ရိက္ခာပြတ်မည့်အရေးကြောင့် နေရပ်စွန့်ခွာသူများအနာဂတ် မရေမရာဖြစ်နေ

ပြည်တွင်း နေရပ်စွန့်ခွာသူ ၈,၀၀၀ ကျော်အတွက် ထောက်ပံ့ထားသော စားနပ်ရိက္ခာ နောက်ဆုံးခွဲတမ်းသည် ဒီဇင်ဘာလကုန်တွင် ပြတ်လပ်တော့မည်ဖြစ်ရာ အစိုးရ၏ ပြန်လည်နေရာချထားရေး စီမံချက်များနှင့်ပတ်သက်၍ လူအများက စိုးရိမ်ပူပန်လျက်ရှိသည်။

စာသားနှင့် ဓာတ်ပုံ – ဘရင်နန် အိုကောနား

အသက်အရွယ်အမျိုးမျိုး ပါဝင်သော လူရာပေါင်းများစွာသည် မြစ်ကမ်းနဖူးတွင် စုရုံးရောက်ရှိနေကြသည်။ အချို့က ကလေးများချီလျက်၊ အချို့က အလံငယ်များ ဝှေ့ယမ်းလျက်၊ အချို့က သူတို့ကျေးရွာများမှ တပ်မတော်ဆုတ်ခွာပေးရန်နှင့် “စစ်မှန်သောငြိမ်းချမ်းရေး” ဆောင်ကျဉ်းပေးရန် လက်သီးလက်မောင်းတန်းလျက် အော်ဟစ်နေကြသည်။

သတင်းသမား အနည်းငယ်မှအပ သူတို့အသံကို ကြားနိုင်သူပြင်ပပုဂ္ဂိုလ် အနည်းငယ်မျှသာရှိသည့်တိုင် ကရင်ပြည်နယ်၏ ဝေးလံခေါင်းပါးသော နယ်မြေဖြစ်သည့် သံလွင်မြစ်ကမ်းနဖူးသို့ စုဝေးရောက်ရှိလာကြသော ဆန္ဒပြသူအားလုံးမှာ တပ်မတော်ထိုးစစ်ကြောင့် ထွက်ပြေးလာကြသော ကရင်တိုင်းရင်းသားများဖြစ်ကြပြီး သူတို့အတွက်မှာမူ ယခုဆန္ဒပြပွဲသည် သူတို့၏ ရင်တွင်းခံစားချက်ကို ပေါ့ပါးသွားစေရန် ဆန္ဒထုတ်ဖော်ပြခြင်းမျှသာဖြစ်သည်။

ပြည်တွင်း နေရပ်စွန့်ခွာသူများစခန်း အဲသူးထ Ee Tu Hta တွင် နေထိုင်သူတို့ ပြုလုပ်သော မေ ၂၄ ရက် ဆန္ဒပြပွဲမှာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ စတင်ကျင်းပချိန်နှင့်  တိုက်ဆိုင်လျက်ရှိသည်။ ဆန္ဒပြသူတို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ နေရပ်စွန့်ခွာသူ  ၈,၀၀၀ ခန့်အား မကြာမီ ထိခိုက်စေတော့မည့် စားနပ်ရိက္ခာ အထောက်အပံ့ ပြတ်လပ်မည့်အလားအလာကို အများသိရှိစေရန်ဖြစ်သည်။

စားနပ်ရိက္ခာ လျှော့ချတော့မည်ကို အဲသူးထစခန်းတွင် နေထိုင်သူတို့က လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက သိထားပြီးဖြစ်သည်။ အဲသူးထနှင့် အခြားဒုက္ခသည်စခန်းများအတွက် စားနပ်ရိက္ခာ အထောက်အပံ့များ လျှော့ချတော့မည်ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် နှစ်ဖက်စလုံးရှိ ပဋိပက္ခဖြစ်ပွားရာဒေသမှ ဒုက္ခသည်များကို ကူညီနေသော အလှူရှင်များ၏ အထောက်အပံံ့ဖြင့် ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော မဟာမိတ်အဖွဲ့အစည်း The Border Consortium က ၂၀၁၅ ခုနှစ် နှောင်းပိုင်းက ကြေညာခဲ့သည်။ နှစ်လစာအတွက် နောက်ဆုံးဖြစ်သော စားနပ်ရိက္ခာ အထောက်အပံံ့ကို သြဂုတ် ၁ ရက်က ထုတ်ပေးခဲ့သည်။

