့ရောက်ရန် မော်တော်ဆိုင်ကယ်ဖြင့်ဆိုက တစ်ညကြာနိုင်ပြီး လမ်းလျှောက်ပါက ၃ ရက်ကြာနိုင်သည်။ သြဂုတ်လ အစောပိုင်းက ဝက်သက်ပျံ့ပွားမှုကြောင့် ထန်းသော်လားမားရွာတွင် ၂၆ ဦး သေဆုံးခဲ့ရာ ၁၈ ဦးမှာ အသက် ၅ နှစ်အောက် ကလေးများ ဖြစ်သည်။

လဟယ်မြို့နယ်မှ မော်တော်ဆိုင်ကယ်ဖြင့် ၃ နာရီခွဲခန့် သွားလျှင် တောင်ကုန်းပေါ်ရှိ ခန်းမာလာရွာသို့ ရောက်မည်။ မနက်ခင်းများတွင် ထိုရွာမှကြည့်ပါက အနီးဝန်းကျင်မှ ချိုင့်ဝှမ်းများကို တိမ်များကြားမှ မြင်ရနိုင်သည်။ မမေသူဇော်နှင့် အသက် ၂၀ ခန့်အရွယ် အခြားသူနာပြု တစ်ဦးတို့သည် ရွာရှိ ဆေးခန်း တစ်ခုတွင် အလုပ်လုပ်သည်။

မမေသူဇော်သည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှဖြစ်ပြီး သူသည် စက်တင်ဘာလ အစောပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖုန်းဆက်ခေါ်သဖြင့် ထိုဒေသ၌ လုပ်အားပေးရန် လက်ခံခဲ့သည်။ စက်တင်ဘာလ ၁၅ ရက်တွင် သူသည် လမ်းတိုင်နောက်ကုန်းရွာသို့ ရောက်လာခဲ့သည်။ ယင်းရွာသို့  လဟယ်မြို့မှ မော်တော်ဆိုင်ကယ်ဖြင့် ၇ နာရီခန့် လာရသည်။ လမ်းတိုင်နောက်ကုန်းရွာတွင် သူရရှိသော အလုပ်ရာထူးဖြင့်ပင် ခန်းမာလာရွာသို့လည်း ကျန်းမာရေး ဝန်ဆောင်မှု ပေးရသည်။

“တခါတလေကျ ဆိုင်ကယ်ပေါ်ကဆင်း လမ်းလျှောက်ရတာ ရှိသလို ဆိုင်ကယ်ကို တွန်းပေးရတာလည်း ရှိပါတယ်” ဟု မမေသူဇော်က ပြောပြသည်။ “လမ်းမကောင်းလို့ တောလမ်းကို ဖြတ်လျှောက်ရရင် မျှော့တွေ အကိုက်ခံရတယ်။ ကျွန်မက ငိုတာပေါ့။ ဒါက လမ်းမကောင်းလို့ ဖြစ်ရတာ။ လမ်းကောင်းရင် အားလုံးအတွက် အဆင်ပြေမှာပါ” ဟု သူက ဆိုသည်။

လူဦးရေ ၄၃,၀၀၀ ခန့်ရှိသော လဟယ်မြို့နယ်မှ တစ်ခုတည်းသော အထက်တန်းကျောင်းတွင် ကျောင်းသူကျောင်းသား ၁,၃၀၀ ခန့် ရှိသည်။ ထိုကျောင်း၏ ကျောင်းအုပ်ဖြစ်သော ဦးခင်မောင်ဦးသည် ယခင်က ဟားခါးမြို့တွင် ကျောင်းအုပ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။ ဟားခါးမြို့သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဖြစ်သော ချင်းပြည်နယ်၏ မြို့တော် ဖြစ်သည်။ သူက လဟယ်မြို့သို့ သွားရသော ပို့ဆောင်ဆက်သွယ်ရေး အခက်အခဲကို ညည်းပြသည်။ “ဟားခါးမှာက တော်သေးတယ်” ဟု ဦးခင်မောင်ဦးက ဆိုသည်။

ဦးသိန်းဇော်ကလည်း သဘောတူသည်။ “နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ဖွံ့ဖြိုးစေလိုရင် ပို့ဆောင်ဆက်သွယ်ရေးကို ပိုကောင်းအောင် လုပ်ပေးဖို့ လိုတယ်” ဟု သူက ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.