A radio microphone stands ready to record at the City FM radio station in Yangon on June 9. (Hkun Lat)
မြို့တော်အက်ဖ်အမ်အသံလွှင့်ဌာနရဲ့ အသံလွှင့်ရုံအတွင်းက မြင်ကွင်းတစ်ခုကို ဇွန်၉ရက်က မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ရွေးကောက်ပွဲနဲ့ မီဒီယာ ဘာပြဿနာတွေရှိနေသလဲ

ပြန်ကြားရေးဝန်ကြီးဌာနကသာ နိုင်ငံရေးပါတီတွေကို ပုဂ္ဂလိကရုပ်သံနဲ့ ရေဒီယိုလိုင်းတွေမှာ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့်ပြုမယ်ဆိုရင် ကိုဗစ်-၁၉ကြောင့်ဖြစ်ပေါ်လာတဲ့ ကန့်သတ်ချက်တွေရှိနေပေမဲ့ ပါတီတွေရဲ့ ရွေးကောက်ပွဲအကြိုလှုပ်ရှားမှုတွေဟာ အခုထက်တော့ပိုပြီး သက်ဝင်လှုပ်ရှားရှိနေမှာအမှန်ပါပဲ။

စည်သူအောင်မြင့် ရေးသားသည်။

လာမယ့်၂၀၂၀နိုဝင်ဘာ၈ရက်ဆိုရင် အထွေထွေရွေးကောက်ပွဲကြီးကျင်းပပါတော့မယ်။ ဒီအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ စက်တင်ဘာ၈ရက်ကစ နိုင်ငံရေးပါတီတွေကို ရက်ပေါင်း၆၀ မဲဆွယ်စည်းရုံးခွင့်ကာလအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အခုတစ်ကြိမ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရတာဟာ ကိုဗစ်-၁၉ကပ်ဘေး ဆိုက်ရောက်နေချိန် ကျင်းပရတာဖြစ်လို့ မဲဆွယ်စည်းရုံးရာမှာလည်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ အောက်ကနေပဲ ပြုလုပ်ကြရပါတယ်။

ပါတီအများစုကတော့ အဲဒီလိုအခြေအနေအောက်ကနေ မဲဆွယ်စည်းရုံးရတာ အဆင်မပြေဘူးလို့ ပြောကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အတိုက်အခံပြည်ခိုင်ဖြိုးနဲ့ သူ့မဟာမိတ်၂၄ ပါတီက ကိုဗစ်-၁၉ကူးစက်ခံရသူ အရေအတွက်များလာတာရယ်၊ သေဆုံးသူဦးရေလည်း တက်လာတာတွေရယ်ကြောင့် လာမဲ့နိုဝင်ဘာ၇ရက်မှာ ရွေးကောက်ပွဲလုပ်မဲ့ရက်အဖြစ် သတ်မှတ်ထားတာကို ပြန်ပြီးသုံးသပ်သင့်တဲ့အကြောင်း ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံတော်သမ္မတဆီကို စာရေးသားပေးပို့ပါတယ်။

အလားတူသဘောထားမျိုး ၈၈မျိုးဆက်ကျောင်းသားဟောင်း ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ စီးပွားရေးလုပ်ငန်းရှင် ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွေကလည်း ကြေညာချက်ထုတ်ပြန်ထားကြပြီဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် မဲဆွယ်စည်းရုံးရေးကာလ အခက်အခဲတွေကြောင့် လို့ နားလည်ရပါတယ်။ လက်ရှိကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲကာလ ဘယ်လိုမဲဆွယ် စည်းရုံးနေကြတယ်၊ ဘာကြောင့်အခုလိုအခက်အခဲ ကြုံနေရတယ်ဆိုတာနဲ့ဆက်စပ်ပြီး မြန်မာ့မီဒီယာလွတ်လပ်ခွင့်ပြဿနာအကြောင်း လေ့လာတင်ပြသွားပါ့မယ်။

နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနဟာ ကိုဗစ်-၁၉စည်းကမ်းကို လူ၅၀အထိ စုဝေးနိုင်တယ်လို့ ဖြေလျော့ပေးထားပါတယ်။ မဲဆွယ်စည်းရုံးရာမှာ၊ စုဝေးရာမှာ၊ အိမ်တိုင်ရာအရောက်မဲဆွယ်ရာမှာ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး လိုက်နာရမဲ့ အချက်တွေကို အသေးစိတ်ထုတ်ပြန်ပေးထားပါတယ်။