“အိုင်အင်န်ဂျီအိုတွေက ကျန်းမာရေးနဲ့ ပညာရေးအစီအစဉ်တွေကို လျှော့ချထားပြီးဖြစ်သလို နေရပ်စွန့်ခွာသူတွေအတွက် အစားအစာနဲ့ နေထိုင်ရေး အထောက်အပံံ့တွေကိုလည်း အတော်များများ လျှော့ချထားပါတယ်။ မြန်မာစစ်တပ်က ဆက်လက် သိမ်းပိုက်နေတာနဲ့ စစ်အခြေစိုက်စခန်းတွေ ချဲ့ထွင်နေတာတွေက ဒုက္ခသည်တွေနဲ့ ပြည်တွင်းပြောင်းရွှေ့နေထိုင်ရသူတွေအနေနဲ့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးကို အဟန့်အတားပြုနေပါတယ်” ဟု ချီတက်ဆန္ဒပြရန် စည်းရုံးလှုံ့ဆော်သူများ၏ ကြေညာချက်၌ ဖော်ပြထားသည်။

“သူတို့(တပ်မတော်)က ငြိမ်းချမ်းရေးလို့ ပြောတယ်။ ဒါပေမဲ့ ဒါက ငြိမ်းချမ်းရေးရဲ့လက္ခဏာ မဟုတ်ဘူး” ဟု ဆန္ဒပြပွဲကို စည်းရုံးဆောင်ရွက်သူတစ်ဦးဖြစ်သည့် စောအယ်ဒိုးဒို Saw Eh Doe Doh က ပြောသည်။

“မြန်မာနိုင်ငံက ငြိမ်းချမ်းတဲ့နိုင်ငံတစ်နိုင်ငံ” ဟု အိုင်အင်န်ဂျီအိုတွေက ထင်မြင်ကြကြောင်းနှင့် လူသားချင်း စာနာမှုအကူအညီကို တပ်မတော်မှတဆင့် ပေးကြကြောင်း ၎င်းက ပြောသည်။

အဲသူးထမှာနေသူတွေက တပ်မတော်ထိုးစစ်ကြောင့် နေရပ်ပြောင်းရွှေ့နေရသူတွေဖြစ်တဲ့အတွက် သူတို့က ဒီကိစ္စကို ဘယ်လိုလုပ် ယုံကြည်ကိုးစားနိုင်ပါ့မလဲဟု အယ်ဒိုးဒိုက ဆိုသည်။

“ခေါင်းဆောင်တွေ ပြောတာလောက်သာ မဟုတ်ဘဲ ကျေးရွာသားတွေရဲ့စကားသံကို နားထောင်ဖို့ လိုပါတယ်။ သူတို့ ဘယ်လိုဆန္ဒရှိတယ်ဆိုတာကို ထည့်စဉ်းစားရပါမယ်”

ကရင်ပြည်နယ်အရှေ့ပိုင်းရှိ ကေအင်န်အယ်လ်အေမှ ကရင်တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ - ဘရင်နန် အိုကောနား

ကရင်ပြည်နယ်အရှေ့ပိုင်းရှိ ကေအင်န်အယ်လ်အေမှ ကရင်တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ – ဘရင်နန် အိုကောနား

