ရာသီဆိုးပြုသမျှ နုနေရသော ရခိုင်ဒေသ

အကာအကွယ်မဲ့နေသော ရခိုင်ပြည်နယ်၌နေထိုင်သူ ထောင်ပေါင်းများစွာမှာ မုန်တိုင်းခိုလှုံစရာ နေရာရှားပါးခြင်းနှင့် ကယ်ဆယ်ရေးစီမံချက်များ မရှိခြင်းတို့ကြောင့် မိုးရာသီ ရောက်လာချိန်တွင် စိုးရိမ်ပူပန်လျက်ရှိသည်။

မားဂရစ် ကလယ်ရီ ရေးသားသည်။

ဆိုက်ကလုံးမိုရာကြောင့် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့်မြောက်ပိုင်းတို့တွင် လွန်ခဲ့သောတစ်နှစ်ခန့်က အပျက်အစီးများ တသီကြီးဖြစ်ပွားခဲ့သည်။ ဒုက္ခသည်တစ်ဦးဖြစ်သူ အသက် ၅၂ အရွယ်ရှိ ဒေါ်မိုနီရာဘီဂွန်က ၂၀၁၇ ခုနှစ် မေ ၃၀ ရက်ညတွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းသည့်အသံကြောင့် အိပ်ရာမှနိုးလာသည့်အဖြစ်ကို ပြန်ပြောပြသည်။ မကြာမီမှာပင် စစ်တွေမြို့ ဆင်ခြေဖုံးဒေသ သက်ကယ်ပြင် နေရပ်စွန့်ခွာသူစခန်းရှိ သူနှင့်အတူ သားသမီး၊ မြေးများနေထိုင်ရာ ဝါးတဲကလေးမှ အမိုးသွပ်ပြားများ လန်ထွက်ကုန်ကြကြောင်း ဆိုသည်။

“ကျွန်မတို့ သွားစရာနေရာ မရှိခဲ့ဘူး။ တဲထဲမှာ ပြွတ်သိပ်တိုးပြီး စောင့်နေရတယ်။ မိုးကလည်း ဒရဟော ရွာကျနေတယ်” ဟု မကြာသေးမီကပြုလုပ်သော တယ်လီဖုန်းအင်တာဗျူးတွင် ၎င်းကပြောသည်။

နောက်တစ်နှစ်အကြာ ယခုအချိန်တွင် ရခိုင်ပြည်နယ် ဘင်္ဂလားပင်လယ်အော်ဒေသတလျှောက်ရှိ ကျေးရွာများနှင့် နေရပ်စွန့်ခွာသူစခန်းများ၌ နေထိုင်သူများမှာ နောက်လအနည်းငယ်အတွင်း မုတ်သုံမိုး အမြင့်မားဆုံးအခြေအနေ ရောက်လာတော့မည်ဖြစ်၍ ထိတ်လန့်လျက်ရှိသည်။

“လူတွေ ကြောက်နေကြတယ်။ လေပြင်းတိုက်ရင် ကျွန်တော်တို့တဲတွေက ခံနိုင်မှာမဟုတ်ဘူး”  ဟု သက်ကယ်ပြင်စခန်းမှ  နေရပ်စွန့်ခွာသူများအဖွဲ့ခေါင်းဆောင် အသက် ၃၃ နှစ်အရွယ်ရှိ ဦးနူးအလုမ် (အမည်လွှဲ)က Frontier ကို ပြောသည်။

သက်ကယ်ပြင်သည် စစ်တွေမြို့နယ်ရှိ စခန်း ၁၅ ခု၊ သို့မဟုတ် နယ်ခံများလက်ခံထားသော နေရပ်စွန့်ခွာသူ ၁၀၁,၅၄၇ ဦး၊ ရခိုင်ပြည်နယ်တစ်ခုလုံးရှိ နေရပ်စွန့်ခွာသူ ၁၂၇,၅၇၄ ဦးအနက် ၈,၇၉၇ ဦး မှီတင်းနေထိုင်ရာဖြစ်ကြောင်း မတ်လအတွင်းက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

