(Frontier)
(ဖရွန်းတီးယားမြန်မာ)

စည်းလုံးညီညွတ်ရေးကို ကိုယ်စားလှယ်လောင်းများ အဓိကထားဆွေးနွေးခဲ့ကြ

ဖရွန်းတီးယားမြန်မာက တင်ဆက်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် “ရွေးကောက်ပွဲနှင့်ပြည်သူ့အနာဂတ်” စကားဝိုင်းမှာ ရွေးကောက်ပွဲဝင်မဲ့ ကိုယ်စားလှယ်လောင်းတွေက ဖက်ဒရယ်စနစ်၊ နိုင်ငံ့အသွင်ကူးပြောင်းမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်နိုင်ခင် အဓိကလုပ်ဆောင်သင့်တဲ့ ကဏ္ဍတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

အောင်ဖေကြည်စိုးရေးသားသည်။

နိုင်ငံရေးပါတီတွေကိုဦးဆောင်နေတဲ့ ကိုယ်စားလှယ်လောင်းလျာတွေ ဝင်ရောက်ပါဝင်ဆွေးနွေး ခဲ့တဲ့ “ရွေးကောက်ပွဲနှင့် ပြည်သူ့အနာဂတ်” ခေါင်းစဉ်နဲ့ ဖရွန်းတီးယားမြန်မာနဲ့ WaterAid Myanmar တို့ပူးပေါင်းတင်ဆက်တဲ့ ဒုတိယမြောက်စကားဝိုင်းကို ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆန္ဒနယ်ရှင်တွေကို သူတို့ရဲ့ အမြင်တွေဆွေးနွေးတဲ့ စင်မြင့်တစ်ခုဖြစ်စေဖို့ ရည်ရွယ်တင်ဆက်တာဖြစ်ပါတယ်။

ဒီဒုတိယမြောက် စကားဝိုင်းမှာတော့ နိုင်ငံရေးပါတီများက ကိုယ်စားလှ​ယ်လောင်းများက ဖက်ဒရယ်စနစ်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ခင် ဘာတွေအရင်ပြုပြင်ပြောင်းလဲသင့်သလဲစတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အောက်တိုဘာ၁၄ရက်၊ ည၇နာရီမှာ ပြုလုပ်ခဲ့တဲ့ ဒုတိယမြောက် ဆွေးနွေးပွဲစကားဝိုင်းကို တောင်ဥက္ကလာပပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ပြိုင်မဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ မုဒုံပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)မှာ ဝင်ပြိုင်မဲ့ မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်လောင်း နိုင်တလညီ၊ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၅)မှာ ဝင်ပြိုင်မဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်၊ မြန်မာ့သတင်းသိပ္ပံက အုပ်ချုပ်မှုဒါရိုက်တာဦးကျော်မင်းဆွေနဲ့ WaterAid Myanmarက Urban WASH စီမံချက်မန်နေဂျာ ဒေါ်ခင်ဝင်းကြည်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ ဦးကိုကိုကြီးက မြန်မာနိုင်ငံရဲ့အကြီးမားဆုံးဖြစ်တဲ့ နိုင်ငံရေးကိစ္စကို ဖြေရှင်းဖို့အတွက် တိုင်းရင်းသားလူနည်းစုတွေရဲ့အမြင်တွေကို ပိုမိုနားလည်ပြီး သဘောပေါက်ဖို့လိုအပ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလူနည်းစုများအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့ဆိုရင် ဖက်ဒရယ်စနစ်တည်ဆောက်ရေးအတွက် အမှန်တကယ်တိုးတက်မှုလိုအပ်တယ်လို့ သူကဆိုပါတယ်။ ဒါပေမဲ့ လွှတ်တော်လမ်းကြောင်းကဖြစ်စေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးဟာ တကယ်ဖြစ်လာဖို့ အလှမ်းကွာဝေးနေသေးတယ်လို့ သူကဆိုပါတယ်။

