ရုံးချိန်း ၁၀၀ ကျော်အပြီး အမိန့်ချဖို့ နီးကပ်လာပြီဖြစ်တဲ့ ဦးကိုနီအမှု

ရှေ့နေကြီးဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရသူတွေကို စစ်ဆေးနေတာ ရုံးချိန်း ၁၀၀ ကျော်ရှိလာပြီဖြစ်ပြီး မကြာခင်မှာပဲ တရားရုံးက အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။

ရဲမွန် ရေးသားသည်။

ပြီးခဲ့တဲ့ ၂ နှစ်၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်ညနေပိုင်းက တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေတဲ့ ဖြစ်ရပ်တစ်ခု ရန်ကုန်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့နေရာကလည်း ရန်ကုန်ုမြို့ရဲ့ လုံခြုံရေးအတင်းကြပ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာပါ။

အကျီပန်းရောင်နဲ့ ဘောင်းဘီတိုဝတ်ဆင်ထားတဲ့ ညစ်နွမ်းနွမ်းလူတစ်ယောက်က ကလေးငယ်တစ်ယောက်ကို ချီထားသူတစ်ဦးရဲ့ခေါင်းကို လူမြင်ကွင်းမှာပဲ သေနတ်နဲ့ အနီးကပ်ပစ်လိုက်ပါတယ်။ သေနတ်နဲ့ အပစ်ခံရသူကတော့ ယခုအာဏာရပါတီရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွမ်းကျင်ပိုင်နိုင်ပြီး ပြင်ဆင်ဖို့ မကြာခဏ ပြောတတ်သူလည်းဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေဦးကိုနီပဲ ဖြစ်ပါတယ်။ ပြည်ပက ပြန်လာတဲ့ ဦးကိုနီဟာ လေဆိပ်ကအထွက် လာကြိုတဲ့ကားစောင့်နေရင်း မြေးငယ်လေးကို ချီထားတာပါ။

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ဦးဆောင်တဲ့ အင်ဒိုနီးရှားခရီးစဉ်မှာ အဖွဲ့ဝင်တစ်ဦးအဖြစ် လိုက်ပါသွားတဲ့ ဦးကိုနီဟာ လေဆိပ်မှာ အကွက်ကျကျနဲ့ သူ့ကိုရက်စက်စွာ သတ်ဖြတ်မယ့်သူ စောင့်နေမယ်လို့ ထင်မိခဲ့မှာ မဟုတ်ပါဘူး။ သူဟာ ရန်ကုန်မြို့မှာရောက်ရှိနေတဲ့ ကုလသမဂ္ဂကအရာရှိတစ်ဦးနဲ့ ဇန်နဝါရီ ၃ဝ ရက်နေ့မှာ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

ဦးကိုနီကို သေနတ်နဲ့ ပစ်ပြီးထွက်ပြေးခဲ့တဲ့ ကြည်လင်းဆိုသူကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းမမိခင် လေဆိပ်အငှားယာဉ်မောင်းတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးကြစဉ်မှာ ကြည်လင်းက သေနတ်နဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် အငှားယာဉ်မောင်း ကိုနေဝင်းလည်း သေဆုံးခဲ့ရပါတယ်။

လုံခြုံရေးအတင်းကြပ်ဆုံးနေရာလို့ သတ်မှတ်ထားတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရသူဖြစ်တဲ့ အောင်ဝင်းဇော်ကို ရဲတပ်ဖွဲ့က ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၃ဝ ရက်နေ့မှာ သံလွင်တံတား(ဘားအံ)မှာ ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် အောင်ဝင်းဇော်လွတ်မြောက်ရေးအတွက် ဘားအံကို ပို့ဆောင်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကောက်ချက်ချထားတဲ့ အောင်ဝင်းဇော်ရဲ့ အစ်ကိုဖြစ်သူ အောင်ဝင်းထွန်းကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဦးကိုနီကို သတ်ဖြတ်ဖို့အတွက် ကျပ်သိန်း ၁,၀၀၀ ကိုတော့ ယခုအချိန်ထိ ဖမ်းမမိသေးတဲ့ အောင်ဝင်းခိုင်ကို ပေးအပ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ စစ်ထောက်လှမ်းရေးက ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးကိုလည်း ရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။