ရခိုင်ကမ်းရိုးတန်းဒေသသည် ဆိုက်ကလုံး၊ မြေငလျင်၊ ရေလွှမ်းမိုးမှုနှင့် ဆူနာမီအန္တရာယ်များ ကြုံတွေ့ရတတ်သော နေရာဖြစ်သည်။ ယခင်နှစ်က ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်အနက် ၁၂  မြို့နယ်တွင် မိုရာဆိုက်ကလုံးမုန်တိုင်းကြောင့် လေပြင်းကျရောက်ပြီး မိုးများရွာသွန်းခဲ့သဖြင့် လမ်းများ၊ အိမ်များ၊ ကျောင်းများပျက်စီးခဲ့ရာ နေရပ်စွန့်ခွာသူစခန်းပျက်စီးမှုမှာ အဆိုးဆုံးဖြစ်သည်။ လူထောင်ပေါင်းများစွာမှာ နားခိုစရာနှင့် သောက်ရေများ မရရှိခဲ့ပေ။

“နောက်တနေ့မှာ ရဲတွေလာပြီး ပျက်စီးတဲ့ ခိုလှုံရေးအဆာက်အအုံတွေကို ဓာတ်ပုံရိုက်သွားတယ်။ တစ်ရက်အကြာမှာ အပြည်ပြည်ဆိုင်ရာ အကူအညီအေဂျင်စီတွေလာတယ်။ ဒီနှစ်တော့ အကူအညီအေဂျင်စီ မရှိသလောက် နည်းသွားတယ်။ ပြဿနာတွေဖြစ်လာရင်၊ ကျွန်တော်တို့တဲတွေ ပြိုကုန်ရင် ဘယ်သူက ကျွန်တော်တို့ကို အကူအညီပေးမလဲ” ဟု ဦးနူးအလုမ်က ပြောသည်။

၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ လူမျိုးရေးအကြမ်းဖက်မှု ပေါ်ပေါက်ခဲ့ပြီးနောက် နေရပ်စွန့်ခွာသူစခန်းများနှင့် ကျေးရွာများနေ ဘင်္ဂါလီမွတ်စလင်များမှာ အခြားရွေးချယ်စရာမရှိဘဲ လူသားချင်းစာနာမှု အကူအညီကိုသာ မှီခိုနေရကြောင်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပြဲပရွန်က ပြောသည်။

“ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူစခန်းတွေနဲ့ မွတ်စလင်အသိုင်းအဝိုင်းနေရာတွေမှာ အများအားဖြင့် နိုင်ငံမဲ့တွေ၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မရသူတွေ၊ ကျန်းမာရေးနဲ့ ပညာရေးစတဲ့ အခြေခံလိုအပ်ချက်ကို မရသူတွေအကြောင်းကိုပဲ ကျွန်တော်တို့ ပြောနေကြပါတယ်” ဟု မစ္စတာ ပရွန်က Frontier ကို ပြောသည်။

“ဆက်တိုက်ဖြစ်နေတဲ့ ဒီကန့်သတ်ချက်တွေက လူ့အဖွဲ့အစည်းတွေအပေါ်မှာ နှိမ့်ချဆက်ဆံတာကို အားပေးပြီး လူသားချင်း စာနာထောက်ထားမှု ပြဿနာက အားနည်းချက်တွေကို ပိုမိုဆိုးရွားစေပါတယ်” ဟု သူက ပြောသည်။

အဆက်အသွယ်ပိတ်ပင်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့်နှစ် သြဂုတ်လက အာဆာအဖွဲ့၏ တိုက်ခိုက်မှုကို တုံ့ပြန်သောအားဖြင့် တပ်မတော်က ရှင်းလင်းရေးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ ၇၀၀,၀၀၀ ခန့် ထွက်ပြေးချိန်မှစ၍ အစိုးရက လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းအများစုနှင့် ဆက်သွယ်မှုကို ပိတ်ပင်လိုက်သဖြင့် အခြေအနေမှာ ပိုမိုဆိုးရွားခဲ့သည်။

ဆက်သွယ်မှုကို ပိတ်ပင်ခြင်းက ရခိုင်ပြည်နယ် ဒေသအသီးသီးရှိ အကူအညီပေးရေး အေဂျင်စီများ၏ လုပ်ငန်းများကို ထိခိုက်စေပြီး နေရပ်စွန့်ခွာသူစခန်းများတွင် နေထိုင်သူများအား ပေးအပ်သောအကူအညီများ၏ အရွယ်အစားနှင့် အတိုင်းအတာကို များစွာကျဆင်းစေခဲ့သည်။

