ရှမ်းပြည်မြောက်ပိုင်း၌ ငြိမ်းချမ်းရေး မျှော်လင့်ချက် ပျောက်ဆုံးနေ

မြန်မာနိုင်ငံ၏ အကြီးဆုံးပြည်နယ်တွင် အဆက်မပြတ် တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ဘဏ်တစ်ခု၌ ဗုံးပေါက်ကွဲခြင်းတို့ ဖြစ်ပွားခဲ့သဖြင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်များ မှေးမှိန်လျက်ရှိသည်။

စာသားနှင့် ဓာတ်ပုံ – ကတ်ထရီနာ ရှရဂင်ဘာဂါ

တိုက်ပွဲများ တိုးမြင့်ဖြစ်ပွားလာခြင်း၊ ဘဏ်တစ်ခုတွင် ဗုံးပေါက်ကွဲခြင်းတို့ကြောင့် တိုင်းရင်းသား လူမျိုးစုများစွာ နေထိုင်သော ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယုံကြည်မှု ပိုမိုကင်းမဲ့လာသည်။

ဖေဖော်ဝါရီ ၂၁ ရက်တွင် လားရှိုးမြို့ရှိ ရိုးမဘဏ်ခွဲ၌ ဗုံးပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ဖြတ်သွားဖြတ်လာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြသည်။

ထိုရိုးမဘဏ်ခွဲသည် ရဲစခန်းနှင့် မီတာ ၁၀၀ ခန့်သာ ဝေးပြီး မျက်နှာချင်းဆိုင်တွင် အစိုးရ အဆောက်အအုံ တစ်ခု ရှိသည်။

“အဲဒီနေ့က ကျွန်တော် ဘဏ်မှာမရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေအတွက် စိတ်မကောင်း ဖြစ်မိတယ်” ဟု အမည်မဖော်လိုသော ဘဏ်လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောသည်။ ဘဏ်ပိတ်ချိန် မတိုင်ခင်ကတည်းကသာ ဗုံးပေါက်ခဲ့ပါက ထို့ထက် အသေအပျောက် ပိုများနိုင်သည်ဟု သူကဆိုသည်။

“ဗုံးမပေါက်ခင် မိနစ်နည်းနည်းအလိုမှာ နိုင်ငံခြားသား ဖောက်သည် ၂ ဦး လာသွားသေးတယ်” ဟု သူက ပြောသည်။

ဗုံးပေါက်ကွဲမှုမတိုင်မီ သီတင်းပတ် အနည်းငယ်တွင် တပ်မတော်သည် ကေအိုင်အေ Kachin Independence Army နှင့် တအာင်းန်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ Ta’ang National Liberation Army တို့က ဗုံးခွဲရန် ပြင်ဆင်နေသည်ဟု လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ ဗုံးကွဲပြီးသောအခါ မည်သည့်အဖွဲ့အစည်းကမှ မိမိတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံခြင်း မရှိခဲ့ပေ။

“ဒါ ဘယ်သူ့လက်ချက်ဆိုတာ ပြည်သူတွေက ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖိအားကြောင့် ထုတ်ဖော်ပြောကြားဖို့ ကြောက်နေကြတာပါ” ဟု အသက် ၂၂ နှစ်အရွယ် လားရှိုးမြို့နေ ကိုမိုင်းနိုင်နိုင်ဦးက ပြောသည်။