သေနတ်ဖြင့် ပစ်ခဲ့သူ ကြည်လင်းအား တရားရုံး၌ တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

သေနတ်ဖြင့် ပစ်ခဲ့သူ ကြည်လင်းအား တရားရုံး၌ တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဖမ်းဆီးခံရသူတွေကို မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂ဝ၁၇ ခုနှစ်၊ မတ် ၃ ရက်နေ့မှာ စတင်ရုံးတင်ခဲ့ပြီး တရားသူကြီးနဲ့ တွဲဖက်တရားသူကြီး ၂ ဦးပါဝင်တဲ့ အထူးရာဇဝတ်ခုံရုံးက စစ်ဆေးနေတာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ရုံးချိန်း ၁၀၂ ကြိမ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ရုံးချိန်းတွေမှာတော့ သေနတ်နဲ့ပစ်ခဲ့တဲ့ ကြည်လင်းကလွဲပြီး ကျန်သုံးဦးက သူတို့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တောက်လျှောက်ထွက်ဆိုခဲ့ပါတယ်။ အထူးသဖြင့် ဇေယျာဖြိုးက အောင်ဝင်းခိုင်ကို ကျပ်သိန်း ၁,၀၀၀ ပေးအပ်ခဲ့ခြင်းမရှိဘူးလို့ တရားခွင်မှာ ငြင်းဆိုထားပါတယ်။

သူ့အပေါ် လုပ်ကြံပြီး အမှုဆင်တာဖြစ်ကြောင်း ဇေယျာဖြိုးဘက်က တရားခွင်မှာ ထွက်ဆိုခဲ့ပေမယ့် အဲဒီထွက်ဆိုချက်အပေါ် ထောက်ခံတဲ့သက်သေ မရှိခဲ့ဘူးလို့ အငှားယာဉ်မောင်းဦးနေဝင်းရဲ့ မိသားစုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“ပြည်ထဲရေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်းပြောခဲ့တာပါ။ အဲဒါကို သူက အမှုဆင်ခံရတာပါ။ လုပ်ကြံခံရတာပါဆိုပြီး ထွက်ဆိုတယ်။ ဒါပေမယ့် အဲဒီထွက်ဆိုချက်အပေါ် ထောက်ခံမယ့်သက်သေကို သူ့ဘက်က တရားရုံးကို မတင်ပြနိုင်ခဲ့ဘူး” လို့ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

နောက်ထပ် သံသယရှိခံရသူဖြစ်တဲ့ အောင်ဝင်းဇော်ကိုလည်း ရဲတပ်ဖွဲ့က စီစီတီဗီမှတ်တမ်းတွေအရ ဖမ်းဆီးခဲ့တယ်ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပြီး အောင်ဝင်းဇော်ဘက်ကတော့ အဲဒီ စီစီတီဗီမှတ်တမ်းကို ကျေနပ်ခြင်းမရှိပါဘူး။

စီစီတီဗီမှတ်တမ်းအရ အောင်ဝင်းဇော်ဟာ ဦးကိုနီသတ်ဖြတ်ခံရတဲ့နေ့မှာ လေဆိပ်ကို ရောက်ရှိနေတာကို တွေ့ရပြီး အောင်ဝင်းဇော်ကတော့ သူ့ရဲ့သား လေယာဉ်မောင်းအလုပ်ရဖို့အတွက် လေဆိပ်ရဲတပ်ဖွဲ့က ရဲမှူးကြီးဝင်းမင်းသိန်းနဲ့ တွေ့ဆုံဖို့ ရောက်ရှိနေခဲ့ခြင်းသာဖြစ်တယ်လို့ တရားခွင်မှာ ထွက်ဆိုထားတာပါ။

ရဲမှူးကြီးဝင်းမင်းသိန်းကို အောင်ဝင်းဇော်ဘက်က သက်သေအဖြစ် တရားရုံးကို တင်သွင်းခဲ့ပေမယ့် ရဲမှူးကြီးကတော့ လာရောက်ဖို့ နှစ်ကြိမ်တိုင် ပျက်ကွက်ခဲ့ပါတယ်။ ပထမအကြိမ်က အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်ရှိတာကြောင့်ဖြစ်သလို ဇန်နဝါရီ ၁၈ ရက်တွင်လည်း ဒုတိယအကြိမ်အဖြစ် လာရောက်ဖို့ ပျက်ကွက်ခဲ့တာပါ။

