ရေမွှေးဆီ၊ ရှားပါးမှိုနဲ့ ငွေပုံကြီး

မြောက်ဖျားဒေသရှိ ဝေးလံခေါင်းပါးသော ပူတာအိုမြို့၌ ရေမွှေးနှင့် နံ့သာဆီတို့အတွက် တန်ဖိုးကြီး ကုန်ကြမ်းအမယ် တစ်ခုမှနေ၍ ကြီးမားသော အကျိုးအမြတ်များ ရရှိရန် သေချာသော်လည်း ယင်းကုန်ကြမ်းမှာ ထိုဒေသ၏ တစ်ခုတည်းသော တန်ဖိုးကြီး သဘာဝ သယံဇာတ မဟုတ်သေးချေ။

စာသားနှင့် ဓာတ်ပုံ – အန်းဝမ် 

ဟိမဝန္တာတောင်တန်း၏ အရှေ့ဘက် တောင်တန်းများပေါ်တွင် ရှိပြီး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှ ကုန်းလမ်းခရီးအရ ကီလိုမီတာ ၂၇၀ ခန့် ကွာဝေးသော  ပူတာအိုမြို့သည် မြန်မာနိုင်ငံ၏ အစွန်အဖျားအကျဆုံး မြို့တစ်မြို့ ဖြစ်သည်။ တကယ်တမ်းတွင် ယခင်က ဖို့ဟာ့ဇ် Fort Hertz ခေါ် ဗြိတိသျှ အင်ပါယာတွင် ဝေးလံခေါင်ဖျားဆုံးသော ခံတပ်အဖြစ် မကြာခဏ ဖော်ပြခံရသည့် ပူတာအိုမြို့မှ ဗြိတိသျှမြို့စောင့်တပ်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များ၏ ကျူးကျော်သိမ်းပိုက်မှုကို မခံခဲ့ရသည့် တစ်ခုတည်းသော တပ်အဖြစ် ကျန်ရစ်သည်။

ဤသို့သော အထီးကျန်မှုကို ရဝမ်နှင့် လီဆူးတိုင်းရင်းသား မျိုးနွယ်စုတို့ အများဆုံး နေထိုင်သည့် မြို့ခံလူဦးရေ ၉၁,၀၀၀ ရှိ ယနေ့ကာလ ပူတာအိုမြို့တွင်လည်း ခံစားနေရဆဲပင် ဖြစ်သည်။ မိုးရာသီ လေးလတာ ကာလအတွင်း ပူတာအိုသို့ လေကြောင်းဖြင့်သာ သွားရောက်နိုင်သည်။ မြစ်ကြီးနားမြို့တောင်ဘက်ကို သွားသည့် ကားလမ်းမှာလည်း မိုးရာသီ မဟုတ်သော အချိန်များမှာပင် ဖြတ်သန်းသွားလာရန် မလွယ်ကူလှချေ။  ပူတာအိုမြို့ခံအများစုမှာ လျှပ်စစ်မီး မရသေးဘဲ ပထမဆုံး မိုဘိုင်းဖုန်း ချိတ်ဆက်မှုမှာလည်း ဇူလိုင်လကျမှသာ စတင် ဝန်ဆောင်မှုပေးရန် ရှိနေသည်။

အထီးကျန်ဆန်လှသည့်တိုင် ပူတာအိုမှာ မြန်မာနိုင်ငံ၏ အခြားဒေသများနည်းတူ သဘာဝ သယံဇာတများ ပေါကြွယ်ဝလျက်ရှိသည်။ ဇိမ်ခံဈေးကွက်ကို ကူပံ့ပေးနိုင်သော အလားအလာမှာလည်း လမ်းပွင့်သွားတော့မည် ဖြစ်သည်။

အသက် ၅၂ နှစ်အရွယ် ဦး မတ်ဇ်နော်ဆယ်၊ ဇနီးဖြစ်သူနှင့် ၎င်းတို့၏ ကလေးနှစ်ဦးမှာ သစ်မွှေးအပင်ရေ ၁,၅၀၀ ကျော် ဝန်းရံထားသည့် အနီရောင် နှစ်ထပ်မြင့် သစ်သားအိမ်တစ်လုံးတွင် နေထိုင်လျက်ရှိသည်။ သစ်မွှေးပင် စိုက်ပျိုးခြင်းကို ဦးမတ်ဇ်နော်ဆယ်၏ ဖခင်ဖြစ်သူက ၁၉၈၀ ပြည့်နှစ်များတွင် မြောက်ပိုင်းရှိ တောင်တန်းများသို့ အလည်အပတ် သွားရောက်စဉ် ဝယ်ယူခဲ့သည့် မျိုးစေ့များဖြင့် စတင်စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

