လက်နက်ကိုင်ဆောင်ခွင့်နှင့် မြန်မာနိုင်ငံဥပဒေ

မြန်မာနိုင်ငံသားများသည် ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့်ရှိသည်။ သို့ရာတွင် အခွင့်ထူးခံ လူနည်းစုသာ သေနတ်လိုင်စင်ရှိပြီး ပြည်ထဲရေးဝန်ကြီးဌာနအတွက် ယင်းကိစ္စမှာ ကိုင်တွယ်ရခက်သည့်ပြဿနာ ဖြစ်သည်။

ကျော်လင်းထွန်း ရေးသားသည်။

မြန်မာနိုင်ငံတွင် သေနတ်ကိုင်ဆောင်ခွင့်ဥပဒေ၏ သမိုင်းကြောင်းမှာ ကိုလိုနီခေတ်အုပ်ချုပ်ရေးအရ ပြောင်းလဲမှုများနှင့် ခြွင်းချက်များနှင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဥပဒေပြင်ဆင်ချက်များဖြင့် ပြည့်နှက်နေသည်။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံသားများတွင် လက်နက်ပိုင်ဆိုင်ခွင့်ရှိသည်။ သို့သော် ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍ အခွင့်ထူးခံအနည်းငယ်မျှကိုသာ လိုင်စင်ထုတ်ပေးခဲ့သည်။

ယင်းဥပဒေများအနက် ပထမဆုံး လက်နက်ဥပဒေ Indian Arms Act ကို ဗြိတိသျှကိုလိုနီလက်အောက် မြန်မာနိုင်ငံရောက်ရှိစဉ် ၁၈၇၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေကို နိုင်ငံတဝန်းလုံးတွင် ကျင့်သုံးခဲ့သော်လည်း ၁၉၂၄ ခုနှင့် ၁၉၄၈ ခုနှစ်အတွင်း အကြိမ်ကြိမ်ပြောင်းလဲခဲ့သည်။ သို့သော် ရှမ်းပြည်နယ် လက်နက်အမိန့် Shan States Arms Order နှင့် ချင်းဝိသေသတိုင်းဥပဒေ Chin Special Division Act များတွင် ခြွင်းချက်များအဖြစ် ထားရှိခဲ့သည်။

လွတ်လပ်ရေးရပြီး ပထမဆယ်စုနှစ်အတွင်း ဒီမိုကရေစီအစိုးရက လက်နက်ဥပဒေနှင့်ပတ်သက်၍ ကိုင်တွယ်ကျင့်သုံးပုံကို ဥပဒေရေးရာ ကျွမ်းကျင်သူတို့က မကြာခဏပြောကြားလေ့ရှိသည်။ လက်နက်ကိုင်ဆောင်ခွင့်ရရေးမှာ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများနှင့် အဆက်အသွယ်ကောင်းမှုထက် လက်နက်ကိုင်ဆောင်ရန် လိုအပ်ကြောင်း ရှင်းလင်းပြတ်သားစွာ ပြသနိုင်မှုအပေါ် ပို၍မူတည်သည်။

သို့သော်လည်း အက်ဥပဒေကျင့်သုံးပုံသည် ရှုပ်ထွေးစပြုလာပြီး လက်နက်ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားများ၏ ရပိုင်ခွင့်မှာ ရှင်းလင်းပြတ်သားမှု ကင်းမဲ့လာသည်။

လက်နက်အက်ဥပဒေ ပထမဆုံးပြင်ဆင်ချက်ကို ဗြိတိသျှတို့အုပ်ချုပ်ခဲ့သော နောက်ဆုံးနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ သို့ရာတွင် ၁၉၄၇ ခုနှစ် လက်နက်ဥပဒေ(ယာယီပြင်ဆင်ချက်)ကို လွတ်လပ်သော ပထမဆုံး မြန်မာအစိုးရက ၁၉၄၉ ခုနှစ်တွင် ရုပ်သိမ်းခဲ့သည်။ နှစ်နှစ်မျှအကြာတွင် ပြင်ဆင်ချက်သစ်ကို ပြဋ္ဌာန်းခဲ့သည်။

