ရှမ်းပြည်နယ်ရဲ့ နယ်စပ် ဒါမှမဟုတ် စိုးရိမ် ဆာလောင်နေတဲ့နေရာ

စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ လျှော့ချလိုက်တာကြောင့် ဒုက္ခသည်နဲ့ နေရပ်စွန့်ရသူ ၆,၀၀၀ ကျော်အတွက် နောက်ထပ် စိုးရိမ်စရာတွေ ဖြစ်လာရပါတယ်။ သူတို့ဟာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က စခန်းတွေမှာ အန္တရာယ်ရှိတဲ့ အခြေအနေတွေကြား နေထိုင်ခဲ့ကြရတာ နှစ်တွေကြာနေပါပြီ။

ဗစ်တိုးရီးယား မီလ်ကို ရေးသားသည်။ 

ဓာတ်ပုံများ – ဗစ်တိုးရီးယား မီလ်ကို

မီတာ ၁၀၀ ပင်မဝေးလှတဲ့ ထိုင်းနယ်စပ်စခန်းက ထိုင်းစစ်သားတွေ သတိမထားမိအောင် ဂရုစိုက်ရင်း ဝေးလံလှတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူများနေထိုင်ရာ လွိုင်ကော်ဝမ် IDP စခန်းက ဆေးဝန်ထမ်းနဲ့ အင်္ဂလိပ်ဘာသာဆရာဖြစ်သူ အသက် ၃၇ နှစ်အရွယ် စိုင်းဘသာဟာ ဆန်အိတ်ပုံလေးကို ဖုံးထားတဲ့ အဝတ်ကို မလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းအကျဆုံး ချင်းရိုင်ပြည်နယ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ရှမ်းပြည်နယ်က ဒီစခန်းကို ပုဂ္ဂလိပိုင်းက လှူဒါန်းထားတဲ့ ဒီဆန်ဟာ အောက်တိုဘာ ၁ ရက်နေ့နောက်ပိုင်း ရရှိခဲ့တဲ့ တစ်ခုတည်းသော စားနပ်ရိက္ခာဖြစ်ပါတယ်။

ဒီလိုဖြစ်ခဲ့ရတာကတော့ INGO တွေ စုဖွဲ့ထားတဲ့ The Border Consortium က ထောက်ပံ့ငွေမလုံလောက်တဲ့အတွက် ရှမ်းနဲ့ ထိုင်းနယ်စပ်က IDP နဲ့ ဒုက္ခသည်စခန်းတွေအပြင် ကရင်ပြည်နယ်က စခန်းတစ်ခုအတွက် အစားအစာ ထောက်ပံ့မှုကို လျှော့ချလိုက်ရတာကြောင့် ဖြစ်ပါတယ်။ “ဒါကတော့ ကျွန်တော်တို့မှာ ကျန်တာအကုန်လုံးပါပဲ” လို့ ဘသာက အောက်တိုဘာ ၃၁ ရက်နေ့က Frontier ကို ပြောပါတယ်။ “ဒါတွေကုန်သွားရင် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး” လို့လည်း ဘသာက ဆိုပါတယ်။

ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

လွိုင်ကော်ဝမ်ဟာ မြန်မာဘက်ခြမ်းမှာရှိတဲ့ IDP စခန်းငါးခုအနက် တစ်ခုဖြစ်ပြီး ကျန် ဒုက္ခသည်စခန်းတစ်ခုကတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်က ခန်းဂျော်ဒုက္ခသည်စခန်း ဖြစ်ပါတယ်။ နယ်စပ်တစ်လျှောက်က ပထမဆုံးစခန်းတွေကို ၁၉၉၀ ပြည့်လွန်နှစ်တွေက တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က ရှမ်းပြည်နယ်မှာရှိတဲ့ ထောင်ပေါင်းများစွာသော ရွာသားတွေဟာ တပ်မတော်ရဲ့ မြေလှန်စစ်ဆင်ရေးကြောင့် ထွက်ပြေးခဲ့ကြချိန်ဖြစ်ပါတယ်။ စစ်ဆင်ရေးတွေအပြီးမှာ တစ်ဆက်တည်းဆိုသလိုပဲ ရက်စက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အသစ်ဖွဲ့စည်းထားတဲ့ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ သူ့ရဲ့ လက်နက်ကိုင်အဖွဲ့ SSA/S ကို ချေမှုန်းဖို့ ၁၉၉၆ ခုနှစ်မှာ တပ်မတော်က စစ်ဆင်ရေး စတင်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အတွင်း လူ ၃၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အရပ်သား ၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း (Shan Human Rights Foundation) ကပြောပါတယ်။

လွိုင်ကော်ဝမ်က ဆေးခန်းရှေ့မှာ ထိုင်နေတဲ့ စိုင်းလိပ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့သူဟာ မြန်မာပြည်က ထွက်ပြေးခဲ့စဉ် မြေမြှုပ်မိုင်းမိခဲ့တာကြောင့် လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

