ရေနံမြေလုပ်သားထုရဲ့ ရင်ထဲက ရှင်သန်နေဆဲ အာဠာဝက စိတ်ဓာတ်

ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အလုပ်သမားလှုပ်ရှားမှုဖြစ်ခဲ့တဲ့ ရေနံမြေသပိတ်မှောက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံက ရေနံမြေအလုပ်သမားတွေကတော့ လက်ရှိအချိန်အထိ သူတို့ရဲ့ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝ မရသေးဘဲ ဆက်လက်တောင်းဆိုနေကြရဆဲ ဖြစ်ပါတယ်။

ထွန်းခိုင် ရေးသားသည်။

လိမ္မော်ရောင်တောက်တောက် အင်္ကျီတွေကို ဝတ်ဆင်ထားကြတဲ့ ရေနံထုတ်လုပ်ရေး အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့က ကျရောက်ခဲ့တဲ့ အလုပ်သမားနေ့ အခမ်းအနားအတွက် မြန်မာနိုင်ငံအလယ်ပိုင်းက ချောက်မြို့နယ်မှာ လာရောက် စုဝေးခဲ့ကြပါတယ်။

ပူပြင်းလှတဲ့ မေလရဲ့ နေရောင်အောက်မှာ ကျင်းပခဲ့တဲ့ အဲဒိပွဲကိုတက်ရောက်ဖို့ မြန်မာနိုင်ငံတစ်ဝှမ်းက အလုပ်သမားတွေ လာရောက် စုဝေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

သူတို့ဟာ ချောက်မြို့လယ်က သခင်ဖိုးလှကြီးရုပ်ထုကို အကြိမ်ကြိမ် ဦးညွှတ်ဂုဏ်ပြုရင်း တစ်ချိန်က ရေနံမြေ အလုပ်သမား ခေါင်းဆောင် သခင်ဖိုးလှကြီးနဲ့ ရေနံမြေလုပ်သားတွေရဲ့ လုပ်ရပ်တွေကို ချီးကျူးခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ မပြောင်းလဲသေးတဲ့ သူတို့ရဲ့ဘဝအခြေအနေတွေအတွက် ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားကြဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ရေနံတွင်းအမြောက်အများရှိတဲ့ ချောက်မြို့နယ်မှာ လွန်ခဲ့တဲ့ ၇၉ နှစ်၊ ၁၉၃၈ ခုနှစ်တုန်းက  တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေတဲ့ အလုပ်သမားလှုပ်ရှားမှုကြီးတစ်ခုကို ရေနံမြေအလုပ်သမားတွေက စတင်ခဲ့ကြပါတယ်။ အင်္ဂလိပ်အစိုးရ ကျောထောက် နောက်ခံပေးထားတဲ့ ဘီအိုစီရေနံကုမ္ပဏီရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်ဆန္ဒပြတဲ့ အလုပ်သမားသပိတ်ကို ဆင်နွဲခဲ့ကြတာပါ။

ပထမကမ္ဘာစစ်တုန်းက အင်္ဂလိပ်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့တဲ့ သခင်ဖိုးလှကြီးက ရေနံမြေ အလုပ်သမား ခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့တဲ့ အဲဒီ အလုပ်သမားလှုပ်ရှားမှုဟာ ဗြိတိသျှအစိုးရလက်ထက် မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ ပထမဆုံးနဲ့ အကြီးမားဆုံး အလုပ်သမားဆန္ဒပြပွဲလည်း ဖြစ်ခဲ့ပါတယ်။

၁၉၃၈ ခုနှစ်က သခင်ဖိုးလှကြီး။ ဓာတ်ပုံ-Wikimedia Commons

၁၉၃၈ ခုနှစ်က သခင်ဖိုးလှကြီး။ ဓာတ်ပုံ-Wikimedia Commons

ဒါ့အပြင် သခင်ဖိုးလှကြီး ဦးဆောင်တဲ့ အဲဒီရေနံမြေသပိတ်ဟာ ကိုလိုနီစနစ်ဆန့်ကျင်ရေးနဲ့ အလုပ်သမား အခွင့်အရေးအတွက် မြန်မာ့သမိုင်းမှာ အကြီးမားဆုံး လှုံဆော်မှုတစ်ခုအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ရေနံချောင်း၊ ချောက်စတဲ့ ရေနံမြေတွေက ထောင်နဲ့ချီတဲ့ ရေနံမြေ အလုပ်သမားတွေက မြန်မာနိုင်ငံရဲ့ ရေနံတွင်းလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဘီအိုစီကုမ္ပဏီထံကို အချက် ၁၂ ချက် တောင်းဆိုခဲ့ကြပါတယ်။