“၂၀၁၅ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ကို ကျွန်တော်ကိုယ်တိုင်လည်း မဲပေးခဲ့တယ်။ ကျွန်တော်တို့အားလုံးက တော်လှန်ရေးတပ်ဦးအဖြစ်နဲ့ဝိုင်းပြီး ပံ့ပိုးဝန်းရံခဲ့တာပေါ့။ ဒီအင်အားစုကြီးကို ဆက်ပြီးတော့ စုစည်းနိုင်ဖို့ မျှော်လင့်ခဲ့ပေမဲ့လို့ ဖြစ်မလာဘူး။ ရွေးကောက်ပွဲပြီးတာနဲ့ ရွေးကောက်ခံရတဲ့ပုဂ္ဂိုလ်ဟာ သူ့ပါတီကို ကိုယ်စားပြုတာမဟုတ်တော့ဘဲနဲ့ နိုင်ငံကိုကိုယ်စားပြုတဲ့တာဝန်ကိုယူရတာမို့လို့ သူ့ကိုထောက်ခံတဲ့သူတွေရော၊ မထောက်ခံတဲ့ သူတွေရော အားလုံးအတွက်ကိုယ်စားပြုပြီးတော့ ဆောင်ရွက်မှာဖြစ်တယ်”လို့ ဦးကိုကိုကြီးက ဆွေးနွေးခဲ့ပါတယ်။

“နိုင်ငံတော်မှာရှိတဲ့ အင်အားစုတွေ အားလုံးကိုစုစည်းကြဖို့လိုတယ်ဆိုတဲ့ ပထမဦးဆုံးရွေးကောက်ပွဲမှာ အကြိတ်အ နယ်ယှဉ်ပြိုင်ခဲ့ကြတဲ့အခြေအနေကနေပြီးတော့ အုပ်စုပုံစံမျိုး၊ ပဋိပက္ခပုံစံမျိုးတွေကို ဦးတည်မသွား ဖို့အတွက် ပြန်စုစည်းဖို့ဟာ အရေးကြီးလုပ်ရမဲ့ကိစ္စလို့ ကျွန်တော်ကမြင်ပါတယ်”လို့ သူကပြောပါတယ်။

ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးဆွေးနွေးစဉ်။ (ဖရွန်းတီးယားမြန်မာ)

သူဦးဆောင်တဲ့ ပြည်သူ့ပါတီလို နိုင်ငံရေးအင်အားစုသစ်များပေါ်ထွက်လာခြင်းဟာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအတွက် အပြုသဘောဆောင်ကြောင်း ဦးကိုကိုကြီးက မှတ်ချက်ပေးပါတယ်။

“ဒါ့ကြောင့်မို့လို့ ပါတီအသစ်တွေအနေနဲ့ တစ်ယောက်ပဲဝင်ဝင်၊ နှစ်ယောက်ပဲဝင်ဝင် အနိမ့်ဆုံးဘာ လုပ်နိုင်လဲဆိုတော့ အစိုးရက လုပ်ချင်တိုင်းလုပ်လို့မရအောင် သူ့ကိုဥပဒေနဲ့အညီ ထိန်းကျောင်းတာ၊ ဘတ်ဂျက်ကိစ္စတွေမှာ ကျွန်တော်တို့က စိစစ်တာ၊ ဆုံးဖြတ်တာတွေကို လုပ်ခြင်းအားဖြင့် ဒီမိုကရေစီပိုပြီး အားကောင်းလာမယ်လို့ ကျွန်တော်တို့က မြင်တယ်”လို့ သူကပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်ကတော့ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲရေးဆိုင်ရာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုမှာလုပ်ခဲ့တဲ့ သူရဲ့အတွေ့အကြုံအရ ၂၀၀၈ဖွဲ့စည်းပုံဥပဒေက နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အတားအဆီးတစ်ခု ဖြစ်နေသေးပေမဲ့ ဥပဒေနဲ့မူဝါဒတွေကို အမှန်တကယ်ပြုပြင်ပြောင်းလဲလို့ ရနိုင်တဲ့ နည်းလမ်းတွေရှိနေသေးတယ်လို့ ဆိုပါတယ်။