လွိုင်ကော်ဝမ်က ဆေးခန်းရှေ့မှာ ထိုင်နေတဲ့ စိုင်းလိပ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့သူဟာ မြန်မာပြည်က ထွက်ပြေးခဲ့စဉ် မြေမြှုပ်မိုင်းမိခဲ့တာကြောင့် လက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ လိင်အကြမ်းဖက်မှု ၆၀၀ ကျော်ကို ၂၀၀၂ ခုနှစ်က သူတို့ရဲ့ အစီရင်ခံစာဖြစ်တဲ့ License to Rape ထဲမှာ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Shan Women’s Action Network တို့က စာရင်းပြုစု ဖော်ပြထားပါတယ်။ ဖြစ်ပွားခဲ့တဲ့ နေရာအများစုကတော့ အဓမ္မနေရာရွှေ့ပြောင်းမှုတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်ထဲမှာ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ် နှောင်းပိုင်းမှာတော့ ဘိန်းစိုက်ပျိုးမှု အမြစ်ဖြတ်ရေးအကြောင်းပြချက်နဲ့ စစ်အစိုးရဟာ တရုတ်နဲ့ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ဝ ကျေးရွာသားတွေကို ထိုင်းနဲ့နယ်စပ်အနီး ရှမ်းပြည်တောင်ပိုင်းက နေရာတွေမှာ နေရာချထားပေးခဲ့ပါတယ်။ အဲဒီနေရာက မြေသြဇာကောင်းပါတယ်။ အဲဒီအချိန်က ပထမဆုံး IDP စခန်းကို တည်ဆောက်ခဲ့တာပါ။ ဒါပေမဲ့ မကြာခင်မှာပဲ နောက်ထပ် IDP စခန်းတွေဆောက်ဖို့ လိုအပ်လာခဲ့ပါတယ်။

၁၉၉၁ နဲ့ ၂၀၀၁ ခုနှစ်ကြားမှာ ရွာသား ၁၂၆,၀၀၀ ကျော်ဟာ ဝ ခြောက်မြို့နယ်ကနေ ရှမ်းပြည်တောင်ပိုင်းကို ရွှေ့ပြောင်းခံရပြီး အဓိကအားဖြင့် အဲဒီနေရာမှာ နေထိုင်နေကြတဲ့ ရှမ်း၊ လားဟူနဲ့ အခါတိုင်းရင်းသားတွေအပေါ် အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

လွိုင်ကော်ဝမ်က ဆေးခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

လွိုင်ကော်ဝမ်က ဆေးခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

၂၀၀၁ ခုနှစ်မှာ ရှမ်းပြည်နယ်စစ်တပ်(တောင်ပိုင်း) SSA-S နဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စည်းလုံးတဲ့ ဝပြည် စစ်တပ် UWSA က တပ်မတော်ဘက်က ကူညီခဲ့ပါတယ်။

SSA-S ကို ကူညီတယ်လို့ သံသယဝင်ခံရတဲ့ ရှမ်းရွာသားတွေကို တပ်မတော်နဲ့ UWSA တို့က နှောက်ယှက်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ရှိတယ်လို့ စွပ်စွဲမှုတွေရှိခဲ့ပါတယ်။

ထိုင်းနယ်စပ်ကို ထွက်ပြေးခဲ့တဲ့ ရှမ်းလူမျိုးထောင်ပေါင်းများစွာထဲမှာ လွိုင်ကော်ဝမ် IDP စခန်းတည်ထောင်သူတွေလည်း ပါဝင်ပါတယ်။ ထွက်ပြေးခဲ့တဲ့ ရှမ်းတွေရဲ့ ရွာတွေနဲ့ ပိုင်ဆိုင်မှုတွေကိုတော့ UWSA က သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်က အဓမ္မနေရာရွှေ့ပြောင်းမှုတွေ လုပ်နေစဉ်မှာပဲ နယ်စပ်အနီးက ထိုင်းဘက်ခြမ်းမှာ နောက်ထပ်စခန်းတွေ တည်ဆောက်ခဲ့ရပါတယ်။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေက လက်မခံဘဲ စခန်းတွေကို မြန်မာဘက်ခြမ်းကို ရွှေ့ဖို့ အမိန့်ပေးခဲ့ပါတယ်။

RCSS/SSA ရဲ့ အရှေ့ပိုင်းတိုင်း တိုင်းမှူးဖြစ်သူ Sao Kon Zuen။ ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

RCSS/SSA ရဲ့ အရှေ့ပိုင်းတိုင်း တိုင်းမှူးဖြစ်သူ Sao Kon Zuen။ ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

မြန်မာဘက်မှာ ဆောက်ခဲ့တဲ့စခန်းအချို့ဟာ နောက်ပိုင်းမှာ ထိုင်းပိုင်နက်ထဲက မမြင်နိုင်တဲ့ နေရာတွေဆီကို အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့ပါတယ်။

ယနေ့ စခန်းများ

ပထမဆုံးတည်ဆောက်ပြီး ဆယ်စုနှစ်နှစ်နှစ်နီးပါးအကြာမှာ စခန်းခြောက်ခုဟာ လူ ၆,၀၀၀ ကျော်ကို လက်ခံထားပြီး စခန်းတွေမှာ နေထိုင်သူတွေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ ၃၉ ရာခိုင်နှုန်းကတော့ အသက် ၁၈ နှစ်အောက်တွေ ဖြစ်ပါတယ်။ စခန်းတွေမှာ နေထိုင်သူအားလုံးဟာ အသက်ရှင်သန်ရေးအတွက် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေအပေါ်မှာပဲ အားကိုးနေရပါတယ်။

typeof=

စခန်းတွေကို ရောက်သွားပြီးနောက် မြန်မြန်ဆန်ဆန် ရှင်းရှင်းလင်းလင်း သိရှိသွားရတာကတော့ အစိုးရတွေ၊ INGO တွေ အပါအဝင် ပြည်ပအလှူရှင်တွေဟာ အကူအညီပေးရာမှာ အဓိကအကျဆုံးနေရာက ပါဝင်နေတာတွေ့ရပါတယ်။ စခန်းအများစုမှာ ပုဂ္ဂလိကအလှူရှင်တွေ၊ ပြည်ပ အကူအညီပေးရေးအဖွဲ့ရဲ့ အမည်တွေကို ပေးလေ့ရှိတဲ့ ကစားကွင်းတွေ၊ ကျောင်းတွေနဲ့ ဆေးခန်းတွေရှိပါတယ်။ သက်ကယ်မိုးအိမ်အချို့မှာလည်း ဆိုလာပြားတွေရှိပြီး အိမ်ရှေ့က ဥယျာဉ်ထဲမှာ အနည်းဆုံး ခပ်ဝဝ ကြက်မတစ်ကောင်တော့ ရှိနေပါတယ်။