ရှီးပဒီး(ပေါက်ဖတ်မှို)များ အပါအဝင် သဘာဝ ဆေးဖက်ဝင်ပင်များကို ပူတာအိုလေဆိပ်၌ ရောင်းချနေသည်ကို တွေ့ရှိရစဉ်။ ဓာတ်ပုံ - အန်းဝမ်

ရှီးပဒီး(ပေါက်ဖတ်မှို)များ အပါအဝင် သဘာဝ ဆေးဖက်ဝင်ပင်များကို ပူတာအိုလေဆိပ်၌ ရောင်းချနေသည်ကို တွေ့ရှိရစဉ်။ ဓာတ်ပုံ – အန်းဝမ်

ပူတာအိုဇာတိ ရဝမ်နွယ်ဖွား ဦးမတ်ဇ်နော်ဆယ်တွင် ၎င်းတို့မိသားစု ကြီးပွားချမ်းသာမည့် အလားအလာကောင်းကြီး တစ်ခုကို ဖင်ခုထိုင်ထားသည် ဆိုသည့်အပေါ် နားမလည်နိုင်အောင်ပင် ဖြစ်နေကြသည်။

မြန်မာနိုင်ငံတွင် သစ်မွှေးဟု လူသိများသည့် အက်ဂါဝုပင် Agarwood များမှာ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသတို့တွင် ပေါက်ရောက်သောအပင် ဖြစ်သည်။ ရေမွှေးနှင့် နံ့သာဆီ ပြုလုပ်ရာ၌ အသုံးပြုသည့် သစ်မွှေးပင်ထွက် အမွှေးဆီမှာ ဝယ်လိုအား ရှိသောကြောင့် သစ်များတွင် ဈေးအကြီးဆုံးသော သဘာဝ ထုတ်ကုန်တစ်မျိုး ဖြစ်သည်။ သစ်မွှေး တစ်ကီလိုဂရမ်လျှင် ကန်ဒေါ်လာ ၁၃,၀၀၀ (ကျပ်ငွေ ၁၅ ဒသမ ၂၅ မီလျံ) တန်ကြေး ရှိနိုင်သည်ဟု စိုက်ပျိုးရေးဆိုင်ရာ စီမံခန့်ခွဲရေး ကုမ္ပဏီတစ်ခုဖြစ်သော Asia Plantation Capital မှ အရောင်းဒါရိုက်တာ တစ်ဦးဖြစ်သူ မစ္စတာဂျာရတ် မက်ဂူရစ်က တိုင်းမဂ္ဂဇင်းကို  ပြီးခဲ့သည့်လအတွင်း ထုတ်ဖော်ပြောကြားသည်။

ဟောင်ကောင်ရှိ မျိုးသုဉ်းလုနီး ခြိမ်းခြောက်ခံနေရသည့် သစ်ပင်များကို တရားမဝင် ခုတ်လှဲခြင်းဆိုင်ရာ အစီရင်ခံစာ တစ်စောင်တွင် အဆင့်အတန်း အမြင့်ဆုံး သစ်မွှေးရောင်းချခြင်းမှာ တစ်ကီလိုဂရမ်လျှင် ကန်ဒေါ်လာ ၁၂၀,၀၀၀ အထိရှိခဲ့သည်ဟူသော သတင်းများကို သူကြားဖူးကြောင်း မက်ဂူရစ်က ဆိုသည်။ ကမ္ဘာ့သစ်မွှေး ထုတ်လုပ်မှုလုပ်ငန်းမှာ ကန်ဒေါ်လာ ၆ ဘီလီယံဖိုး ရှိပြီး ယင်းတရားမဝင် သစ်ဈေးကွက်မှာ တရားဝင် ကုန်သွယ်ရေးထက် ကျော်လွန်သည်ဟု မက်ဂူရစ်က တွက်ချက်ပြခဲ့သည်။