“သြဂုတ်လနောက်ပိုင်းမှာ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းတွေကို နေရပ်စွန့်ခွာသူစခန်းတွေနဲ့ ဆယ်သွယ်တာကို သုံးလပိတ်ပင်ခဲ့ပါတယ်” ဟု အစိုးရမဟုတ်သော လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့မှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ရခိုင်ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီက နိုဝင်ဘာလအတွင်းမှာ လုပ်ထုံးလုပ်နည်းသစ် တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားအပါအဝင် ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေက ခရီးသွားလာခွင့်အမိန့်ကို နှစ်ပတ်တစ်ကြိမ် ပြန်ပြီးခွင့်တောင်းရပါတယ်” ဟု အကူအညီပေးရေး လုပ်သားတစ်ဦးက ပြောသည်။

လွန်ခဲ့သော ဧပြီမှစ၍ လစဉ်ခွင့်တောင်းရသည့်စနစ်ကို အစားထိုးကျင့်သုံးခဲ့သော်လည်း ပိုမိုရှုပ်ထွေးပြီး ပွင့်လင်းမှုမရှိသော ကန့်သတ်ချက်များရှိသဖြင့် ခရီးသွားလာခွင့် တောင်းခံမှုများကို ဆောင်ရွက်ရာတွင် နှေးကွေးနေဆဲဖြစ်သည်။

နာဂစ်မှ သင်ခန်းစာများ

“သဘာဝဘေးအန္တရာယ် ပေါ်လာပြီဆိုရင် အကူအညီပေးရေးအဖွဲ့တွေအပေါ် ချမှတ်ထားတဲ့ ဗျူရိုကရေစီ ပိတ်ဆို့မှုတွေကို အလွယ်တကူ ကျော်လွှားလို့မရနိုင်ပါဘူး။ တုံ့ပြန်မှုနှေးကွေးရင်တော့ ပေးဆပ်ရပါလိမ့်မယ်” ဟု ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီမှ လူသားချင်းစာနာမှု အကူအညီပေးရေး အဆင့်မြင့်အရာရှိဟောင်း မစ္စတာ ဂရီဂရီ ဂေါ့ထ်လိဘ်က Frontier ကို ပြောသည်။

၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်ဖျက်ဆီးပြီးနောက်ပိုင်း အလုံးအရင်းဖြင့် ဝင်ရောက်လာသော အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအကူအညီများ ကန့်ကွက်နေမှုကို ရုပ်သိမ်းပေးရန် ဝန်လေးနေသော စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုများတွင် မစ္စတာ ဂေါ့ထ်လိဘ် ပါဝင်ခဲ့သည်။

“ကျွန်တော့်အကဲဖြတ်ချက်အရ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးပြင်ဆင်မှုကို ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေမှာ လူသားချင်းစာနာမှု အကူအညီကို ဟန့်တားဖို့ဆိုတဲ့ အစိုးရရဲ့နှစ်ဖက်သွား မဟာဗျူဟာက မြန်မာလူထုရဲ့ဘဝတွေကို မလိုအပ်ဘဲ အန္တရာယ်ပြုနေတုန်းပါပဲ” ဟု The Conservation ဝက်ဘ်ဆိုက်တွင် မစ္စတာ ဂေါ့ထ်လိဘ်က မေ ၄ ရက်က ရေးသားသည်။

အဆိုပါမဟာဗျူဟာသည် “လွန်ခဲ့သော ၁၀ နှစ်ကျော်က သဘာဝဘေးအန္တရာယ် လျော့ကျရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ခဲ့သော တိုးတက်မှုများကို အားနည်းစေခဲ့သည်” ဟု ယခုအခါ အမေရိကန်ပြည်ထောင်စု တာ့ဖ်စ်တက္ကသိုလ် ဖိန်းစတိန်း အင်တာနေရှင်နယ်စင်တာ၏ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသော မစ္စတာ ဂေါ့ထ်လိဘ်က ပြောသည်။

မည်သို့ပင်ဆိုစေ နာဂစ်ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် သဘာဘေးအန္တရာယ်ကို နားလည်မှု၊ စီမံခန့်ခွဲမှုနှင့် လျှော့ချမှုတို့တွင် အထိုက်အလျောက် တိုးတက်မှုရှိလာကြောင်း USAID အဖွဲ့က ပြောသည်။