အဲဒီနောက် ရဲမှူးကြီးဝင်းမင်းသိန်းက သူ့အနေနဲ့ သက်သေအဖြစ် ထွက်ဆိုလိုစိတ် မရှိကြောင်းနဲ့ ယင်းအမှုကိစ္စကို မသိရှိကြောင်း တရားရုံးကို အကြောင်းပြန်ခဲ့တာကြောင့် တရားရုံးက သူ့ကို သက်သေစာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။

ဘုရားခိုးမှုတွေကြောင့် ထောင်ဒဏ် ၂၇ နှစ်ကို ကြည်လင်းနဲ့အတူ ကျခံခဲ့ဖူးတဲ့ အောင်ဝင်းဇော်ကတော့ သူ့အတွက် အရေးကြီးတဲ့သက်သေ မလာရောက်တာဟာ ပယောဂမကင်းဘူးလို့ ဇန်နဝါရီ ၁၈ ရက်နေ့ ရုံးချိန်းအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ရှင်းရှင်းပြောရရင် ဥပဒေအရ ကျွန်တော်ကအလွတ်ကြီးပဲဗျ။ ဒါပေမယ့် ပယောဂပါနေတော့ မတတ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။

ဇေယျာဖြိုးအား တရားရုံးချိန်းတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ-သူရဇော်

ဇေယျာဖြိုးအား တရားရုံးချိန်းတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ-သူရဇော်

အမှုအတွက် ၁ဝ၃ ကြိမ်မြောက် ရုံးချိန်းဖြစ်လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လှဲချက်တွေ ပေးရတော့မှာဖြစ်ပြီး တရားရုံးက အမိန့်ချမှတ်ဖို့ ရုံးချိန်းတစ်ချိန်းသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

အမှုမှာ တရားလိုဘက်က သက်သေ ၇၂ ယောက်စစ်ဆေးခဲ့ပြီး တရားခံဘက်က သက်သေ ၂၈ ဦး စစ်ဆေးခဲ့ပါတယ်။

အထူးရာဇဝတ်ခုံရုံးမှာ ဘယ်သူတွေပါဝင်သလဲ

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ သူ့လုပ်သက်တလျှောက်မှာ အထူးခုံရုံးနဲ့စစ်ဆေးခြင်းကို မကြုံဖူးခဲ့ကြောင်းနဲ့ အထူးခုံရုံးနဲ့ စစ်ဆေးတဲ့အမှုတွေဟာ အများပြည်သူစိတ်ဝင်စားတဲ့ ရာဇဝတ်မှုကြီးတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုံးချိန်းစတင်ချိန်မှာ ဖွဲ့စည်းထားတဲ့ အထူးခုံရုံးမှာ ဥက္ကဋ္ဌအဖြစ် မြောက်ပိုင်းခရိုင်တရားရုံးက တရားသူကြီး ဦးတင်ထွေးက ဆောင်ရွက်ခဲ့ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက တွဲဖက်တရားသူကြီး ဦးကျော်ထူးနဲ့ မြောက်ပိုင်းခရိုင်က ဒုတိယတရားသူကြီး ဦးမျိုးခိုင်တို့က အဖွဲ့ဝင်တွေအဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် မြောက်ပိုင်းခရိုင်တရားသူကြီး ဦးတင်ထွေးက အငြိမ်းစားယူသွားသလို တွဲဖက်တရားသူကြီး ဦးကျော်ထူးကလည်း ရာထူးတိုးပြီး ကယားပြည်နယ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ရုံးချိန်းတောက်လျှောက် ပါဝင်ခဲ့သူက ဦးမျိုးခိုင်တစ်ဦးတည်းသာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဦးကျော်ထူးနေရာ အစားထိုးဝင်လာတဲ့ မြောက်ပိုင်းခရိုင်တရားရုံးက တရားသူကြီး ဦးခင်မောင်မောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ဦးတင်ထွေးနေရာအစားထိုးဝင်လာတဲ့ အရှေ့ပိုင်းခရိုင် တွဲဖက်တရားသူကြီး ဦးမြင့်ဟန်က အဖွဲ့ဝင်အဖြစ် ပါဝင်လာပါတယ်။

