လက်နက်များ ဖမ်းမိမှု နောက်ဆက်တွဲ ဘယ်လိုအရေးယူနေလဲ

“ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါတွေကို မူးယစ်၊ လက်နက်စတဲ့ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်လိုက်ပါပြီ။ ထူးခြားတာက လက်နက်ဥပဒေပုဒ်မ ၁၉ (စ) (လက်ဝယ်ထားရှိ/ကြီးကြပ်) ပုဒ်မနဲ့ ကနဦး အမှုဖွင့်ထားရာကနေ ပုဒ်မ ၁၉ – က (တင်သွင်း၊ သယ်ပို့၊ အပ်နှံရန် ပျက်ကွက်မှု)နဲ့ သက်ဆိုင်တဲ့ ပုဒ်မနဲ့ ပြောင်းလဲအမှုဖွင့်လိုက်တာပါ”

ဉာဏ်လှိုင်လင်း ရေးသားသည်။

တိုင်းပြည်ရဲ့ အရေးအရာအားလုံးကို စီမံခန့်ခွဲနေတဲ့ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်လိုနေရာမှာ သေနတ်တွေ၊ ဆက်သွယ်ရေးစက်တွေနဲ့ မူးယစ်ဆေးအချို့ကို အောက်တိုဘာ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နောက်ဆက်တွဲ ဖော်ထုတ်ရှာဖွေ သိမ်းဆည်းမှုတွေ လုပ်ဆောင်နေပါတယ်။

လက်နက်တွေနဲ့တကွ ဖမ်းဆီးရမိသူသုံးဦးအနက် တစ်ဦးကတော့ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ဟိုတယ်နှင့် ခရီးသွားရေး၊ အားကစားစတဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့သူလည်းဖြစ်၊ နာမည်ကျော် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တွေထဲက တစ်ဦးလည်းဖြစ်တဲ့ ဦးတင့်ဆန်းရဲ့သား ဦးဖြိုးကိုကိုတင့်ဆန်းပါ။

ဖြိုးကိုကိုတင့်ဆန်းဆိုတာ

ဦးဖြိုးကိုကိုတင့်ဆန်းဟာ နေပြည်တော်ဘောလုံးအသင်းရဲ့ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး လပေါင်းများစွာ လစာမရတဲ့ ကစားသမားတွေနဲ့ ပြဿနာတွေဖြစ်ခဲ့သူပါ။ ဒီပြဿနာကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သူရဲ့အသင်းကို စက်တင်ဘာလဆန်းပိုင်းမှာပဲ မြန်မာနေရှင်နယ်လိဂ်ကနေ ထုတ်ပယ်လိုက်ပါပြီ။

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ဦးဖြိုးကိုကိုတင့်ဆန်းဟာ မိသားစုစီးပွားရေးဖြစ်တဲ့ ACE ကုမ္ပဏီအုပ်စု လုပ်ငန်းများစွာကို တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။ ACE ဟာ နေပြည်တော်မှာရှိတဲ့ စစ်ဖက်ဆိုင်ရာနဲ့ လွှတ်တော်လို အဆာက်အဦးတွေကို ဆောက်လုပ်ခွင့်ရခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဟိုတယ်လုပ်ငန်းနဲ့လည်း နာမည်ကျော် ပါတယ်။

ဒါ့အပြင် နေပြည်တော်မှာပြုလုပ်တဲ့ နိုင်ငံတော်အဆင့် အခမ်းအနားတွေ၊ ပွဲတွေနဲ့ လွှတ်တော်တွေမှာ အစားအသောက်တွေ ပုံမှန်ရောင်းချခွင့်ရနေတဲ့ ဘောဂသိဒ္ဓိလုပ်ငန်းစုဟာလည်း ACE ရဲ့လက်အောက်မှာ ပါဝင်ပြီး အိမ်ခြံမြေ၊ စက်ယန္တယားနဲ့ ခရီးသွားလုပ်ငန်း၊ အဆင့်မြင့်အိမ်ယာလုပ်ငန်းစုတွေကိုလည်း လုပ်ကိုင်ပါတယ်။