အဲသူးထစခန်းကို ၂၀၀၆ ခုနှစ်က ပါပွန်းခရိုင်၌ ထူထောင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လအတွင်းက ယင်းစခန်း၌ နေရပ်စွန့်ခွာသူူဦးရေ ၂,၆၆၂ ဦး ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၌ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော တပ်မတော်ထိုးစစ်များကြောင့် မိမိတို့နေအိမ်များကို စွန့်ခွာခဲ့ကြသော ရွာသားများအား စခန်းတွင် ထားရှိခြင်းဖြစ်သည်။ ထိုးစစ်များမှာ နိုင်ငံမြို့တော်သစ်အဖြစ် နေပြည်တော် တည်ဆောက်ရေးနှင့် ဆက်နွယ်နေသော ရှင်းလင်းရေးစစ်ဆင်မှုများ ဖြစ်မည်ဟု အများက ယုံကြည်ထားကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်း နေရပ်စွန့်ခွာစခန်းအချို့သို့ ပေးနေသော စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ရခြင်းမှာ အခြားနယ်မြေများတွင် လိုအပ်ချက်များ မြင့်တက်လာချိန်၌ ငွေကြေးထောက်ပံ့မှု ကျဆင်းလာ၍ဖြစ်သည်ဟုဆိုကြောင်း နယ်စပ်လုပ်ငန်းအဖွဲ့ The Border Consortium ၏ မြန်မာနိုင်ငံဆိုင်ရာ ပရိုဂရမ်ဒါရိုက်တာ မစ္စတာ ဒန်ကင် မက်အာသာက ပြောသည်။

“မြန်မာနိုင်ငံရဲ့တခြားအစိတ်အပိုင်းတွေမှာ လူသားချင်း စာနာမှုအကူအညီတွေ အရေးတကြီး ပိုမိုလိုအပ်နေပါတယ်။ ကမ္ဘာနဲ့ချီ ညွှန်းဆိုနေဖို့ မလိုပါဘူး” ဟု မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့အပြင် ဆီးရီးယား၊ ယီမင်နှင့် အီရတ်တို့ကို ရည်ညွှန်း၍ မစ္စတာ မက်အာသာက ပြောသည်။

“ယူအက်စ်အိပ်ဒ် USAID နဲ့ ဗြိတိန်နိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဌာန Department for International Development ရန်ပုံငွေတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း The Border Consortium- TBC ကတဆင့် ဒီပြည်တွင်း နေရပ်စွန့်ခွာစခန်းတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။ အခုတော့ ထောက်ပံ့မှု မရနိုင်တော့လို့ ပြည်တွင်းဂယက်က ဖြစ်လာတာပါ” ဟု ၎င်းက Frontier ကို ပြောသည်။

ထိုင်းနယ်စပ်ဘက်မှ ဒုက္ခသည်များအား ကူညီရန် ၁၉၈၄ ခုနှစ်တွင် TBC ကို တည်ထောင်ခဲ့ပြီး ကယ်ဆယ်ရေး စခန်းကိုးခုရှိ ဒုက္ခသည် ၁၀၀,၀၀၀ ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ ဇွန်လက ကောက်ခံထားသော စာရင်းအရ အဲသူးထနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ စခန်းလေးခု၌ နေထိုင်သူများအပါအဝင် ပြည်တွင်း နေရပ်စွန့်ခွာသူ ၈,၂၅၇ ဦးကို အထောက်အပံ့ပေးခဲ့သည်။

 “အကောင်းဆုံးကတော့ ဒုက္ခသည်တွေနဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူတွေကို နေရပ်ပြန်ပို့၊ နေရာပြန်ချပြီး ပြန်လည်ပေါင်းစည်းဖို့ အထောက်အပံ့မပေးခင် နေရပ်စွန့်ခွာရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းထားသင့်ပါတယ်” ဟု မစ္စတာ မက်အာသာက ပြောသည်။

“မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ ပြီးခဲ့တဲ့ငါးနှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေ လျှော့ချနိုင်တာကို အငြင်းပွားစရာ မရှိပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပြီးတိုင် ပြန်ရလာနိုင်ဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးပေးနိုင်မယ့် အာမခံချက်တွေတော့ မပေးနိုင်ခဲ့ပါဘူး” ဟု ၎င်းကပြောသည်။

“ဒါကြောင့် ဒုက္ခသည်တွေနဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူတွေ ကြံ့ကြံ့ခံနိုင်ပြီး သူတို့ဘဝတွေရဲ့နောက်တစ်ဆင့်မှာ ရှိနေတဲ့ ရွေးချယ်စရာတွေကို သိမြင်နားလည်လာအောင် အထောက်အကူပေးရေးက သံတမန်နဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ အကန့်အသတ်ရှိနေတဲ့ လူသားချင်း စာနာမှုအကူအညီပေးရေး အေဂျင်စီတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။