“ဘယ်သူကပဲ လုပ်တာဖြစ်ဖြစ် တကယ်ထိခိုက်နစ်နာတာက သာမန်ပြည်သူတွေပဲ။ သူတို့ဘာသာ စစ်မြေပြင်မှာ တိုက်ခိုက်တာက တော်သေးတယ်” ဟု ရှမ်းပြည်နယ် သီပေါမြို့ အမှတ် ၁ မဲဆန္ဒနယ်မှ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် Shan Nationalities League for Democracy အမတ် ဒေါ်နန်းစံစံအေးက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့သည် ၂၀၁၁ ခုနှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ကတည်းက တိုက်ပွဲများ တိုးမြင့်ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဒေါ်နန်းစံစံအေးက ၂၀၁၅ ခုနှစ်တွင် National Ceasefire Agreement ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၀ ထဲမှ ရှစ်ခုက လက်မှတ်ရေးထိုးပြီးသောအခါ တိုက်ပွဲများက ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်မှတ်မထိုးသော အဖွဲ့အစည်းများထဲတွင် အကြီးဆုံး အဖွဲ့အစည်း ၂ ခု ဖြစ်သည့် ဝပြည်နယ်တပ်ဖွဲ့ United Wa State Army နှင့် ကေအိုင်အေ KIA တို့ ပါဝင်သည်။ ကေအိုင်အေနှင့် ၎င်း၏ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သော တအာင်းန်တပ်ဖွဲ့ Ta’ang National Liberation Army ၊ ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ Kokang- based Myanmar National Democratic Alliance Army နှင့် ကချင်အခြေစိုက် ရခိုင်တပ်ဖွဲ့ Kachin- based Arakan Army တို့သည် ၂၀၁၅ ခုနှစ်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ပူးပေါင်းစစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နေရာအတော်များများနှင့် မူဆယ်မြို့အနီး တပ်မတော်စခန်းများကို တိုက်ခိုက်ခဲ့ရာ တပ်မတော်သားများနှင့် အစိုးရအရာရှိ ကိုးဦးအထိ အသက်ဆုံးရှုံးခဲ့ရသည်။

၂၀၁၇ ခုနှစ်၌လည်း တိုက်ခိုက်မှုများ တိုးမြင့်လာ

“ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်ကလည်း တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေ တိုးလာခဲ့တယ်။ ကျောက်မဲမြို့ အနီးအနားက ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၅၀၀ လောက် တိုးလာခဲ့တယ်” ဟု ဒေါ်နန်းစံစံအေးက ပြောပြသည်။

၎င်းတို့သည် TNLA နှင့် Restoration Council of Shan State ၏ လက်နက်ကိုင် အဖွဲ့ခွဲဖြစ်သော Shan State Army South တို့ကြား တိုက်ပွဲများကြောင့် နေရာပြောင်းရွှေ့ရခြင်း ဖြစ်သည်။ RCSS SSA သည် ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။

တိုက်ခိုက်မှုများက သာမန်ပြည်သူအပေါ် ဆိုးရွားသော အကျိုးဆက်တို့ ဖြစ်ပေါ်စေနိုင်သည်ဟု သူက ဆိုသည်။

ရှမ်းပြည်နယ် သီပေါမြို့ အမှတ် ၁ မဲဆန္ဒနယ် လွှတ်တော်အမတ် ဒေါ်နန်းစံစံအေး။ ဓာတ်ပုံ - ကတ်ထရီနာ ရှရဂင်ဘာဂါ

ရှမ်းပြည်နယ် သီပေါမြို့ အမှတ် ၁ မဲဆန္ဒနယ် လွှတ်တော်အမတ် ဒေါ်နန်းစံစံအေး။ ဓာတ်ပုံ – ကတ်ထရီနာ ရှရဂင်ဘာဂါ

“လက်နက်ကိုင် အဖွဲ့အစည်းက NCA ထိုးထားလည်း သူတို့နဲ့ ဆက်သွယ်ရင် တရားစွဲနေတာပဲ” ဟု ဒေါ်နန်းစံစံအေးက ဆိုသည်။

လားရှိုးမှာ ဗုံးပေါက်ကွဲသွားသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်စေကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပါဝင်သူတို့ကြားမှာ ယုံကြည်မှု ကင်းမဲ့သွားစေ၍ဖြစ်ကြောင်း သူက ဆိုသည်။