ဒါပေမဲ့ စခန်းတွေက အဆောက်အအုံအများအပြားမှာ အချိန်နဲ့ အရာဝတ္ထုတွေရဲ့ တိုက်စားမှုတော့ ခံနေရပါတယ်။ စပါးကျီတစ်ခုကလည်း နှစ်များစွာက လှုပ်ခဲ့တဲ့ ငလျင်တစ်ခုကြောင့် ခနော်နီခနော်နဲ့ ဖြစ်နေပါတယ်။ တချို့စာသင်ခန်းတွေရဲ့ အမိုးတွေ၊ နံရံတွေမှာလည်း ရာသီဥတုတိုက်စားမှုကြောင့် အပေါက်တွေဖြစ်နေပါပြီ။ ဒါပေမဲ့ ထောက်ပံ့ငွေမရတော့ မပြင်နိုင်သေးပါဘူး။ ဘတ်စ်ကက်ဘောခြင်း နောက်ခံပြားတစ်ခုက ဖြစ်သလိုဆောက်ထားတဲ့ ညစ်ပတ်နေတဲ့ကွင်းရဲ့ အစွန်းတစ်ခုမှာ ရှိနေပါတယ်။ သံကွင်းတစ်ခုကလည်း ပြီးခဲ့တဲ့ မိုးရာသီတွေကြောင့် သံချေးတွေ တက်နေပါတယ်။

ဒါပေမဲ့ အခြေခံအဆောက်အအုံက စခန်းတွေရင်ဆိုင်နေရတဲ့ အမြန်ဆုံးဖြေရှင်းရမဲ့ ပြဿနာတော့ မဟုတ်သေးပါဘူး။ The Border Consortium ရဲ့ပြောကြားချက်အရ ဖေဖော်ဝါရီလက ကြေညာခဲ့တဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု လျှော့ချမှုတွေ အောက်တိုဘာ ၁ ရက်နေ့မှာ စတင်အကျိုးသက်ရောက်ကတည်းက စခန်းနေထိုင်သူတွေအတွက် အကျပ်အတည်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရှမ်းလူ့အသိုင်းအဝိုင်းက အတွေ့ရအများဆုံး တုံ့ပြန်မှုတွေက အစားအစာထောက်ပံ့မှု ရပ်လိုက်လို့ စိတ်ပျက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရှိကြောင်း သက်သေမပြနိုင်လို့ စိတ်ရှုပ်ထွေးမှုနဲ့ ကိုယ့်အားကိုယ်ကိုးနိုင်စွမ်းတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေဖြစ်တယ်လို့ TBC ရဲ့ မြန်မာအစီအစဉ်ဒါရိုက်တာ ဒွန်ကန်မက်အာသာက ပြောပါတယ်။ TBC ကို ၁၉၈၄ ခုနှစ်က တည်ထောင်ခဲ့ပြီး ထိုင်းနယ်စပ်တစ်လျှောက်က ဒုက္ခသည်တွေကို အကူအညီပေးဖို့ ဖြစ်ပါတယ်။

TBC ဟာ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စခန်းတွေကို အကူအညီပေးလျက်ရှိပြီး အဲဒီစခန်းတွေမှာ လူဦးရေ တစ်သိန်းလောက်ရှိနေပါတယ်။ ကိုယ့်အားကိုယ်ကိုး တည်ထောင်ဖို့လုပ်နေတာ ဆယ်စုနှစ်တစ်ခု ကျော်နေပြီလို့တော့ ရှမ်းစခန်းခေါင်းဆောင်တွေက ပြောပါတယ်။ စခန်းတွေက မြေသြဇာကောင်းတဲ့ နေရာတွေမှာ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ နေရာအများစုမှာတော့ အဓိကအစားအစာဖြစ်တဲ့ ဆန်စပါးကို မစိုက်ပျိုးနိုင်သေးပါဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ အကန့်အသတ် ရှိနေပါတယ်။ ဆိုလိုတာကတော့ စခန်းမှာနေသူတွေဟာ သူတို့ကိုယ်တိုင်နဲ့ သူတို့မိသားစုကို ထောက်ပံ့ဖို့ အလုပ်အကိုင် ရှာတွေ့ဖို့လိုပါတယ်။

“ဝင်ငွေကြိုးစားရှာဖို့ ထိုင်းနိုင်ငံက ကြက်သွန်ဖြူစိုက်ခင်းတွေဆီကို ကျွန်တော်တို့ တစ်နှစ်ကို အကြိမ်အနည်းငယ်လောက် သွားပါတယ်” လို့ ကန်းဂျော်ဒုက္ခသည်စခန်းမှာနေတဲ့ အသက် ၅၂ နှစ်အရွယ် စိုင်းဘခမ်က ပြောပါတယ်။ “ဒါက တရားမဝင်ဘူး။ အဖမ်းခံရနိုင်တယ်ဆိုပေမဲ့ ကျွန်တော်တို့ကတော့ လုပ်ရတာပါပဲ။ အဲလိုမှမလုပ်ရင်လည်း အသက်ရှင်ဖို့အတွက် အစားအစာဝယ်ဖို့ နည်းလမ်းမရှိဘူးလေ” လို့လည်း သူကဆိုပါတယ်။

