ရှေ့မတိုး နောက်မဆုတ်သာ အခြေခံဥပဒေ ပြင်ဆင်ရေးအကြပ်အတည်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းချက်များ မကြာမီ လွှတ်တော်ထဲ မဲခွဲဆုံးဖြတ်ဖို့ရောက်လာတော့မည်။လွှတ်တော်ထဲမဲခွဲလျှင် အရှုံးနှင့် ရင်ဆိုင်ရတော့မှာ မလွဲမသွေပင်ဖြစ်သည်။ သို့သော်လာမည့် ရွေးကောက်ပွဲအတွက်တော့ အထောက်ပံ့ရနိုင်ပေသည်။

လွန်မင်းမန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အခြေခံဥပဒေပြင်ဆင်ရေး နောက်ဆုံးကြိုးပမ်းချက်မှာ ဇန်နဝါရီ ၂၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိလာသည်။
ဤလုပ်ငန်းစဉ်မှာ မည်မျှကြာမည်ကို မခန့်မှန်းနိုင်။ အခြေခံဥပဒေပြင်ဆင်ရေး မဲမခွဲမီ လွှတ်တော်ထဲတွင် အတော်ပင်ရှည်ရှည်လျားလျား ပြောကြဆိုကြ ငြင်းခုံကြရဦးမည့်ပုံပေါ်သည်ဟု NLD ပါတီက Frontier ကိုပြောပြသည်။
ပြင်ဆင်ရေးကို တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီက ဆန့်ကျင်မဲပေးကြမည်ဖြစ်ရာ စစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်မှု အခန်းကဏ္ဍလျော့ချရေးကို အဓိကဦးတည်ထားသော ပြင်ဆင်မှုမှာ လွှတ်တော်ထဲတွင် အောင်မြင်ဖွယ်ရာ အလားအလာမရှိပေ။ တပ်မတော်က လွှတ်တော်ထဲ ၂၅ ရာခိုင်နှုန်း အပိုင်နေရာယူထားပြီး ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှပြင်ဆင်နိုင်မည်ဖြစ်ရာဗီတိုအာဏာရထားသောတပ်မတော်သားကိုယ်စားလှယ်များသဘောမတူဘဲ ပြင်ဆင်နိုင်မည်မဟုတ်ပေ။
ဤကြိုးပမ်းချက်ကို နိုင်ငံရေးစတန့်ထွင်မှုတစ်ခုဟုသာ သဘောထားမှုများရှိနေပြီး NLD သည် သူတို့၏ ၂၀၁၅ ရွေးကောက်ပွဲကတိကဝတ်ကို ဖြည့်ဆည်းရန်ကြိုးပမ်းကြောင်း မဲဆန္ဒရှင်များအား ပြသခြင်းဟု ရှုမြင်ကြပါသည်။
ရလဒ်မည်သို့ပင်ရှိစေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေကြမ်းတစ်ခုပေါ်ပေါက်လာရေးလုပ်ငန်းစဉ်မှာ NLD ၏ ဥပဒေအကြံပေး ဦးကိုနီအသတ်ခံရမှု နှစ်ပတ်လည်နေ့ဖြစ်သော ၂၀၁၉ ခု ဇန်နဝါရီ ၂၉ ရက်နေ့မှ တစ်နှစ်ခန့်ကြာခဲ့သည်။ ရှေ့နေဦးကိုနီသည် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အထက်သန်ဆုံး ကြိုးပမ်းခဲ့သူပင်ဖြစ်သည်။
ပါတီကအစီအစဉ်ကို ကြေညာပြီးနောက် NLD အများစုပါဝင်သော ပြည်ထောင်စုလွှတ်တော်သည် အဖွဲ့ဝင် ၄၅ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးခဲ့သည်။