ဒီအချက်တွေထဲမှာ တစ်မိသားစုလုံး ၈ ပေ၊ ၁၀ ပေ ပတ်လည် အလုပ်သမားလိုင်းခန်းထဲမှာ နေထိုင်ရတာ၊ အလုပ်သမားတွေကို ဆေးကုခွင့် မပေးတာ၊ အလုပ်ချိန် တစ်နေ့ကို ၈ နာရီထက် ပိုများနေတာ၊ အစိုးရ အလုပ်ပိတ်ရက်တွေအတွက် လစာပေးဖို့ ငြင်းဆန်တာတွေကို ကန့်ကွက်ကြပြီး အလုပ်သမား အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ဥရောပနဲ့ အိန္ဒိယက အလုပ်သမားတွေကို ဘီအိုစီကုမ္ပဏီက အလုပ်သမား အခွင့်အရေးနဲ့ လစာ အပြည့်အဝပေးပေမယ့် မြန်မာအလုပ်သမားတွေကိုတော့ နည်းပါးလှတဲ့ လစာနဲ့ ခံစားခွင့်တွေသာပေးတဲ့အတွက် အလုပ်သမားထုက မကျေမနပ် ဖြစ်ခဲ့ကြတာပါ။

လပေါင်းများစွာ မကျေလည်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ချောက်ကနေ မိုင်ပေါင်း ၄၀၀ လောက်ဝေးတဲ့ ရန်ကုန်ကို လမ်းလျှောက်ပြီး ဆန္ဒပြကြဖို့ ရေနံမြေအလုပ်သမားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

၁၉၃၈ ခု၊ ဇန်နဝါရီ ၈ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်) စနေနေ့မှာ ရေနံမြေ သပိတ်ကြီး စတင် မှောက်ခဲ့ကြတဲ့အတွက် နောက်ပိုင်းမှာတော့ ၁၃၀၀ ပြည့်အရေးတော်ပုံအဖြစ် လူသိများခဲ့ပါတယ်။ သပိတ်တပ်ကြီး ရန်ကုန်မြို့ကို ချီတက်လာရာမှာတော့ သခင်ဖိုးလှကြီးက ခေါင်းဆောင်ခဲ့ပါတယ်။

သပိတ်တပ်ကြီး မကွေးကို ရောက်ရှိလာချိန်မှာ သခင်ဖိုးလှကြီးဟာ အင်္ဂလိပ်တို့ ဖမ်းဆီးခြင်းကို ခံခဲ့ပေမယ့် သပိတ်တပ် နတ္တလင်းကို ရောက်ရှိချိန် ဒီဇင်ဘာ ၂၄ ရက်နေ့မှာတော့ သခင်ဖိုးလှကြီး ပြန်လွတ်လာပါတယ်။ သခင်ဖိုးလှကြီးနဲ့ သပိတ်တပ် ပြန်လည် ဆုံတွေ့ချိန်မှာ ခေါင်းဆောင်ပြန်ဖြစ်လာပါတယ်။ သခင်ဖိုးလှကြီးကို သပိတ်တပ်သားတွေက “အာဠာဝက – ကွ” ဟု အမည်ပေး ကင်ပွန်းတပ်ကြပြီးနောက် “အာဠာဝက – သခင်ဖိုးလှကြီး”ဆိုတဲ့ အမည် တွင်ရစ်ခဲ့ပါတော့တယ်။

ရေနံမြေလုပ်သားသပိတ်ဟာ နောင်ပိုင်းမှာ အောင်မြင်မှု မရရှိခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ကိုလိုနီခေတ်သမိုင်းမှာတော့ အရေးအပါဆုံး လှုပ်ရှားမှုကြီးအဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ရေနံအများဆုံး ထုတ်လုပ်ခဲ့သည့် ဒေသဖြစ်သော မကွေးတိုင်း၊ ရေနံချောင်းဒေသရှိ ရေနံတွင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ-Wikimedia Commons

