မြောက်ဦးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သူ ရခိုင်အမျိုးသားပါတီဝင် ဦးထွန်းနေဝင်းကို မြောက်ဦးရှိ ပါတီရုံးခန်းတွင် ဩဂုတ်လအတွင်းက မြင်တွေ့ခဲ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ရွေးကောက်ပွဲ အပြင်ဘက်က မြောက်ဦး

နိုဝင်ဘာ၈ရက်၊ နိုင်ငံတစ်ဝန်း မဲပေးနေချိန်တွင် မြောက်ဦးရှိ မဲဆန္ဒရှင်များမှာ ကစားပွဲအပြင်ဘက်က ရပ်ကြည့်နေကြရသည်။ ၎င်းတို့ကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်တင်မြှောက်နိုင်ခြင်းမရှိလျှင် လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခပိုမိုဆိုးရွားလာပါက အကာအကွယ်မဲ့မည့်အဖြစ်ကို မြောက်ဦးဒေသခံများက စိုးရိမ်လျက်ရှိကြသည်။

ဖရွန်းတီးယားမြန်မာက ၂၀၂၀ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ကောင်းဆက်နိုင် ရေးသားသည်။

နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတစ်ဝန်းရှိ ၂၇သန်းကျော်သော မဲဆန္ဒရှင်များသည် ပူပြင်းသောနေရောင်အောက်တွင် ကိုဗစ်-၁၉ ပိုးကူးစက်နိုင်သည့် အန္တရာယ်ကြားက တစ်ခဲနက်မဲပေးခဲ့ကြသည်။

သို့တိုင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးမြို့တွင်မူ ခါတိုင်းကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ မြောက်ဦးမြို့တွင် ကျေးလက်ဒေသများတွင်သာမက မြို့ပေါ်ရပ်ကွက်များတွင်ပါ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သဖြင့် မဲရုံများ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိသလို မဲပေးရန် တန်းစီစောင့်ဆိုင်းနေသော မဲဆန္ဒရှင်ပြည်သူများလည်းမရှိခဲ့ပေ။

“ပုံမှန်နေ့ တစ်နေ့ပါပဲ။ ရွေးကောက်ပွဲလည်း မရှိဘူးလေ။ စိတ်မကောင်းစရာပေါ့”ဟု ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြု၍ မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သော်လည်း မပြိုင်ဖြစ်ခဲ့သည့် ဦးထွန်းနေဝင်းကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေအဖွဲ့)တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နယ်မြေလုံခြုံရေးသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် အခြေအနေတွင်မရှိဟု ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခွင်တွင် ရွေးကောက်ပွဲမကျင်းပရန် အောက်တိုဘာ၁၆ရက်က ကြေညာခဲ့သည်။ မြို့နယ်ကိုးခုတွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့်လည်းကောင်း၊ အခြားမြို့နယ်လေးခုတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၅၂ခုတွင်လည်းကောင်း ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။

ယင်းသို့ ရွေးကောက်ပွဲမကျင်းပဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုမှာ ရခိုင်အမျိုးသားပါတီ အဓိကအားကောင်းသော နေရာများဖြစ်သဖြင့် ကော်မရှင်၏ ဆုံးဖြတ်ချက်သည် ဘက်လိုက်မှုရှိသည်ဟု ရခိုင်ကိုယ်စားလှယ်လောင်းများက ဝေဖန်ခဲ့ကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသည် ရခိုင်အမျိုးသားပါတီက ၂၀၁၅တွင် နေရာအများစုအနိုင်ရခဲ့သော ဒေသဖြစ်ရာ ယခုကဲ့သို့ ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခြင်းသည် ရခိုင်နိုင်ငံရေးသမားများ လွှတ်တော်အတွင်း ကိုယ်စားပြုမှုကို ထိခိုက်စေကြောင်း ကော်မရှင်အပေါ် ဝေဖန်သံများ ဆူညံခဲ့သည်။

“နိုဝင်ဘာ၈ရက်က မြောက်ဦးမှာ တိုက်ပွဲတွေလည်း မရှိဘူး။ ဘာမှလည်း မဖြစ်ဘူး”ဟု ဦးထွန်းနေဝင်းက ပြောသည်။

မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့်အပေါ် ဒေသခံများကလည်း ဒေါသထွက်ခဲ့ကြသည်။ ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အသက်၁၈နှစ်ပြည့်ပြီးသူ ခန့်မှန်းခြေ ၁ဒသမ၂သန်းခန့် မဲပေးခွင့် ဆုံးရှုံးခဲ့သည်။ မြောက်ဦးမြို့နယ်တွင်မူ မဲပေးပိုင်ခွင့်ရှိသူ ၁၅၇,၆၇၄ဦး မဲပေးနိုင်ခြင်းမရှိခဲ့ပေ။

(Thibi အဖွဲ့ ရေးဆွဲသည်)

“တစ်နိုင်ငံလုံးမဲပေးနေတဲ့အချိန်မှာ ကျွန်တော်တို့က မဲမပေးရဘူးဆိုတာက ခံစားရတော့ခက်တယ်လေ။ ဝမ်းနည်းတာပေါ့”ဟု အသက်၂၆နှစ်ရှိပြီဖြစ်သည့် မြောက်ဦးမြို့ခံ ကိုရွှေသန်းကျော်က နိုဝင်ဘာ၁၀ရက်တွင် ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

၎င်းသည် ရွေးကောက်ပွဲသာ ကျင်းပဖြစ်ခဲ့ပါက နိုဝင်ဘာ၈ရက်တွင် မဲရုံများတွင် မဲပေးမှုအခြေအနေ အရပ်ရပ်ကို စောင့်ကြည့်လေ့လာရန် ပြင်ဆင်ထားခဲ့သူဖြစ်သည်။

“ကျွန်တော်တို့က ဒီမိုကရေစီဖြစ်စဉ်အဝန်းအဝိုင်းကြီးရဲ့ အပြင်ဘက်ကို ရောက်သွားသလို ခံစားရတယ်”ဟု ၎င်းက ဆက်ပြောသည်။

အလားတူပင် ယခုနှစ်တွင် ဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မဲပေးရန် အားခဲထားသော်လည်း ရွေးကောက်ပွဲမကျင်းပသဖြင့် ထိုအခွင့်အရေး လွဲချော်ခဲ့ရသူမှာ မြောက်ဦး၊ မြို့သစ်ရပ်ကွက်ရှိ အသက်၂၂နှစ်ရှိပြီဖြစ်သည့် ကိုမောင်မောင်ဌေးဖြစ်သည်။

၎င်းမဲပေးရန် အားခဲထားသည့် ပါတီမှ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီဖြစ်သည်။ ဒေါက်တာအေးမောင်သည် ရခိုင်များကိုအင်န်အယ်လ်ဒီက “ကျွန်သဖွယ်ဆက်ဆံနေသည်”ဟု ၂၀၁၈အတွင်းက ဟောပြောပွဲတစ်ခုတွင် ပြောကြားခဲ့သဖြင့် အစိုးရကဖမ်းဆီး၍ နိုင်ငံတော်ပုန်ကန်မှုဖြင့် နှစ်၂၀ထောင်ချခဲ့သည်။

ဒေါက်တာအေးမောင်သည် ထောင်ထဲတွင်ရှိနေသည့်တိုင် သူ၏ရခိုင့်ဦးဆောင်ပါတီသည် ပဋိပက္ခဒေသက မကြာခဏဖမ်းဆီးသတ်ဖြတ်ခံနေရသည့် ၎င်းတို့လို အရပ်သားများကို ဥပဒေအရ အကာအကွယ်ပေးနိုင်မည်ဟု ကိုမောင်မောင်ဌေးက ယူဆခဲ့သည်။

သို့သော် ၎င်းထောက်ခံသည့်ပါတီ၏ခေါင်းဆောင်ဖြစ်သူသည် ထောင်ဒဏ်ကျခံနေရသည့်အပြင် ရွေးကောက်ပွဲတွင်ပါ မဲပေးခွင့်ဆုံးရှုံးခဲ့သည်ဖြစ်ရာ ကိုမောင်မောင်ဌေးအဖို့ အလွန်ပင် စိတ်မကျေမချမ်း ဖြစ်ရသည်။

“ကျွန်တော်တို့ ဒေသမှာ ပဋိပက္ခတွေအကြား ဖမ်းဆီးခံရမှုတွေ၊ သေဆုံးမှုတွေအတွက် ပြောမဲ့ဆိုမဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလောက်ရှိရင် တစ်ခုခုများဖြစ်လာလေ မလားဆိုပြီး မဲပေးချင်တာလေ” ဟု မောင်မောင်ဌေးက ဆက်လက်ပြောဆိုသည်။