“ဒီလို ဆက်ဖြစ်နေမယ်ဆိုရင် လူတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုံးဝ အယုံအကြည် ကင်းမဲ့သွားနိုင်တယ်။ ပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်တာက မူးယစ်ဆေးတွေ ထုတ်လုပ်မှု မြင့်မားနေချိန်နဲ့ ကိုက်နေတယ်။ မူးယစ်ဆေး ပြဿနာကလည်း ပိုဆိုးလာနေတယ်” ဟု ဒေါ်နန်းစံစံအေးက ပြောသည်။

အစိုးရက ချဉ်းကပ်ပုံနှင့် သဘောထား ပြောင်းလဲဖို့ လိုအပ်ကြောင်း သူက ဆိုသည်။

“အစိုးရက ပြည်သူတွေနဲ့ ပိုမိုထိတွေ့ဆက်ဆံပြီး အပြုအမူတွေ ပြောင်းလဲသင့်တယ်။ တိုင်းရင်းသားတွေရဲ့ စကားသံကို နားထောင်ပြီး ဒေသခံတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးသင့်တယ်။ NCA မှာ ပါဝင်သူတွေကလည်း သူတို့ရဲ့လက်ရှိသဘောထားအတိုင်း အခိုင်အမာ ဆုပ်ကိုင်ထားရမယ်” ဟု ဒေါ်နန်းစံစံအေးက ပြောသည်။

တိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖွံ့ဖြိုးမှုများ နှောင့်နှေးပြီး လူနေမှု အဆင့်အတန်းများလည်း ကျဆင်းလာနေသည်။ ထို့ပြင် လယ်ယာလုပ်ငန်းကို မလုပ်ကိုင်နိုင်သောကြောင့် စီးပွားရေးကိုလည်း ထိခိုက်လာနေသည်။

“ရှမ်းပြည်မြောက်ပိုင်း၊ အထူးသဖြင့် တအာင်းန်ဒေသမှာ ၂၀၁၅ ခုနှစ်ကတည်းက တိုက်ပွဲတွေ ပိုပြီးဆိုးဝါးလာတယ်” ဟု တအင်းန်အမျိုးသမီးအဖွဲ့အစည်း Ta’ang Women Organization မှ တွဲဖက် အတွင်းရေးမှူး ဒေါ်လွေပိုးကျိန်ကီး Daw Lway Poe Jaing Kee က မတ်လ ၂၁ ရက်၌ ဖရန်တီယာကို ပြောသည်။ Ta’ang Women Organization ကို ယခင်က ပလောင်အမျိုးသမီးအဖွဲ့အစည်း Palaung Women Organization ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။

“၂၀၁၅ မတိုင်ခင်က တပ်မတော်နဲ့ TNLA ကြားမှာပဲ တိုက်ပွဲဖြစ်ခဲ့တာ။ RCSS က NCA ကို လက်မှတ်ထိုးအပြီးမှာ RCSS ကလည်း TNLA ကို လာတိုက်တော့တာပဲ” ဟု သူက ပြောပြသည်။

RCSS ရဲ့ ဌာနချုပ်က ထိုင်းနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်တိုင်းလိုင် Loi Tai Leng တွင် တည်ရှိသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားလည်း ဖြစ်ပွားခဲ့သည်ဟု ဒေါ်လွေပိုးကျိန်ကီးက ပြောသည်။

၂၀၁၇ ခုနှစ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု ၁၀၀ ကျော် မှတ်တမ်းရရှိခဲ့သည်။ ယင်းတို့တွင် ညှင်းပန်းနှိပ်စက်မှုများ၊ အဓမ္မပြုကျင့်မှု၊ သတ်ဖြတ်မှုတို့ ပါဝင်သည်။ အထူးသဖြင့် တပ်မတော်၏ ကျူးလွန်မှု အများစု ပါဝင်သည်ဟု သူက ဆိုသည်။