မိမိကိုယ်ကို ကာကွယ်ရေးအတွက် နိုင်ငံသားများ၏ လက်နက်ကိုင်ဆောင်ခွင့်မှာ လွန်ခဲ့သောနှစ်များအတွင်း အစိုးရအဆက်ဆက်ကြောင့် လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း ဥပဒေကျွမ်းကျင်သူတို့ကပြောသည်။ မိမိကိုယ်ကို ကာကွယ်ရေးအတွက် လူတစ်ဦးသည် လက်နက်ကိုင်ဆောင်သင့်၊ မဆောင်သင့် စဉ်းစားခြင်းမဟုတ်ဘဲ သူတို့အပေါ်သစ္စာရှိသော နောက်လိုက်များကိုသာ အခွင့်ထူးခံများအဖြစ် အစိုးရတို့က လက်နက်ကိုင်ဆောင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သူတို့ကပြောသည်။

“နိုင်ငံသားတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိတဲ့ ဥပဒေသစ်ပြဋ္ဌာန်းဖို့၊ ဒါမှမဟုတ် အာမခံချက်ပေးနိုင်တဲ့ မူဝါဒမူကြမ်း ချမှတ်ဖို့ လိုအပ်နေပါတယ်” ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။ သို့မဟုတ်ပါက နိုင်ငံသားများသည် လုယက်မှု၊ ဓားပြမှုနှင့် ပြန်ပေးမှုကဲ့သို့သော ပြစ်မှုကြီးများ၏ သားကောင်ဘဝသို့ မကျရောက်အောင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြမည်မဟုတ်ပေ။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် အာဏာရတော်လှန်ရေးကောင်စီ စစ်အစိုးရက နိုင်ငံသားများပိုင်သော လက်နက်များအားလုံးကို သိမ်းယူရန်အမိန့်ပေးခဲ့သည်။ အဆိုပါလက်နက်များကို ဆယ်စုနှစ်တစ်စုခန့် ထိန်းသိမ်းထားပြီး အများစုကို မူလပိုင်ရှင်များအား ပြန်လည်မပေးအပ်ခဲ့ပေ။

စစ်အစိုးရမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရအဖြစ်သို့ အသွင်ကူးပြောင်းပြီးနောက် ၁၉၇၇ ခုနှစ်တွင် လက်နက်ဆိုင်ရာ မူဝါဒသစ်ကို အကောင်အထည်ဖော်ခဲ့ပြီး ဒီမိုကရေစီအစိုးရက ၁၉၅၁ ခုနှစ် အက်ဥပဒေအရ ၁၉၅၉ ခုနှစ်၌ ထုတ်ပြန်ခဲ့သော အမိန့်သုံးခုကို ပယ်ဖျက်ခဲ့သည်။

ယင်းမူဝါဒမှာ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သော်လည်း ဥပဒေကျွမ်းကျင်သူတို့က မူဝါဒ၏ ရည်ရွယ်ချက်မှာ သိမ်းဆည်းထားသော လက်နက်များကို မူလပိုင်ရှင်များထံ ပြန်အပ်ရန်မဟုတ်ဘဲ ယင်းလိုင်စင်ရလက်နက်များကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်များနှင့် တပ်မတော်သားဟောင်းများ အပါအဝင် အငြိမ်းစားပြည်သူ့ဝန်ထမ်းများအား ခွဲဝေပေးရန်သာဖြစ်ကြောင်း ဆိုသည်။

လက်နက်များကို “ဂုဏ်သရေရှိ” သူနှင့်  “အကျင့်စာရိတ္တကောင်းမွန်” သူတို့ကိုသာ လိုင်စင်ချပေးရမည်ဟု ပြဋ္ဌာန်းထားသဖြင့် လက်နက်ကိုင်ဆောင်ခွင့် ချပေးရာတွင် မြန်မာ့လက်နက်ဥပဒေများက ယေဘုယျအားဖြင့် အာဏာပိုင်တို့အား ဆုံးဖြတ်ပိုင်ခွင့်ကို ထူးထူးခြားခြား ပေးထားကြောင်း ရှေ့နေဦးကြည်မြင့်ကပြောသည်။