“လွန်ခဲ့တဲ့ဆယ်နှစ်က မြန်မာနိုင်ငံမှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ၊ သို့မဟုတ် စနစ်မရှိသေးပါဘူး။ ရေဒါစခန်းတွေ မရှိပါဘူး။ မုန်တိုင်းတွေကို ခြေရာမခံနိုင်ပါဘူး။ ဒေသဆိုင်ရာနဲ့ ကမ္ဘာ့ကွန်ရက်ကို မချိတ်ဆက်နိုင်သေးပါဘူး” ဟု USAID ၏ နိုင်ငံခြား သဘာဝဘေးအန္တရာယ် ကူညီရေးရုံးမှ ဒေသဆိုင်ရာ အကြံပေး မစ္စတာ ဟာလန် ဟေးလ်က ပြောသည်။

“အဲဒီနောက်ပိုင်းကစပြီး ဒါတွေအားလုံးကို တပ်ဆင်ပြီးသွားပါပြီ။ ၁၀ နှစ်လောက်တုန်းက အခြေအနေနဲ့ အခုအခြေအနေက မိုးနဲ့မြေလို ဖြစ်သွားပါပြီ” ဟု သူက Frontier ကို ပြောသည်။

လွန်ခဲ့သော ၁၀ နှစ်အတွင်း တိုးတက်မှုများတွင် မိုးလေဝသအခြေအနေ စောင့်ကြည့်ရေး ရေဒါစခန်းများ၊ မြေငလျင်ထောက်လှမ်းရေး ဂျီပီအက်စ်စခန်းများနှင့် ဒီရေနှင့်မြစ်ရေအမြင့် တိုင်းတာရေးစခန်းများစသည့် အခြေခံအဆောက်အအံုံများ ပါဝင်သည်။

အလားတူပင် စီမံခန့်ခွဲရေး လုပ်ဆောင်မှုများလည်း တိုးတက်လာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စီမံခန့်ခွဲမှုဥပဒေ အတည်ပြုမှုနှင့် နောက်တစ်နှစ်တွင် အရေးပေါ် လှုပ်ရှားဆောင်ရွက်ရေး ဗဟိုဌာနဟု အများကသိထားသော ဗဟိုထိန်းချုပ်ရေးစနစ်တစ်ခု နေပြည်တော်၌ ထူထောင်ခြင်းကို Frontier က တွေ့ဆုံမေးမြန်းခဲ့သော အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ထောက်ခံကြသည်။

၂၀၁၇ ခုနှစ်တွင် အစိုးရက ပြဋ္ဌာန်းပေးခဲ့သော မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းစီမံချက်နှင့် ၂၀၁၆ ခုနှစ်ကပြဋ္ဌာန်းခဲ့သော မုန်တိုင်းဒဏ်ခိုလှုံရေး အဆောက်အအုံများအပါအဝင် ဆောက်လုပ်ရေးစံနှုန်းများပြဋ္ဌာန်းပေးသော အမျိုးသားအဆောက်အအုံ စည်းမျဉ်းဥပဒေကိုလည်း ထောက်ခံခဲ့ကြသည်။

ယင်းဖြစ်စဉ်များအရ ပေါက်တော၊ စစ်တွေ၊ ရသေ့တောင်နှင့် မောင်တောတောင်ပိုင်းစသည့် သဘာဝဘေးအန္တရာယ် ဖြစ်တတ်သောဒေသများအပါအဝင် နိုင်ငံတဝန်းလုံးရှိ “ကြိုတင်အချက်ပေးစနစ်များ၊ ကယ်ဆယ်ရေးစီမံချက်များနှင့် ကယ်ဆယ်ရေးစခန်းများမှာ စာရွက်ပေါ်မှာသာ တည်ရှိနေသည့်သဘော ရှိကြောင်း” နိုင်ငံခြားအကူအညီပေးရေး အဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အမေ့ခံ နေရပ်စွန့်ခွာစခန်းများ