ဒါပေမဲ့ Stay-At-Home (နေအိမ်တွင်သာနေထိုင်စေရေး)အမိန့် သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာတော့ စုဝေးမဲဆွယ်တာမျိုးတင်မက အိမ်တိုင်ရာအရောက် မဲဆွယ်တာတွေကိုပါ ကန့်သတ်ထားပါတယ်။ လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနဟာ ရခိုင်ပြည်နယ်တစ်ခုလုံးနဲ့ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၄၄မြို့နယ်ကို Stay-At-Home အမိန့်နဲ့ အကျုံးဝင်တဲ့ မြို့နယ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ဒါတင်မက ကိုဗစ်-၁၉ဖြစ်ပွားမှု အခြေအနေကိုလိုက်ပြီး မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကို လိုက်နာဖို့လည်း ညွှန်ကြားထားပါတယ်။ ဒီအခြေအနေအောက်မှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးမှုလုပ်ကြတာပါ။

မဲဆွယ်ဖို့ခွင့်ပြုတဲ့ ရက်စစချင်း ထိခိုက်သွားသူကတော့ အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ။ သူ့နဂိုမူလ အစီအစဉ်က နေပြည်တော်ကနေ ရန်ကုန်ကိုဆင်း၊ စက်တင်ဘာ၈ရက်၊ မနက်၈နာရီမှာ သူ့ရဲ့ မဲဆန္ဒနယ်မြေ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် အင်န်အယ်လ်ဒီရုံးခန်းမှာ အောင်နိုင်ရေးအလံနဲ့ ဆိုင်းဘုတ်စိုက်ထူမယ့် အခမ်းအနား လုပ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးရဲ့ ခွင့်ပြုချက်မရတာကြောင့် သူသွားခွင့်မရခဲ့ပါဘူး။ အရင်၂၀၁၅ ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံနေရာအနှံ့အပြား တလွှားလွှားရောက်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအထိ နေပြည်တော်ကနေ ဘယ်မှမထွက်နိုင်သေးပါဘူး။

အလားတူ အခက်အခဲတွေကြုံရလို့ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားရကြောင်းကြေညာပါတယ်။ အလားတူနယ်မြို့တစ်ချို့က အင်န်အယ်လ်ဒီပါတီ အမတ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေ ယာယီရပ်ဆိုင်းထားကြောင်း ကြေညာချက်တွေ ထုတ်ပြန်ကြပါတယ်။ အဲဒီလိုအခြေအနေကြောင့် မဲဆွယ်စည်းရုံးမှုကိစ္စတွေကို မြန်မာနိုင်ငံမှာ လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာပဲ တွေ့နိုင်ပါတော့တယ်။

တကယ်တော့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုလုပ်တယ်ဆိုရာမှာ မြေပြင်မှာ လူလူချင်း ထိတွေ့ပြီး စုရုံး၊ လှည့်လည် မဲဆွယ်တာဟာ အဓိကကျပေမဲ့ မဲဆွယ်တဲ့နည်းနာတစ်ခုပဲ ဖြစ်ပါတယ်။ ကျန်တာတွေအနေနဲ့ ရုပ်သံ၊ ရေဒီယိုကနေ မဲဆွယ်စည်းရုံးတာ၊ အင်တာနက်လူမှုကွန်ရက်ကနေ မဲဆွယ်စည်းရုံးတာ၊ သတင်းစာ၊ ဂျာနယ်တွေမှာ မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာတွေထည့်သွင်းတာ စတာတွေလုပ်လို့ ရနိုင်ပါသေးတယ်။