ဒုက္ခသည်နဲ့ IDP အများစုထံမှာ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကတ်နဲ့ အလုပ်လုပ်ခွင့် ပါမစ်မရှိတာကြောင့် တရားမဝင်ဘူးဆိုပေမဲ့လည်း စခန်းတွေနားမှာရှိတဲ့ ကြက်သွန်ဖြူ၊ လက်ဖက်နဲ့ လိမ္မော်စိုက်ခင်းတွေမှာ အလုပ်လုပ်ရလေ့ ရှိပါတယ်။ စိုက်ခင်းပိုင်ရှင်တွေက ဒုက္ခသည်နဲ့ IDP စခန်းက အလုပ်သမားတွေကို ထိုင်းအလုပ်သမားတွေကို ပေးရတာထက် သုံးပုံတစ်ပုံကိုသာ ပေးပါတယ်။

နေ့တိုင်းအလုပ်ရှိပါက သင့်တင့်လျောက်ပတ်စွာ နေထိုင်လို့ရတယ်လို့ စခန်းနေထိုင်သူတွေက ပြောကြားကြပါတယ်။ ဒါပေမဲ့ သီးနှံပေါ်ချိန်မှသာ အလုပ်ရှိတာကြောင့် အမြဲတမ်း အလုပ်အကိုင်အခွင့်အလမ်းက အကန့်အသတ်ရှိပါတယ်။ အလုပ်ရှိနေတဲ့သူတွေဟာလည်း အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိနေပြီး ထောင်ချခံရနိုင်သလို မြန်မာနိုင်ငံကိုလည်း ပြန်ပို့ခံရနိုင်ပါတယ်။ 

အစားအစာဝယ်ဖို့အတွက် ငွေရှာဖို့ ရွေးချယ်စရာ နည်းလွန်းတာကြောင့် ကလေးတွေကို ကျောင်းထွက်ဖို့ မိသားစုက ဖိအားပေးပြီး ငွေရှာနိုင်သလောက် ရှာခိုင်းပါတယ်။ ဒီလိုမှမဟုတ်ရင် မိဘတွေအလုပ်ရှာ လုပ်နေစဉ်မှာ အိမ်မှာနေပြီး ကလေးထိန်းခိုင်းကြပါတယ်လို့ စခန်းခေါင်းဆောင်တွေက ပြောပါတယ်။  

စခန်းမှာက မိသားစုတိုင်းအတွက် ပြဿနာတစ်ခုတော့ ရှိနေပါတယ်လို့ လွိုင်ကော်လန် IDP စခန်းက ခေါင်းဆောင်ဖြစ်သူ စိုင်းပန်က ပြောပါတယ်။ “စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာတွေတော့ ရှိပါတယ်” လို့ သူကဆိုပါတယ်။ စခန်းတွေရဲ့ တရားဝင်မဟုတ်တဲ့ အဆင့်အတန်းက IDP တွေနဲ့ ဒုက္ခသည်တွေအတွက် တခြားစိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။

typeof=

စခန်းအများအပြားမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုသာ ပေးနိုင်ပြီး အကန့်အသတ်နဲ့သာရှိတဲ့ လှူဒါန်းထားတဲ့ ဆေးဝါးကိရိယာတွေအပေါ်မှာသာ အားကိုးနေရပါတယ်။ လက်ဖက်စိုက်ခင်းတွေမှာ သုံးတဲ့ ပိုးသတ်ဆေးတွေကြောင့် ကုရခက်တဲ့ အရေပြားရောဂါကို ဖြစ်စေပါတယ်။ ကင်ဆာရောဂါဖြစ်မှုက သေမိန့်ကျသလိုဖြစ်ပြီး စိတ်ကျန်းမာရေးပြဿနာတွေလည်း မြင့်မားနေပါတယ်။ လွန်ခဲ့တဲ့နှစ်လအတွင်း သတ်သေမှုနှစ်ခုဖြစ်ပွားခဲ့ပြီး ဒီအမှုတွေက အစားအစာ ထောက်ပံ့မှုလျှော့ချတဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်စပ်နေပါတယ်။

ကျန်းမာတဲ့ ကလေးတစ်ယောက် ဒီမှာရှိနေဖို့ကလည်း ခက်ခဲပါတယ်လို့ လွိုင်ကော်ဝမ်စခန်းနေတဲ့ အသက် ၂၀ အရွယ် ကိုယ်ဝန်အရင့်အမာနဲ့ နန်ရှီမီက ပြောပါတယ်။ သူမက လက်ဖက်စိုက်ခင်းမှာ ရှားရှားပါးပါး တစ်နေ့တာသွားရောက် လုပ်ကိုင်နေတဲ့ ခင်ပွန်း အိမ်ပြန်အလာကို အိမ်မှာ ထိုင်စောင့်နေတာပါ။ “ထိုင်းဆေးရုံကို သွားရင်တော့ နာရီတော်တော်ကြာ သွားရတယ်။ အကုန်အကျလည်းများတယ်။ ပြီးတော့ အဖမ်းခံရမဲ့ အန္တရာယ်လည်းရှိတယ်။ စိုးရိမ်စရာပါ။ ဒါပေမဲ့ ကျွန်မကလေးရဲ့ ကျန်းမာရေးအတွက် ဒီလိုပဲလုပ်ရမှာပါ” လို့ ရှီမီက Frontier ကိုပြောပါတယ်။ စားနပ်ရိက္ခာ လျှော့ချခံရမှုကြောင့် သူမရဲ့ကလေးတွေ အာဟာရချို့တဲ့မှာကိုလည်း သူမက စိုးရိမ်နေပါတယ်။

