ရိုဟင်ဂျာဆန့်ကျင်ရေး ရုပ်ရှင် ဝက်ဘ်ဆိုက်လင့်ခ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန ဖြန့်ဝေ

EMANUEL STOAKES နှင့် ဘန်ဒူးနန့် ရေးသားသည်။

အမေရိကန်နိုင်ငံသား မစ္စတာ ရစ်ခ်ဟေးဇ်မဲန်က ရုပ်ရှင်ကားတစ်ခုကို မကြာသေးမီက ရိုက်ကူးခဲ့သည်။ ရခိုင်ပြည်နယ်၌ ဗုဒ္ဓဘာသာကို ဖျက်ဆီးပစ်ရေးမှာ အစ္စလာမ်တို့၏ ပစ်မှတ်ဖြစ်နေကြောင်း ထိုရုပ်ရှင်ထဲတွင် ဖော်ပြထားသည်။ ထိုရုပ်ရှင်အား လွှင့်တင်ထားသည့် ဝက်ဘ်လင့်ခ်များကို မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အေဂျင်စီများနှင့် နိုင်ငံတကာ အကူအညီပေးအုပ်စု အနည်းဆုံးတစ်ခုထံသို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြန့်ဝေ ပေးပို့ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်မပြေးမီ ၎င်းတို့၏ နေအိမ်များကို မီးရှို့ခဲ့ရန် ၎င်းတို့လူမျိုးများကို ရိုဟင်ဂျာစစ်သွေးကြွများက အမိန့်ပေးခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားသည်။ ဝန်ကြီးဌာနက ရုပ်ရှင်၏ လင့်ခ်ကို မြန်မာနိုင်ငံတွင် လုပ်ငန်း ဆောင်ရွက်နေသည့် ကုလသမဂ္ဂ အေဂျင်စီအချို့ထံသို့အီးမေးလ်ဖြင့် ပေးပို့ခဲ့သော်လည်း ရုပ်ရှင်နှင့် ပတ်သက်သည့် သုံးသပ် ပြောကြားချက်များ မပါရှိကြောင်း ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုလုပ်ငန်း အသိုင်းအဝိုင်းရှိ သတင်းရင်းမြစ်များက Frontier ကို ပြောကြားကြသည်။

မြန်မာနိုင်ငံအား စွပ်စွဲထားသည့် လူအခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂက တာဝန်ပေးထားသည့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာကို စက်တင်ဘာ ၁၈ ရက်နေ့က အပြည့်အစုံ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ “ယုံကြည်ရလောက်သည့် အစိုးရတစ်ရပ်၏ တုံ့ပြန်မှုတစ်ခုသည် အမုန်းပွားစေပြီး သဘောကွဲလွဲစေနိုင်သည့် ပြောကြားမှုများ အသုံးပြုခြင်းအား ရှောင်ရှားကြသည့် မိမိတို့၏ အရာရှိများထံမှ စတင်သင့်သည်” ဟူသော ထောက်ခံအကြံပြုချက်ကို အောက်ခြေမှတ်စုတွင် ဖော်ပြထားသည့် အီးမေးလ်အား ရည်ညွှန်း ကိုးကား ဖော်ပြခဲ့သည်။

အဆိုပါ အောက်ခြေမှတ်စုတွင် ဖော်ပြထားချက်အရ သြဂုတ် ၁၃ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ အဖွဲ့အစည်းများဌာနက မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အေဂျင်စီများထံသို့ အီးမေးလ်တစ်စောင်ပေးပို့ခဲ့သည်။ ရခိုင်ပြည်နယ်နှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအဖြစ်အပျက်များအကြောင်း ရိုက်ကူးထားသည့် ဗီဒီယိုဇာတ်လမ်း လေးခုအား လွှင့်တင်ထားသည့် ဝက်ဘ်ဆိုက်လင့်ခ်များကို အီးမေးလ်ဖြင့် မျှဝေခဲ့သည်။ ထိုဗီဒီယိုများတွင် မူဆလင်ဆန့်ကျင်ရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေး သတင်းစကားများ ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ဝန်ကြီးဌာနက ယခုကဲ့သို့ ဗီဒီယိုများကို ကုလသမဂ္ဂထံသို့ မျှဝေသည့် အစီအစဉ်များကို လက်ဦးမှုယူကာ လုပ်ဆောင်ခြင်းက လွန်စွာထူးခြားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ အတည်ပြုပေးနိုင်တာကတော့ အစိုးရက တရားဝင် ဆက်သွယ်ရာမှာ များသောအားဖြင့် အသုံးပြုတဲ့ အီးမေးလ်လိပ်စာတစ်ခုကနေ ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၃ ရက်နေ့က ပို့ခဲ့တဲ့ ဒီသတင်းစကားကို ကုလသမဂ္ဂ ရုံးအချို့က လက်ခံရရှိခဲ့ပါတယ်” ဟုမြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး၏ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ စတန်နစ္စလက်ဗ်က Frontier ကို ပြောကြားသည်။