“အထူးသဖြင့် အစိုးရနဲ့တွဲပြီးတော့ လက်တွေ့လုပ်ဆောင်ရတဲ့နေရာမှာ တစ်ခါတလေကျရင် ကျွန် တော်တို့ ဒီတစ်ဆို့နေတဲ့ဟာတွေက ၂၀၀၈မှာရှိတဲ့အပေါ်ကနေ အာဏာခွဲဝေမှုအပိုင်းပြဿနာထက် တစ်ခါတလေကျရင် ချမှတ်ထားတဲ့မူဝါဒပိုင်းဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းပြဿနာတွေ ဖြစ်တတ်တယ်။ နောက်တစ်ချို့  ဥပဒေကျတော့ အရပ်သားလွှတ်တော်အမတ်တွေရဲ့ လက်ထဲမှာပဲရှိတယ်။ ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတာကိုလည်း ကျွန်တော်တို့တွေ့လာရတယ်” သူက ပြောပါတယ်။ ဦးမော်ထွန်းအောင်ဟာ ယခင်က သယံဇာတအုပ်ချုပ်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Natural Resource Governance Institute ရဲ့ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ဥပဒေပြု အမတ်တစ်ဦးအနေနဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများနဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်လာအောင် လမ်းခင်းပေးတဲ့နေရာတွေမှာ အားဖြည့်ဆောင်ရွက်လာ နိုင်မယ်လို့ မိမိကိုယ်ကိုယုံကြည်ကြောင်း သူကဆိုပါတယ်။

“လွှတ်တော်ထဲကိုရောက်သွားတဲ့အခါ မူဝါဒပြုပြင်ပြောင်းလဲရေးတွေကို ပိုပြီးတော့လုပ်နိုင်မယ်။ အဲဒီလိုပြုပြင်ပြောင်းလဲရေးတွေက ငြိမ်းချမ်းရေးကိုလည်း ပိုပြီးတော့ အားကောင်းစေမယ်။ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးကို ပိုပြီးတော့အားကောင်းစေမယ်။ ဖက်ဒရယ်ကိုသွားရင်လည်း အဲ့နေရာမှာ အသင့်ဖြစ်မယ်။ အဲ့ဒါမျိုးလေးကို ကျွန်တော့်အနေနဲ့မြင်မိတယ်”လို့ ဦးမော်ထွန်းအောင်က ပြောပါတယ်။

ဒီနှစ်ရွေးကောက်ပွဲရဲ့ကြီးမားတဲ့ ထူးခြားချက်တစ်ခုကတော့ တိုင်းရင်းသားလူမျိုးစုအခြေစိုက် ပါတီတွေ ခိုင်မာတောင့်တင်းလာတယ်လို့ မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်လောင်း နိုင်တလညီက မှတ်ချက်ပြုပါတယ်။ အစိုးရရဲ့မူဝါဒတွေက တိုင်းရင်းသားလူမျိုးစုတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို နှိုးဆော်ပေးလိုက်တဲ့အတွက် လာမဲ့နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရဖို့ယုံကြည်တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့မွန်လူထုတွေက ဒီမိုကရေစီအစိုးရနှစ်ဆက်ကိုဖြတ်သန်းခဲ့ပြီဆိုတော့ ဒီအတွေ့အကြုံကို အခြေခံပြီးတော့ မွန်တိုင်းရင်းသားတွေ ကိုယ်စားပြုတဲ့ပါတီတွေက အောင်နိုင်မှသာလျှင် နိုင်ငံ့ရေးရာကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်မဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် မွန်တိုင်းရင်းသားအများစုက ကျွန်တော်တို့မွန်ညီညွတ်ရေးပါတီကို အများစုထောက်ခံကြ ပါလိမ့်မယ်”လို့ သူကပြောပါတယ်။