အမှန်တွင်မူ ၎င်းတို့ကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိသည့် ယခုလွှတ်တော်သက်တမ်းအတွင်းတွင်ပင်လျှင် ရခိုင်ပြည်နယ်အတွင်းရှိ တပ်မတော်နှင့် အေအေအဖွဲ့တို့အကြား တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုမှာ ယမန်နှစ်နှင့် ယခုနှစ်အတွင်း တစ်ဟုန်ထိုး မြင့်တက်ခဲ့သည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC) ၏ စာရင်းများအရ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာရသည့် ဒေသခံဦးရေမှာ ၂၃၆,၀၀၀ကျော်ရှိပြီဖြစ်သည်။ ထို့ပြင် လွတ်လပ်သောအာရှအသံသတင်းဌာန (RFA) က ပြုစုထားသော စာရင်းများအရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ၊ ပလက်ဝမြို့နယ်များတွင် မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်အပါအဝင် ပဋိပက္ခဖြစ်စဉ်အတွင်း ပုံစံအမျိုးမျိုးကြောင့် သေဆုံးသူအရပ်သား ဦးရေသည် ၂၀၁၈၊ ဒီဇင်ဘာမှ ယခုနှစ်၊ နိုဝင်ဘာ၁၇ရက်အထိ ၃၀၈ဦးရှိပြီဖြစ်သည်။ ဒဏ်ရာရရှိသူဦးရေ ၇၀၁ဦးရှိပြီဖြစ်ကြောင်း RFA သတင်းဌာနကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များရှိနေခြင်းသည် လက်တွေ့တွင် ပဋိပက္ခဒေသအတွင်းက တပ်မတော်၏ စစ်ဆင်ရေးများအကြား ဒေသခံအရပ်သားများထိခိုက်မှုကို အကာအကွယ်မပေးနိုင်ပေ။ သို့တိုင် လူ့အခွင့်အရေးချိုးဖောက်မှုများကို လွှတ်တော်အတွင်း အဆိုတင်သွင်းခြင်း၊ လူသိရှင်ကြား ဖော်ထုတ်ဝေဖန်ခြင်းပြုနိုင်သေးသဖြင့် ၎င်းတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များအား ရွေးချယ်နိုင်မှုမရှိခြင်းသည် မြောက်ဦးဒေသခံများအဖို့ ရင်လေးဖွယ်ရာဖြစ်သည်။

“အခုကတော့ တိုက်ပွဲတွေနဲ့ ဖမ်းဆီးခံရတဲ့ အခြေအနေတွေ ပိုမဆိုးလားဖို့ပဲ မျှော်လင့်နေရတော့မယ်”ဟု ကိုမောင်မောင်ဌေးက ပြောသည်။

မဲပေးခွင့်ဆုံးရှုံးရသူများအနက် စစ်ဘေးဒဏ်ကြောင့် မိမိတို့ကျေးရွာများကို စွန့်ခွာ၍ မြောက်ဦးမြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် လာရောက်ခိုလှုံနေရသော ဒေသခံများလည်းပါဝင်နေသည်။ လက်ရှိအချိန်တွင် မြောက်ဦးမြို့တွင် စစ်ဘေးရှောင်ဦးရေ ၃၄,၇၀၀ကျော်ရှိနေသည်။

၎င်းတို့အတွက်မူ မဲပေးခွင့်ရ၊ မရမှာ ရခိုင်မြောက်ပိုင်းက နေရာအတော်များများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်ခဲ့သည့် အောက်တိုဘာ၁၆ရက် မတိုင်ခင်ကတည်းက ရေရေရာရာမရှိခဲ့ပေ။ ကော်မရှင်အဖွဲ့ခွဲများက စစ်ဘေးရှောင်စခန်းများတွင် မဲရုံဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် ၎င်းတို့တွင် စစ်ဘေးရှောင်အရေအတွက် စာရင်းအတိအကျမရှိပေ။ ထို့ပြင် စစ်ဘေးရှောင်များအတွက် မဲစာရင်းပင်မကြေညာနိုင်ခဲ့ပေ။