အဆိုပါ ဗီဒီယိုလင့်ခ်များ ပေးပို့ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သုံးသပ်ချက်ပေးရန် မေတ္တာရပ်ခံချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည် မတုံ့ပြန်ခဲ့ပေ။

အပိုင်းလေးပိုင်းပါ မှတ်တမ်းရုပ်ရှင် Arakan: Ancient Buddhist Kingdom Endangered by Jihad တွင် အဓိက အကြောင်းအရာများကို ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ)၏ တပ်ဖွဲ့ဝင်များဟု သံသယရှိသည့် ရိုဟင်ဂျာ မူဆလင်များအား စစ်ဆေးမေးမြန်းမှုများမှ ရယူထားသည်။

မှတ်တမ်းရုပ်ရှင်က ရခိုင်တိုင်းရင်းသား အသိုင်းအဝိုင်းနှင့် အခြား မူဆလင်မဟုတ်သူအားလုံးကို အမြစ်ဖြတ် ချေမှုန်းနှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ဌာနေဗုဒ္ဓဘာသာယဉ်ကျေးမှုအပြင် ဗုဒ္ဓဘာသာကိုပင် ဖျက်ဆီးပစ်ရန် လိုလားနေသည့် အစ္စလာမ်အင်အားစုများ၏ ခြိမ်းခြောက်မှုကို အာဆာအဖွဲ့နှင့် ချိတ်ဆက်ပြသထားသည်။ အာဆာအဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်း ၃၀ ကျော်ကို တိုက်ခိုက်ခဲ့သည်။ ထို့နောက် စစ်တပ်၏ နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ မူဆလင် ၇၀၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မြန်မာနိုင်ငံ ခရီးစဉ်တစ်ခုတွင် ထို စစ်ဆေးမေးမြန်းချက် မှတ်တမ်းများကို ရရှိခဲ့သည်ဟု ဟေးဇ်မန်းက Frontier ကို ပြောကြားသည်။ ဟေးဇ်မဲန်သည် ၎င်းမှတ်တမ်းရုပ်ရှင်ကား ရိုက်ကူးရန် ယခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ကျယ်ကျယ်ပြန့်ပြန့် သွားရောက်ခွင့်ရရှိခဲ့သည်။

ပြီးခဲ့သည့်ကာလများအတွင်း လွတ်လပ်သည့် သတင်းမီဒီယာများမှ သတင်းထောက်များအနေဖြင့် အဆိုပါဒေသသို့ အစိုးရက စီစဉ်ပေးသည့် ခရီးစဉ်များဖြင့်သာ ဝင်ရောက်ခွင့်ရခဲ့သော်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသူများ ဝင်ရောက်မှုကိုမူ တင်းကျပ်စွာ ကန့်သတ်ထားသည်။ စက်တင်ဘာ ၁၈ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည့် အဖွဲ့ဝင်သုံးဦးပါ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ကိုလည်း မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ထားသည်။

ဟေးဇ်မဲန်းက ၎င်းအနေဖြင့် ဖမ်းမိထားသည့် အာဆာနှင့် ပူးပေါင်းသည့် စစ်သွေးကြွများ၊ လူသတ်သမားများနှင့် အကြမ်းဖက်သမားများအား စစ်ဆေးမေးမြန်းချက်များကို စစ်တွေရှိ အာဏာပိုင်များထံ တောင်းခံခဲ့ရာ ရရှိခဲ့သည်ဟု ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က Twitter တွင် ရေးသားခဲ့သည်။

Frontier က မေးမြန်းချိန်တွင်မူ ရုပ်ရှင်ထဲတွင် အထောက်အထားအဖြစ် ရည်ညွှန်းခဲ့သော စာရွက်စာတမ်းများ၏ တိကျသည့် ဇစ်မြစ်ကို အတည်ပြုပေးရန်ကို ဟေးဇ်မဲန်က ငြင်းဆိုခဲ့သည်။ သို့သော်လည်း သိပ်မကြာသေးခင်က ထပ်မံ တောင်းဆိုခဲ့ပြီး ၎င်းရရှိနိုင်သည့် စာရွက်စာတမ်းအထောက်အထား ၁၀၀ ထက်မနည်း ရှိနေသည်ဟု ထပ်မံ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ၎င်းတို့အကြား ဆက်ဆံရေးအကြောင်း မေးမြန်းခဲ့ရာတွင်မူ ၎င်းက သုံးသပ်ချက် မပေးခဲ့ပေ။ ရုပ်ရှင်ဇာတ်ကြောင်းထဲတွင် အကျဉ်းသားများ၏ ထုတ်ဖော်ပြောဆိုချက်အရ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရန် ရွာသားများကို အမိန့်ပေးခဲ့သည့် ခေါင်းဆောင်များ၊ စီစဉ်သူများမှာ မော်လဝီဆရာများနှင့် အာဆာခေါင်းဆောင်များဖြစ်သည်ဟု ဟေးဇ်မဲန်က ပြောကြားထားသည်။