သစ်မွှေးလိုအပ်ချက် ကြီးမားလွန်းခြင်းက တရားမဝင် ခုတ်ထွင်မှုများ ဖြစ်ပေါ်စေပြီး သဘာဝအလျောက် သစ်မွှေးပင် ပေါက်ရောက်မှုကို လျော့နည်းစေခဲ့သည်။ မျိုးသုဉ်းလုနီး တောရိုင်းတိရစ္ဆာန်နှင့်အပင်မျိုးစိတ်များအပေါ် နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် (Convention on International Trade in Endangered Species of Wild Fauna and Flora (CITES)) ၏ နောက်ဆက်တွဲ ၂ တွင် သစ်မွှေးကို  ခြိမ်းခြောက်ခံရဖွယ်ရှိ မျိုးစိတ်တစ်ခုအဖြစ် စာရင်းတင်ထားသည်။ မှတ်တမ်းတင်ထားသည့် ၂၀၁၂ ခုနှစ် ကမ္ဘာ့သစ်မွှေးဆီ ကုန်သွယ်ရေးမှာ ၂၀၀၄ ခုနှစ် စာရင်းဇယားများထက် ၁,၅၁၂ ရာခိုင်နှုန်း တိုးများလာကြောင်းလည်း CITES ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

 “ဒီလိုသစ်ပင်တွေရဲ့ အကြွင်းမဲ့ တန်ဖိုးအရှိဆုံး မျိုးစိတ်တစ်စိတ်က ဒီမှာ ရှိနေတာပါ” ဟု ရန်ကုန်အခြေစိုက် S&S Project Management (S&S စီမံကိန်း စီမံခန့်ခွဲရေး) အကျိုးဆောင် အကြံပေးကုမ္ပဏီ၏ စီမံခန့်ခွဲရေးဆိုင်ရာ အကျိုးတူ ပူးပေါင်းဆောင်ရွက်သူ မစ္စတာ ရောဘတ် ဝဲ့ရှ်က ပြောသည်။ မိမိတို့ကုမ္ပဏီက မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားဆုံးသော ဒေသတစ်ခုတွင် လုပ်ငန်းလုပ်ကိုင်နေရခြင်း အကြောင်းရင်းကို ရှင်းပြစဉ် ယခုကဲ့သို့ တွက်ချက်ပြခဲ့ခြင်းဖြစ်သည်။

S&S Projects သည် အရှေ့အလယ်ပိုင်းနှင့် အာရှအရှေ့မြောက်ဒေသများရှိ ဈေးကွက်များသို့ တင်ပို့မည့် သစ်မွှေးဆီ ထုတ်လုပ်သော ပူးပေါင်းဆောင်ရွက်သည့် စီမံချက်တစ်ရပ်အတွက် အောက်တိုဘာလကုန်တွင် ပူတာအိုတောင်ကြားတစ်လွှားရှိ ရွာသား ၆၀၀ အထိ စာရင်းကောက်ယူရန် စီမံလျက်ရှိသည်။

စပါးစိုက်ခင်းအတွင်း တစ်နေကုန် တစ်နေခန်း အလုပ်လုပ်ကိုင်ရာမှ ပြန်လာပြီးနောက် ၎င်း၏ သစ်မွှေးခင်းကို ပြုစုစောင့်ရှောက်ရခြင်းအကြောင်း ပြောပြသည့်အခါ ဦးမတ်ဇ်နော်ဆယ်၏ မျက်လုံးများဝယ် စိတ်အားတက်ကြွသော အရိပ်အရောင်များ အထင်သား ပေါ်နေသည်။ ကမ္ဘာ့သစ်မွှေးဈေးနှင့် သူ့သစ်မွှေးစိုက်ခင်းမှ ရနိုင်မည့် ငွေကြေးအနေအထားကို ဦးမတ်ဇ်နော်ဆယ်အား မေးကြည့်ရာ ၎င်းမဖြေတတ်ချေ။ သစ်မွှေးကို ထမင်းဟင်းချက်ဖို့နှင့် အနွေးဓာတ်ရဖို့ အသုံးပြုတတ်သော ပူတာအို တောင်ကြားတစ်လွှား၌ ကျေးရွာသားများ၏ ခြံဝင်းများတွင် သစ်မွှေးပင်များကို တွေ့ရလေ့ရှိသည်။