အမှုတစ်ခုလုံးမှာ တောက်လျှောက် ပါဝင်စစ်ဆေးခဲ့သူတစ်ဦးတည်းသာ ခုံရုံးမှာ ပါဝင်မှာ ဖြစ်ပေမယ့်လည်း တရားလိုဘက်က ရှေ့နေတွေကတော့ အမှုမှာ တစုံတရာ လွဲချော်မှာကို မစိုးရိမ်ဘူးလို့ Frontier ကို ပြောပါတယ်။

ဦးကိုနီရဲ့ မိသားစုရှေ့နေ ဦးခင်မောင်ဌေးက ခုံရုံးမှာပါဝင်တဲ့ တရားသူကြီးတွေကို ယုံကြည်ကြောင်းနဲ့ သူတို့အားလုံးဟာ အတွေ့အကြုံ များစွာရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

စွဲချက်တွေက ဘာတွေလဲ

အများပြည်သူတွေ စိတ်ဝင်စားတဲ့အမှုလည်းဖြစ်တဲ့ အခုအမှုမှာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

မြောက်ပိုင်းခရိုင်တရားရုံးက သေနတ်သမားကြည်လင်းနဲ့ အောင်ဝင်းဇော်ကို ၁၈၇၈ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)(စ)၊ ကြည်လင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ (၁)(ခ)/၃၄ နဲ့ ပုဒ်မ ၃ဝ၂ (၂)၊ အောင်ဝင်းဇော်ကို ယင်းဥပဒေပုဒ်မ ၃ဝ၂(၁)(ခ)/၃၄၊ ဇေယျာဖြိုးကို ပုဒ်မ ၃ဝ၂(၁)(ခ)၊ အောင်ဝင်းထွန်းကို ပုဒ်မ ၂၁၂ တို့နဲ့ ၄၁ ကြိမ်မြောက် ရုံးချိန်းမှာ စွဲချက်တင်ခဲ့ပါတယ်။

ကြည်လင်းအား လိုက်လံဖမ်းဆီးစဉ်သေဆုံးခဲ့သူ တက္ကစီယာဉ်မောင်း ကိုနေဝင်း၏ မိသားစုရှေ့နေ ဦးရောဘတ်စန်းအောင်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ကြည်လင်းအား လိုက်လံဖမ်းဆီးစဉ်သေဆုံးခဲ့သူ တက္ကစီယာဉ်မောင်း ကိုနေဝင်း၏ မိသားစုရှေ့နေ ဦးရောဘတ်စန်းအောင်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

အောင်ဝင်းထွန်းကတော့ သူ့ကို စွဲဆိုခဲ့တဲ့ ပုဒ်မကြောင့် အာမခံနဲ့ လွတ်မြောက်ခဲ့ပါတယ်။ ကျန်သုံးဦးကတော့ သူတို့အပေါ် စွဲချက်တင်ထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားခဲ့ပြီးနောက် ဇွန် ၁၈ ရက်နေ့မှာ အောင်ဝင်းဇော်အတွက် လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)(စ)ကို ပယ်ဖျက်ပေးခဲ့ပြီး ဇေယျာဖြိုးကို ပုဒ်မ ၃ဝ၂(၁)(ခ)/၃၄ အစား ၃ဝ၂(၁)(ခ)/၁ဝ၉ နဲ့ အစားထိုး အမိန့်ချမှတ်ခဲ့ပါတယ်။

ရှေ့နေတွေဖြစ်တဲ့ ဦးခင်မောင်ဌေးနဲ့ ဦးရောဘတ်စန်းအောင်တို့ နှစ်ဦးလုံးကတော့ သေနတ်သမားအပါအဝင် ပါဝင်ပတ်သက်သူအားလုံးကို အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံရနိုင်တယ်လို့ ထင်မြင်ချက်ပေးပါတယ်။

ပုဒ်မ ၃ဝ၂(၁)(ခ)တွင် မည်သူမဆို တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားပါတယ်။