လက်ရှိမြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေအနေနဲ့ တစ်ပါတီကို ၁၀မိနစ်ကနေ ၁၅မိနစ်အကြားရှိမဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဟောပြောမှုတွေကို အစိုးရပိုင်ပြန်ကြားရေးဝန်ကြီးဌာနက ရိုက်ကူးပေးပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားချက်၊ ရွေးကောက်ပွဲဥပဒေတွေနဲ့ ညီ၊ မညီ စိစစ်တည်းဖြတ်တာတွေလုပ်ပြီး ပြန်ကြားရေးပိုင်ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပေးပါတယ်။ အဲဒီလို ထုတ်လွှင့်တာကို ပုဂ္ဂလိကရုပ်သံလိုင်းတစ်ချို့ကလည်း တစ်ပြိုင်နက်တည်းလွှင့်ထုတ်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဝင်မဲ့ပါတီ၉၀ကျော်ရှိနေတာမို့ လက်ရှိ တစ်နေ့ကိုပါတီသုံးခုလောက်ရဲ့ ပြောဆိုချက်တွေကို ထုတ်လွှင့်ပေးနေတာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း ပါတီမူဝါဒတွေကို ထိုင်ပြောရတဲ့ မဲဆွယ်စည်းရုံးမှုဖြစ်နေတဲ့အပြင် ဆင်ဆာဖြတ်တောက်မှုလည်းရှိတာမို့ အမှန်ပြောရရင် ပျင်းရိငြီးငွေ့စရာကောင်းပြီး ပြည်သူတွေကလည်း စိတ်ဝင်စားကြတာမျိုးတော့ မဟုတ်ပါဘူး။ အဲဒီမဲဆွယ်စည်းရုံးပြောစကားတွေကိုပဲ အစိုးရပိုင်မြန်မာ့အလင်းနဲ့ကြေးမုံ သတင်းစာတွေကနေ နေ့စဉ်ပြန်ဖော်ပြပေးနေတာ တွေ့ကြရပါတယ်။ ဒါတွေဟာ အစိုးရက ငွေကုန်ကြေးကျခံပြီး ဖော်ပြပေးနေတဲ့ ပါတီမဲဆွယ်စည်းရုံးမှုတွေပါ။

ရွေးကောက်ပွဲနဲ့ပတ်သက်ရင် ကော်မရှင်နဲ့အစိုးရဟာ ဘီလ်ဘုတ်တွေထောင်တာ၊ ပုံနှိပ် သတင်းစာ၊ စာစောင်တွေမှာ မဲဆွယ်ကြော်ငြာထည့်သွင်းတာ၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ငွေကုန်ကြေးကျခံပြီး ကြော်ငြာတာတွေကို ခွင့်ပြုပေးထားပါတယ်။ အမတ်လောင်းတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်မှာ ငွေကုန်ကြေးကျခံကြော်ငြာတာကို ရွေးကောက်ပွဲကုန်ကျစရိတ်မှာ ထည့်သွင်းဖော်ပြရမယ်ဆိုပြီးတောင် စည်းကမ်းချက်ထုတ်ထားလိုက်ပါသေးတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေနဲ့မတူတာတစ်ခုက နိုင်ငံရေးပါတီတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်မှာ အဲဒီလိုကြော်ငြာသလိုမျိုး ရုပ်သံနဲ့ရေဒီယိုအစီအစဉ်တွေကို အသုံးပြုလို့မရနိုင်တဲ့ပြဿနာပါ။ 

၂၀၁၈စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အနာလော့ဂ်စနစ်နဲ့ ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းရှစ်လိုင်းရှိပါတယ်။ မြန်မာ့ရုပ်သံ၊ မြဝတီ၊ စကိုင်းနက်နဲ့ ဖော်အဲဗားအုပ်စုကနှစ်လိုင်းစီ ပိုင်ဆိုင်ထုတ်လွှင့်နေကြပါတယ်။ အနာလော့ဂ်စနစ်ဖြစ်ပြီး နိုင်ငံအနှံ့ တာဝါတိုင်၂၅၀လောက် စိုက်ထူထားတာကြောင့် တစ်နိုင်ငံလုံးလွှမ်းခြုံထုတ်လွှင့်နိုင်တဲ့ အနေအထားရှိပါတယ်။

ဒစ်ဂျစ်တယ်စနစ်နဲ့ ထုတ်လွှင့်နေတာကတော့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်က မြန်မာ့ရုပ်သံက ၁၇လိုင်း၊ တပ်မတော်ပိုင် မြဝတီကခုနှစ်လိုင်း ထုတ်လွှင့်နေပါတယ်။ မြန်မာ့ရုပ်သံပိုင်ဆိုင်တဲ့ ပလက်ဖောင်းမှာ စကိုင်းနက်၊ ဖော်အဲဗားအုပ်စုနဲ့ ပုဂ္ဂလိကရုပ်သံလိုင်းငါးလိုင်းလည်း ထုတ်လွှင့်နေကြပါတယ်။ ဒစ်ဂျစ်တယ်စနစ်အတွက်လည်း တာဝါတိုင်၁၄၅တိုင် ဖြန့်ကျက်ထားနိုင်တာမို့ မြန်မာနိုင်ငံ နေရာအများစု လွှမ်းခြုံနိုင်တဲ့သဘောရှိပါတယ် (ခုဆိုရင် HD အရည်အသွေးနဲ့ ထုတ်လွှင့်မှုတွေတောင် ရှိနေပါပြီ)။ ဒါ့ပြင် စကိုင်းနက်နဲ့ ဖော်အဲဗားပိုင် ဂြိုဟ်တုစလောင်းဖမ်းစက်နဲ့ ကြည့်လို့ရတဲ့ရုပ်သံလိုင်းတွေလည်း အများကြီးရှိနေပါသေးတယ်။