တိုက်ခိုက်မှုများကြောင့် အသက်မွေးဝမ်းကျောင်းမှုများ ထိခိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် လယ်သမားများသည် ရွာပြင်ရှိ သူတို့၏ လယ်ကွင်းများရှိရာ မသွားရဲကြသောကြောင့် ဖြစ်သည်။ မြေမြှုပ်မိုင်းများနှင့် တပ်မတော်၏ဖမ်းဆီးမှု ခံရမှာကို ကြောက်ရွံ့နေကြသည်။

“လယ်သမားတွေ သူတို့ရဲ့ လယ်ကွင်းတွေဆီကို သွားရင် တပ်မတော်က သူတို့ကို သူပုန်တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးတယ်။ ညှင်းပန်းနှိပ်စက်တယ်” ဟု ဒေါ်လွေပိုးကျိန်ကီးက ပြောသည်။

မူးယစ်ဆေး အလွဲသုံးစားပြုမှုများကြောင့်လည်း အခြေအနေမှာ ပိုမိုဆိုးရွားလာသည်။

လားရှိုးမြို့အနီးရှိ ပလောင်ရွာများတွင် မူးယစ်ဆေးမသုံးစွဲသော အိမ်ထောင်စုဟူ၍ မရှိပေ။ မူးယစ်ဆေးစွဲသူ မိဘများက သားသမီးများကို လူကုန်ကူးသူများထံ ကျပ် ၂၀၀,၀၀၀ မှ ၅၀၀,၀၀၀ ကြား ငွေကြေးရယူ ရောင်းစားသည်များလည်း ရှိသည်ဟု သူက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြောင်းရွှေ့ရသူအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကတ်ထရီနာ ရှရဂင်ဘာဂါ

ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြောင်းရွှေ့ရသူအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – ကတ်ထရီနာ ရှရဂင်ဘာဂါ

လုံခြုံရေး အခြေအနေများ ပိုမိုဆိုးရွားလာခြင်း၊ မူးယစ်ဆေး ပြဿနာများ ပိုမိုများပြားလာခြင်းတို့ကြောင့် ပြည်သူများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အယုံအကြည် ကင်းမဲ့လာသည်ဟု ဒေါ်လွေပိုးကျိန်ကီးက ဆိုသည်။ “ပြည်သူတွေက ငြိမ်းချမ်းရေးကို လိုချင်တယ်။ နိုင်ငံရေးသမားတွေက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြပြီး တိုးတက်မှုက မရရှိတော့ သူတို့ စိတ်ပျက်လာကြတယ်” ဟု သူက ဆိုသည်။

ဒေါ်လွေပိုးကျိန်ကီးက အားလုံးပါဝင်သော အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ချုပ်ဆိုနိုင်ရန်မှာ NCA လက်မှတ်ရေးထိုးခြင်း မရှိသောကြောင့် ပိတ်ပင်ခံထားရသော အဖွဲ့အစည်းများကိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ရန်သာ ဖြစ်သည်ဟု ပြောသည်။

ထောင်ပေါင်းများစွာ နေရာပြောင်းရွှေ့ရ

ကျောက်မဲမြို့၊ နမ်ခမ်းမြို့နှင့် နမ္မတူမြို့တို့တွင် RCSS နှင့် TNLA တို့ကြား မတ်လ ၁၀ ရက်က  ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရွာသူရွာသား ရာပေါင်းများစွာ နေရာပြောင်းရွှေ့ကြရပြီး အချို့မှာ လားရှိုးမြို့တွင် လာရောက်ခိုလှုံကြသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး United Nations Office for the Coordination of Humanitarian Affairs ၏ အချက်အလက်များအရ ထိုတိုက်ပွဲများကြောင့် ဒုက္ခသည် ၃,၃၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၁,၄၀၀ ခန့်သည်သာ နေရပ်သို့ ပြန်နိုင်ကြသည်ဟု ဆိုသည်။ ကျန် ၂,၀၀၀ ခန့်မှာ ဒုက္ခသည်စခန်းတွင် ခိုလှုံနေရသည်။