သူရဲ့ မိသားစုဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို ထောက်ခံအားပေးသူတွေဖြစ်ကြပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဦးဖြိုးကိုကိုတင့်ဆန်းကိုယ်တိုင် ဒီပါတီကို ကိုယ်စားပြုကာ မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးမန်းဂျော်နီ (လက်ရှိဧရာဝတီတိုင်းဝန်ကြီးချုပ်)ကို မဲထက်ဝက်ခန့်အကွာနဲ့ ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း သူ့ရဲ့ နိုင်ငံရေးပါတီဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ထင်ထင်ရှားရှား မတွေ့ရတော့ပါဘူး။

အခုလို လက်နက်တွေ၊ မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးရမိပြီး နောက်တစ်ရက်မှာတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဦးဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးကတည်းက ပါတီမှာ တာဝန်ထမ်းဆောင်ခြင်း မရှိတော့ပါဘူးလို့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

ဘယ်လိုမိတာလဲ၊ ဘာတွေပါလဲ

မြန်မာနိုင်ငံမြှားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌတစ်ဦးအဖြစ်လည်း တာဝန်ယူထားတဲ့သူ့ကို နေပြည်တော်လေဆိပ်မှာ နိုင်ငံအတွက် ဆုတံဆိပ်တွေ ရယူပေးဖူးတဲ့ မြှားပစ်လက်ရွေးစင်ဟောင်းနှစ်ဦးဖြစ်တဲ့ ဦးရဲမင်းဆွေနဲ့ ဦးဇော်ဝင်းထိုက်တို့နဲ့အတူ ဖမ်းဆီးရမိတာပါ။

မြှားပစ်လက်ရွေးစင်ဟောင်းနှစ်ဦးဟာ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ ဖခင် ဦးတင့်စန်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူစဉ်က အားကစားနဲ့ ကာယပညာဦးစီးဌာနမှာ အားကစားမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပြီး စက်တင်ဘာ ၂၇ ရက်နေ့ကမှ အလုပ်ကနေ နှုတ်ထွက်ခွင့်ရထားပါတယ်။ ဖမ်းဆီးခံရချိန်မှာတော့ ACE ကုမ္ပဏီရဲ့ ရုံးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။

သူတို့သုံးဦးဟာ မြန်မာအမျိုးသားလေကြောင်းလိုင်း ညဦးပိုင်း ခရီးစဉ်နဲ့ နေပြည်တော်ကနေ ရန်ကုန်ကိုအသွား လယ်ဝေးမြို့နယ်ရှိ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အောက်တိုဘာ ၁၅ ရက်က ရောက်ရှိလာတာပါ။ ညပိုင်း ၇ နာရီကျော်မှာတော့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ ကျောပိုးအိတ်အတွင်းကနေ ပစ္စတိုသေနတ်တွေ၊ ကျည်ဆန်တွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

နေပြည်တော်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဦးဖြိုးကိုကိုတင့်ဆန်း။ ဓာတ်ပုံ-ပြည်ထဲရေး

နေပြည်တော်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဦးဖြိုးကိုကိုတင့်ဆန်း။ ဓာတ်ပုံ-ပြည်ထဲရေး

