လမ်းသစ်ထွင်မယ့် မြန်မာ့လက်မှုအနုပညာ

မြန်မာ့လက်မှုအနုပညာတွေကို ဆန်းသစ်တဲ့ စိတ်ကူးတွေနဲ့ ပြန်လည်ရှင်သန်လာစေဖို့ လူငယ်အနုပညာရှင်တွေက ကြိုးစားနေကြပါတယ်

သီရိဟန် ရေးသားသည်။

“ပိုမိုဆန်းသစ်တဲ့ အိုင်ဒီယာတွေ နဲ့ပြုလုပ်ပြီးနောက်ပိုင်းမှာ အရောင်းအဝယ်တွေ ပိုကောင်းလာတယ်” လို့ မြန်မာ့ ရုပ်သေး လက်မှုပညာရှင် ကိုအောင်ထိုက်စိုးက ကန်တော်ကြီး ကရဝိတ်ဥယျာဉ်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့လက်မှု အနုပညာပြပွဲနဲ့ အရောင်းပွဲတော်မှာ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ မတ် ၁ ရက်နေ့အထိ လက်မှုမှသည် အနုပညာဆီသို့ (From Craft to Art: Myanmar Crafts Exhibition and Fair) ဆိုတဲ့ခေါင်းစဉ်နဲ့ အဆိုပါ ပွဲတော်ကို British Council (Myanmar)၊ SDC [Swiss Agency for Development and Cooperation၊ ဆွစ်ဇာလန်သံရုံးနဲ့ New Zero Art Space တို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်ထိုက်စိုးဟာ ပြပွဲမှာ ဝင်ရောက်ပြသခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

“တိုင်းပြည်မှာရှိတဲ့ မြန်မာလူမျိုးတွေကို အသိပေးတာပါ။ ဘယ်နယ်က ဘာတွေထွက်တယ်၊ ဘယ်အရာတွေက တိုင်းပြည်ရဲ့မူလ original ပစ္စည်းတွေ ဖြစ်သလဲဆိုတာ ဗဟုသုတ အနေလေးပေါ့” ဟု New Zero Art Space ရဲ့Executive Director ပန်းချီဆရာ ဦးအေးကိုက ပြပွဲပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။  မြန်မာလူမျိုးတွေက ချစ်တတ်လာပြီးတော့ မြန်မာ့လက်မှုပညာတွေကို ဝယ်ယူ စုဆောင်းလာတဲ့ အနေအထားမျိုးဖြစ်လာအောင် ရည်ရွယ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီလို လက်မှုမှသည် အနုပညာဆီသို့ဆိုတဲ့ စီမံချက်ကို New Zero Art Space, British Council (Myanmar)၊ SDC [Swiss Agency for Development and Cooperation နဲ့ ဆွစ်ဇာလန်သံရုံးတို့ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်၊ ဇူလိုင်မှာ စတင်ခဲ့ပါတယ်။

“New Zero ကတော့ ဒီစီမံချက်ကို အဓိက အကောင်အထည်ဖော်ပြီး အစ်မတို့ကတော့ ကျန်တဲ့ လိုအပ်ချက်တွေကို ပံ့ပိုးပေးတယ်“ လို့British Council Myanmar Art Program က Program Coordinator ဖြစ်သူ မနေခြည်က ပြောပါတယ်။

ယခုနှစ်ဟာ ဒုတိယနှစ်စီမံချက်ဖြစ်ပါတယ်။ ပထမနစ် စီမံချက်မှာတော့ နေရာဒေသခြောက်ခုမှာ စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်ခဲ့ပြီး လက်တွဲ လုပ်ကိုင်နိုင်မည့် လက်မှုပညာရှင်များ၊ ထင်ရှားသော လက်မှုပညာရပ်များ၏ လက်ရှိ အနေအထားများ၊ ဈေးကွက်အနေအထားများကို လေ့လာခဲ့ပါတယ်။