အသက် ၃၅ နှစ်ရှိ နော်ကမူပေါသည် သူ့ဖခင်၊ မောင်ငယ်နှင့် ညီမတို့နှင့်အတူ ၂၀၀၈ ခုနှစ်က အဲသူးထသို့ ပြောင်းရွှေ့ခဲ့သည်။ တိုက်ပွဲများကြောင့် ပထမဆုံးအကြိမ် ပြေးလွှားခဲ့ရစဉ်က သူ့အသက်မှာ ၁၃ နှစ်သမီး အရွယ်သာရှိသေးပြီး ထိုအချိန်မှစ၍ သူ့ဘဝတွင် တည်ငြိမ်မှု အရှိဆုံးကာလမှာ စခန်း၌နေခဲ့ရသည့် လွန်ခဲ့သော ကိုးနှစ်တာကာလပင် ဖြစ်တော့သည်။

ကလေးငယ်အများစုကို ပြည်တွင်း နေရပ်စွန့်ခွာသူများစခန်း အဲသူးထတွင် မွေးဖွားခဲ့ကြသည်။ ဓာတ်ပုံ - ဘရင်နန် အိုကောနား

ကလေးငယ်အများစုကို ပြည်တွင်း နေရပ်စွန့်ခွာသူများစခန်း အဲသူးထတွင် မွေးဖွားခဲ့ကြသည်။ ဓာတ်ပုံ – ဘရင်နန် အိုကောနား

အဲသူးထမှ အခြေအနေက ပြည့်ပြည့်စုံစုံကြီးတော့ မဟုတ်ပေ။ သို့သော် နော်ကမူပေါနှင့် သူ့မိသားစုသည် TBC မှ ရရှိသောအကူအညီဖြင့် နှစ်စဉ်ရပ်တည်နိုင်ခဲ့သည်။ မိသားစုဝင် တစ်ဦးချင်းအတွက် နှစ်လတစ်ကြိမ် ဆန် ၂၄ ကီလိုဂရမ်နှင့် ဆားဂရမ် ၅၀၀ ရသည်။ ကိုယ်ပိုင်ဟင်းသီးဟင်ရွက်ကို သူတို့ကိုယ်တိုင်စိုက်သည်။ ကြက်မွေးသည်။ အိမ်မိုးသက်ငယ်ရက်သည့် ပစ္စည်းများကို ရှာဖွေရောင်းချခြင်းဖြင့် စားသုံးဆီနှင့် ငါးပိဝယ်ရန် ငွေရှာသည်။

စက်တင်ဘာလအကုန် TBC ၏ အစားအစာအကူအညီ ရပ်ဆိုင်းသွားပြီးနောက် စခန်း၌ ဆက်နေမည်ဆိုပါက မိသားစု ဆက်လက်ရှင်သန် နေထိုင်ရေးအတွက် မည်သို့လုပ်ကိုင်ရမည်ကို နော်ကမူပေါ မသိပေ။ အဲသူးထမှ မြေကြီးမှာ စပါးစိုက်ရန် မသင့်တော်ပေ။

သို့တစေ အဲသူးထကို စွန့်ခွာပြီး သူတို့ နောက်ဆုံးနေခဲ့သောကျေးရွာသို့ ပြန်လည်နေထိုင်ရေးမှာလည်း မလွယ်ကူလှပေ။

နော်ကမူပေါ၏ ဖခင်မှာ အသက် ၈၃ နှစ်ရှိပြီး မိနစ်အနည်းငယ်လောက် လမ်းလျှောက်လျှင်ပင် မူးဝေလာတတ်သည်။ တပ်မတော်က သူတို့မိသားစု နောက်ဆုံးနေခဲ့သောရွာကို ဖြိုဖျက်ပစ်ပြီး ထိုနေရာမှ မီတာ ၅၀၀ ခန့်အကွာ၌ အခြေစိုက်စခန်းကြီးကို တပ်စွဲထားသည်။