ယင်းကိစ္စမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဒီမိုကရေစီ အစိုးရလက်ထက်၌ ပြဿနာတစ်ရပ် မဟုတ်ခဲ့သော်လည်း စစ်အုပ်ချုပ်ရေး ခေတ်အဆက်ဆက်တွင် လက်နက်ပိုင်ဆိုင်ခွင့်ကို အဆင့်မြင့်စစ်မှုထမ်းများနှင့် စစ်အစိုးရနှင့်နီးစပ်သူများကိုသာ ပေးခဲ့ကြောင်း ၎င်းကပြောသည်။

သေနတ်ကို လိုင်စင်ဖြင့်ကိုင်ပြီး ခေါင်းအုံးအောက်ထားအိပ်သည့် သူရဦးရွှေမန်း။ ဓာတ်ပုံ - အေအက်ဖ်ပီ

သေနတ်ကို လိုင်စင်ဖြင့်ကိုင်ပြီး ခေါင်းအုံးအောက်ထားအိပ်သည့် သူရဦးရွှေမန်း။ ဓာတ်ပုံ – အေအက်ဖ်ပီ

“ဒီဆုံးဖြတ်ချက်တွေတစ်ခုမှ ဒီမိုကရေစီစံနှုန်းနဲ့ မညီပါဘူး” ဟု ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအသင်း ဥက္ကဋ္ဌဦးကြည်မြင့်က ပြောသည်။

“ဘာလုပ်မယ်ဆိုတာကို အစိုးရနဲ့လွှတ်တော်က ဆုံးဖြတ်ရပါမယ်။ စစ်အာဏာရှင်ဆီက အမွေဆက်ခံခဲ့တဲ့ လုပ်ထုံးလုပ်နည်းကို ဆက်သုံးမလား၊ ဒါမှမဟုတ် ဖဆပလအစိုးရလက်ထက်က အသုံးပြုခဲ့တဲ့ဥပဒေကို အခြေခံပြီး ဥပဒေအသစ် ထပ်ဆွဲမလား” ဟု လွတ်လပ်ရေးရသည့်အချိန်မှ ၁၉၅၈ ခုနှစ် ဖဆပလ နှစ်ခြမ်းကွဲချိန်အထိ အုပ်ချုပ်ခဲ့သောအစိုးရကို ရည်ညွှန်း၍ ၎င်းကပြောသည်။

မိမိကိုယ်ကို ကာကွယ်ရေးအတွက် လိုင်စင်ဖြင့် သူလက်နက်ကိုင်ဆောင်ခဲ့ကြောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က တတိယအဆင့် အာဏာရှိသူနှင့် ယခင်က သြဇာကြီးမားသော နိုင်ငံရေးသမား သူရဦးရွှေမန်းက မေလက ထုတ်ဝေသည့် ၎င်း၏စာအုပ်၌ ဖော်ပြခဲ့သည်။

ယခင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက် ပြည်သူ့လွှတ်တော်နာယကအဖြစ် ဆောင်ရွက်ခဲ့သူ သူရဦးရွှေမန်းသည်၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ ထူးဆန်းစွာ အဖြုတ်ခံခဲ့ရသည်။ ထို့နောက် ၂၀၁၆ ခုနှစ်တွင် ၎င်းသည် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လာခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲ၌ ရှုံးခဲ့သောညက အကြောင်းကို “သူ၊ ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး” ဟူသည့် စာအုပ်တွင် ၎င်းက ရေးသားခဲ့သည်။ ရွေးကောက်ပွဲတွင် သူရှုံးလိုက်ပြီကို သိရပြီးနောက် ထိုည ညဉ့်နက်ပိုင်းတွင် သူနှင့်သူ့ဇနီးတို့ အိပ်ရာဝင်ခဲ့ကြသည်။