အဲဒီနောက် နေပြည်တော်မှာရှိနေစဉ် သူတို့နေထိုင်ခဲ့တဲ့ ACE ဟိုတယ်ကို ရဲတပ်ဖွဲ့က သွားရောက်ရာဖွေရာမှာတော့ မူးယစ်ဆေးဝါးကလွဲလို့ သေနတ်တွေ၊ ကျည်ဆန်နဲ့ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ထပ်မံရှာတွေ့ပါတယ်။ နောက်တစ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့က ACE ရုံးချုပ်ကို ရှာဖွေတဲ့အခါမှာလည်း M 16 သေနတ် ၁ လက်၊ M 4 ကာဘိုင် ပုံစံသေနတ် ၁ လက်အပြင် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါးတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေကို ထပ်မံတွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ၎င်းရဲ့နေအိမ်ကိုရှာဖွေရာမှာ နိုင်ငံတော်တံဆိပ်ပါ ပြောက်ကျားဝတ်စုံတွေ၊ ကျည်ဆန်တွေ၊ စကားပြောစက်တွေ၊ စနိုက်ပါမှန်ပြောင်းတွေနဲ့ မူးယစ်ဆေးတွေ ထပ်မံတွေ့ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့အထိ ရှာဖွေမှုတွေအရ ပစ္စတိုသေနတ် ၉ လက်၊ ကျည်အိမ်၊ ကျည်ဆံများ၊ ဆက်သွယ်ရေး စက်များ၊ မှန်ဘီလူး၊ ဒရုန်း၊ မော်တော်ယာဉ်၊ သေနတ်ထည့်တဲ့အိတ်၊ ကျည်ကာအကျီ ၂ ထည်၊ စနိုက်ပါမှန်ပြောင်း ၅ ခု၊ M 16 ၁ လက်၊ M – 4 ကာဘိုင်ပုံစံတူ ၁ လက်နဲ့ စိတ်ကြွဆေးတွေ သိမ်းဆည်းရမိထားပါတယ်။ လတ်တလော ရှာဖွေတွေ့ရှိထားတယ်လို့ ရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ထားတဲ့စာရင်းအရ ကျည်ဆန်အရေအတွက်ဟာ ၁,၀၀၀ နီးပါး အထိရှိပါတယ်။

အထူးခြားဆုံးက စနိုက်ပါမှန်ပြောင်းတွေ ရှာဖွေတွေ့ရှိထားပေမယ့် သူ့ကိုတပ်ဆင်အသုံးပြုလို့ရတဲ့ သေနတ်တစ်လက်ကိုမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ စာရင်းထဲမှာ မတွေ့ရှိထားပါဘူး။

ဦးဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်ရုံးခန်းများမှ ဖမ်းဆီးရမိခဲ့သည့် လက်နက်များနှင့် ပစ္စည်းများ။ ဓာတ်ပုံ-ပြည်ထဲရေး

ဦးဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်ရုံးခန်းများမှ ဖမ်းဆီးရမိခဲ့သည့် လက်နက်များနှင့် ပစ္စည်းများ။ ဓာတ်ပုံ-ပြည်ထဲရေး

ဒီအမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုထားတဲ့ လူဦးရေကတော့ နှစ်ရက်အတွင်း ၉ ဦးရှိပါပြီ။ ကနဦး စတင်ဖမ်းဆီးခဲ့တဲ့ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ လေဆိပ်မှာ အတူ ဖမ်းမိသူနှစ်ဦးအပြင် သူ့ရဲ့ ဇနီးတို့အပြင် ကျန်ငါးဦးကတော့ ACE ဟိုတယ်က မန်နေဂျာနဲ့ ဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပြီး သူတို့ကို စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

ဘာပုဒ်မတွေနဲ့အမှုဖွင့်ထားလဲ

လတ်တလောမှာ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ မြှားပစ်လက်ရွေးစင်ဟောင်းနှစ်ဦးကို မူးယစ်ဆေးဝါးဥပဒေ၊ လက်နက်ဥပဒေပါ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ပစ္စည်းတွေဖော်ထုတ်ရရှိတဲ့ သက်ဆိုင်ရာ ရဲစခန်းတွေမှာ မူး/စိတ် ပုဒ်မ ၁၅ (တရားဝင်ဆေးဝါးသုံးစွဲခွင့်မရှိမှု/ဆေးသုံးစွဲမှုညွှန်ကြားချက်ကို မလိုက်နာမှု)၊ ပုဒ်မ ၁၆ (ဂ) (ခွင့်ပြုချက်ဖြင့် လက်ဝယ်ထားရှိသူက ခွင့်ပြုချက်မရှိသူအား လွှဲပြောင်းမှု) တို့နဲ့ အရေးယူထားပါတယ်။