ပြောရရင် မြန်မာနိုင်ငံတောင်ပေါ် မြေပြန့်အရောက် လွှမ်းခြုံနိုင်တာ ရုပ်သံလိုင်းတွေပါ။ ဒါပေမဲ့ခက်တာက အစိုးရဟာ နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်တဲ့ မဲဆွယ်စည်းရုံးမှုတွေကို အဲဒီရုပ်သံလိုင်းပလက်ဖောင်းတွေကနေ ကြော်ငြာခွင့်ပြုမထားတာပါပဲ။ အလားတူ နိုင်ငံနေရာအတော်များများကိုလွှမ်းခြုံတဲ့ ပုဂ္ဂလိကရေဒီယိုလိုင်းတွေလည်း ရှိနေပါသေးတယ်။ အဲဒါတွေကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက အပြည့်အဝချုပ်ကိုင်ထားပြီး ပါတီမဲဆွယ်စည်းရုံးကြော်ငြာတွေကို လက်ခံတာမျိုး လုပ်လို့မရပါဘူး။

ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ အမတ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ် တစ်ယောက်ကို ကျပ်ငွေသိန်း၁၀၀ သုံးခွင့်ရှိပါတယ်။ မဲဆန္ဒနယ်ကျယ်ပြန့်တဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက်ကိုတော့ ငွေကျပ်သိန်း၁၅၀ သုံးခွင့်ပေးထားပါတယ်။ လက်ရှိ ရွေးကောက်ပွဲမှာ အမတ်လောင်း၇,၀၀၀နီးပါး ဝင်ပြိုင်ကြမှာမို့ သူတို့ကို သုံးဖို့ခွင့်ပြုထားတဲ့ မဲဆွယ် အသုံးစရိတ်ငွေပမာဏဟာ နည်းတဲ့ငွေပမာဏလို့ မဆိုနိုင်ပါဘူး။

အမတ်လောင်းတွေ အနေနဲ့ မဲဆွယ်အသုံးစရိတ် အပြည့်မသုံးပဲ ပျမ်းမျှတစ်ဝက်စီလောက်ပဲ သုံးရင်တောင် ငွေကျပ် ၃၅ဘီလျံ (ဒါမှမဟုတ်) ဒေါ်လာ၂၆သန်းလောက်နဲ့ ညီမျှနေပါတယ်။ အခုလို ကိုဗစ်ကာလ ကပ်ဘေးကျရောက်ချိန် တစ်နေရာကတစ်နေရာသွားပြီး လူလူချင်း မဲဆွယ်စည်းရုံးမှုမလုပ်နိုင်ချိန် အဲဒီငွေတွေကိုသုံးပြီး မြန်မာနိုင်ငံနေရာအနှံ့ ဖြန့်ကြက်နိုင်တဲ့ ရုပ်သံလိုင်းတွေနဲ့ ရေဒီယိုလိုင်းတွေမှာ မဲဆွယ်ကြော်ငြာစည်းရုံးခွင့်သာရခဲ့ရင် အခုချိန်မဲဆွယ်စည်းရုံးရေးကာလဟာ စည်ကားသက်ဝင်နေမှာ သေချာပါတယ်။

ရွေးကောက်ပွဲမှာ နိုင်ငံတကာနည်းတူ ပုဂ္ဂလိကရုပ်သံ၊ ရေဒီယိုလိုင်းတွေကနေ အခကြေးငွေနဲ့ မဲဆွယ် ကြော်ငြာခွင့်မရတာဟာ လက်ရှိအင်န်အယ်လ်ဒီအစိုးရရဲ့ မီဒီယာကို တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထားလိုတဲ့ ပေါ်လစီအပေါ်မှာ အခြေခံတာဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို ကြည့်ရင် မြန်မာနိုင်ငံက ပုဂ္ဂလိကရုပ်သံ၊ ရေဒီယိုတွေရဲ့ မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်နည်းနေသလဲ ဆိုတာ ပေါ်လွင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်ကျင်းပတော့မဲ့ ရွေးကောက်ပွဲအပြီး ဘယ်အစိုးရပဲ တက်လာလာ၊ မီဒီယာလွတ်လပ်ခွင့်ကိုတော့ ဆက်ပြီးတောင်းဆို၊ တိုက်ပွဲဝင်ကြရဦးမယ် ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.