ဒါ့အပြင် ဇေယျာဖြိုးအပေါ် စွဲချက်တင်ထားတဲ့ ပုဒ်မမှာ အားပေးကူညီသူအား ချမှတ်ရန်ပြစ်ဒဏ်ကို ရာဇသတ်ကြီးက အတိအလင်းပြဌာန်းခြင်းမရှိပါက ကျူးလွန်ခဲ့သော ပြစ်မှုရင်းအတွက် ပြဌာန်းထားတဲ့ ပြစ်ဒဏ်ကို ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ကျန်စွပ်စွဲခံရသူတစ်ဦးဖြစ်တဲ့ အောင်ဝင်းထွန်းကို စွဲချက်တင်ထားတဲ့ပုဒ်မ ၂၁၂ မှာတော့ ထောင်ဒဏ်အများဆုံး ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ အနီရောင်အဆင့်အဖြစ် ကြေညာခြင်းခံထားရတဲ့ တရားခံပြေး အောင်ဝင်းခိုင်ကိုတော့ တရားရုံးက ပုဒ်မ၃ဝ၂(၁)(ခ)/၃၄ အရ ပြစ်မှုယုတ္တိ ထင်ရှားတဲ့အတွက် အဲဒီပုဒ်မနဲ့ စွဲချက်တင်ထားပါတယ်။

မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ အခက်အခဲများ

သေဆုံးသွားသူ ရှေ့နေဦးကိုနီနဲ့ ယာဉ်မောင်းကိုနေဝင်းတို့ နှစ်ဦးလုံးမှာ မိသားစုတွေ ကျန်ရစ်ခဲ့ပါတယ်။ ကိုနေဝင်းရဲ့ မိသားစုကတော့ အမည်မသိ လူတစ်စုရဲ့ စုံစမ်းမေးမြန်းမှုတွေကြောင့် ယခင်နေထိုင်တဲ့နေရာကနေ အခြားတစ်နေရာကို ပြောင်းရွှေ့နေထိုင်နေကြပါတယ်။

“ဘယ်လိုနေထိုင်နေလဲ၊ ဘယ်မှာနေထိုင်နေလဲ ဆိုတာမျိုးတွေကို ဈေးရောင်းနေတဲ့ ခဲအိုဆီကတဆင့် မေးမြန်းနေတာတွေ ရှိတယ်။ မလုံခြုံတော့ဘူးလို့ ခံစားရတဲ့အတွက် တခြားတနေရာကို ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်”လို့ ကိုနေဝင်းရဲ့ ဇနီးဖြစ်သူ မစုသက်ခိုင်က ပြောပါတယ်။

ဒါ့အပြင် ကလေး ၃ ယောက်ရှိတဲ့အတွက် မိသားစုစားဝတ်နေရေးနဲ့ ကလေးကျောင်းစရိတ်တွေအတွက် ရုန်းကန်နေရတယ်လို့လည်း Frontier ကို ရင်ဖွင့်ပါတယ်။

ဦးကိုနီရဲ့သမီးဖြစ်သူ ဒေါက်တာရင်နွယ်ခိုင်ကတော့ သူတို့ မိသားစုအပေါ် စုံစမ်းမေးမြန်းတာမျိုး၊ ခြိမ်းခြောက်တာမျိုးတွေ ပြုလုပ်တာမျိုး မရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အမှုအပေါ်တော့ မျှော်လင့်ချက် နည်းပါးလာပြီလို့ ဆိုပါတယ်။

မိသားစုနှစ်ခုလုံးကတော့ အမှုမှာပါဝင်တဲ့သူအားလုံးကို တရားရုံးက ထိုက်တန်တဲ့ ပြစ်ဒဏ်ချမှတ်ကာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ လိုလားနေကြပါတယ်။

“ကျွန်မတို့အတွက်က ဆုံးရှုံးမှုကြီးတယ်။ အခုလိုကြာနေတော့ အားမလိုအားမရတောင် ဖြစ်နေပြီ။ ၂ နှစ် ကြာပြီဆိုတော့ မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်”လို့ ဒေါက်တာရင်နွယ်ခိုင်က ပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.