ရှီမီရဲ့အခြေအနေက သိပ်ထူးခြားနေတာတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေဟာ မွေးပြီးရင် ထိုင်းဆေးရုံကို ပို့ဖို့ လိုအပ်လေ့ရှိပါတယ်။ မိုးရာသီမှာဆို သွားရတဲ့ခရီးဟာ သေချာခင်းမထားတဲ့ တောင်ပေါ်လမ်းတွေက ဗွက်ထတတ်တော့ ဂရုတစိုက်နဲ့ သွားရပါတယ်။ ဆေးရုံသွားရင်း ကလေးဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတွေအကြောင်း လွိုင်ကော်ဝမ်စခန်းက လူကြီးတွေက Frontier ကို ပြောပါတယ်။

လွိုင်ကော်ဝမ်စခန်းနေထိုင်သူ အသက် ၂၉ နှစ်အရွယ် စီတောင်တော့ သူမရဲ့အိမ်ရှေ့မှာ ထိုင်နေပါတယ်။ သူမဟာ တတိယမြောက်ကိုယ်ဝန်ကို ဆောင်ထားရပြီး သူမရဲ့ကလေးကို ကျန်းမာရေးကောင်းစေဖို့ လုံလောက်တဲ့ အစားအစာမရမှာ စိုးရိမ်နေပါတယ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

လွိုင်ကော်ဝမ်စခန်းနေထိုင်သူ အသက် ၂၉ နှစ်အရွယ် စီတောင်တော့ သူမရဲ့အိမ်ရှေ့မှာ ထိုင်နေပါတယ်။ သူမဟာ တတိယမြောက်ကိုယ်ဝန်ကို ဆောင်ထားရပြီး သူမရဲ့ကလေးကို ကျန်းမာရေးကောင်းစေဖို့ လုံလောက်တဲ့ အစားအစာမရမှာ စိုးရိမ်နေပါတယ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

“အများဆုံး ဒုက္ခခံရတဲ့သူတွေကတော့ ကလေးတွေ၊ လူအိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေပဲဖြစ်ပါတယ်” လို့ လွိုင်ကော်ဝမ်စခန်း ခေါင်းဆောင်တိုက်ပင်က ပြောပါတယ်။ “အဲဒီလူတွေဟာ စိုးရိမ်ရတဲ့သူတွေဖြစ်ပြီး ထိခိုက်မှုအများဆုံး ခံရတဲ့သူတွေလည်း ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

အိမ်အပြန်လမ်း

စခန်းခေါင်းဆောင်တွေနဲ့ မိနစ်အနည်းငယ် လမ်းလျှောက်ရာမှာ စကားလမ်းကြောင်းက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဘက်ကို ရောက်သွားခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လက်ထက် NLD အစိုးရဟာ လွန်ခဲ့တဲ့ ၁၉ လက အာဏာရပြီးကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လောက်လောက်လားလား မတိုးတက်သေးတာကတော့ စိတ်ပျက်စရာပါပဲ။

“အရင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရဟာ ကျွန်တော်တို့ရဲ့ဘဝတွေကို ပိုကောင်းအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ မျှော်လင့်ခဲ့သလို ဖြစ်မလာသေးပါဘူး” လို့ တိုက်ပင်က ပြောပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း မျှော်လင့်ချက် မှေးမှိန်နေပြီး အဆုံးတစ်နေ့မှာ ကိုယ့်ရွာကိုယ်ပြန်နိုင်ပြီ ဆိုလျှင်သော်မှ မြန်မာပြည်တွင်းသို့ ချောချောမောမောပြန်ဝင်နိုင်ရန် နိုင်ငံသားအထောက်အထား စာရွက်စာတမ်း ဘာတစ်ခုမှ မရှိကြတော့ချေ။ တပ်မတော်က မြေလှန်စနစ်ကျင့်သုံးစဉ်က ရွာမှ ထွက်ပြေးသွားကြရသူများမှာ မှတ်ပုံတင် လုပ်ထားခဲ့ကြခြင်း မရှိချေ။ မှတ်ပုံတင်ရှိသူများမှာလည်း တပ်မတော်က ဒေသရှင်းလင်းရေး လုပ်ဆောင်စဉ် သူတို့ ပိုင်ဆိုင်သမျှ စွန့်လွှတ်ထားခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်စခန်းနေသူများက သူတို့လုံခြုံရေးအာမခံပြီး မှတ်ပုံတင်တွေ ထုတ်ပေးလျင်သော်မှ သူတို့မှာ ပြန်စရာ အိမ်မရှိတော့ပါလို့ ပြောကြပါတယ်။

ရှမ်းပြည်နယ်ရှိ စခန်းများအနက် လွိုင်ကော်ဝမ်စခန်းသည် လူဦးရေအများဆုံးရှိသည့် စခန်းဖြစ်သည်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

ရှမ်းပြည်နယ်ရှိ စခန်းများအနက် လွိုင်ကော်ဝမ်စခန်းသည် လူဦးရေအများဆုံးရှိသည့် စခန်းဖြစ်သည်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

“ကျွန်တော်တို့ အိမ်ပြန်ချင်ပါတယ်၊ ပြန်ရင်လဲ ကျွန်တော်တို့မှာ လုပ်စားစရာမြေမရှိတော့ဘူး၊ စစ်တပ်က သိမ်းသွားကြပြီ” လို့ လွိုင်ကော်ဝမ်ရပ်ရွာခေါင်းဆောင်ဖြစ်သူ စိုင်းလဝမ် က ပြောပါတယ်။

“ကျွန်တော်တို့ အိမ်တွေကို တခြားလူတွေ ဝင်နေထိုင်ကြပြီး ပြန်ဖို့ အတော်ခက်သွားပြီ ကိုယ့်မြေကိုယ် ပြန်ဝယ်ရမလို ဖြစ်နေပြီ” လို့ သူက ပြောပါတယ်။