မြန်မာနိုင်ငံတွင် ရေနံအများဆုံး ထုတ်လုပ်ခဲ့သည့် ဒေသဖြစ်သော မကွေးတိုင်း၊ ရေနံချောင်းဒေသရှိ ရေနံတွင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ-Wikimedia Commons

ကိုလိုနီခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အလုပ်သမားလှုပ်ရှားမှုဖြစ်ခဲ့တဲ့ ရေနံမြေသပိတ်မှောက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံက ရေနံမြေအလုပ်သမားတွေကတော့ လက်ရှိအချိန်အထိ သူတို့ရဲ့ အလုပ်သမား အခွင့်အရေးတွေ အပြည့်အဝ မရသေးဘဲ ဆက်လက်တောင်းဆိုနေကြရဆဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ လောက်က သူတို့တောင်းဆိုခဲ့ကြတဲ့အချက်တွေဟာ ရေနံမြေလုပ်သားတွေအတွက် လက်ရှိအချိန်အထိ မှန်ကန်နေကြဆဲ ဖြစ်ပါတယ်။

ရေနံမြေအလုပ်သမားတွေဟာ တစ်ရက်ကို ၈ နာရီထက်ကျော်အောင် အလုပ်လုပ်ရတာတွေ၊ အစိုးရ ရုံးပိတ်ရက်တွေမှာ လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်နေရတာတွေ လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်ပါတယ်။

မေ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ အလုပ်သမားနေ့ပွဲကိုတောင် ရေနံမြေလုပ်သားတိုင်း တက်ခွင့်ရခဲ့တာ မဟုတ်ပါဘူး။ မေဒေးနေ့ဖြစ်တဲ့ မေ ၁ ရက်နေ့ဟာ အစိုးရရုံးပိတ်ရက်ဖြစ်ပေမယ့် ခွင့်မရလို့ အလုပ်ခွင်ထဲ ရောက်နေကြရတဲ့ ရေနံမြေ အလုပ်သမားတွေလည်း အများအပြား ရှိခဲ့ပါတယ်။

ဒီလို ပိတ်ရက်မှာ အချိန်ပိုအလုပ်လုပ်ကြရတဲ့အတွက် သူတို့ အချိန်ပိုလုပ်ခလစာ မရကြပါဘူး။

ဘီအိုစီကို ဆက်ခံခဲ့တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ရေနံမြေလုပ်သားတွေဟာ လစာ ကျပ် ၁၂၀,၀၀၀ ကနေ ၁၇၅,၀၀၀ ကျပ်အထိ ရရှိကြပြီးတော့ ဝန်ထမ်းအိမ်ယာ မရရှိကြတဲ့ ယာယီလုပ်သားတွေကတော့ ၁၀၈,၀၀၀ ကျပ် ရရှိကြတယ်လို့ ဆိုပါတယ်။

၁၉၃၈ ခုနှစ်တုန်းက အလုပ်သမားတွေ တောင်းဆိုချက်ထဲမှာလည်း ခွင့်ရက်နဲ့ အလုပ်ချိန်ကိစ္စတွေ ပါဝင်ခဲ့သလို လက်ရှိအချိန်ထိလည်း ခွင့်ရက်နဲ့ အလုပ်ချိန်ကိစ္စတွေအတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။

“လက်ရှိအလုပ်သမားတွေကို တစ်နေ့ အလုပ်ချိန် ၈ နာရီ လုပ်ရမယ်လို့ သတ်မှတ်ထားပေးမယ့် ကျွန်တော်တို့ နိုင်ငံ့ ဝန်ထမ်းတွေကတော့ တစ်နေ့ ကို ၁၂ နာရီ လုပ်နေရတာတွေလဲ ရှိတယ်။ အဲဒီလိုလုပ်လို့ ကျွန်တော်တို့ အလုပ်သမားတွေမှာ အချိန်ပိုလုပ်ခလစာဆိုပြီး မရဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံမြေလုပ်သားများသမဂ္ဂ ဘဏ္ဍာရေးမှူး ကိုလေးနိုင်ကပြောပါတယ်။