မွန်ညီညွတ်ရေးပါတီဝင် နိုင်တလညီ (ဖရွန်းတီးယားမြန်မာ)

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တက်တက်ကြွကြွဖော်ဆောင်ရာမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာဟာ မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တယ်လို့ မြန်မာ့သတင်းသိပ္ပံ အမှုဆောင်ဒါရိုက်တာ ဦးကျော်မင်းဆွေက ဝင်ရောက်ဆွေးနွေးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းမီဒီယာတွေရဲ့ ရှင်သန်ရပ်တည်နိုင်ရေးဟာ စီးပွားရေးနဲ့နိုင်ငံရေးစိန်ခေါ်မှုတွေကြောင့် အခြေအနေမကောင်းတဲ့အနေအထားရောက်ရှိနေတယ်လို့ သူကဆိုပါတယ်။

“အစိုးရပိုင်းက ဒီမိုကရေစီကိုပြောင်းတယ်လို့ပြောတယ်။ ဒီမိုကရေစီနာမည်ခံယူထားတယ်။ သို့သော် ဒီမိုကရေစီနဲ့ လျော်ညီတဲ့ Liberalization ဖြေလျှော့မှုတွေကို မတွေ့ရပါဘူး”လို့ သူကပြောပါတယ်။

“ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံပိုင်မီဒီယာတွေကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပိုင်းလိုက်ဖြေလျှော့မှု၊ အသွင်ကူးပြောင်းမှု မတွေ့ရတဲ့အပြင် ပိုပြီးတော့ နိုင်ငံပိုင်မီဒီယာကို အားကောင်းအောင်လုပ်လာတဲ့ အခြေအနေတွေပဲတွေ့ရတယ်။ ဒါကလည်း သွယ်ဝိုက်ပြီးတော့ ပုဂ္ဂလိက မီဒီယာရပ်တည်ရေးကို ခြိမ်းခြောက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်တစ်ခုက မီဒီယာရှင်သန်ရပ်တည်ရေးအတွက် အစိုးရဌာနတွေ၊ လွှတ်တော်နဲ့ အာဏာသုံးရပ်မှာရှိတဲ့ မီဒီယာတွေက ဆက်သွယ်နေရတဲ့ သတင်းရင်းမြစ်တွေကလည်း ဆက်သွယ်ရဖို့ အင်မ တန်ခက်ခဲတယ်”လို့ သူကပြောပါတယ်။

WaterAid Myanmar၊ Urban WASH စီမံချက် မန်နေဂျာဒေါ်ခင်ဝင်းကြည်ကတော့ တစ်ခါတလေ အစိုးရဌာနတွေနဲ့အတူ အလုပ်လုပ်တဲ့အခါမျိုးတွေမှာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်၊ ဘက်ဂျက်နဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

“ကျွန်မတို့က အစိုးရရော၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ရော အဘက်ဘက်နဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်။ နေရာအသီးသီးမှာတော့ သူ့ဟာနဲ့သူ အခက်အခဲ အသီးသီးရှိပါတယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုအဆင်ပြေတာတွေလည်း အများကြီးရှိပါတယ်”လို့ သူကပြောပါတယ်။

လောလောဆယ် WaterAid က မြန်မာနိုင်ငံအတွင်း ကျေးလက်နဲ့  မြို့ပြဒေသတွေမှာ ရေနဲ့သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းတွေမှာ အကူအညီတွေပေးလျက်ရှိပါတယ်။