ထိုဒုက္ခသည်များကို ဘုန်းကြီးကျောင်းများနှင့် မြို့နယ် ၅ ခုရှိ ခိုလှုံရေးစခန်းများတွင် ထားရှိသည်ဟု UNOCHA ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပြဲပီရွန် Mr Pierre Peron က ပြောကြားသည်။

နေရာပြောင်းရွှေ့သူ အများစုမှာ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။ အမျိုးသားများကမူ သူတို့၏နေအိမ်များကို စောင့်ရှောက်ရန် သူတို့ရွာများ၌သာ နေရစ်ခဲ့ကြသည်။

“တိုက်ခိုက်မှုတွေ ရှိနေရင် ကျွန်တော်တို့ လယ်မစိုက်နိုင်ဘူး” ဟု လားရှိုးမြို့ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ခိုလှုံနေသော လယ်သမား တစ်ဦးက ပြောပြသည်။ မတ်လ ၁၇ ရက်၌ သူတို့ရွာလယ်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု သူက ပြောပြသည်။

တိုက်ပွဲများ မရှိသည့်တိုင် ရှာဖွေစားသောက်ရသည်မှာ မလွယ်ဘူးဟု သူကဆိုသည်။ ထို့ပြင် တပ်မတော်သည် ရွာသားများ၏ ကျွဲနွားများကို လုယူခြင်း၊ အိမ်ပေါ်တက် လုယက်ခြင်းစသည်တို့ကို လုပ်ဆောင်လေ့ရှိသည်ဟု သူက စွပ်စွဲသည်။ တပ်မတော်က ဖမ်းဆီးသွားသည့် လူ သုံးယောက်လည်း ပျောက်ဆုံးနေကြောင်း သူက ဆိုသည်။

မတ်လကဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သော ကချင်ပြည်သူများလည်း ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။ လားရှိုးမြို့ရှိ အနောက်ပိုင်း ကချင်ပြည်သူ ဘုရားရှိခိုးကျောင်း Western Kachin Public Church တွင် လာရောက်ခိုလှုံသော ဒုက္ခသည် ၁၀၀ ခန့်တွင် ထက်ဝက်နီးပါးမှာ ထိုကချင်လူမျိုးများ ဖြစ်ကြသည်။

ခရစ်ယာန် ဘုရားကျောင်းအဖွဲ့ဝင် တစ်ဦးက လုံခြုံရေး အခြေအနေများ ပိုမိုဆိုးရွားလာသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်ပါ့မလားဟု သံသယဝင်မိသည်ဟု ဆိုသည်။

“ရှမ်းပြည်နယ်က သီးခြားနယ်မြေကြီး တစ်ခုလို ဖြစ်နေတာ။ ဒီနေရာမှာ ငြိမ်းချမ်းရေးရရင် တနိုင်ငံလုံး ငြိမ်းချမ်းရေး ရမှာပဲ။ အခုအချိန်မှာတော့ အဲဒီအဆင့်ကို ရောက်ဖို့ အဝေးကြီး လိုနေသေးတယ်” ဟု အမည်မဖော်လိုသော ဘုရားကျောင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကချင်လူမျိုး ရွာသူကြီး တစ်ဦးက မတ်လ ၇ ရက်မှာ တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားကြောင်း၊ နောက်တစ်ပတ်အကြာ၌ RCSS နဲ့ TNLA တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြန်ကြောင်း၊ လယ်သမားများမှာ လယ်မစိုက်နိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဆိုသည်။

“ကျွန်တော်တို့က အထိတ်တလန့်နဲ့ အသက်ရှင်နေရတာ” ဟု သူက ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဇန်နဝါရီလက ဗုံးပေါက်ကွဲခဲ့သော ရိုးမဘဏ်ခွဲ၏ အတွင်းပိုင်းအပျက်အစီးများကို တွေ့ရစဉ်။ ဓာတ်ပုံ – ကတ်ထရီနာ ရှရဂင်ဘာဂါ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.