ပြီးခဲ့သည့် မေ ၁ ရက်နေ့က ကျရောက်သည့် အလုပ်သမားနေ့တွင် ချောက်မြို့ရှိ သခင်ဖိုးလှကြီးရုပ်ထုရှေ့၌ လာရောက် ဂါဝရပြုနေကြသည့် ရေနံမြေလုပ်သားများ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ပြီးခဲ့သည့် မေ ၁ ရက်နေ့က ကျရောက်သည့် အလုပ်သမားနေ့တွင် ချောက်မြို့ရှိ သခင်ဖိုးလှကြီးရုပ်ထုရှေ့၌ လာရောက် ဂါဝရပြုနေကြသည့် ရေနံမြေလုပ်သားများ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

အစိုးရက သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တွေမှာလည်း လုပ်ငန်းခွင်ထဲ ဝင်နေရဆဲဖြစ်ပြီး ဒီအတွက်လည်း အစားထိုး အနားယူရက် ပြန်ရတာတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“မေဒေးနေ့ ရုံးပိတ်ရက်ကို ခွင့်တင်ပြီးမှ သွားရမယ်လို့ ပြောတယ်။ အလုပ်သမားတယောက်အနေနဲ့ ကျွန်တော် လုံးဝ ကန့်ကွက်တယ်”လို့ ကိုလေးနိုင်က ဆက်လက် ပြောကြားပါတယ်။

၁၉၃၈ ခုနှစ်တုန်းက ရေနံမြေအလုပ်သမားတွေ တောင်းဆိုချက်ထဲမှာ သူတို့မိသားစုတွေအတွက် ဘီအိုစီက စီစဉ်ပေးထားတဲ့ ၈ ပေ၊ ၁၀ ပေသာ ကျယ်ဝန်းတဲ့ ဝန်ထမ်းအိမ်ယာတွေကို ပြုပြင်တည်ဆောက်ပေးဖို့လည်း ပါဝင်ပါတယ်။

ပြုတင်းတံခါး တစ်ချပ်သာပါတဲ့ သေးငယ်လှတဲ့ သူတို့ရဲ့ အိမ်ယာတွေကို ပြုပြင်ဆောက်လုပ်ပေးဖို့ထည့်သွင်း တောင်းဆိုခဲ့ကြတဲ့ အဲဒီဆန္ဒပြပွဲအပြီး  နှစ်ပေါင်း ၈၀ လောက်ကြာချိန်အထိ သူတို့နဲ့ ဘဝတူ ရေနံမြေ အလုပ်သမားတွေရဲ့ အခြေအနေဟာ ထူးခြားမလာသေးပါဘူး။

“အိမ်ယာမပြည့်စုံဘူး။ ပြီးခဲ့တဲ့ခေတ်ကာလက ဆောက်ထားတဲ့ အဆောက်အအုံတွေရှိတယ်။ နိုင်ငံတော် ဘက်ဂျက် အနေအထားအရဆိုပြီး မပြင်နိုင်တာတွေရှိတယ်”လို့ မန်းရေနံမြေ အလုပ်သမားအဖွဲ့အစည်း အတွင်းရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဆောက်လုပ်ထားတဲ့ လိုင်းခန်းတွေ၊ အိမ်ယာတွေမှာ ဝန်ထမ်းတွေဟာ အခုအချိန်အထိ ကျပ်ကျပ်တည်းတည်း နေထိုင်နေရဆဲဖြစ်တယ်လို့ ရေနံမြေအလုပ်သမားတွေက ဆိုပါတယ်။

“အချို့ဆို ဆိုးဆိုးရွားရွား ပျက်ဆီးနေတယ်”လို့ ဦးကျော်စိုးက ပြောပါတယ်။

အလုပ်သမားတွေအတွက်ပေးထားတဲ့ လုပ်ငန်းခွင်သုံး ဘေးအန္တရာယ်ကင်းဝေးရေး ပစ္စည်းတွေဟာလည်း ခေတ်နောက်ကျ ဟောင်းနွမ်းနေတာတွေ၊ မလောက်ငှတာတွေနဲ့ ကြုံနေခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်အတွင်း ရေနံမြေ မတော်တဆမှုတွေကြောင့် ရေနံမြေလုပ်သား အနည်းဆုံးငါးဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံမြေလုပ်သားများ သမဂ္ဂက ပြောကြားပါတယ်။