ပူတာအိုလေဆိပ်၌ ရောင်းချနေသည့် ရှီးပဒီး(ပေါက်ဖတ်မှို) ကို တွေ့ရှိရစဉ်။ ဓာတ်ပုံ - အန်းဝမ်

ပူတာအိုလေဆိပ်၌ ရောင်းချနေသည့် ရှီးပဒီး(ပေါက်ဖတ်မှို) ကို တွေ့ရှိရစဉ်။ ဓာတ်ပုံ – အန်းဝမ်

 “ဒေသခံတွေက သစ်မွှေးရဲ့တန်ဖိုးနဲ့ပတ်သက်ပြီး ခုချိန်ထိကို မယုံနိုင်အောင် ဖြစ်နေကြပါတယ်” ဟု ပူတာအိုတွင် S&S Projects က ယာယီရုံးခန်းအဖြစ် အသုံးပြုနေသော ဧည့်ဂေဟာတစ်ခုတွင် Frontier ကို မစ္စတာ ဝဲ့ရှ်က ပြောကြားသည်။ သစ်မွှေးများ အဆင်သင့် ရှိနေသောကြောင့် S&S Projects က ဤတောင်ကြားဒေသတွင် ဖက်စပ်လုပ်ငန်းတစ်ခု စတင်ရန် အလွန်အမင်း ရင်းနှီးမြုပ်နှံစရာ မလိုအပ်သေးဟု မိမိ၏ မော်တော်ဆိုင်ကယ်ဖြင့် လှည့်လည်လေ့လာခဲ့စဉ်က ဦးမတ်ဇ်နော်ဆယ်၏ခြံကို တွေ့မြင်ခဲ့ပြီးဖြစ်သည့် ဝဲ့ရှ်က ပြောသည်။ သို့သော် လယ်သမားများသည် နည်းပညာ၊ ထုတ်လုပ်ရေးနှင့် ဈေးကွက်ချဲ့ထွင်ရေးတို့တွင် အကြံဉာဏ်များ လိုအပ်လိမ့်မည်ဟု မစ္စတာ ဝဲ့ရှ်က ဆိုသည်။

 “သူတို့မှာ သစ်ပင်တွေ ရှိတယ်။ ကျွန်တော်တို့မှာ နည်းပညာနဲ့ အထောက်အကူပြုပစ္စည်းတွေ၊ ပျိုးခင်းတွေ စတင်ဖို့အတွက် ပိုက်ဆံရှိတယ်လေ” ဟုလည်း ၎င်းက ဆိုသည်။

ပူတာအိုတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ပြည်ပကုမ္ပဏီအနည်းငယ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် S&S Projects သည် ဒေသတွင်းရှိ နိုင်ငံတကာ ဈေးကွက်ဝင် အခြားသဘာဝ သယံဇာတ ထုတ်ကုန်များကို ဖော်ထုတ်သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းတို့ထဲ၌ သဘာဝပျားရည်၊ ဂရိတ်ဖရုသီး၊ ဇီချွမ်ငရုတ်ကောင်း၊ ရှီးပဒီး စသည်တို့လည်း ပါဝင်ကြောင်း ဝဲ့ရှ်က ပြောသည်။

မြန်မာနိုင်ငံတွင် ရှီးပဒီးဟု ခေါ်သည့် ပေါက်ဖတ်မှို Caterpillar fungus မှာ အလွန်တရာ အစွမ်းထက်သော ကာမအားတိုးဆေးတစ်မျိုးအဖြစ် ယုံကြည်နေသောကြောင့် ဟိမဝန္တာ ဘိုင်ရာဂရာ ဟု လူသိများကာ  တရုတ်နိုင်ငံတွင် အလွန်အမင်း လူကြိုက်များသည်။ အတိအကျအားဖြင့် တရုတ်နိုင်ငံတွင် ဤမှို (ကော်ဒီဆက် ဆင်းနစစ် Cordycepssinesis) သည် ရွှေနှင့် ချိန်စက်ဝယ်ရလောက်အောင် တန်ဖိုးကြီးပြီး ကျောက်မျက်ရတနာဆိုင်များကဲ့သို့ ပြင်ဆင်ထားသည့် အရောင်းဆိုင်များတွင် ရောင်းချလေ့ရှိသည်။