နော်ကမူပေါသည် အစိုးရ၏ ပြန်လည်နေရာချထားရေး အစီအစဉ်များကို အယုံအကြည်မရှိပေ။

“ကျွန်မတို့ ပြန်သွားမယ်ဆိုရင် ကျွန်မတို့ဘဝတွေကို ဘယ်လို ဆက်နေသွားရမယ်ဆိုတာ၊ ဒါမှမဟုတ် ဘယ်လို အသက်မွေးမှုမျိုး လုပ်သင့်တယ်ဆိုတာ မသိတော့ပါဘူး။ ဖြစ်လာတဲ့ အကျိုးဆက်တွေကို ခါးစည်းခံရမှာက ကျွန်မတို့ပါပဲ” ဟု ၎င်းက Frontier ကို ပြောသည်။

မေ ၂၄ ရက် ဆန္ဒပြပွဲအထိမ်းအမှတ်အဖြစ် ထုတ်ပြန်သော ကြေညာချက်တွင် ကရင်ပြည်နယ်ရှိ ယခင်ကျေးရွာနှင့် လယ်ယာမြေများပေါ်၌ တည်ဆောက်ထားသော အခြေစိုက်စခန်း ၁၇ ခုကို တပ်မတော်က ဖျက်သိမ်းပေးရန်၊ မိုင်းရှိသောဒေသများကို မိုင်းရှင်းပေးရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုက်ခိုက်မှုများ အဆုံးသတ်ရန် တောင်းဆိုထားသည်။

ဒုက္ခသည်နှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် အစိုးရ၏ အစီအစဉ်များဆိုင်ရာ သတင်းရရှိနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ထားသော စံပြကျေးရွာ တစ်ရွာတွင် ရွှေ့ပြောင်းနေလိုခြင်းရှိမရှိ မေးသောအခါ နော်ကမူပေါက အဆိုးမြင်သဘောထားရှိသည်။

“နေရာကျဉ်းကျဉ်းလေးမှာ လူတွေအများကြီး နေရမှာ။ ကျွန်မတို့ရွာမှာက နေရာတွေက အကျယ်ကြီး” ဟု ၎င်းက ပြောသည်။

ပြည်တွင်း နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များက အိမ်ပြန်ချင်ကြသော်လည်း အစိုးရ ထူထောင်ပေးထားသော ပြန်လည်နေရာချရေး နေရာများ၌ မနေလိုကြောင်း အယ်ဒိုးဒိုက ပြောသည်။

“အဲဒီနေရာက ထောင်လိုပဲ။ ကျွန်မတို့နေတဲ့ပုံစံက အဲဒီလိုမျိုး မဟုတ်ဘူး။ အဲဒီနေရာမှက အရမ်းပူပြီး သစ်ပင်မရှိဘူး။ ဒီနေရာထက် ပိုဆိုးတယ်” ဟု အဲသူးထကို ရည်ညွှန်း၍ အယ်ဒိုးဒိုက ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ ကရင်ကျေးရွာတစ်ရွာ၌ ကေအင်န်အယ်လ်အေမှ ကရင်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ဘရင်နန် အိုကောနား

ကရင်ပြည်နယ်အတွင်းရှိ ကရင်ကျေးရွာတစ်ရွာ၌ ကေအင်န်အယ်လ်အေမှ ကရင်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ – ဘရင်နန် အိုကောနား

စီမံကိန်း ပထမအဆင့်တွင် နီပွန်ဖောင်ဒေးရှင်းသည် ကရင်ပြည်နယ်အစိုးရ၊ ကရင်အမျိုးသားအစည်အရုံး (ကေအင်န်ယူ) တို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ နေရာ ၂၅ နေရာတွင် အိမ် ၁,၂၅၀ လုံး၊ ကျောင်း ခုနစ်ကျောင်း၊ ကျေးလက်ကျန်းမာရေး ဆေးခန်းသုံးခုနှင့် တံတားတစ်စင်းကို တည်ဆောက်ပေးလျက်ရှိသည်။ တည်ဆောက်ရေးလုပ်ငန်းများမှာ သီတင်းပတ် အနည်းငယ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်းရသည်။

ဖောင်ဒေးရှင်းက ကရင်ပြည်နယ်မြို့တော် ဖားအံရှိ အသက်မွေးမှု ဖွံ့ဖြိုးရေးအစီအစဉ် အချို့ကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။