ဒီဘက်ခေတ်မှာ နိုင်ငံရေးအပြောင်းအလဲနဲ့အတူ အလုပ်သမားတွေအတွက် အခွင့်အရေးတောင်းဆိုနိုင်ဖို့ သမဂ္ဂတွေ ဖွဲ့စည်းခွင့်ကိုတော့ ရရှိလာခဲ့ကြပါတယ်။

jtms_mayday-07.jpg

ပြီးခဲ့သည့် မေ ၁ ရက်နေ့က ချောက်မြို့တွင်ကျင်းပသည့် အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်လာသော သခင်ဖိုးလှကြီး၏ သမိးဖြစ်သူအား တွေ့ရစဉ်။ ဓာတ်ပုံ- သိမ့်မွန်စိုး (J)

ပြီးခဲ့တဲ့နှစ်တွေထဲမှာ ရေနံမြေအလုပ်သမားတွေက သူတို့ အခွင့်အရေးတောင်းဆိုဖို့အတွက် အလုပ်သမား သမဂ္ဂတွေ တိုးချဲ့ ဖွဲ့စည်းလာကြပါတယ်။

ဒါပေမယ့် အရေအတွက်အရသာ များခဲ့တာဖြစ်ပြီး တကယ်လှုပ်ရှားမှုတွေလုပ်ဖို့အတွက်ကတော့ အချိန်ယူရအုန်းမယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။

“သမဂ္ဂတွေ ဖွဲ့စည်းတာ များလာပေမယ့် အလုပ်သမားအခွင့်အရေးက ထိထိရောက်ရောက် မရသေးဘူး။ အခုမှ သမဂ္ဂတွေ စုပေါင်းပြီး အလုပ်သမားအခွင့်အရေးတွေရအောင် ပြင်ဆင်နေတဲ့ ကာလဘဲရှိသေးတယ်” လို့ ကိုလေးနိုင်က ဆက်လက် ပြောကြားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံမြေလုပ်သားများ သမဂ္ဂကိုတော့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးက ရေနံမြေ ၁၃ ခုမှာ လုပ်ကိုင်နေကြတဲ့ ရေနံမြေလုပ်သားတွေက အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ လုပ်သား ၉၀,၀၀၀ လောက်ရှိတဲ့အနက် ၄၀,၀၀၀ လောက်က သမဂ္ဂအဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ ပိုမိုရရှိလာကြစေဖို့အတွက် သမဂ္ဂက ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်ဟန်ကပြောပါတယ်။ သူဟာ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ၂၆ နှစ်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလထဲမှာတော့ အလုပ်သမားအခွင့်အရေးတွေကို လေ့လာကြာဖို့ သမဂ္ဂအဖွဲ့ဝင်တွေဟာ အမေရိကန်၊ ဖိလစ်ပိုင်နဲ့ ဆွီဒင်နိုင်ငံတွေကို လေ့လာရေး သွားရောက်ကြမှာ ဖြစ်ပါတယ်။ သူ့တို့ပြန်လာချိန်မှာတော့ အလုပ်သမားအခွင့်အရေးတွေ ပိုမိုရရှိလာစေဖို့အတွက် အစိုးရ၊ လွှတ်တော်တို့နဲ့ အသေးစိတ် ဆွေးနွေးမှုတွေ ပိုမိုဆောင်ရွက်လာနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

ပိုမိုကောင်းမွန် လုံခြုံတဲ့ လုပ်ငန်းခွင်အခြေအနေ ရရှိလာဖို့အတွက် ကြိုးစားနေကြဆဲဖြစ်တဲ့ ရေနံမြေအလုပ်သမားတွေရဲ့ ရင်ထဲမှာ သခင်ဖိုးလှကြီးရဲ့ စိတ်ဓာတ်တွေ ရှင်သန်နေဆဲဖြစ်မယ်ဆိုတာကတော့ အသေအချာပါပဲ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.