ကော်မတီသည် နိုင်ငံရေးပါတီများ၏ ထောက်ခံတင်ပြချက် (၃၇၀၀) ကျော်ကို ပြန်လည်စိစစ်သုံးသပ်ပြီး ဇန်နဝါရီ ၁၃ ရက်တွင် လုပ်ငန်းအပြီးသတ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယကထံ ဥပဒေကြမ်းနှစ်ခုတင်သွင်းခဲ့သည်။
ဥပဒေကြမ်းတစ်ခုမှာ  လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပါလုပ်ပြီး ပြင်ရမည့် ပုဒ်မ ၄၃၆ (က) နှင့်သက်ဆိုင်သောပုဒ်မများဖြစ်သည်။
ဒုတိယဥပဒေကြမ်းမှာ  လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်သဘောတူလျှင်ပြင်နိုင်ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်စရာမလိုဘဲပြင်နိုင်မည့် ပုဒ်မ ၄၃၆ (ခ) နှင့်သက်ဆိုင်သောပုဒ်မများဖြစ်သည်။
ကော်မတီ၏ လုပ်ငန်းများနှင့် နီးစပ်သော NLD လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားချက်အရ အဆို နှစ်ခုတွင် ဖွဲ့စည်းပုံ၏ အပိုဒ် (၁၀၀) ကျော်လောက်ကို ပြင်ဆင်ရန်အချက်များ ပါဝင်သည်ဟု သိရှိရသည်။ 
အချို့သော ပြင်ဆင်ချက်များမှာ စကားလုံးအသုံးအနှုန်း ကဲ့သို့သော သိပ်အရေးမကြီးလှသည့် ပြင်ဆင်ချက်များသာ ဖြစ်သည်။ ဥပမာ – အရပ်ဖက်အဖွဲ့အစည်းများ၏ အကြံပြုချက်အရ အစိုးရကိုယ်တိုင် မကြာမီက ပြောင်းလဲသုံးစွဲခဲ့သော “မသန်မစွမ်း” ဟူသော အသုံးအစား “မသန်စွမ်း” ဟု ပြင်ဆင်သုံးစွဲရန် အချက်များသာဖြစ်သည်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်နိုင်အောင် ရည်ရွယ်၍ပိတ်ပင်ထားသော ပုဒ်မ ၅၉ (စ) ကိုလည်း ပြင်ဆင်ရန်ထည့်သွင်းထားသည်။ 
သို့သော် NLD ၏ ဒုတိယအဆိုပြုချက်မှာ လွှတ်တော်များတွင် တပ်မတော်သားကိုယ်စားလှယ်ပါဝင်မှု အရေအတွက်ကို အချိန်နှင့်အမျှ တစ်ဖြေးဖြေးလျော့ချသွားပြီး နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်မှုကို လျော့ချသွားရန်ပင်ဖြစ်သည်။ ၂၀၂၁-၂၀၂၆ လွှတ်တော်သက်တမ်းတွင် တပ်မတော်ကိုယ်စားလှယ်ပါဝင်မှုကို ၁၅ ရာခိုင်နှုန်းအထိလည်းကောင်း၊ ၂၀၂၆-၂၀၃၀ လွှတ်တော်တွင် ၁၀ ရာခိုင်နှုန်းနှင့် ၂၀၃၁-၃၆ လွှတ်တော်တွင် ငါးရာခိုင်နှုန်းရှိပြီး နောက်လွှတ်တော်တွင် တပ်မတော်ပါဝင်မှုလုံးဝရုပ်သိမ်းရန် အဆိုပြုတင်ပြထားသည်။ 
ဖွဲ့စည်းပုံပြောင်းလဲရန်သတ်မှတ်ချက် စည်းကမ်းကိုလည်း ကိုယ်စားလှယ်အမတ်ဦးရေ သုံးပုံနှစ်ပုံရရှိပြီး လူထုဆန္ဒခံယူပွဲတွင် တစ်ဝက်ကျော်ရရှိပါက ပြင်ဆင်နိုင်အောင် ပြောင်းလိုသည်။