“တကယ့်အစိုးရရဲ့ထောက်ပံ့မှုတွေက အဲ့နေရာထိလက်လှမ်းမီမရောက်ရှိပါဘူး။ အဲဒီအတွက်ကြောင့် သူတို့တွေကိုအထောက်ပံ့ပေးရမဲ့နေရာတွေမှာဆိုလို့ရှိရင်လည်း သူတို့ဆီကိုရောက်ရှိဖို့ အခက်အခဲ၊ အတိုင်းအတာလေးတွေရှိနေတာကို ကျွန်မတို့တွေ့ရတယ်။ အစိုးရမှာလည်း ပေးနိုင်တဲ့အတိုင်း အတာကလည်း နည်းတယ်၊ လိုအပ်တဲ့အတိုင်း အတာများနေတာမျိုးတွေရှိတယ်”လို့ ဒေါ်ခင်ဝင်း ကြည်က ပြောပါတယ်။

တစ်ပတ်ချင်းစီအလိုက်တင်ဆက်တဲ့ စကားဝိုင်းတွေမှာ တိုင်းရင်းသားပါတီတွေအပါအဝင် မတူညီတဲ့နိုင်ငံရေးပါတီက ကိုယ်စားလှယ်လောင်းတွေဟာ နိုင်ငံသားတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘဝစိန်ခေါ်မှုတွေနဲ့ သူတို့ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် ဦးစားပေးလုပ်ဆောင်မဲ့ မူဝါဒကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေကိုတော့ WaterAid Myanmar က ပံ့ပိုးကူညီပေးတာဖြစ်ပြီး ဖွံဖြိုးတိုးတက်ရေးနယ်ပယ်က ပညာရှင်တွေသာမက အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေပါ ပါဝင်ဆွေးနွေးဖို့ရှိပါတယ်။ WaterAid Myanmar ဟာ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူသားတွေကျန်းမာရေးအတွက် အဓိကကျလှတဲ့ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု (Water. Sanitation and Hygiene-WASH)နဲ့ပတ်သက်ပြီး အဓိကလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲစကားဝိုင်းတွေဟာ မြန်မာနိုင်ငံမှာအတွင်းက ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု အခြေအနေတွေကို မီးမောင်းထိုးပြနေပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း ပြည်သူလူထု ၉ဒသမ၆သန်းဝန်းကျင်ဟာ ရေကောင်းရေသန့်မရရှိသေးဘဲ နေထိုင်ကြရပြီး လူဦးရေ ၁၉ဒသမ၂သန်း ကတော့ သန့်ရှင်းသပ်ရပ်တဲ့ အိမ်သာမရှိဘဲနေထိုင်ကြရပါတယ်။

ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေဟာ ဒေသတစ်ခုနဲ့တစ်ခုတော့ မတူညီကြပါဘူး။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲစကားဝိုင်းတွေဟာ သောက်သုံးရေသန့်ရရှိရေးနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုကို အမြင်ဖွင့်ပေးရုံမက တစ်ကိုယ်ရေသန့်ရှင်းမှုမြှင့်တင်ဖို့ ကောင်းမွန်တဲ့အမူအကျင့်တွေနဲ့ပတ်သက်ပြီးလည်း ပညာပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

တတိယမြောက် ဆွေးနွေးပွဲစကားဝိုင်းမှာတော့ မတူပီပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)က ဝင်ရောက်ယှဉ်ပြိုင်မဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဦးငိုင်ဆာ့ခ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်သဉ္ဇာရွှန်းလဲ့ရည်နဲ့ WaterAid Myanmarက WASH and Health စီမံချက်မန်နေဂျာ ဒေါက်တာမင်းကိုကိုတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

အောက်တိုဘာ၇ရက်က ကျင်းပတဲ့ ပထမဆုံးအကြိမ် “ရွေးကောက်ပွဲနှင့် ပြည်သူ့အနာဂတ်” ဆွေးနွေးပွဲစကားဝိုင်းမှာတော့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ဦးဂျန်ခွန်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်း၊ မြို့ပြုစီမံကိန်း လေ့လာရေးအဖွဲ့ Urbanize ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးအဲလက်စ်အောင်ခန့်နဲ့ WaterAid Myanmar ရဲ့ WASH and Health အစီအစဉ်က အကြီးတန်းအကြံပေး ပါမောက္ခဒေါက်တာသန်းထွဋ်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.