ဒါ့အပြင် ပုဒ်မ ၂၁ (မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုကျူးလွန်ရန် အားထုတ်၊ ကြံစည်၊ စည်းရုံး၊ စီမံ၊ ထောက်ပံ့၊ ကူညီလျှင် ချမှတ်ခံရမည့် ပြစ်ဒဏ်ရည်ညွှန်းချက်)၊ ပုဒ်မ ၂၂ (ခ) (လက်နက် သို့မဟုတ် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကို ကိုင်တွယ် အသုံးပြုကျူးလွန်ခြင်း) တို့နဲ့လည်း အမှုဖွင့်ထားပါတယ်။

လက်နက်အများအပြား ထပ်မံတွေရှိခဲ့တဲ့ ACE ဟိုတယ်က ကိစ္စကိုတော့ နေပြည်တော်၊ ဒက္ခိဏမြို့မရဲစခန်းကနေ လက်နက်ဥပဒေပုဒ်မ ၁၉-က နဲ့ အမှုဖွင့်ထားတယ်လို့ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က Frontier ကို ပြောပါတယ်။ အောက်တိုဘာ ၁၇ ရက် နံနက်အစောပိုင်းမှာ ပြည်ထဲရေးက သတင်းထုတ်ပြန်ချိန်အထိ ပုဒ်မ ၁၉(စ) လက်နက်လက်ဝယ်ထားရှိ/ကြီးကြပ်မှုနဲ့သာ အမှုဖွင့်ထားပေမယ့် အခုအချိန်မှာတော့ ပုဒ်မပြောင်းလဲလိုက်ပြီလို့ ရဲမှူးကြီးက အတည်ပြုပါတယ်။

ပုဒ်မ ၁၉ – က ဆိုတာ မည်သူမဆို နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရန် အကြံဖြင့် လက်နက်ခဲယမ်း မီးကျောက်တွေ၊ စစ်ပစ္စည်းတွေကို တရားဝင်ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရင်၊ မိမိရဲ့ကြီးကြပ်မှုအောက်မှာ ထားရှိရင်၊ တင်သွင်းရင်၊ သယ်ပို့ရင်၊ အပ်နှံရန်ပျက်ကွက်ရင် အရေးယူခံရမယ့် နည်းလမ်းတွေကို ပြဋ္ဌာန်းထားတဲ့ ပုဒ်မဖြစ်ပါတယ်။

ရဲမှူးကြီးဇော်ခင်အောင်က ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ရဲမှူးကြီးဇော်ခင်အောင်က ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ပြစ်ဒဏ်တွေက ဘယ်လိုရှိလဲ

မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဥပဒေ ပုဒ်မ ၁၅ဟာ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိချနိုင်ပါတယ်။ ပုဒ်မ ၁၆ (ဂ)ကတော့ ထောင်ဒဏ် အနည်းဆုံး ၅ နှစ်ကနေ အများဆုံး ၁၀ နှစ်နဲ့ ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါတယ်။ မူး/စိတ် ပုဒ်မ ၂၀ ရဲ့ ရည်ညွှန်းချက်အရ ပုဒ်မ ၂၂ (ခ)နဲ့ ပြစ်မှုထင်ရှားကြောင်း စီရင်ခံရရင်တော့ ထောင်ဒဏ် ၁၅ နှစ်ကနေ နှစ်အကန့်အသတ်မရှိအပြင် သေဒဏ်တောင် ချမှတ်ခံရနိုင်ပါတယ်။

လက်နက်ဥပဒေ ပုဒ်မ ၁၉ – ကအရဆိုရင်တော့ အမြင့်ဆုံး ၇ နှစ်ကနေ သုံးနှစ်ထက်မနည်းတဲ့ ထောင်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။ လက်နက်ဥပဒေအရ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရန် အကြံမရှိကြောင်း သက်သေ ထင်ရှားမပြနိုင်ရင် အခြားသော သက်ဆိုင်ရာ ဥပဒေတွေနဲ့လည်း အရေးယူခံရနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။