သံလွင်မြစ်တစ်လျှောက်တွင် ရေအားလျှပ်စစ်ဆည်ကြီးများအပါအဝင် စီမံကိန်းကြီးတွေလုပ်ဖို့ အစီအစဉ်တွေကြောင့် ရှမ်းပြည်နယ်က လူမျိုးစုတွေဟာ အခြေပျက်အနေပျက်ဖြစ်ကြရတော့မယ့် အန္တရာယ်နဲ့လည်း ရင်ဆိုင်နေကြရပါတယ်။ ဒီထဲမှာ ရှမ်းပြည်အရှေ့ပိုင်း သံလွင်မြစ်ပေါ်မှာ ထိုင်းနဲ့ တရုတ်တို့ ပူးပေါင်း တည်ဆောက်ကြမယ့် မိုင်းတုံဆည် စီမံကိန်းကြီးလည်းပါတယ်။ တာဆန်းဆည်လို့လည်းခေါ်တဲ့ ဒီဆည်ကြီးပြီးရင် လျှပ်စစ်မီဂါဝပ် ၇,၀၀၀ ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး လူ ၂ သိန်ှးကနေ ၃ သိန်းထိ နေရာရွေ့ပြောင်းပေးကြရလိမ့်မယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့က သတင်းထောက်များကလပ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ Shan Women’s Action Network တည်ထောင်သူ Nang Charm Tong က အခုလို ပြောခဲ့ပါတယ်။ “သံလွင်မြစ်ပေါ် ဆည်တွေဆောက်တာဟာ ဒုက္ခသည်တွေရဲ့ နေရင်းဒေသတွေကို ထိခိုက်ပါတယ်၊ ဒီစီမံကိန်းတွေ တည်ဆောက်ကြမယ်ဆိုရင် ဒုက္ခသည်တွေ ပြန်စရာ အိမ်လည်းရှိမှာ မဟုတ်တော့ပါဘူး” လို့ သူက ပြောပါတယ်။

လွိုင်ကော်ဝမ်စခန်းက အစည်းအဝေးခန်းမထဲမှာ သံလွင်မြစ်ပေါ်က ရေကာတာကို ကန့်ကွက်တဲ့ ပိုစတာတစ်ခု ချိတ်ဆွဲထားပါတယ်။ ရေကာတာလို အကြီးစားစီမံကိန်းတွေဟာ ရှမ်းပြည်နယ်က ဒေသခံတွေရဲ့ နေရာကို ခြိမ်းခြောက်နေပါတယ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

လွိုင်ကော်ဝမ်စခန်းက အစည်းအဝေးခန်းမထဲမှာ သံလွင်မြစ်ပေါ်က ရေကာတာကို ကန့်ကွက်တဲ့ ပိုစတာတစ်ခု ချိတ်ဆွဲထားပါတယ်။ ရေကာတာလို အကြီးစားစီမံကိန်းတွေဟာ ရှမ်းပြည်နယ်က ဒေသခံတွေရဲ့ နေရာကို ခြိမ်းခြောက်နေပါတယ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

မိုးကုတ်ဒေသမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ အီတလီ-ထိုင်း စွမ်းအင်ကုမ္ပဏီတို့က တည်ဆောက်ဖို့ ကြံစည်နေတဲ့ ကျောက်မီးသွေးမိုင်းနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ရပ်တန့်သွားပြီလို့ သတင်းတွေ ထွက်လာပေမယ့်လည်း ဒီစီမံကိန်းဒေသက ဒေသခံတွေ မောင်းထုတ်ခံနေရတုန်းပဲလို့ ရှမ်းနေရပ်ပြောင်းရွေ့ခံ ဒုက္ခသည်စခန်းကို မကြာမီက ရောက်လာတဲ့ ဒုက္ခသည်တွေက ပြောနေကြပါတယ်။

လွိုင်ကော်ဝမ်က စာသင်ကျောင်းထဲက အခန်းတစ်ခန်းမှာ အဲဒီစိုးရိမ်သောကတွေအကြောင်း ဆွေးနွေးကြစဉ်က ပါဝင် ဆွေးနွေးကြသူတွေ တခဏငြိမ်သက်သွားကြပါတယ်။ “ဒီအကြောင်းတွေပြောရင် ကျွန်တော်တို့ သိပ်ဝမ်းနည်းတယ်” လို့ ရပ်ရွာခေါင်းဆောင် စိုင်းပန်ပန်လတ်က ပြောပါတယ်။ ဒီအချိန်မှာ အခြားဒုက္ခသည်စခန်း ခေါင်းဆောင်တွေကလည်း ခေါင်းတွေငုံ့ပြီး ခေါင်းငြိမ့်ထောက်ခံကြတယ်။

ရွေးချယ်စရာ သိပ်မရှိလှ

လူတစ်ဦးအတွက် စားနပ်ရိက္ခာ တစ်လစာ ဆန် ၁၆ ကီလို၊ ဆား ၁၀၀ ဂရမ်၊ ငရုတ် ၁၀၀ ဂရမ်၊ ဆီ တစ်လီတာ စုစုပေါင်း ၁၁ ဒေါ်လာ (ကျပ် ၁၅၀၀၀ ခန့်) နှုန်းဖြင့် တွက်ချက်ပါက ဒုက္ခသည်စခန်း ၆ ခုရှိ ဒုက္ခသည်များအတွက် တစ်လကို ဒေါ်လာ ၇၀,၀၀၀၊ တစ်နှစ်ကို ဒေါ်လာ ၈၂၀,၀၀၀ ကုန်ကျပါမယ်။ ဒါပေမယ့် ထိုအကူအညီကို မရရှိခဲ့ပါဘူး။