ထို့နောက် ခေါင်းအုံးအောက် ထားနေကျ သေနတ်ကို ဦးရွှေမန်းက ယူလိုက်ချိန်တွင် “ရှင် ဒါတွေ လုပ်စရာ မလိုတော့ဘူး။ ရှင် မဲရှုံးသွားပြီလေ၊ ရှင့်ကို ရှုံးစေချင်တဲ့ သူတွေ ကျေနပ်သွားပြီပဲ။ ရှင်အန္တရာယ် မရှိတော့ပါဘူး” ဟု ဇနီးဖြစ်သူက လှမ်းပြောသည်ဟု သူရဦးရွှေမန်းက ရေးသားထားသည်။ “သူပြောတာမှန်ပေမဲ့ ကျွန်တော့်လုံခြုံရေးအတွက် ဆက်ကိုင်ထားပါတယ်” ဟုလည်း စာအုပ်ထဲတွင် သူက ဆက်လက်ရေးသားထားသည်။

တပ်မတော်မှ အငြိမ်းစားယူထားသူများအပါအဝင် မည်သည့်အရပ်သားမဆို သေနတ်တစ်လက် ပိုင်ဆိုင်ထားပြီး သွားလေရာယူဆောင်သွားရန်မှာ ပုံမှန်လုပ်နေကျ မဟုတ်သဖြင့် ဗိုလ်ချုပ်ဟောင်းတစ်ဦး၏ ယင်းသို့သော ဝန်ခံပြောကြားချက်က စိတ်ဝင်စားစရာဖြစ်နေသည်။

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အရပ်သားများ လက်နက်ပိုင်ဆိုင် ကိုင်ဆောင်ခွင့်ရှိသည် ဆိုသောအချက်နှင့် လက်နက်များကို မည်သည့်နေရာတွင် ရောင်းချသည်ဆိုသောအချက်တို့မှာ လူအများစု မသိရှိသည့်ကိစ္စ ဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု မရှိသောကြောင့်လည်းကောင်း၊ အများပြည်သူတို့၏ အကျိုးစီးပွားအတွက်ကြောင့်လည်းကောင်း သေနတ်ပိုင်ဆိုင်မှုကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းသင့်သည်ဟု နိုင်ငံသားအချို့က ယုံကြည်ထားသည်။

၁၈၇၈ ခုနှစ် လက်နက်ဥပဒေကို အကြိမ်ကြိမ် ပြင်ဆင်ခဲ့သော်လည်း လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်တွင် ယင်းဥပဒေသည်သာ မူရင်းဥပဒေဖြစ်နေဆဲဖြစ်သည်။ ဓာတ်ပုံ - ကျော်လင်းထွန်း

၁၈၇၈ ခုနှစ် လက်နက်ဥပဒေကို အကြိမ်ကြိမ် ပြင်ဆင်ခဲ့သော်လည်း လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်တွင် ယင်းဥပဒေသည်သာ မူရင်းဥပဒေဖြစ်နေဆဲဖြစ်သည်။ ဓာတ်ပုံ – ကျော်လင်းထွန်း

အရပ်သားများ လက်နက်ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီလေးချမ်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပင်းဒယ မဲဆန္ဒနယ် – ၂ ) က ပြီးခဲ့သည့် ဒီဇင်ဘာက လွှတ်တော်အစည်းအဝေး၌ မေးခွန်းထုတ်ခဲ့သည်။

“ကျွန်တော် ဒီမေးခွန်းကို မေးရတာက လက်နက်လိုင်စင်တွေကို အစိုးရက ဘယ်လိုထုတ်ပေးနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း သိချင်လို့ပါ” ဟု သူကပြောသည်။ လုယက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက်ခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနှင့်ဆက်နွယ်နေသော ပြစ်မှုကျူးလွန်ခြင်းစသည့်ကိစ္စများအတွက် စိုးရိမ်စရာများရှိနေကြောင်း သူကထပ်လောင်းပြောကြားသည်။

အရပ်သားလေးဦးတို့အား လက်နက်ပိုင်ဆိုင်ခွင့် လိုင်စင်ထုတ်ပေးထားကြောင်း ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ပြန်လည်ဖြေကြားသည်။ 