“ဒီမှာ ဆိုက်ကလုံးခိုလှုံရေး အဆောက်အအုံ မရှိပါဘူး၊ ပြီးခဲ့တဲ့နှစ် ဆိုက်ကလုံးမိုရာဖြစ်တုန်းက လူအများစုက မိတ်ဆွေတွေနဲ့ မိသားစုတွေဆီကို သွားနေရတယ်။ ယာယီစခန်းတွေမှာ နေရတဲ့သူ နည်းနည်းပဲရှိပါတယ်။ ဒါပေမဲ့ လူအများစုကတော့ ဘယ်သွားရမှန်းမသိပါဘူး။ ဒီနှစ်လည်း ခိုလှုံရမယ့်နေရာ မရှိဘူးဆိုရင် အများကြီး ဒုက္ခရောက်ကြရပါလိမ့်မယ်” ဟု သက်ကယ်ပြင်စခန်းမှ ဦးနူးအလုမ်က ပြောသည်။

၂၀၁၇ မေ ၃၁ ရက်က ကော့ခ်စ်ဘဇားခရိုင်ရှိ စခန်းတစ်ခု၌ ဆိုက်ကလုံးမိုရာကြောင့် ပျက်စီးသွားသည့်အိမ်အနီးမှ ဒုက္ခသည်ဘင်္ဂါလီတစ်ဦး။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၇ မေ ၃၁ ရက်က ကော့ခ်စ်ဘဇားခရိုင်ရှိ စခန်းတစ်ခု၌ ဆိုက်ကလုံးမိုရာကြောင့် ပျက်စီးသွားသည့်အိမ်အနီးမှ ဒုက္ခသည်ဘင်္ဂါလီတစ်ဦး။ ဓာတ်ပုံ – အေအက်ဖ်ပီ

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်အတွင်း၌ ဆိုက်ကလုံးခိုလှုံရေး အဆောက်အအုံ ၂၆ လုံး ထပ်မံတည်ဆောက်မည့် လုပ်ငန်းစီမံချက်ကို ၂၀၁၇ ခု အောက်တိုဘာတွင် ရခိုင်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနက ထုတ်ဖော်ကြေညာခဲ့သည်။ ခိုလှုံရေးအဆောက်အအုံ ၂၆ လုံး ဆောက်လုပ်ရေးအတွက် တင်ဒါအချို့မှာ အပြီးသတ်အတည်ပြုရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဒေါ်နီလာထွန်းက ပြောသည်။

“၂၆ ခုထဲက ၁၅ ခုကို လေလံအောင်သူတွေအဖြစ် မေလအတွင်းက စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ကျန် ၁၁ ခုကိုတော့ တင်ဒါပြန်ခေါ်ထားပါတယ်။ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ အမ်းမှာ ရခိုင်ပြည်နယ်က ဆိုက်ကလုံးခိုလှုံရေးစခန်း ခြောက်ခုကို တည်ဆောက်ပြီးပါပြီ” ဟု ၎င်းက ပြောသည်။ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ အမျိုးသား သဘာဝဘေးဒဏ် စီမံခန့်ခွဲရေး ကော်မတီများ၏ အကူအညီဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အစိုးရက ဆိုက်ကလုံး ခိုလှုံရေးစခန်းတွေ တည်ဆောက်ပေးပါတယ်။ ဒါပေမဲ့ ဘေးအန္တရာယ် ကြုံတွေ့နေရသူ အားလုံးအတွက် လုံလောက်မှုမရှိသေးပါဘူး” ဟု ရခိုင်ပြည်နယ်၌ လုပ်ငန်းဆောင်ရွက်နေသော အိုင်အင်န်ဂျီအို တစ်ခုမှ ကိုယ်စားလှယ် တစ်ဦးက Frontier ကို ပြောသည်။

ဆိုက်ကလုံး ခိုလှုံရေးအဆောက်အအုံ အလုံအလောက်မရှိ၍ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့များက နေရပ်စွန့်ခွာစခန်းများတွင်နေသူများနှင့် မွတ်စလင်ကျေးရွာများကဲ့သို့ လှုပ်ရှားမှုကန့်သတ်ထားသော လူ့အဖွဲ့အစည်းများအတွက် ကယ်ဆယ်ရေးစီမံချက်များကိုဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း ယင်းသို့သော စီမံကိန်းများကို သတိမထားမိကြောင်း အိုင်အင်န်ဂျီအို ဝန်ထမ်းတစ်ဦးက Frontier ကို ပြောသည်။ “အနည်းဆုံးတော့ ကျွန်တော်တို့မမြင်ခဲ့တာလည်း ဖြစ်မှာပေါ့” ဟု သူက ပြောသည်။