“ပထမပိုင်းမှာတော့ လက်ရှိ စနစ်ထဲကပဲ လုပ်နိုင်သမျှ လုပ်ရမှာပဲ၊ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း အတွေ့အကြုံတွေအပေါ် မူတည်ပြီး တကယ့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီးမှသာ ဖြစ်နိုင်မှာပါ” ဟု ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် NLD ဝါရင့်အမတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။

ဒေါနှင့်မောနှင့် ငြင်းခုန်ကြမည့်ပွဲ

NLD ၏ ဤကြိုးပမ်းမှုကြောင့် နဂိုကမှ တင်းမာနေသော တပ်မတောနှင့် ဆက်ဆံရေးကို ပိုမိုဆိုးရွားသွားစေပြီး တိုင်းရင်းသားအများစုပါဝင်သော နိုင်ငံရေးပါတီများကိုလည်း အနေရခက်စေခဲ့သည်။
NLD ၏ လုပ်ဆောင်ချက်ကို USDP နှင့် စစ်တပ်က သူတို့၏ ပြင်ဆင်ချက် ငါးခု ပါဝင်သော အဆိုပြုချက်ဖြင့် တုန့်ပြန်ခဲ့သည်။ အချို့မှာ စစ်တပ်၏ နိုင်ငံရေးဩဇာကို ထပ်၍ပင်တိုးလိုက်သေးသည်။ 
အဆိုပြုချက်တစ်ခု၌ တစ်စုံတစ်ခုသော အခြေအနေတွင် စစ်တပ်အားလွှတ်တော်ကို ဖျက်သိမ်းရန် အခွင့်အာဏာကိုပင်ပေးရန် အဆိုပြုထားရာ ဒီမိုကရေစီကို ခြိမ်းခြောက်သော လုပ်ဆောင်ချက်ပင်ဖြစ်သည်ဟု ဝေဖန်သူတို့က ပြောကြသည်။ 
အခြားအဆိုပြုချက်တွင် ပုဒ်မ ၅၉ (စ) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ရာထူးများကိုပင် အကြုံးဝင်စေရန် အဆိုပြုထားသည်။ 
သူတို့၏ အဆိုပြုချက်များကို ဥပဒေပြုလွှတ်တော်က NLD အများစုပါဝင်သော ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီထံ ဆက်လက်ပေးပို့ပြီး ပင်မပြင်ဆင်ရေးအဆိုပြုချက်များနှင့် တပေါင်းတည်း တင်ပြရန် ဆုံးဖြတ်ခဲ့ရာ စစ်တပ်နှင့် ကြံ့ခိုင်ရေးအမတ်များ ဒေါသဖြစ်သွားခဲ့ကြသည်။
NLD ဥပဒေပြုအမတ်များက ယင်းဆုံးဖြတ်ချက်က မှန်ကန်မျှတကြောင်း စောဒကတက်ချက်များစွာဖြင့် တင်ပြခဲ့ကြသည်။ ဒေါသဖြင့် အပြန်အလှန်ပြောကြားမှုတွေကြောင့် လွှတ်တော်နာယကဦးတီခွန်မြတ်က ကြံ့ခိုင်ရေးနှင့် စစ်တပ်အမတ်တွေအပြင် NLD အမတ်အနည်းငယ်ကို သတိပေးမှုတွေ လုပ်ခဲ့ရသည်။
အဆိုပါအခြေအနေများက ဦးတီခွန်မြတ်ကို ကသိကအောက်ဖြစ်စေခဲ့သည်။ ဦးတီခွန်မြတ်မှာ ကြံ့ခိုင်ရေးပါတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဥက္ကဌဟောင်းဖြစ်သူ သူရဦးရွှေမန်းနှင့် အတူ ပါတီမှ ဖယ်ရှားခံခဲ့ရသူဖြစ်ကာ ယခု၎င်းမှာ တစ်သီးပုဂ္ဂလအဖြစ်ရပ်တည်နေသည်။
သို့သော်လည်း အခြေအတင်ဆွေးနွေးမှုများကို ၎င်း၏ကိုင်တွယ်မှုအပေါ် ဦးတီခွန်မြတ်သည် NLD ၏နိုင်ငံရေးလက်နက်ကိရိယာတစ်ခုဖြစ်သည်ဟု ကြံ့ခိုင်ရေးနှင့် စစ်တပ်အမတ်များက တံဆိပ်ကပ်ခဲ့ကြသည်။ စစ်တပ်ကိုယ်စားလှယ်တစ်ဦးက ဦးတီခွန်မြတ်မှ လွှတ်တော်စည်းမျဉ်းများကို လျစ်လျူရှုသူဖြစ်သည်ဟုပင် စွပ်စွဲခဲ့သည်။ NLD သည် ယခုနှစ်ရွေးကောက်ပွဲအနိုင်ရရန် အခြေဥပဒေပြင်ဆင်မှုကို အသုံးချနေသည်ဟု စွပ်စွဲခြင်းမှာ အံ့သြစရာမဟုတ်ပေ။