ဟေးဇ်မဲန်းက လျို့ဝှက် စာရွက်စာတမ်းများ ရရှိခဲ့သော်လည်း ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အမှုကဲ့သို့ တရားဥပဒေပိုင်းဆိုင်ရာ ဂယက်ရိုက်မှု မဖြစ်ပေါ်သေးပေ။

နိုင်ငံခြားရေးဝန်ကြီးဌာနက ဟေးဇ်မဲန်၏ ရုပ်ရှင်များကို ပေးပို့ခြင်းသည် ရိုဟင်ဂျာဆန့်ကျင်ရေး၌ အရပ်သားသားအစိုးရက တက်တက်ကြွကြွ ပါဝင်နေမှုအတွက် ရှင်းလင်းသည့် အထောက်အထားဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့(HRW) ၏ အာရှရေးရာ ဒု-ဒါရိုက်တာ မစ္စတာ ဖီလ်ရောဘတ်ဆန်က Frontier ကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဦးဆောင်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှုနဲ့ ဖြစ်နိုင်ဖွယ် လူမျိုးတုံးဆောင်ရွက်မှုတွေကို ကာကွယ်ပေးဖို့ ဇာတ်လမ်းကို ဖန်တီးရာမှာ အဓိကကျတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တပ်မတော်နဲ့ မြန်မာနိုင်ငံရှိ မူဆလင် ဆန့်ကျင်ရေး သဘောထားတင်းမာသူတွေရဲ့ သြဇာအာဏာကို လျော့ပါးအောင်လုပ်ဖို့ တနည်းနည်းနဲ့ ကြိုးစားနေတယ်ဆိုတဲ့ ကျွန်တော်တို့မှာ ကျန်ရှိနေတဲ့ ယုံကြည်ချက်အပေါ် တကယ့်ကို နောက်ဆုံးထိုးနှက်ချက်ပါပဲ” ဟုလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများအပေါ် စစ်တပ်က ကျူးလွန်သည့် ချိုးဖောက်မှု အများအပြားကို မှတ်တမ်းတင်ထားပြီး အကြီးတန်းစစ်အရာရှိများကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) တွင် စစ်ဆေးရန် အကြံပြုထားသည် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာနှင့် ပတ်သက်၍ မေးမြန်းသောအခါ ၎င်းက အစီရင်ခံစာမှာ “တန်ဖိုးမရှိသည့် နောက်ထပ် အစီရင်ခံစာတစ်ခု” ဖြစ်သည်ဟု ဟေးဇ်မဲန်က Frontier ကို ပြောကြားသည်။ ကုလသမဂ္ဂ စစ်ဆေးရေးမှူးများသည် ရခိုင်ပြည်နယ်ရှိ ဟိန္ဒူနှင့် မြိုတိုင်းရင်းသားများအပေါ် အာဆာတို့၏ ရက်စက်မှုများကို လစ်လျူရှုနေသည်ဟုလည်း ၎င်းက စွပ်စွဲခဲ့သည်။