စွဲဆိုထားတဲ့ ပုဒ်မတွေအရ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါတွေဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်မခံရအောင်၊ ဥပဒေတူပုဒ်မတွေမှာ တစ်ပေါင်းတည်း ပြစ်ဒဏ်ခံစားခွင့်ရအောင် လုံလောက်တဲ့ သက်သေပြချက်တွေနဲ့ ချေပနိုင်ဖို့ လိုအပ်နေပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အမှုဖွင့် အရေးယူမှုတွေအပေါ် “မူးယစ်ဆေး လေးငါးပြားကတော့ ဆေးစစ်တာလည်း အောင်တယ်ဆိုရင် သူ့ကို ဘယ်သူထည့်ပေးမှန်း မသိပါဘူး၊ ငြင်းနိုင်တာပေါ့၊ အမှုက လွတ်နိုင်ပါတယ်။ လက်နက်မှုပါတွဲဖွင့်မှ သဘာဝကျမယ်လို့ ယူဆပါတယ်”လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က Frontier ကို မှတ်ချက်ပြုပါတယ်။

ပေါ်ပေါက်နေဆဲ မေးခွန်းတွေ

ဦးဖြိုးကိုကိုတင့်ဆန်းဟာ ရန်ကုန်နဲ့ နေပြည်တော်လိုနေရာအထိရောက်အောင် လက်နက်တွေကို ဘယ်လို သယ်ဆောင်လာသလဲ၊ ဘာရည်ရွယ်ချက်လဲဆိုတဲ့ မေးခွန်းကို ရဲတပ်ဖွဲ့ဖက်က အဖြေမပေးနိုင်သေးပါဘူး။ အခုလို ဖမ်းဆီးမခံရခင်ကတည်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာလို့ ယုံကြည်ရတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ စစ်ဝတ်တန်ဆာတွေ ဝတ်ဆင်ပြီး လက်နက်တွေကိုင်ဆောင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ဖော်ပြမှုရှိပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ရဲ့ ရှာဖွေမှုတွေအတွင်းမှာ အမျိုးသားလုံခြုံရေးအေဂျင်စီ(National Security Agency)ဆိုတဲ့ တံဆိပ်ပါ လက်မာင်းတံဆိပ်၊ အကျီ၊ စတစ်ကာတွေနဲ့ မော်တော်ကားတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဦးဖြိုးကိုကို တင့်ဆန်းကတော့ ဒါတွေဟာ လုံခြုံရေးကုမ္ပဏီထူထောင်ဖို့အတွက်သာ ဖြစ်တယ်လို့ ထွက်ဆိုကြောင်း ရဲမှူးကြီးဇော်ခင်အောင်ထံက သိရပါတယ်။

“စုံစမ်းစစ်ဆေးမှုတွေက အသေးစိတ်လုပ်နေတုန်းပါ။ ဖော်ထုတ်ဖို့တွေလည်းရှိနေပါသေးတယ်။ ဒါတွေကြောင့် ထုတ်ပြန်နိုင်တဲ့အချိန်ကျမှ တစ်ချို့အကြောင်းအရာတွေ ပြောနိုင်ပါမယ်”လို့ ရဲမှူးကြီးက Frontier ကို ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ လတ်တလောရှာဖွေမှုတွေမှာပဲ လက်နက်တွေ အများကြီး တွေ့တဲ့အတွက်ကြောင့် မူးယစ်ဆေးဝါးဟာ အဓိကကိစ္စ မဟုတ်သလို လက်နက်ဥပဒေနဲ့လည်း မလုံလောက်ဘဲ ရည်ရွယ်ချက်ကို သေချာစစ်ကြော ဖော်ထုတ်သင့်တယ်လို့ သုံးသပ်ပါတယ်။

“လက်နက်တွေအများကြီးက သူ့ကိုယ်သူ ကာကွယ်ဖို့ထက် ပိုတယ်ဗျ၊ အဲဒီအပေါ်မှာ သူ့ကို လက်နက်ဥပဒေ တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ မြင်တယ်။ လက်နက်ကိုင်ဆောင်တဲ့ ရည်ရွယ်ချက်ပေါ် မူတည်တယ်။ ရဲတပ်ဖွဲ့ရဲ့ နောက်ဆက်တွဲ စစ်ဆေးဖော်ထုတ်မှုတွေ၊ အရေးယူမှုတွေကို စောင့်ကြည့်ရမယ်” လို့ ဦးကြီးမြင့်က မှတ်ချက်ပြုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.