အစားအစာနဲ့ အခြားသော အသုံးအဆောင်တွေ ရောင်းချတဲ့ ဈေးသည်တွေဟာ ကောင်းဂျာစခန်းကို နံနက်ပိုင်းမှာ ရောက်လာကြလေ့ ရှိပါတယ်။ ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

အစားအစာနဲ့ အခြားသော အသုံးအဆောင်တွေ ရောင်းချတဲ့ ဈေးသည်တွေဟာ ကောင်းဂျာစခန်းကို နံနက်ပိုင်းမှာ ရောက်လာကြလေ့ ရှိပါတယ်။ ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

“အသက်အန္တရာယ်မရှိသော်လည်း လိုအပ်ချက်များရှိနေသော ရှည်ကြာသည့် ရွေ့ပြောင်းခံအခြေအနေတွင် အစားအစာအတွက် ရန်ပုံငွေရှာကြံရသည်မှာ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ပြောင်းရွှေ့ခံ ဒုက္ခသည်တွေ နေရပ်ပြန်ရေး၊ ပြန်လည်နေရာချထားရေးဟာ မြန်မာအစိုးရအဖို့ရော၊ သက်ဆိုင်ရာ လက်နက်ကိုင် လူမျိုးစုအဖွဲ့အစည်းတွေအတွက်ပါ ဦးစားပေးကိစ္စလို သဘောထားပုံမရတော့ မျှော်လင့်ချက်ရောင်ခြည်လေးက ဝေဝါးနေပေရာ အထောက်အပံ့ ရန်ပုံငွေရရှိရေးမှာ ပို၍ပင် ခက်ခဲလှပါတယ်” လို့ Mc Arthur က ပြောပါတယ်။

အလှူရှင်များရဲ့ အစားအစာ အကူအညီအပေါ် နှစ်ပေါင်းများစွာ မှီခိုအားထားလာခဲ့ရပြီး အခြားလည်း အားကိုးစရာ မရှိသောကြောင့် စခန်းတွင် နေထိုင်သူများ ဒုက္ခတွေ့ကြမည့်အရေးကို စိုးရိမ်နေကြပါတယ်။ လွိုင်ကော်ဝမ်ကို အောက်တိုဘာလကုန်အထိ စားလောက်အောင် ဆန် ၅ ကီလိုတစ်အိပ်စီ ထောက်ပံ့နေပါတယ်။

ကောင်းဂျာစခန်းက စာသင်ခန်းတစ်ခုတွင် ပညာသင်ယူနေကြသည့် မိန်းကလေးငယ်များ။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

ကောင်းဂျာစခန်းက စာသင်ခန်းတစ်ခုတွင် ပညာသင်ယူနေကြသည့် မိန်းကလေးငယ်များ။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

ဒေသတွင်းက အကူအညီတွေ ပို့ပေးရတာ အခက်အခဲရှိနိုင်သဖြင့် ဒုက္ခသည်စခန်းအထိ ရောက်အောင် ထိုင်းနိုင်ငံဘက်က ပို့ရသဖြင့် ထိုင်းစစ်တပ်နဲ့ ကြိုတင်စီစဉ်ဖို့လည်း လိုအပ်ပါတယ်။

“ပုဂ္ဂလိက အလှူရှင်တွေဆီက ရိက္ခာအကူအညီတွေ ကားတစ်စီးနဲ့ ဒီလထဲရောက်လာတာ ထိုင်းစစ်တပ်က ပြန်မောင်းထုတ်လိုက်တယ်။ အလှူရှင်တွေက ကြိုတင်စီစဉ်မထားလို့ ဝင်ခွင့်မရဘူး၊ နောက်ရက်အတန်ကြာမှ ဝင်ခွင့်ပြုလိုက်တယ်” လို့ ဘသာက ပြောတယ်။

စခန်းက ဒုက္ခသည်တွေကတော့ နောက်ထပ် အကူအညီတွေ ရောက်မလာမချင်း တတ်နိုင်သလောက်ဖြစ်အောင် နေကြလေ့ရှိကြပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်မရှိ၊ ပညာလဲ မတတ်ကြဆိုတော့ အိမ်ပြန်ဖို့ကိုလည်း စိုးရိမ်နေကြပါတယ်။ လူတစ်ချို့အဖို့ကတော့ ဒုက္ခသည်စခန်းထဲက ဘဝကိုပဲ သူတို့သိကြပါတယ်။

အောက်တိုဘာလထဲတုန်းကတော့ နိုင်ငံတော် အတိုင်ပင်ခံရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောင်းရွှေ့ခံ ရှမ်းဒုက္ခသည် တွေကို အထောက်အပံ့ အကူအညီတွေပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရှမ်းပြည်ဒုက္ခသည်များကော်မတီရဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အစိုးရဆီက တိုက်ရိုက်ဆက်သွယ်မှု မရသေးဘူးလို့ ဆိုပါတယ်။