 “ပေါက်ဖက်မှိုတွေကို ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၀၀၀ နဲ့ ၅,၀၀၀ အကြားမှာ ရှိတဲ့ တိဘက်ကုန်းပြင်မြင့်နဲ့ ဟိမဝန္တာတောင်တန်းတွေမှာ တွေ့ရနိုင်ပါတယ်” ဟု တိဘက်ကုန်းပြင်မြင့်မှ မှိုလေ့လာရေး ခရီးစဉ်များတွင် ဦးဆောင်သည့် မှိုကျွမ်းကျင်သူ ဂျာမန်လူမျိုး မစ္စတာဒန်နီရယ် ဝင်ကလာက ဆိုသည်။

 “ဒါက အခြေခံအားဖြင့် မှိုတစ်ပွင့်ရဲ့ဖုံးအုပ်ခြင်း ခံရတဲ့ အင်းဆက်ပိုး(ပိုးလောင်း) တစ်ကောင်ပါ။ အဲဒီမှိုက အင်းဆက်ပိုးကောင်ကို ဝါးမြိုချေဖျက်ပြီး တဖြည်းဖြည်းနဲ့ ပေါက်ဖတ်ဦးခေါင်းရဲ့ အပြင်ဘက်ကို ထိုးထွက်လာတာပါ”ဟု ဝင်ကလာက Frontier  ကို ပြောကြားသည်။

ဦးမတ်ဇ်နော်ဆယ်ကို နေအိမ်ဝင်းအတွင်း ပျိုးထားသည့် သစ်မွှေးပင်များနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - အန်းဝမ်

ဦးမတ်ဇ်နော်ဆယ်ကို နေအိမ်ဝင်းအတွင်း ပျိုးထားသည့် သစ်မွှေးပင်များနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

ပေါက်ဖတ်မှိုများကို တရုတ်နိုင်ငံတွင် စားသုံးခဲ့သည်မှာ နှစ်ပေါင်း ၅၀၀ ကျော်ခဲ့ပြီ ဖြစ်သော်လည်း တရုတ်နိုင်ငံ၌ ရှာဖွေရန် ခက်ခဲလာလျက်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

 “တရုတ်ရဲ့ထိပ်တန်းတက္ကသိုလ်တွေက အဲဒီမှိုကို ဓာတ်ခွဲခန်းအတွင်းမှာ စိုက်ပျိုးဖို့ ကြိုးစားနေပေမဲ့ စီးပွားဖြစ် အသုံးပြုဖို့ ရောင်းချဖို့အထိ အဆင့် မမြှင့်တင်နိုင်သေးဘူး” ဟုလည်း ဝင်ကလာက ဆိုသည်။

၎င်း၏ ခန့်မှန်းချက်အရ နှစ်စဉ်ရိတ်သိမ်းထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းမှာ တိဘက်ဒေသမှ ဖြစ်သည်။ သို့သော် ဤမှို၏ ရှားပါးမှုနှင့် တန်ကြေးမှာ ရိတ်သိမ်းချိန်များ၌ အကြမ်းဖက်မှုများဆီ ဦးတည်စေခဲ့ပြီး ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် နီပေါနိုင်ငံ၌ မှိုများ ကောက်ယူစုဆောင်းခြင်းနှင့်ပတ်သက်သော အငြင်းပွားမှုတစ်ခုအပြီးတွင် လူ ၇ ဦး ပျောက်ဆုံးသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ဤမှိုများ ရှိနေလိမ့်မည်ဟ ုရှေးယခင်အချိန်များကတည်းက ၎င်းတွေးမိခဲ့သော်လည်း သွားရောက်လည်ပတ်ရန် အခါအခွင့်မသင့်ခဲ့ပေ။

အသက် ၃၀ အရွယ် ပူတာအိုနွယ်ဖွား ဦးတောင်ရှင်းဖုန် မှာ လွန်ခဲ့သော ရှစ်နှစ်တာကာလအတွင်း၌ ပေါက်ဖတ်မှိုများ စုဆောင်းခဲ့သူ ဖြစ်သည်။ ၎င်းသည် ပူတာအို တောင်တန်းများပေါ်တွင် မေလနှင့် ဇွန်လအကြား၌ မှိုများရှာဖွေကာ ပူတာအိုသို့ လာဝယ်သည့်ပွဲစားများထံ ရောင်းချလေ့ရှိသည်။