အင်န်ဂျီအိုတစ်ခုဖြစ်သော Bridge Asia Japan ကလည်း လျှပ်စစ်ကျွမ်းကျင်သူ၊ အုတ်စီသမားနှင့် စက်ပြင် ၁၂၀ ကို လေ့ကျင့်ပေးနေသည်။ အရည်အသွေးမြင့် ဆေးဝါးပင်များ စိုက်ပျိုးရေးအတွက် လယ်သမားများကို သင်တန်းပေးရန် ဖောင်ဒေးရှင်းက ပြည်နယ်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

စီမံကိန်း ဒုတိယဆင့်ကို ပြည်ထောင်စုအစိုးရက အတည်ပြုထားပြီးဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း ပရိုဂရမ်ဒါရိုက်တာ မစ္စတာ ဒက်စမွန် မော်လီက ပြောသည်။ ပဋိပက္ခဖြစ်ပွားမှုဒဏ် ခံနေရသော လူ့အဖွဲ့အစည်းများ၊ အထူးသဖြင့် ဝေးလံခေါင်းပါးဒေသများတွင် အသက်မွေးမှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထောက်ပံ့ရန် ဖောင်ဒေးရှင်းက စဉ်းစားလျက်ရှိသည်။

ဒုတိယဆင့်တွင် ဆောင်ရွက်နေသော အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများကို ပိုမိုကြီးကြပ်ကွပ်ကဲရန် နီပွန်ဖောင်ဒေးရှင်းကို ခွင့်ပြုထားပြီးဖြစ်သည်။

“နေရာဒေသ အမျိုးမျိုးမှာရှိတဲ့ အိမ်တွေအတွက် ကျွန်တော်တို့ကို ဒီဇိုင်းခြောက်မျိုး ပေးထားပါတယ်။ အဆောက်အအုံတွေရဲ့ဒီဇိုင်းနဲ့ စံနှုန်းသတ်မှတ်ချက်တွေကို (ပြည်နယ်အစိုးရ၊ ဒါမှမဟုတ် ကေအင်န်ယူက သတ်မှတ်ပေးတာ မဟုတ်ဘဲ) ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ သတ်မှတ်တာပါ” ဟု မစ္စတာ မော်လီက ဆိုသည်။

မြဝတီခရိုင်မှ လေးကေကောရှိ ဖောင်ဒေးရှင်း၏ စံပြကျေးရွာမှ အိမ်များမှာ သစ်ပင်ရိပ်မရှိသဖြင့် ပူလွန်းကြောင်း အယ်ဒိုးဒို၏ ဝေဖန်ချက်နှင့်ပတ်သက်၍ မေးမြန်းရာ ပြန်လည်နေရာချထားရေး နေရာအများအပြားမှာ သစ်ပင်များကို ရှင်းလင်းထားသော ကွင်းများဖြစ်ကြောင်း မစ္စတာ မော်လီက ပြောသည်။ အိမ်ခေါင်မိုးမှာ သွပ်မိုးဖြစ်သဖြင့် အလွန်ပူကြောင်းနှင့် သစ်ပင်ရိပ်ရရန် အချိန်ကြာဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြဝတီနယ်စပ်မြို့အနီး ကေအင်န်ယူအမှတ် (၆) တပ်မဟာနယ်မြေရှိ လေးကေကောတွင် မတ်လအတွင်းက စံပြကျေးရွာကို တရားဝင်ဖွင့်လှစ်ခဲ့ရာ နေအိမ် ၁၀၀ အနက် ၆၀ ၌ ထိုအချိန်မှစ၍ လူများနေထိုင်လျက်ရှိသည်။

မိသားစုအတော်များများက အိမ်ဆိုင်ကလေးများ ဖွင့်နေကြပြီဖြစ်ကြောင်းနှင့် ထုံးစံအားဖြင့် လူ့အဖွဲ့အစည်းများ စတင်ဖွံ့ဖြိုး တိုးတက်လာတတ်သည်မှာ ဤအတိုင်းပင်ဖြစ်ကြောင်း မစ္စတာ မော်လီက ပြောသည်။

“ပြန်လည်နေရာချထားခံရတဲ့ ပုဂ္ဂိုလ်တွေအတွက် အရာခပ်သိမ်းကတော့ ပြည့်စုံနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆက်လက်တည်ဆောက်ရမယ့် အခြေခံအုတ်မြစ်တစ်ခုတော့ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.