စိတ်ပျက်မှုရှိလာသော ကြံ့ခိုင်ရေးအမတ်များသည် ၄၅ ဦးကော်မတီမှ နုတ်ထွက်ခဲ့သည်။ ၎င်းတို့က သူတို့အပေါ် မျှတစွာ ဆက်ဆံခြင်းမရှိဆိုသည့် အကြောင်းပြချက်များဖြင့်လွန်ခဲ့သည့်နှစ် စက်တင်ဘာလက နုတ်ထွက်ခဲ့သော ရခိုင်အမျိုးသားပါတီမှ အမတ်များနှင့် တစ်သီးပုဂ္ဂလအမတ်တစ်ဦးတို့ မကျေမနပ်ပြောကြားချက်များကို သံယောင်လိုက်ခဲ့သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဒီဇင်ဘာလတွင် လွှတ်တော်ဥက္ကဋ္ဌထံသို့ စာတစ်စောင်ပို့ခဲ့ပြီး အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ကိုင်တွယ်ရာတွင် NLD ၏နိုင်ထက်စီးနင်းဆန်မှုအပေါ် စိတ်ပျက်ကြောင်း ဖော်ပြထားသည်။ ယင်းကိုးကားခဲ့သည့် အကြောင်းရင်းများထဲက တစ်ခုမှာ အဆိုပြုထားသည့် ပြောင်းလဲမှုတစ်ခုစီကို အခြေအတင်ဆွေးနွေးမှုအတွက် ကော်မတီသည် အချိန်ငါးမိနစ်သာ အသုံးပြုသောကြောင့်ဖြစ်သည်ဆိုသည်။
သို့သော်လည်း NLD သည် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်၏ ဥပဒေကြမ်းများကို မပိတ်ပင်နိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ပုဒ်မ ၄၃၅ အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်နှစ်ဆယ်ရာခိုင်နှုန်းက အခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းတစ်ခုကို တင်သွင်းလျင် လွှတ်တော်က စဉ်းစားရမည်ဟု ပါရှိသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် အမတ်များမှာပြင်ဆင်ရေးကော်မတီ၏ ဥပဒေကြမ်းနှစ်ခုနှင့်အတူ  ဥပဒေကြမ်းငါးခုအတွက် မဲပေးရဖွယ်ရှိနေပြီး ၎င်းတို့မှာ ကြံ့ခိုင်ရေးပါတီက သုံးခုနှင့် စစ်တပ်ကနှစ်ခုတို့ဖြစ်သည်။

အောင်မြင်ဖို့ မျှော်လင့်ချက်နည်းလွန်း

NLD ၏ အခြေခံဥပဒေပြင်ဆင်ချက်များနှင့် NLD ကအသုံးပြုနေသည့် လုပ်ငန်းစဉ်ကိုပါ စစ်တပ်နှင့် ကြံ့ခိုင်ရေးတို့က ပြတ်ပြတ်သားသားဆန့်ကျင်နေခြင်းက အဆိုပြုထားသည့် ပြောင်းလဲမှုများမှာ မအောင်မြင်သလောက်နီးပါးဖြစ်မည်ဆိုသည့် သဘောသက်ရောက်နေသည်။
“ပုဒ်မ ၄၃၆ ကြောင့် ပြင်ဆင်မှုလုပ်ငန်းက ရှေ့ဆက်နိုင်မယ်လို့ ကျနော်မထင်ဘူး” ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ပူဂင်ကမ်းလျံက ပြောသည်။ “ရှေ့မတိုးနောက်မဆုတ်အခြေအနေတစ်ခုဆီကို ဦးတည်နေပြီး လုပ်ငန်းစဉ်က ရပ်တန့်သွားနိုင်ပါတယ်။ NLD ကလည်း ပုဒ်မ ၄၃၆ရဲ့ပြဋ္ဌာန်းချက်တွေကို ကျော်ပြီး သွားလို့မရပါဘ့ူး” ဟု ၎င်းကပြောသည်။