“ကမ္ဘာပေါ်က လူအများက မြန်မာနိုင်ငံ၊ ပြည်သူနဲ့ စစ်တပ်ကို သူတို့အကြိုက်လိုက်ရေး တွန်းအားပေးဖို့ ကြိုးစားနေကြတယ်။ ဒါဟာ အားလုံးအပေါ် ကြီးမားတဲ့ ဆိုးကျိူးသက်ရောက်မှုတွေကိုသာ ဖြစ်စေမှာပါ” ဟုလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်ဖူးပြီး အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုတွင် နေထိုင်လျက်ရှိသော လူမျိုးစုဂီတပညာရှင် ဟေးဇ်မဲန်သည် Facebook နှင့် Twitter ပေါ်တွင် ရိုဟင်ဂျာဆန့်ကျင်ရေးနှင့် မူဆလင်ဆန့်ကျင်ရေး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုများတွင် ပုံမှန်ပါဝင်ပြီး နိုင်ငံတကာမီဒီယာများတွင် ရိုဟင်ဂျာတို့၏ ဒုက္ခကိုဖော်ပြပေးနေမှုကို အလိုမကျ ဖြစ်နေသည့် မြန်မာအမျိုးသားရေးဝါဒီများကြားတွင် ထောက်ခံမှုများ ရရှိနေသူြုဖစ်သည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင်များကြား ဂိုဏ်းဂဏကွဲ အကြမ်းဖက်တိုက်ခိုက်မှုအား စုံစမ်းသည့် အစိုးရ၏ အဖွဲ့တစ်ခုက ဟေးမဲန်၏ ‘ရခိုင်ပြည်နယ် သမိုင်း၊ ပြဿနာများနှင့် အမှန်တရား’ ဟူသည့် ဆောင်းပါးတစ်ပုဒ်ကို ၂၀၁၃ ခုနှစ်က ၎င်းတို့ အစီရင်ခံစာတွင် ကိုးကား ဖော်ပြခဲ့သည်။ ဗုဒ္ဓဘာသာရခိုင်များသည့် ၎င်းတို့၏ ရာစုနှစ်များစွာကြာမြင့်နေပြီဖြစ်သည့် ယဉ်ကျေးမှုဌာနေကို သိမ်းယူကာ အစ္စလာမ် ပြည်နယ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်မည့် စစ်ဆင်ရေးတစ်ခု အောက်တွင် ရောက်ရှိနေသည်မှာ အခြေခံကျသည့် အမှန်တရားဖြစ်ကြောင်း ဟေးဇ်မဲန်၏ ဆောင်းပါးတွင် ဖော်ပြထားသည်။ ယင်းသို့ဖော်ပြမှုမှာ မကြာသေးခင်က ၎င်း၏ ရုပ်ရှင်ဇာတ်ကားက တင်ပြခဲ့သည့် သတင်းစကားနှင့် ကိုက်ညီနေသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ အမြောက်အမြား ထွက်ခွာချိန်တွင် လန်ဒန်ရှိ မြန်မာသံရုံးက ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့မှုများနှင့် ပတ်သက်၍ ရေးသားထားသည့် အထောက်အထားများကို ဗြိတိသျှပါလီမန် ကော်မတီတစ်ခုထံသို့ ပေးပို့ခဲ့သည်။ စာမျက်နှာ နှစ်မျက်နှာပါ ထိုစာထဲတွင် ဟေးဇ်မဲန်၏ နောက်ထပ် ဆောင်းပါးတစ်ပုဒ်ကို ကိုးကားခဲ့သည်။ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် အစ္စလာမ်ဘာသာအပေါ် ကြောင်းကျိုး ဆီလျော်သည့် စိုးရိမ်မှုတစ်ခု ရှိနေကြောင်း ယင်းဆောင်းပါးတွင် ဖော်ပြထားသည်။

မြန်မာသံတမန်ဟောင်းများ ဦးဆောင်သည့် နိုင်ငံခြားရေးပေါ်လစီ ညဏ်ကြီးရှင် အဖွဲ့တစ်ခုဖြစ်သည့် ရန်ကုန်ရှိ မြန်မာမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအင်စတီကျုတွင် ဟေးဇ်မဲန်က ပြီးခဲ့သည့် ဇန်နဝါရီလတွင် မိန့်ခွန်း ပြောကြားခဲ့သေးသည်။ ထိုမိန့်ခွန်းထဲတွင် ၎င်းက ၎င်း၏ အလုပ်မှာ ရိုဟင်ဂျာများအပေါ် ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် ရက်စက်မှုများကို မီးမောင်းထိုးပြနေသည့် နိုင်ငံတကာမီဒီယာနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ အမှားများကို တည့်မတ်ပြုပြင်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟေးဇ်မဲန်သည် မြန်မာနိုင်ငံမှ စစ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် စည်းရုံးလှုံ့ဆော်မှုများကို အမေရိကန်တွင် ယခင်က လုပ်ဆောင်ခဲ့ဖူးသည်။ ၎င်း၏ လက်ရှိ လုပ်ဆောင်မှုက စစ်တပ်အတွက် အထောက်အကူပြုနိုင်မည်ကို စိုးရိမ်ပါသလားဟု မေးသည့်အခါ “အရင်ကတပ်မတော်မဟုတ်” ဟု ၎င်းက Frontier ကို ပြောသည်။ “ကျွန်တော်က တပ်မတော်သမိုင်းထဲက ဘယ်သူ့ အကြောင်းဆိုတာထက် ပိုသိပါတယ်။ ကျွန်တော်က သူတို့ရဲ့ မိတ်ဆွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က အဖြစ်မှန်ကို မြင်ပါတယ်” ဟု ၎င်းကပြောသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.