ထိုထုတ်ပြန်ချက်ထဲမှာ အစိုးရရဲ့ ကမ်းလှမ်းချက်ဟာ ရိုးမှ ရိုးသားရဲ့လားလို့ သံသယဖြစ်မိကြောင်း၊ တပ်မတော်က ရှမ်းပြည်မှာ ထိုးစစ်တွေ ဆက်လက်လုပ်ဆောင်နေပြီး ရှမ်းတိုင်းရင်းသားတွေကို စနစ်တကျဖယ်ရှား နေတာကို အာရုံပြောင်းချင်လို့ အစိုးရက စတန့်ထွင်တာဖြစ်ပုံရပါတယ်လို့ ဖော်ပြထားပါတယ်။ “မြန်မာစစ်တပ်က ဆက်လက် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကိုတော့ နှုတ်ပိတ်ရေငုံနေပြီး ပြောင်းရွှေ့ခံ ရှမ်းတိုင်းရင်းသားတွေကို ကူညီချင်ပါတယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ကမ်းလှမ်းမှုဟာ ရိုးသားပုံမရပါဘူး။ နိုဝင်ဘာ ပထမပတ်အထိတော့ ရှမ်းဒုက္ခသည်တွေထဲက ဘယ်သူမှ အကူအညီပေးရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဆက်သွယ်ပြောဆိုတာ မရှိသေးပါဘူး” လို့ ကောင်းကျော ဒုက္ခသည်စခန်းမှူး စိုင်းလန်းက ပြောပါတယ်။

ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

အနောက်တံခါးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ကြုံနေရလို့ မြန်မာ့အရှေ့နယ်စပ်ကနေ အာရုံပြောင်းသွားတာဖြစ်မယ်လို့လည်း ပြောကြပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေကြောင့် ရှမ်းပြည်နယ်စပ်က ဒုက္ခသည်စခန်းတွေကို ပေးမယ့်အကူအညီတွေအပေါ် ထိခိုက်မယ်ထင်ပါသလားလို့ လွိုင်ကော်ဝမ် ဒုက္ခသည်စခန်းက အမျိုးသမီးကြီးတစ်ယောက်ကို မေးကြည့်တော့ ဘာမှပြန်မပြောဘဲ ပြူးကြောင် ကြည့်နေပါတယ်။ ဒီတော့ သူ့ကိုယ်စား အခြားတစ်ယောက်က ကြားဝင်ဖြေပေးတယ်။ “ဟိုမှာ ဘာတွေဖြစ်နေတယ်ဆိုတာလည်း သူမသိဘူး၊ နိုင်ငံရေးအတွက်လည်း သူစိတ်မပူဘူး၊ သူစိတ်ပူတာက မနက်ဖြန် စားစရာမရှိမှာအတွက်ကိုပဲ သူစိတ်ပူတယ်” ဆိုပြီး ဖြစ်ပါတယ်။

အဝေးတစ်နေရာက ဆန္ဒပြပွဲ

အစားအစာအကူအညီ ဖြတ်တောက်မှုအပြီး တစ်လအကြာ အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ ရန်ကုန်မြို့၌ လူပေါင်းထောင်ပေါင်းများစွာ ပါဝင်တဲ့ တပ်မတော်ထောက်ခံဆန္ဒပြပွဲကြီး ကျင်းပခဲ့ပါတယ်။ ရခိုင်ပြည်မှာ တပ်မတော်က အကြမ်းဖက်ဆန့်ကျင်ရေး စစ်ဆင်ရေးဆင်နွှဲခဲ့တာကို လူထုက ထောက်ခံကြောင်း ပြသတဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်။ ဆန္ဒပြသူတွေက တပ်မတော်နဲ့ အချုပ်အခြာအာဏာ ကာကွယ်ရေး၊ အမျိုးဘာသာသာသနာ ကာကွယ်ရေး လုပ်ဆောင်မှုတွေကို ချီးကျူးခဲ့ကြပါတယ်။

ကီလိုမီတာ ၁,၀၀၀ အကွာက လွိုင်ကော်ဝမ်ဒုက္ခသည်စခန်းမှာတော့ စခန်းတာဝန်ခံတွေဟာ ဆန္ဒပြပွဲက ပုံတွေကြည့်ပြီး စိတ်မကောင်း ဖြစ်နေကြပါတယ်။

လွိုင်ကော်ဝမ် ဒုက္ခသည်စခန်းရဲ့ ခပ်လှမ်းလှမ်းက တောင်ကုန်းတွေပေါ်မှာ တပ်မတော်ရဲ့ ရှေ့တန်းစခန်းတွေကို မြင်တွေ့နေရပါတယ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

လွိုင်ကော်ဝမ် ဒုက္ခသည်စခန်းရဲ့ ခပ်လှမ်းလှမ်းက တောင်ကုန်းတွေပေါ်မှာ တပ်မတော်ရဲ့ ရှေ့တန်းစခန်းတွေကို မြင်တွေ့နေရပါတယ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

“တပ်မတော်ဟာ သူတို့ပြောတဲ့အတိုင်း နိုင်ငံကိုသာ တကယ်ကာကွယ်ခဲ့ရင် IDP ဒုက္ခသည်စခန်းတွေလည်းရှိမှာ မဟုတ်ဘူး” လို့ စခန်းတာဝန်ခံတစ်ယောက်က ပြောလိုက်တာကို ကျန်လူတွေက ခေါင်းငြိမ့်ပြီး ထောက်ခံလိုက်ကြပါတယ်။

သူ့ရဲ့ပုခုံးကို ကျော်ကြည့်တော့ အနီးအနားက ရိက္ခာဂိုထောင်မှာ ရိက္ခာလက်ကျန်က ပြောင်တလင်းခါလုနီးဖြစ်နေပြီး ခပ်လှမ်းလှမ်းက တောင်ကုန်းတွေပေါ်မှာတော့ တပ်မတော်ရဲ့ ရှေ့တန်းစခန်းတွေ တန်းစီနေတာ မြင်တွေ့ရပါတယ်။ ဒီတော့လည်း သူ့စကားကို ငြင်းဆိုဖို့ ခက်မှာဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ – ကောင်းကျော ဒုက္ခသည်စခန်းမှ ကလေးများ ၁၅ မိနစ်ခန့်အကွာရှိ ထိုင်းအစိုးရကျောင်းသို့ သွားရန် ကားပေါ်တက်နေကြပုံ။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.