အဆိုပါလေးဦးမှာ ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်နှင့် ကမ္ဘောဇဘဏ်အပါအဝင် ကမ္ဘောဇကုမ္ပဏီအုပ်စု ပိုင်ရှင် ဦးအောင်ကိုဝင်း၊ လွှတ်တော်ကိုယ်စားလှယ်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ လောက်ကိုင်မဲဆန္ဒနယ် – ၁)၊ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးအောင်သန်းထွဋ်၊ တောင်ကြီးမြို့ဇီဝိတသံဃာ့ဆေးရုံမှ ဆေးဝါးကြီးကြပ်ရေးမှူး ဒေါက်တာစိုင်းခမ်းလှိုင်နှင့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ လောက်ကိုင်မဲဆန္ဒနယ် -၂ ) တို့ ဖြစ်ကြကြောင်း Burma News International က ဝန်ကြီး၏ ပြောကြားချက်ကို ကိုးကားဖော်ပြသည်။

အရပ်သားများ လက်နက်ကိုင်ဆောင်ခွင့်ကို ပြည်ထဲရေးဝန်ကြီးဌာန အဆင့်အမြင့်ဆုံးအပိုင်းက အတည်ပြုပေးခြင်းဖြစ်ကြောင်း ရန်ကုန်မှအမည်မဖော်လိုသူ ရဲမှူးတစ်ဦးက Frontier ကိုပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း လက်နက်လိုင်စင် လျှောက်လွှာကိစ္စကို တစ်ခါမျှ ဆောင်ရွက်ဖူးခြင်းမရှိကြောင်း သူကပြောသည်။

အရပ်သားများ ပိုင်ဆိုင်ထားသော လိုင်စင်ရလက်နက် အရေအတွက်နှင့်ပတ်သက်၍ သတင်းအချက်အလက်ကို Frontier အားပြောပြရန် ပြည်ထဲရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့သည်။

ဥပဒေကို ပြင်ဆင်မည်ဆိုပါက  လက်နက်လိုင်စင်ရရှိရန် အကျုံးဝင်မှုနှင့်ပတ်သက်သော ကန့်သတ်ချက်များကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းသင့်ကြောင်း မြန်မာရှေ့နေများကွန်ရက် နာယက ရှေ့နေဦးသိန်းအောင်က ပြောသည်။

“တကယ်တမ်းအရေးကြီးတာက ဘာကြောင့် လက်နက်သုံးဖို့ လိုအပ်တယ်ဆိုတဲ့အချက်ပါ” ဟု သူကပြောသည်။

သေနတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး ကန့်သတ်ချက်များရှိသော်လည်း သေနတ်များကို၊ အထူးသဖြင့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စများတွင် ပြစ်မှုကျူးလွန်သူများက မကြာခဏသုံးစွဲလျက်ရှိကြောင်း ဦးသိန်းအောင်က ပြောသည်။

ချမ်းသာသောလုပ်ငန်းရှင်များ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရနိုင်သည့် အမှုများကို လိုက်နေသော ရှေ့နေများနှင့် သူတို့မိသားစုများအပြင် ဘေးအန္တရာယ်မကင်းသော နယ်မြေများ၌ တာဝန်ထမ်းနေရသူ ပြည်သူ့ဝန်ထမ်းများကဲ့သို့သော ပုဂ္ဂိုလ်အချို့အတွက် ကိုယ့်ကိုယ်ကိုကာကွယ်ရန် လက်နက်ကိုင်ဆောင်ခွင့် ပေးမည့်အစီအစဉ်ကို အချို့သော ဥပဒေကျွမ်းကျင်သူတို့က ထောက်ခံသည်။

စစ်အာဏာရှင်စနစ်လက်အောက် အနှစ် ၇၀ နေလာပြီးသည့်နောက် “လူအများစု” က လုံခြုံရေးတပ်ဖွဲ့ဝင်များသာ လက်နက်ကိုင်ရမည်ဟု ယုံကြည်လာခြင်းမှာ မထူးဆန်းကြောင်း ဦးကြည်မြင့်က ပြောသည်။

“ဒါပေမဲ့ အခုအချိန်မှာတော့ လိုအပ်ရင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်အောင် ကျွန်တော်တို့နိုင်ငံသားတွေရဲ့ မူလရပိုင်ခွင့်ကို ပြန်ပေးဖို့အချိန်တန်ပါပြီ” ဟု သူကပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအသင်း ဥက္ကဋ္ဌ ဦးကြည်မြင့်။ ဓာတ်ပုံ – ကျော်လင်းထွန်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.