Teza Hlaing / Frontier

Teza Hlaing / Frontier

“ပထမနှစ် စီမံချက်မှာ ဒေသသုံးခုဖြစ်တဲ့ အင်းလေး၊ မြစ်ကြီးနားနဲ့ မန္တလေးက လက်မှုပညာရှင်များနဲ့ လက်တွဲ အလုပ်လုပ်ခဲ့တယ်” လို့ မနေခြည်က ပြောပါတယ်။ ဒေသအခြေစိုက် Workshop များပြုလုပ်ခဲ့ပြီး သူတို့ရဲ့လုပ်ငန်းခွင်နေရာတွေမှာလည်း အလုပ်အတူတူ တွဲလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် New Zero က အနုပညာရှင်တွေက အနုပညာရှုဒေါင့်က စဉ်းစားပြီး တီထွင်ဆန်းသစ်မှုများ ဖြစ်လာအောင် ပြုလုပ်ခဲ့ကြတယ်လို့ မနေခြည်က ပြောပါတယ်။

နိင်ငံခြားက ဒီဇိုင်းပညာရှင်များကိုလည်း ဖိတ်ခေါ်ပြီး ဒေသသုံးခုက လက်မှုပညာရှင်တွေကို နှစ်ပတ်ကြာ သင်တန်းပေးကာ သူတို့ရဲ့ဆန်းသစ်ထားတဲ့ လက်ရာများကို Gothe Institue မှာ ပြပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ရလာဒ်အနေနဲ့လည်း ကျေနပ်စရာဖြစ်ခဲ့တယ်လို့ မနေခြည်က ပြောပါတယ်။

ယခုနှစ်တွင်လည်း ထားဝယ်၊ မွန်ပြည်နယ်က ဘီလူးကျွန်းနဲ့  ချင်းပြည်နယ် တောင်ပိုင်း မတူပီက လက်မှုပညာရှင်တွေကို သင်တန်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေသခြောက်ခုက ပညာရှင်တွေကို Advance Training သုံးရက် ထပ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ လက်မှုပညာရှင်တွေနဲ့ လက်မှုပညာနဲ့ ဆက်နွယ်နေတဲ့ အဝန်းအဝိုင်း အတွင်းရှိ ပုဂ္ဂိုလ်များ စုံညီ စုစည်းခဲ့သည့် ပထမဆုံးညီလာခံတစ်ခုဖြစ်တဲ့ Craft Forward ညီလာခံကိုလည်း ရန်ကုန်မြို့၊ ကမ်းနားဟိုတယ်မှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြပါတယ်။

“သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲနဲ့ အချင်းချင်း မိတ်ဖွဲ့ဖို့ နေရာလေးတစ်နေရာ ဖန်တီးပေးလိုက်တဲ့ သဘောဖြစ်တယ်”လို့ မနေခြည်က ပြောပါတယ်။

“လူငယ်တွေဆိုရင်လည်း မြန်မာ့လက်မှုပညာကို မသိကြတော့တာ များတယ်။ သိလည်း နည်းနည်းပဲ သိကြတော့တာ။ အခု ဒီပွဲက မြန်မာ့လက်မှုပညာတွေကို တစ်နေရာတည်းမှာ စုပြီးပြလိုက်နိုင်သလို ဖြစ်သွားတယ်” လို့ သူက ပြောပါတယ်။

အခုလို ဆန်းသစ်တဲ့ တီထွင်မှုတွေကို ချပြတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေလဲ ရှိပါတယ်။

“သူတို့ လက်ခံနိုင်တဲ့ အတိုင်းအတာက စကားပြောတယ်။ ရေအိုးတစ်အိုးထဲမှာ ရေမရှိတော့ ရေထည့်ရတာမြန်တာပေါ့။ နဂိုကတည်းက ရိုးရာတွေ ပြည့်နေတဲ့အခါကျတော့ ထပ်ထည့်တော့ တော်တော်နဲ့ မဝင်ဘူးဖြစ်နေတယ်” လို့ ဦးအေးကိုကပြောပါတယ်။

ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် ကိုအောင်ထိုက်စိုးကတော့ နိုင်ငံခြားသားနတ်ရုပ် တစ်ရုပ်ကို ထွင်းထုထားပါတယ်။

“နိုင်ငံခြားသား တစ်ယောက်အနေနဲ့ ဘာသာမဲ့တစ်ယောက် ဖြစ်ပေမဲ့ ကောင်းမှုကုသိုလ်တွေ လုပ်တဲ့အခါ သူသေသွားခဲ့ရင် နတ်သိကြားဖြစ်နိုင်တယ်ဆိုတဲ့ အတွေးနဲ့ ဖော်ရိန်နာနတ်ကို လုပ်ကြည့်တာ” လို့ သူက ရယ်ပြီး ပြောပါတယ်။