“သူများတွေ မဲထည့်တာ တွေ့ရတော့ ကျွန်တော်တို့လည်း ထည့်ချင်တာပေါ့”ဟု မြောက်ဦးမြို့၊ မြို့သစ်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်းက အသက်၅၀ရှိပြီဖြစ်သည့် ဦးထွန်းသိမ်းမောင်က ပြောသည်။ အကယ်၍မဲထည့်ခွင့်ရခဲ့ပါက ရခိုင်အမျိုးသားပါတီကို မဲပေးရန် ၎င်းကရည်ရွယ်ခဲ့သည်။

မဲဆန္ဒရှင်များထက် ပိုမိုစိတ်ပျက်သည်မှာ ကိုယ်စားလှယ်လောင်းများဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီအရေးအတွက် ၎င်း၏ ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရလက်ထက်ရောက်မှ ရခိုင်ပြည်နယ်နေရာ အတော်များများတွင် အများပြည်သူမဲပေးခွင့်မရခြင်းမှာ မဖြစ်သင့်ကြောင်း ဦးထွန်းနေဝင်းက ဆိုသည်။

“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ တိုင်ရင်းသားတွေအတွက် တန်းတူညီမျှမှုတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် လုပ်ဖို့မလွယ်ကူဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Voice of Arakan (ရခိုင်တိုင်းရင်းသားတွေရဲ့ အသံ) တစ်ခုထွက်နိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်စေချင်တာပါ။  အခုကတော့ အဲဒီအသံတောင် မထွက်နိုင်တော့ဘူးပေါ့”ဟု သူကပြောသည်။

“တစ်ဘက်က ကြည့်ရင်တော့ ဒီလိုလုပ်တာတွေက ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေကို ပိုမိုစုစည်းသွားအောင် လုပ်ပေးတာပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

မြောက်ဦးမြို့၊ ရှေးဟောင်းဘုရားပုထိုးများအနီး ခြင်းလုံးခတ်နေသော ဒေသခံများကို မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ဦးထွန်းနေဝင်းအပါအဝင် ရခိုင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းအများစုမှာ နိုဝင်ဘာ၈ရက်တွင် ပြည်နယ်တောင်ပိုင်းဒေသမှ မဲရလဒ်များကို နားစွင့်ရင်းသာ ဖြေသိမ့်ခဲ့ရသည်။ သို့သော် အစိုးရက ၂၀၁၉၊​ ဇွန်မှစတင်၍ လုံခြုံရေးအကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆက်သွယ်ရေးကွန်ရက်များကို ဖြတ်တောက်ခြင်း၊ ပြန်လည်ခွင့်ပြုသော်လည်း အင်တာနက်လိုင်းများကို မြန်နှုန်းချထားခြင်း စသည်တို့ကို ပြုလုပ်ခဲ့သဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများရရှိရန်မှာ အခက်အခဲတစ်ခုဖြစ်ခဲ့သည်။

“ရွေးကောက်ပွဲနေ့ တစ်နေ့လုံး ဖုန်းနဲ့ ဂွကို ဆက်လိုက်၊ မာန်အောင်ကို ဆက်လိုက်၊ တောင်ကုတ်ကို ဆက်လိုက်နဲ့ ကျွန်တော်တို့ ပါတီ နိုင်၊ မနိုင် အခြေအနေတွေလှမ်းမေးနေရတာ။ တော်တော်လည်း စိတ်လှုပ်ရှားရတာပေါ့’’ဟု ဦးထွန်းနေဝင်းကပြောသည်။

ရခိုင့်ဦးဆောင်ပါတီမှ မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  ဦးမောင်သန်းမြင့်မှာလည်း အလားတူပင်။

“နောက်ဆုံးရသတင်းတော့ မသိရဘူးလေ။ အင်တာနက်မိတဲ့အချိန် ခနလေး သတင်းရှာကြည့်ရတာ။ နိုဝင်ဘာ၉ရက် ညလောက်တော့ မဲရလဒ်အကုန်သိရတယ်”ဟု ဦးမောင်သန်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်တစ်ဝန်း စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ သံတွဲနှင့် ဂွ အစရှိသည့်မြို့နယ်များတွင် အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်ငါးခု၊ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်ရှစ်ခုနှင့် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၁၅ ခု၊ စုစုပေါင်း ၂၈နေရာအတွက်သာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သည်။

ကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များအနက် ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်အတွက် ခုနှစ်နေရာ၊ ပြည်သူ့လွှတ်တော်အတွက် လေးနေရာနှင့် အမျိုးသားလွှတ်တော်အတွက် လေးနေရာ၊​ စုစုပေါင်း ၁၅နေရာ အနိုင်ရရှိခဲ့သည်။ ရခိုင့်ဦးဆောင်ပါတီကမူ ပြည်သူ့လွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော်အတွက် နှစ်နေရာတွင် အနိုင်ရရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ကမူ ပြည်သူ့လွှတ်တော်အတွက် နှစ်နေရာ၊ အမျိုးသားလွှတ်တော်အတွက် တစ်နေရာနှင့် ပြည်နယ်လွှတ်တော်အတွက် ငါးနေရာ၊ စုစုပေါင်း ရှစ်နေရာ အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမူ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့အတွက် တစ်နေရာစီသာ အနိုင်ရရှိခဲ့သည်။

ယင်းရွေးကောက်ပွဲရလဒ်အရ မဲဆန္ဒနယ်အများအပြားတွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိသည့်တိုင် ရခိုင်အမျိုးသားပါတီသည် ပြည်နယ်အတွင်း မဲဆန္ဒနယ်အများဆုံးအနိုင်ရရှိထားပြီး ပြည်နယ်လွှတ်တော်တွင် အားအကောင်းဆုံးပါတီအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။

ရခိုင်အမျိုးသားပါတီက ၂၀၁၅တွင် အင်န်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့သော တောင်ကုတ်နှင့် မာန်အောင်မြို့နယ်များရှိ မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိခဲ့သည်။

 “အဲဒီနေရာတွေမှာ ANP (ရခိုင်အမျိုးသားပါတီ)၊ AFP (ရခိုင့်ဦးဆောင်ပါတီ) ၊ ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) သုံးခုထဲက ဘယ်ပါတီနိုင်တယ်ဆိုတာထက် ရခိုင်ပါတီတစ်ခုနိုင်သွားတယ်ဆိုတာက ပိုအရေးကြီးတယ်။ ဒါက ပထမအဆင့်ပေါ့”ဟု ရခိုင့်ဦးဆောင်ပါတီဝင် ဦးမောင်သန်းမြင့်က မှတ်ချက်ပြုသည်။

အင်န်အယ်လ်ဒီပါတီက ဂွနှင့် သံတွဲ မြို့များတွင် ထပ်မံအနိုင်ရရှိခဲ့သည့်တိုင် ရခိုင်နိုင်ငံရေးပါတီများအပေါ် ထောက်ခံမဲပေးသည့် ဒေသခံဦးရေမှာ ယခင်ရွေးကောက်ပွဲထက် မြင့်တက်လာကြောင်းနှင့် ယင်းမှာ ကျေနပ်စရာဖြစ်သည်ဟု ၎င်းကဆိုသည်။

၂၀၁၅တွင် သံတွဲပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးခဲ့သူ ၆၇,၉၅၂ဦးရှိခဲ့ပြီး ယင်းတို့အနက် ၂၆ရာခိုင်နှုန်းက ရခိုင်အမျိုးသားပါတီကို မဲပေးခဲ့သည်။ သို့သော် ယခုနှစ် သံတွဲတွင် မဲပေးသူ ၈၀,၅၈၈ဦး ရှိခဲ့ရာ ၎င်းတို့အနက် ၂၇ရာခိုင်နှုန်းကျော်က ရခိုင်အမျိုးသားပါတီကိုလည်းကောင်း၊ ငါးရာခိုင်နှုန်းကျော်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်းကောင်း မဲပေးခဲ့သည်။ သို့ဖြစ်ရာ ရခိုင်နိုင်ငံရေးပါတီများကို သံတွဲဒေသခံများ၏ ထောက်ခံမှုသည် ၂၀၁၅ကထက် ရာခိုင်နှုန်းအနည်းငယ်ပိုလာသည်။

“ဒါတွေက ကျွန်တော်တို့ရဲ့ တိုးတက်မှုပဲ၊ ဒါတွေသည်အရေးကြီးတယ်။ အမျိုးသားရေး သွေးစည်းဖို့အရေးကြီးတယ် ဆိုတာကို ရခိုင်တိုင်းရင်းသားတွေအကုန် လက်ခံလာကြတယ်။ ဒါတွေက ဝမ်းသာစရာကောင်းတယ်။ နောက်လာမဲ့ ရွေးကောက်ပွဲတွေမှာ အဲဒီကလူတွေက ရခိုင်ပါတီတွေကိုပဲ မဲပေးဖို့ ကြိုးစားရမယ်”ဟု ဦးမောင်သန်းမြင့်ကပြောသည်။