 “ဒီနှစ်က နှစ်ကောင်း တစ်နှစ်ပါ။ ပြီးခဲ့တဲ့နှစ်တုန်းကလိုပဲ တစ်ကီလိုဂရမ်ကို ကျပ် ၃၀၀,၀၀၀ နဲ့ ရောင်းခဲ့ရတယ်”ဟု ရဝမ်တိုင်းရင်းသားဖြစ်သူ တောင်ရှင်းဖုန်က Frontier ကို ပြောကြားခဲ့သည်။ “ဒါပေမဲ့ ၂၀၁၃ ခုနှစ်ကဆိုရင် ဈေးက အရမ်းနည်းတယ်။ တစ်ကီလိုဂရမ်ကို ကျပ် ၁၁၀,၀၀၀ ပဲ ရပါတယ်” ဟုလည်း ထပ်လောင်းပြောကြားသည်။

၎င်းသည် မှို ရှာဖွေခြင်းအပြင် ယခုနှစ်၌ ခရီးသွားလမ်းညွှန်အဖြစ်လည်း သူ့ဝင်ငွေ တိုးမြင့်စေရန် စတင်ကြိုးပမ်းကာ ခရီးသွားနှစ်ဦးအား တစ်ပတ်တာ ခြေလျင်တောင်တက်ခရီးတစ်ခု ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်။

 “ကျွန်တော်က ဧည့်လမ်းညွှန်တစ်ဦး ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ မှိုတွေလည်း ဆက်လက်စုဆောင်းဦးမှာပါ။ ပူတာအိုကို ခရီးသွား အလုံအလောက် မလာကြသေးလို့ပါ”ဟု အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသည့်အတွက် အချိန်အများစုကို ပူတာအိုရှိ သူငယ်ချင်းများနှင့် ကုန်ဆုံးနေရသည့် ဦးတောင်ရှင်းဖုန်က ဆိုသည်။

တရုတ်နိုင်ငံတွင် ဤမှိုများကို ဈေးနှုန်းမြင့် ဇိမ်ခံပစ္စည်းအဖြစ် ရောင်းချနေသည်ဟူသော ကောလာဟလများကို ဦးတောင်ရှင်းဖုန် ကြားသိခဲ့ရပြီးဖြစ်သော်လည်း ပူတာအိုတွင် အင်တာနက် သို့မဟုတ် ဖုန်းများ မရှိသောကြောင့် ဈေးကွက်ပေါက်ဈေးကို ရှာဖွေရန် ၎င်းတွင် နည်းလမ်းမရှိပေ။ သူ ရရှိသော ဈေးနှုန်းကို တစ်နှစ်လျှင်တစ်ကြိမ်ခန့် လာရောက်သည့်ပွဲစားက သတ်မှတ်ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။

၅၀၀ ဂရမ်လျှင် ကန်ဒေါ်လာ ၈,၅၀၀ နီးပါး (ကျပ်ငွေ ၁၀ သန်း) တန်ကြေးရှိသည့် တရုတ်ဈေးကွက်ပေါ်မှ ဤမှိုများ၏ ပေါက်ဈေးကို ဦးတောင်ရှင်းဖုန် သိရှိခဲ့ပါမူ အလွန်တရာ အံအားသင့်ပေလိမ့်မည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီး ဓာတ်ပုံ – အသက် ၅၂ နှစ်အရွယ် ဦးမတ်ဇ်နော်ဆယ်၊ ဇနီးဖြစ်သူနှင့် ၎င်းတို့၏ ကလေးနှစ်ဦးမှာ သစ်မွှေးပင် ၁,၅၀၀ ထက်မနည်းဖြင့် ဝိုင်းရံထားသည့် နှစ်ထပ်မြင့် သစ်သားအိမ် တစ်အိမ်တွင် နေထိုင်လျက်ရှိသည်။ သစ်မွှေးပင် စိုက်ပျိုးခြင်းကို ဦးမတ်ဇ်နော်ဆယ်၏ ဖခင်ဖြစ်သူမှ ၁၉၈၀ ပြည့်နှစ်များတွင် မြောက်ပိုင်းရှိ တောင်တန်းများသို့ အလည်အပတ် သွားရောက်စဉ် ဝယ်ယူခဲ့သည့် အစေ့များဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ – အန်းဝမ်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.