စစ်တပ်၏ထောက်ခံမှုမရရှိသောကြောင့် လက်ရှိလွှတ်တော်၏ပြင်ဆင်ရေးလုပ်ငန်းစဉ်မှာ အောင်မြင်မှုမရှိနိုင်ခြင်းနှင့်အတူ တစ်ခုတည်းသောဖြစ်နိုင်ဖွယ်ရာရွေးချယ်စရာမှာ အာဏာရပါတီခေါင်းဆောင်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုဖြစ်ဟန်ရှိသည်။
ယင်းကဲ့သို့ဆွေးနွေးမှုဖြစ်လာနိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းရန် ဖရန်တီယာက အကြီးတန်းNLD ပါတီဝင်အချို့ကို ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့က သုံးသပ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ 
“အခြေခံဥပဒေကို ပြင်ဖို့ စစ်တပ်က သဘောမတူမချင်း ကျနော်တို့ အောင်မြင်မှာမဟုတ်ဘူးဆိုတာကတော့ သိသာထင်ရှားပါတယ်” ဟုNLD မှဦးအောင်ကြည်ညွန့်က ပြောသည်။ 
“စစ်တပ်က အခြေခံဥပဒေရဲ့ ဘယ်အစိတ်အပိုင်းတွေကို ဆက်ပြီးထိန်းထားမယ်ဆိုတာ လွှတ်တော်မှာ မဲပေးတဲ့အခါ ကျနော်တို့သိရမှာပါ”  ဟု၎င်းကပြောသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီများမှာ NLD ဘက်ကပါသူများရှိနိုင်သကဲ့သို့ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်ဘက်ပါသူများရှိနိုင်သည်။ ယင်းပါတီအများအပြားမှာ ယေဘုယျအားဖြင့် စစ်တပ်၏နိုင်ငံရေးပါဝါကို လျှော့ချရန်လိုလားသော်လည်း ဖက်ဒရယ်ပြည်ထောင်စုနှင့် ပတ်သက်သည့် ပြောင်းလဲမှုများအတွက် NLD ကတွန်းအားမပေးမည်ကို စိတ်ပူနေသည်။
သို့သော်လည်း ပုဒ်မ ၂၆၁ ကိုပြင်ဆင်ရေး ကြံ့ခိုင်ရေးပါတီက အဆိုပြုထားပြီး ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်ရာထူးခန့်အပ်ရန် ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်ထက် သမ္မတကို လုပ်ပိုင်ခွင့်ပေးထားခြင်းကို ပြင်ဆင်ထားခြင်းဖြစ်သည်။
ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်အမျိုးသားပါတီတို့ကဲ့သို့ ဦးဆောင်တိုင်းရင်းသားပါတီကြီးများကလည်း ပုဒ်မ ၂၆၁ကို ပြင်ဆင်ရန် အလားတူအဆိုပြုချက်များကို အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကော်မတီသို့ တင်ထားသည်။
ယင်းပြင်ဆင်ချက်မှာ စစ်တပ်၏ထောက်ခံမှုရရှိထားဟန်ရှိပြီး ကြံ့ခိုင်ရေးပါတီအနေဖြင့် အမတ်နေရာ ၂၀ရာခိုင်နှုန်းကို မထိန်းချုပ်နိုင်သဖြင့် တပ်မတော်၏ ထောက်ခံမှုရရှိမှသာ ၎င်း၏ဥပဒေကြမ်းများကို တင်သွင်းနိုင်သည်။