မြောက်ဦးမြို့တွင်းတစ်နေရာကို ဩဂုတ်လအတွင်းက မြင်တွေ့ခဲ့ရစဉ်။ မြောက်ဦးမြို့နယ်တစ်ခုလုံးတွင် နိုဝင်ဘာ၈ရက်တွင် လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိပေ။ (ခွန်လတ် |​ဖရွန်းတီးယားမြန်မာ)

မြောက်ဦးမြို့က ရခိုင်အမျိုးသားပါတီဝင်များကမူ ပါတီ၏ ယခုနှစ်ရွေးကောက်ပွဲအောင်နိုင်မှုအတွက် အောင်ပွဲခံသည့်အနေဖြင့် အခမ်းအနားတစ်ခုကိုပင် နိုဝင်ဘာ၁၀ရက်က ကျင်းပခဲ့သေးသည်။

သို့သော် အောင်ပွဲအတွက် ပျော်ရွှင်မှုမှာ ယာယီမျှသာ။ နိုင်ငံရေးပါတီများနှင့် ဒေသခံများသည် မြောက်ဦးအပါအဝင် ရခိုင်မြောက်ပိုင်းရှိ ပဋိပက္ခအရိပ်မည်းကျရောက်ရာ ဒေသများတွင် တိုက်ပွဲများ တစ်ဖန်ပြင်းထန်လာပြီး တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိနေသည်။

“ဒီအခြေအနေတွေကို ကာကွယ်နိုင်အောင် ဖြစ်နိုင်ရင် မြောက်ဦးမှာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပစေချင်တယ်”ဟု မြောက်ဦးလူငယ်များအစည်းအရုံး ဒုတိယဥက္ကဋ္ဌ မဦးမြင့်ရီက ပြောသည်။

ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ထားမည်ဖြစ်ကြောင်း နိုဝင်ဘာ၁၂ရက်တွင် ကြေညာခဲ့သည်။ တပ်မတော်ကလည်း အေအေအဖွဲ့၏ အဆိုပါထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်ဟု ပြန်လည်တုံ့ပြန်ထားသည်။

ရွေးကောက်ပွဲဥပဒေများတွင်မူ လွှတ်တော်ပုံမှန်သက်တမ်း၏ ပထမဆုံးနှစ်နှင့် ပဥ္စမနှစ်တို့တွင် ကြားဖြတ်ရွေးကောက်ပွဲမကျင်းပရန် ကန့်သတ်ထားသည်ဖြစ်ရာ အေအေအဖွဲ့၏ ထုတ်ပြန်ချက် လက်တွေ့ဖြစ်လာရန် အခက်အခဲရှိနေသည်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းသည် ၂၀၂၁၊ ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်ရာ ကြားဖြတ်ရွေးကောက်ပွဲများကို အစောဆုံး ၂၀၂၂၊ ဖေဖော်ဝါရီလ အလွန်မှသာ ကျင်းပနိုင်မည်ဖြစ်သည်။

သို့တိုင် နိုဝင်ဘာ၈ရက်တွင် ကျင်းပနိုင်ခြင်းမရှိခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသများအတွက် ကျင်းပမည့် ရွေးကောက်ပွဲကို ပုံမှန်ရွေးကောက်ပွဲအဖြစ် သတ်မှတ်မည်လော၊ ကြားဖြတ်ရွေးကောက်ပွဲအဖြစ် သတ်မှတ်မည်လောဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ယင်းနှင့်ပတ်သက်၍​ တစ်စုံတစ်ရာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။

မြို့သစ်စစ်ရှောင်စခန်းတွင်နေထိုင်သူ ဒေသခံ ဦးထွန်းသိမ်းမောင်ကမူ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲများ တတ်နိုင်သမျှ အမြန်ကျင်းပပေးရန် တောင်းဆိုသည်။

“ကိုယ်စားလှယ်တွေမရှိဘဲ အခြေအနေကြီးအတိုင်း အကြာကြီးဖြတ်သန်းရမှာကို စိုးရိမ်ဖို့ကောင်းတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ လိုချင်တယ်။ အခု ကျွန်တော်တို့က  မိဘမဲ့ကလေးတွေလိုပဲ”ဟု သူက စိတ်ပျက်လက်ပျက်ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.