နတ်ရုပ်က နှာခေါင်းချွန်ချွန်နဲ့ နိုင်ငံခြားသားတစ်ယောက်ရဲ့မျက်နှာပေါက်ဖြစ်ပြီး ခေါင်းပေါ်မှာတော့ နတ်ဦးထုပ်နဲ့ ဖြစ်ပါတယ်။

လူကြီးတွေအနေနဲ့ကတော့ သမားစဉ်ကို အပျောက်မခံနိုင်ကြသလို လူငယ်တွေကလည်း ဖောက်ထွက်ချင်တဲ့ သဘောထားမျိုး ရှိပါတယ်။

 “အစ်ကိုတို့ ဆရာသမားတွေဆိုလျှင်လည်း အဲဒီလို အိုင်ဒီယာတွေ မရှိခဲ့ဘူး သမားရိုးကျ လုပ်နေကျတာ” လို့ သူက ပြောပါတယ်။

Teza Hlaing / Frontier

Teza Hlaing / Frontier

စီမံချက် အောင်မြင်နိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ ဦးအေးကိုက “ ဖြစ်လာမယ်။ ဘာလို့လည်းဆို သူတို့သိသွားပြီ။ သောက်ရေအိုးလုပ်ရင် သူတို့ ဘယ်လောက်ရမှာလဲ။ မြန်မာငွေ ၁၀၀၀၊ ၁၅၀၀ ပဲရမှာ။ အခု ဒီအိုးတစ်အိုးကို ဒေါ်လာ ၆၀၊ ၇၀ နဲ့ ရောင်းပေးနိုင်တဲ့ အနေအထားဖြစ်လာပြီ” လို့ တီထွင်ထားတဲ့ လက်ရာနဲ့ အိုးတစ်အိုးကို ညွှန်ပြရင်း သူက ပြောပါတယ်။

ဒီဇိုင်းအသစ်တွေက သူတို့အတွက် ဝင်ငွေပိုရစေတယ်ဆိုတာ လက်မှုပညာရှင်တွေ သဘောပေါက်လာကြပါပြီ။

“ဝါးဆို သူတို့ ရိုးရိုးပဲလုပ်တာ။ မီးအိမ်တစ်ခုကို အရင်က သူတို့ ကျပ် ၆,၀၀၀၊ ၇,၀၀၀ ပဲရတာ။ အခု Contemporary ဒီဇိုင်း ထည့်တဲ့အခါကျတော့ သုံးသောင်းခွဲ၊ လေးသောင်း ရလာတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။

လက်မှုပညာနဲ့ ပတ်သက်ပြီး ဒီစီမံချက်ဟာ ပထမဆုံးအကြိမ်ဖြစ်ပေမယ့် ရလာဒ်ကို စိတ်ကျေနပ်မှုရှိတယ်လို့ မဇာခြည်ကပြောပါတယ်။ မြန်မာ့လက်မှုပစ္စည်းတွေဟာ အရည်အသွေးပိုင်း၊ တီထွင်မှုပိုင်း အားနည်းနေတဲ့အပေါ်မှာ New Zero ရဲ့အိုင်ဒီယာတွေက အများကြီး အထောက်အကူ ပြုပေးနိုင်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။ နောက်နှစ်တွေမှာလည်း British Council အနေနဲ့ Regional Project တစ်ခုအနေနဲ့ အာဆီယံ ဒေသတွင်း နိုင်ငံများနဲ့ ပူးပေါင်းပြီး မြန်မာ့လက်မှုပညာရပ်ကို မြှင့်တင်သွားဖို့ အစီအစဉ်တွေရှိနေပါတယ်။

“အစိုးရကသာ စိတ်ဝင်စားပြီး တွဲလုပ်မယ်ဆိုရင် ပိုပြီး ထိရောက်အောင်မြင်နိုင်မယ်”  လို့ မဇာခြည်က ပြောပါတယ်။

ရိုးရာနဲ့ အနုပညာ ပေါင်းစပ်တဲ့အခါမှာ အောင်မြင်မှုအနေဖြင့် ၃၀ ရာခိုင်နှုန်းအောင်မြင်ခဲ့တယ်လို့ ဦးအေးကိုက ပြောပါတယ်။

“ဒီပရောဂျက်တစ်ခုလုံးက ၉၀ ရာခိုင်နှုန်း အောင်မြင်တယ်” လို့လည်း သူကပြောပါတယ်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.