ပိုမိုရှုပ်ထွေးလာသော ဗျူရိုကရေစီယန္တရားက “နေရပ်စွန့်ခွာသူစခန်းတွေနဲ့ ဒေသခံတွေကို ကူညီမယ့် ကျွန်တော်တု့ိရဲ့စွမ်းရည်ကို အကြီးအကျယ် ကျဆင်းစေပြီး” ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အင်န်ဂျီအိုတွေကို ဆက်လက် အဟန့်အတားပြုနေကြောင်း မစ္စတာ ပရွန်က ပြောသည်။

“၂၀၁၇ ခု သြဂုတ်လမှာ ပိုမိုဆိုးရွားလာပြီး ဆက်လက်ဆောင်ရွက်နေတဲ့ လူသားချင်း စာနာထောက်ထားမှု စီမံကိန်းတွေနဲ့ စီမံဆောင်ရွက်ထားပြီးဖြစ်တဲ့ လေ့လာအကဲဖြတ်ရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့ပါတယ်” ဟု သူက ပြောသည်။

“ရခိုင်နဲ့ ဧရာဝတီဒေသက သဘာဝဘေးအန္တရာယ် ဖြစ်ပွားတတ်တဲ့ နေရာအများအပြားမှာ ဆိုက်ကလုံးမုန်တိုင်း ခိုလှုံရေးအဆောက်အအုံ မရှိတဲ့နေရာတွေ၊ ကယ်ဆယ်ရေးစီမံချက်မရှိတဲ့၊ ဒါမှမဟုတ် ရှင်းလင်းပြတ်သားတဲ့ စီမံချက်မရှိတဲ့နေရာတွေ အမြောက်အမြားရှိနေပါတယ်” ဟု ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးအလုပ်ရုံဆွေးနွေးပွဲများ နှစ်စဉ်ကျင်းပပေးနေသော UNOCHA – United Nations Office for the Coordination of Humanitarian Affairs က ပြောသည်။

လှုပ်ရှားမှုကန့်သတ်ချက်များ ဆောင်ရွက်နေသမျှကာလပတ်လုံး အစိုးရက ကုလသမဂ္ဂနှင့် အင်န်ဂျီအိုမိတ်ဖက်အဖွဲ့များမှတဆင့် ဆောင်ရွက်မှုအပါအဝင် လူသားချင်းစာနာမှု အကူအညီများပေးရန် အရေးကြီးကြောင်း UNOCHA က ပြောသည်။

“လူသားတွေရဲ့လိုအပ်ချက်တွေကိုသိရှိပြီး တုံ့ပြန်နိုင်ဖို့အတွက် သဘာဝဘေးအန္တရာယ် ခံရတဲ့နေရာတွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းတွေ အလျင်အမြန် နေရာချထားနိုင်အာင် ခရီးသွားအမိန့်ကို လျင်လျင်မြန်မြန် ချထားပေးနိုင်မယ့် ယန္တရားတစ်ခုကို မကြာသေးမီနှစ်များအတွင်းမှာ အာဏာပိုင်တွေက ထူထောင်ပေးခဲ့ပါတယ်” ဟု မစ္စတာ ပရွန်က ပြောသည်။

“ရခိုင်ပြည်နယ်မှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံ တနေရာရာမှာဖြစ်ဖြစ် သဘာဝဘေးအန္တရာယ် ထပ်ဖြစ်မယ်ဆိုရင် ဒါကလည်း အရေးတကြီး ဆောင်ရွက်ရမှာပါပဲ။ သဘာဝဘေးအန္တရာယ်တွေဆိုတာက နယ်နိမိတ်၊ လူမျိုးနဲ့ နိုင်ငံသားအဆင့်အတန်းကို ခွဲခြားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ကလည်း ထိုနည်းလည်းကောင်းပါပဲ၊ မခွဲခြားသင့်ပါဘူး”

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – စစ်တွေမြို့ဆင်ခြေဖုံးဒေသရှိ နေရပ်စွန့်ခွာသူများစခန်းတစ်ခုတွင် မိုးသည်းထဲ၌ လမ်းလျှောက်နေကြသောဒေသခံတစ်စု။ ဓာတ်ပုံ – မာရီယိုဗာလီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.