ထို့ကြောင့် NLD ကသာ ယင်းပြောင်းလဲမှုကို သဘောတူခဲ့လျှင် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ချက်ကို အတည်ပြုနိုင်မည်ဖြစ်သည်။ သို့သော်လည်း စစ်တပ်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသရွေ့ ဝန်ကြီးချုပ်ခန့်အပ်ခွင့်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များသို့ အာဏာပေးအပ်မည့် ပုဒ်မ ၂၆၁ပြင်ဆင်မှုကို NLD ကထောက်ခံမည်မဟုတ်ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။
ယင်းကဲ့သို့ပြင်ခြင်းက ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် ညွန့်ပေါင်းဖွဲ့စည်းခြင်းဖြင့် စစ်တပ်က အာဏာရနိုင်သည့် အခွင့်အလမ်းရှိလာနိုင်ပြီး ပြည်ထောင်စုအစိုးရလှုပ်ရှားမှုများကို အားနည်းစေနိုင်သည်။ “လွှတ်တော်ထဲမှာထိုင်နေတဲ့ စစ်တပ်က အမတ် ၂၅ရာခိုင်နှုန်းနဲ့ တကယ့်ဒီမိုကရေစီဆိုတာရှိလား။ ဒီလိုအခြေအနေတွေမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ ဘယ်လိုအလားအလာတွေဖြစ်ပေါ်မလဲဆိုတာ တွေးကြည့်နိုင်ပါတယ်” ဟု၎င်းကပြောသည်။
“ဒါနဲ့ပတ်သက်လို့ သူတို့ထင်မြင်ချက်က ဘာလဲဆိုတာ တိုင်းရင်းသားပါတီတစ်ခု ဒါမှမဟုတ် တိုင်းရင်းသားနိုင်ငံရေးသမားတစ်ယောက်ဆီက သုံးသပ်ချက်တစ်ခု ကျနော်တို့ရနိုင်မလား။ သေချုာတာက NLD နဲ့ တိုင်းရင်းသားပါတီတွေကြားက ဆက်ဆံရေးကို ထိခိုက်စေပါလိမ့်မယ်။”ဟု ၎င်းကဆက်လက်ပြောသည်။
NLD က အခြေခံဥပဒေကို ပြင်ဆင်ရန် ပျက်ကွက်ပါက ဖြစ်နိုင်ဟန်ရှိသည်မှာ ၎င်း၏ကြိုးပမ်းမှုက ယခုနှစ်ရွေးကောက်ပွဲတွင် အနိမ့်ဆုံးအားဖြင့် ဗမာအများစုရှိသော နေရာများတွင် အခွင့်သာစေရန် ဖြစ်သည်ဟု မျှော်လင့်ရသေးသည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ NLD ၏ပြန်လည်ရွေးကောက်ခံရေးမဟာဗျူဟာ၏ အစိတ်အပိုင်းဖြစ်နေသည်ဟု တချို့ကယူဆထားကြသည်။ အခြေခံဥပဒေပြင်ဆင်မှုများမှာ အောင်မြင်မှုရှိလိမ့်မည်မဟုတ်ဟု အာဏာရပါတီအမတ်များက မှန်းဆနေကြောင်း အမည်မဖော်လိုသည့် NLD အမတ်တစ်ဦးကပြောသည်။
“တကယ်လို့မအောင်မြင်ရင် ကျနော်တို့ပြောလို့ရတာက ကြည့်လေ ပိုပြီးဒီမိုကရေစီကျဖို့ အခြေခံဥပဒေကို ပြင်ဖို့ ကျနော်တို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ စစ်တပ်က ဒါကိုပိတ်ဆို့ထားတယ်။ ဒါ့ကြောင့်မအောင်မြင်တာ။ ဒါထက်ပိုပြီး ကျနော်တို့က ဘာများပြောလို့ရမှာလဲ”ဟု၎င်းကပြောကြားခဲ့သည်။ 

 

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.